စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် သတင်းမီဒီယာဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ၏ သဘောထားရပ်တည်ချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားညီညွတ်ရေးအစိုးရ

https://nugmyanmar.org

“စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် သတင်းမီဒီယာဆိုင်ရာ

အမျိုးသားညီညွတ်ရေးအစိုးရ၏  သဘောထားရပ်တည်ချက်”

၂၀၂၄ ခုနှစ်၊ မေလ (၃) ရက်

အမျိုးသားညီညွတ်ရေးအစိုးရသည် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၁)၊ ပုဒ်မ ၄၂ ပါ "သတင်းမီဒီယာများ၏ လွတ်လပ်စွာရပ်တည်ပိုင်ခွင့်၊ လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်၊ လွတ်လပ်စွာ သတင်းတင်ပြပိုင်ခွင့်တို့အား အကာအကွယ်ပေးရမည်" ဟူသည့် အခြေခံမူဝါဒနှင့်အညီ စာနယ်ဇင်း လွတ်လပ်ခွင့်နှင့် သတင်းမီဒီယာဆိုင်ရာ အောက်ပါ သဘောထား ရပ်တည်ချက်များကို ထုတ်ပြန် ကြေညာ လိုက်သည်။

၁။ ပြည်သူလူထုအနေဖြင့် တိုင်းရေးပြည်ရာကိစ္စအဝဝကို သေချာစွာ သိရှိ နားလည် သဘောပေါက်ပြီး အရေးကြီးသည့် ဆုံးဖြတ်ချက်များကို မှန်ကန်စွာ ရွေးချယ် ချမှတ်နိုင်စေရန် စာနယ်ဇင်းလွတ်လပ်ခွင့်နှင့်  လွတ်လပ်၍ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော သတင်းမီဒီယာများ၏ အခန်းကဏ္ဍ အထူးအရေးပါသည်ကို လေးနက်စွာ အသိအမှတ်ပြုသည်။

၂။ ဒေသဆိုင်ရာ တိုင်းရင်းသားမီဒီယာများ အပါအဝင် လွတ်လပ်၍ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော သတင်း မီဒီယာများ ခိုင်မာအားကောင်းစွာ ရပ်တည်နိုင်ရေး အားပေးထောက်ခံသည်။ 

၃။ စာနယ်ဇင်းလွတ်လပ်ခွင့်သည် ပြည်သူလူထု၏ သတင်းအချက်အလက် သိပိုင်ခွင့်နှင့် စဥ်းစားဆင်ခြင် တွေးခေါ်နိုင်စွမ်း မြင့်မားရေးအတွက် အထူး အရေးပါသည်နှင့်အညီ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ကန့်သတ် ချုပ်ခြယ် ပိတ်ပင် တားဆီးသည့် မည်သည့်လုပ်ရပ်မျိုးကိုမဆို အခိုင်အမာ ဆန့်ကျင်သည်။

၄။ သတင်းမီဒီယာများ၏ သီးခြားလွတ်လပ်မှု၊ ဘက်မလိုက်မှုနှင့် ဓမ္မဓိဋ္ဌာန်ကျမှုတို့ကို ထိခိုက်စေမည့် ကန့်သတ် တားဆီး ချုပ်ခြယ်မှု မှန်သမျှကို ပြတ်သားစွာ ဆန့်ကျင်သည်။

၅။ စာနယ်ဇင်းလွတ်လပ်ခွင့် အားကောင်းခိုင်မာစေရေး အားပေးထောက်ခံသွားမည်။

၆။  ပြည်သူလူထု၏ သတင်းသိပိုင်ခွင့် ပိုမိုအားကောင်းစေရေး ကြိုးပမ်းအားထုတ်သွားမည်။

၇။  လွတ်လပ်သည့် သတင်းမီဒီယာများ သတင်းရယူပိုင်ခွင့် ပိုမိုအားကောင်းစေရေး ကြိုးပမ်းအားထုတ်သွား မည်။

၈။ သတင်းမီဒီယာသမားများအား ခြိမ်းခြောက် နှောင့်ယှက်သည့် မည်သည့်လုပ်ရပ်မျိုးကိုမဆို ပြတ်သားစွာ ဆန့်ကျင်ပြီး ထိုလုပ်ရပ်များ ပပျောက်သွားစေရန်နှင့် သတင်းသမားများကို ကာကွယ်ပေးနိုင်ရန် ကြိုးပမ်း လုပ်ဆောင်သွားမည်။

အမျိုးသားညီညွတ်ရေးအစိုးရ