၂၀၂၄ ခုနှစ်၊ ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတကြီး၏ အလုပ်သမားထုသို့ ပေးပို့သော သဝဏ်လွှာ

"၂၀၂၄ ခုနှစ်၊ ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတကြီး၏ အလုပ်သမားထုသို့ ပေးပို့သော သဝဏ်လွှာ"

၂၀၂၄ ခုနှစ်၊ မေလ ၁ ရက်

၁။ ယနေ့ကျရောက်သည့် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) တွင် ကမ္ဘာ့နိုင်ငံအသီးသီးနှင့် မြန်မာနိုင်ငံတွင်းရှိ ကာယ၊ ဉာဏ အလုပ်သမားများအားလုံး စိတ်၏ တည်ကြည် ကြံ့ခိုင်ခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပါစေကြောင်း ဆန္ဒပြုပါသည်။

၂။ လွန်ခဲ့သောနှစ်ပေါင်း ၁၃၀ ကျော်က အလုပ်သမားများသည် မိမိတို့၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များအတွက် အသက်၊ သွေး၊ ချွေးများ ပေးဆပ်ကာ တောင်းဆိုနိုင်ခဲ့မှု၊ စည်းလုံးညီညွတ်မှု များကြောင့် ယနေ့လို သမိုင်းဝင် နေ့ထူးနေ့မြတ်တစ်ရက် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း ၁၃၀၀ ပြည့် အရေးတော်ပုံကြီးအပါအဝင် ခေတ်အဆက်ဆက် အလုပ်သမားအခွင့် အရေးအတွက် တိုက်ပွဲဝင် ကြိုးပမ်းအားထုတ်ခဲ့သည့် သမိုင်းမှတ်တမ်းများ အထင်အရှား ရှိနေခဲ့ပါသည်။ အခြေခံအလုပ်သမား အခွင့်အရေးများအတွက် ကမ္ဘာအရပ်ရပ်က စွန့်လွှတ်အနစ်နာခံ ကြိုးပမ်းခဲ့ကြသူများအားလုံးကို ဦးညွှတ်ပါသည်။

၃။ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့၊ အကြမ်းဖက်စစ်အုပ်စု၏ ဥပဒေမဲ့ အာဏာလုယူပြီးနောက် အခြေခံအလုပ်သမားအခွင့်အရေးနှင့် လူ့အခွင့်အရေးများ ဆိုးရွားစွာ ဆုံးရှုံးလျက်ရှိသော်လည်း အလုပ်သမားသမဂ္ဂများ၊ အလုပ်သမားအရေး တက်ကြွ လှုပ်ရှားသူများ၏ ဦးဆောင်မှုဖြင့် မြန်မာအလုပ်သမားထုတစ်ရပ်လုံးသည် မိမိတို့ ဆုံးရှုံးနေသည့် အခြေခံအခွင့်အရေးများ ပြန်လည်ရရှိရေးအတွက်သာမက စစ်အာဏာရှင်စနစ် အမြစ်ဖြတ် ချေမှုန်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး လှုပ်ရှားမှုများ၌ ပြည်သူတစ်ရပ်လုံးနှင့်အတူ ယနေ့နွေဦးတော်လှန်ရေးတွင် ရဲဝံ့တက်ကြွစွာ ပူးပေါင်းပါဝင် နေမှုများအတွက် များစွာဝမ်းမြောက်ဂုဏ်ယူပါသည်။

၄။ ယနေ့မျက်မှောက်ကမ္ဘာ၏ ဖြစ်ပေါ်တိုးတက်မှုများသည် လူသားအရင်းအမြစ်ကို အခြေခံသော စွမ်းအားစုများ၏ ကြိုးပမ်းအားထုတ်မှုအပေါ် မူတည်နေပါသည်။ တိုင်းပြည်တစ်ပြည်၏ လူ့စွမ်းအားအရင်းအမြစ်များဖြစ်သော အလုပ်သမားထုကြီးသည် ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၏ အဓိကကျသော မဏ္ဍိုင်တစ်ရပ်ဖြစ်သည်။ ပြည်တွင်း၊ ပြည်ပရှိ မြန်မာအလုပ် သမားထုကြီးသည် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေး နွေဦးတော်လှန်ရေး ကြားကာလတွင်သာမက တိုင်းပြည်ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်သည့် အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကာလများအတွက်ပါ အရေးပါသည့် အင်အားစုကြီး ဖြစ်သည်။

၅။ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနများ ပူးပေါင်း၍ အဆိုပါအလုပ်သမားထုကြီး၏ အခွင့်အရေးနှင့် ဥပဒေပါ ရပိုင်ခွင့်များကို အာမခံချက်ပေးနိုင်ပြီး ပိုမိုထိရောက်သည့် ကာကွယ်စောင့်ရှောက်မှုများ ပေးနိုင်ရေး၊ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းဆောင်ရည် မြှင့်တင်ရေးတို့အတွက် လုပ်ငန်းမူဘောင်များ၊ ရေတို၊ ရေရှည် စီမံချက်များ ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ အခြေခံအလုပ်သမား အခွင့်အရေးနှင့် လူ့အခွင့်အရေးများ ချိုးဖောက်နေပြီး ပြည်သူအပေါ် အကြမ်းဖက်မှုများ နေ့စဉ် ကျူးလွန်နေသည့် စစ်အုပ်စုကို အိုင်အယ်လ်အို၏ ဖွဲ့စည်းပုံစည်းမျဉ်း (ILO Constitution) နှင့်အညီ အမြင့်ဆုံး အရေးယူ ဆောင်ရွက်နိုင်ရေး၊ အမျိုးသားညီညွတ်ရေးအစိုးရကို အိုင်အယ်လ်အို (ILO) က တဆင့် ထောက်ခံအသိအမှတ်ပြုရေး၊ စစ်တပ်၏ အရေးကြီးသော နိုင်ငံခြားဝင်ငွေရလမ်းများကို ပိတ်ဆို့ရေး စသည့်လုပ်ငန်းများကို အိုင်အယ်လ်အို (ILO) အပါအဝင် နိုင်ငံတကာအလုပ်သမားရေးရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

၆။ တော်လှန်ရေးမျက်နှာစာအသီးသီးတွင် အရှုံးနှင့် ရင်ဆိုင်နေရသော အကြမ်းဖက်စစ်တပ်သည် ၎င်းတို့၏ အားအင်ချည့်နဲ့နေမှုများကို ကုစားရန် အဓမ္မစစ်သားစုဆောင်းရေး ဥပဒေတစ်ရပ်ကို အခွင့်အာဏာမရှိဘဲ ထုတ်ပြန်၍ တိုင်းပြည်၏ အလုပ်လုပ်ကိုင်နိုင်သည့် အသက်အရွယ်ရှိသော အမျိုးသမီး၊ အမျိုးသား လူငယ်၊ လူရွယ်များကို ဖမ်းဆီးခြိမ်းခြောက်၍ အဓမ္မလူစုဆောင်းနေခြင်း ကြောင့် စစ်မှုမထမ်းလိုသည့် လူငယ်လုပ်သားများသည် ပြည်တွင်းလွတ်မြောက်နယ်မြေများနှင့် ပြည်ပနိုင်ငံများသို့ ရရာနည်းဖြင့် ထွက်ပြေးတိမ်းရှောင်နေမှုများဖြစ်ပေါ်ကာ ပြည်တွင်းလုပ်အား ဆုံးရှုံးမှု၊ ပုံမှန်ဝင်ငွေ မရရှိမှုနှင့် လူမှုစီးပွားဘဝ ထိခိုက်ခံစားကြရပါသည်။ အလုပ်သမားများ သာမက အကျိုးဆက်အနေဖြင့် စီးပွားရေးလုပ်ငန်းများပါ ထိခိုက်ဆုံးရှုံးနေရပါသည်။ ထို့အပြင် ပြည်သူလူထုအပေါ် အကြမ်းဖက်လုပ်ရပ်များတွင် အသုံးပြုမည့် ငွေကြေးလိုအပ်ချက်များကို ဖြည့်ဆည်းရန် ပြည်ပနိုင်ငံများတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ၊ ရွှေ့ပြောင်းအလုပ် သမားများ၏ လစာဝင်ငွေမှ ဝင်ငွေခွန်အဖြစ် အဓမ္မ ဖိအားပေးအကျပ်ကိုင်၍ ကောက်ခံလျက်ရှိ သည်။ 

၇။ မြန်မာနိုင်ငံတွင် အာဏာရှင်ရှိနေသ၍ အလုပ်သမားများအပါအဝင် တိုင်းရင်းသားပြည်သူ တရပ်လုံး ကိုယ်၊ စိတ် ဒုက္ခမျိုးစုံ ဆတိုး ခံစားနေကြရမည်ဖြစ်ပြီး အာဏာရှင်စနစ်ကို အပြီးတိုင် ချေမှုန်းနိုင်မှသာလျှင် အခြေခံအခွင့်အရေး၊ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် တန်းတူညီမျှရေးကို အပြည့် အဝ ဖော်ဆောင်နိုင်မည် ဖြစ်သည်။ ယခုနှစ် မေဒေးအတွက် ကြွေးကြော်သံ ဆောင်ပုဒ်ဖြစ်သည့် “ဖက်ဒရယ်ဒီမိုကရေစီ မရှိဘဲ အလုပ်သမားအခွင့်အရေး မရှိနိုင်” ၊ “No Federal Democracy, No Labour Rights.” ဆိုသကဲ့သို့ ဒီမိုကရေစီမရှိဘဲ မည်သည့်အခွင့်အရေးမျှ မရရှိနိုင်ခြင်းကြောင့် အလုပ်သမားထုကြီးအပါအဝင် ပြည်သူတရပ်လုံးအနေဖြင့် တော်လှန်ရေး အမြန်ဆုံး အဆုံးသတ် နိုင်ရန် ဆက်လက် ကြိုးပမ်းအားထုတ်စေလိုကြောင်း လေးလေးနက်နက် တိုက်တွန်းအပ်ပါသည်။

၈။ ကမ္ဘာ့ကုလသမဂ္ဂ (UN) နှင့် အိုင်အယ်လ်အို (ILO) အပါအဝင် နိုင်ငံတကာ အလုပ်သမားရေးရာအဖွဲ့အစည်းများ၊ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး အလေးထားသည့် နိုင်ငံတကာအစိုးရများအနေဖြင့်လည်း လက်တွေ့ဆန်သော ကူညီမှုနှင့် ပူးပေါင်းဆောင်ရွက်မှု များကို အမြန်ဆုံးဆောင်ရွက်ပေးရန် မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရက အလေးအနက် ထပ်မံ တောင်းဆိုအပ်ပါသည်။

၉။ မြန်မာနိုင်ငံတွင် အခြေခံအလုပ်သမားအခွင့်အရေးနှင့် လူ့အခွင့်အရေး အပြည့်အဝရရှိရေး၊ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက် ရေးအတွက် စွန့်လွှတ်အနစ်နာခံကာ မဆုတ်မနစ် ကြံ့ကြံ့ခံ တော်လှန်နေသည့် ပြည်တွင်း၊ ပြည်ပရှိ မြန်မာအလုပ်သမားထုကြီးအား လေးစားဂုဏ်ပြုပါကြောင်းနှင့် အလုပ်သမားသမဂ္ဂများအပါအဝင် အင်အားစုပေါင်းစုံဖြင့် ညီညွတ်စွာ တော်လှန်ရေးအောင်ပွဲကို အမြန်ဆုံးအရယူရန် ယနေ့ကျရောက်သည့် ကမ္ဘာ့ အလုပ်သမားနေ့တွင် ထပ်လောင်း သန္နိဋ္ဌာန်ချမှတ်လိုက်ပါသည်။

အရေးတော်ပုံမုချအောင်ရမည်..... 

ဒူဝါလရှီးလ

နိုင်ငံတော်ယာယီသမ္မတ

အမျိုးသားညီညွတ်ရေးအစိုးရ