ကြားကာလ ဖက်ဒရယ်ပညာရေးကောင်စီ (Interim Federal Education Council- iFEC) ဖွဲ့စည်းပေါ်ပေါက်လာရေးအတွက် အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းနှိုးဆော်လွှာ

ကြားကာလ ဖက်ဒရယ်ပညာရေးကောင်စီ (Interim Federal Education Council- iFEC) ဖွဲ့စည်းပေါ်ပေါက်လာရေးအတွက် အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းနှိုးဆော်လွှာ

ကြားကာလ ဖက်ဒရယ်ပညာရေးကောင်စီ (Interim Federal Education Council- iFEC) ဖွဲ့စည်းပေါ်ပေါက်လာရေးအတွက် တိုင်းရင်းသား ညီနောင်မောင်နှမ နိုင်ငံရေးအင်အားစုများနှင့် ပညာရေးဆိုင်ရာအဖွဲ့အစည်းများအားလုံး အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းနှိုးဆော်လွှာ (၂၀၂၄ ခုနှစ် ဇွန်လ ၁၄ ရက်)၁။ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတည်ဆောက်ရန် ပြည်သူလူထု၏ မျှော်မှန်းချက်များနှင့်အတူ ဖက်ဒရယ်ပညာရေးစနစ်တစ်ရပ်ကို ပျိုးထောင်ရန် လိုအပ်လာပါသည်။ တိုင်းရင်းသားအားလုံး တန်းတူညီမျှစွာ အခွင့်အရေးရရှိစေရန် ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို စုစည်းညီညွတ်စွာဖြင့် စနစ်ပြောင်းတော်လှန်ရေး ကြိုးပမ်းနေသော အချိန်အခါ ဖြစ်ပါသည်။၂။ ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးစနစ်သစ် တည်ဆောက်ရာ၌ တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့အပေါ်တွင် မူတည်မှုမရှိစေပဲ တိုင်းရင်းသားညီနောင်မောင်နှမ အဖွဲ့အစည်းများအားလုံး အချင်းချင်း လက်တွဲပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးမူဝါဒများကို ထိရောက်စွာ အကောင်အထည်ဖော်ရန်လည်း အရေးကြီးပါသည်။၃။  ယခု စတင်ဖွဲ့စည်းမည့် ကြားကာလ ဖက်ဒရယ်ပညာရေးကောင်စီသည် ဖက်ဒရယ်ယူနစ်များ၏ ကိုယ်ပိုင်ပညာရေး စီမံခန့်ခွဲပိုင်ခွင့်ကို လွတ်လပ်စွာ ကျင့်သုံးခွင့်နှင့် အချင်းချင်း အပြန်အလှန် လေးစား အသိအမှတ်ပြုမှုတို့ဖြင့် ဆောင်ရွက်သွားနိုင်ကြရန် မျှော်ရည်ပါသည်။ နိုင်ငံရေးအရ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်နှင့်အတူ ပညာရေးတွင် ကိုယ်ပိုင်ပြဌာန်းဆောင်ရွက်ခွင့် အပြည့်အဝရရှိရန် လိုအပ်ပါသည်။ ထို့အတူ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံအတွင်းရှိ ပညာရေးစနစ်များ ဆက်စပ်ထားရှိပြီး  ပူးပေါင်းဆောင်ရွက် ကြရပါမည်။ ၄။ သို့ဖြစ်ပါ၍ တိုင်းရင်းသားညီနောင်မောင်နှမ နိုင်ငံရေး အင်အားစုများနှင့် ပညာရေး အဖွဲ့အစည်းများ အားလုံးက ကြားကာလ ဖက်ဒရယ်ပညာရေးကောင်စီ ပေါ်ပေါက်လာစေရေးအတွက် ကြိုးစားဆောင်ရွက် ပေးကြပါရန်နှင့် ညီညာဖျဖျ အတူတကွ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် အလေးအနက် တိုက်တွန်း နှိုးဆော်အပ်ပါသည်။ ဒူဝါလရှီးလနိုင်ငံတော်ယာယီသမ္မတအမျိုးသားညီညွတ်ရေးအစိုးရ

အကြမ်းဖက်စစ်အုပ်စုက အင်တာနက်ဖြတ်တောက်ခြင်း၊ ပိတ်ဆို့ခြင်းတို့နှင့် စပ်လျဥ်း၍ ထုတ်ပြန်ကြေညာချက်

အကြမ်းဖက်စစ်အုပ်စုက အင်တာနက်ဖြတ်တောက်ခြင်း၊ ပိတ်ဆို့ခြင်းတို့နှင့် စပ်လျဥ်း၍ ထုတ်ပြန်ကြေညာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရhttps://www.nugmyanmar.org“အကြမ်းဖက်စစ်အုပ်စုက အင်တာနက်ဖြတ်တောက်ခြင်း၊ ပိတ်ဆို့ခြင်းတို့နှင့် စပ်လျဥ်း၍ ထုတ်ပြန်ကြေညာချက်”၂၀၂၄ ခုနစ်၊ ဇွန်လ (၇) ရက်အမျိုးသားညီညွတ်ရေးအစိုးရသည် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၁)၊ အခန်း (၄)၊ အပိုင်း (၁) ပါ ပြည်ထောင်စုမျှော်ရည်ချက်ဖြစ်သည့် လွတ်လပ်မှု၊ တရားမျှတမှုနှင့် တန်းတူညီမျှမှုကို အာမခံပြီး ငြိမ်းချမ်း သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် အစဉ် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါ သည်။ ထို့အပြင် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၁)၊ အခန်း (၄)၊ အပိုင်း (၃)၊ ပုဒ်မ (၂၄) ပါ “ပြည်ထောင်စုတွင် နေထိုင်သူတိုင်းသည် အခြေခံလူ့အခွင့်အရေးများကို အပြည့်အဝခံစားခွင့် ရှိရမည်” ဟူသည့် အခြေခံမူဝါဒနှင့်အညီ နိုင်ငံသားတိုင်း၏ လွတ်လပ်စွာ ရေးသား ထုတ်ဖော် ပြောဆိုခွင့်နှင့် သတင်းသိပိုင်ခွင့် တို့ကို လေးနက်စွာ အသိအမှတ်ပြုပါသည်။ ၂၀၂၄ ခုနှစ် မေလ (၃) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော စာနယ်ဇင်း လွတ်လပ်ခွင့်နှင့် သတင်းမီဒီယာဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ၏ သဘောထားရပ်တည်ချက် အပိုဒ် (၆) ပါ “ပြည်သူလူထု၏ သတင်းသိပိုင်ခွင့် ပိုမိုအားကောင်းစေရေး ကြိုးပမ်းအားထုတ်သွားမည်” ဟူသည့် ကတိ ကဝတ်အတိုင်းလည်း ရပ်တည် ဆောင်ရွက်လျက်ရှိပါသည်။ အကြမ်းဖက်စစ်အုပ်စုက တိုင်းပြည်အာဏာကို မတရားလုယူရန် ကြိုးစားခဲ့ပြီးသည့်နောက်ပိုင်း မြန်မာနိုင်ငံ သည် ကမ္ဘာပေါ်တွင် အင်တာနက် ဖြတ်တောက်ပိတ်ဆို့ခံရမှု ဒုတိယ အများဆုံးနိုင်ငံ ဖြစ်လာပြီး တိုင်းနှင့် ပြည်နယ် (၁၄) ခုအနက် (၁၃) ခုတွင် အင်တာနက် ဖြတ်တောက်ခံရမှုများနှင့် ရင်ဆိုင်နေရကာ မြို့နယ်ပေါင်း (၈၀) ကျော်မှာလည်း အင်တာနက် ပိတ်ဆို့ခံရမှုများနှင့် ဆက်လက် ရင်ဆိုင်နေရပါသည်။ယခုအခါ အကြမ်းဖက်စစ်အုပ်စုသည် ပြည်သူလူထု ကြုံတွေ့နေရသော အထွေထွေ စီးပွားရေးအကျပ်အတည်း၊ စိုးရိမ်ထိတ်လန့်မှုများနှင့် ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ စိတ်ပိုင်းဆိုင်ရာ ထိုးနှက်မှုများ၊ စစ် ရာဇဝတ်မှု ကျူးလွန်မှုများကို ဖုံးကွယ်နိုင်ရန်အတွက် သတင်းသိပိုင်ခွင့် ကန့်သတ်ခြင်း၊ လွတ်လပ်စွာ ရေးသား ထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ပင်ခြင်း၊ အင်တာနက်ပိတ်ဆို့ ခြင်းနှင့်   ဖြတ်တောက်ခြင်းများကို  လက်နက်သဖွယ် အသုံးပြုလာနေပါသည်။ ထို့အပြင် အကြမ်းဖက်အုပ်စုသည် ပြည်သူအများသုံးစွဲနေသော ကမ္ဘာသုံး လူမှု ကွန်ယက် စာမျက်နှာဖြစ်သည့် Facebook ကို ပိတ်ပင်ကာ သုံးစွဲသူ၏ တည်နေရာနှင့် ဖုန်းနံပါတ်များ၊ ဖုန်း အတွင်းရှိ ဆက်သွယ်ရန်နံပါတ် (Contact) များ၊ စာတို (SMS message) များကို ဝင်ရောက် ဖတ်ရှု သိရှိနိုင်သော၊ သုံးစွဲသူ၏ ကင်မရာကို ဝင်ရောက် အသုံးပြုနိုင်သော၊ Application ကို မသုံးစွဲသည့် အချိန်တွင်ပင် သုံးစွဲသူ၏ ဒေတာအချက်အလက်များကို သိရှိနိုင်ရန် ရည်ရွယ်ထားသော လူမှုကွန်ယက်စာမျက်နှာတခုကို တီထွင်၍ ပြည်သူလူထု၏  ပုဂ္ဂလိကဆိုင်ရာလုံခြုံမှု (Privacy) ကို အတိအလင်း ချိုးဖောက်ရန် ကြိုးစား လာသည်ကို တွေ့ရပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပြည်သူလူထု၏ အခြေခံလူ့အခွင့်အရေးများကို ကန့်သတ်ချုပ်ချယ် ပိတ်ဆို့ရန်ကြိုးစားသည့် အကြမ်းဖက်စစ်အုပ်စု၏ လုပ်ရပ်များကို အပြင်းအထန်ရှုတ်ချပြီး အကြမ်းဖက် စစ်အုပ်စု၏ ထိန်းချုပ်မှုအောက်မှ ကင်းလွတ်သော နေရာများတွင် လွတ်လပ်သော အင်တာနက်ကွန်ယက် အစားထိုး တည်ဆောက်နိုင်ရေး ဆက်လက်၍ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်။ တိုင်းရင်းသားပြည်သူ အများ၏ နိုင်ငံသားအခွင့်အရေး၊ လွတ်လပ်စွာရေးသား ထုတ်ဖော်ပြောဆိုခွင့်၊ သတင်းသိပိုင်ခွင့် စသည်တို့ကို ပြန်လည် ရယူထိန်းသိမ်းနိုင်ရန်မှာ အကြမ်းဖက်စစ်အာဏာရှင်စနစ်ကို အမြန်ဆုံး အမြစ်ဖြတ် နိုင်ရေးက အဓိကကျသည့်အတွက် နိုင်ငံတကာ အသိုက် အဝန်းအနေဖြင့်လည်း လက်ရှိဆင်နွှဲနေသော တော်လှန်ရေးကို ယခုထက် ပိုမို ထောက်ခံ အားပေး ပံ့ပိုး ဆောင်ရွက်ကြရန် တိုက်တွန်းလိုက်ပါသည်။အမျိုးသားညီညွတ်ရေးအစိုးရ

ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ကြေညာချက်အမှတ် (၅/၂၀၂၄)

ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ကြေညာချက်အမှတ် (၅/၂၀၂၄)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်ကြေညာချက်အမှတ် (၅/၂၀၂၄)၂၀၂၄ ခုနှစ်၊ ဇွန်လ (၄) ရက်၁။ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂) ရက်နေ့၊ နံနက် (၁၂း၀၆) နာရီအချိန်ခန့်တွင် ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ရှိ မြို့ကုန်းဆေးရုံကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းဖြင့် ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးရုံအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာများ ထိခိုက်ပျက်စီးခဲ့ပါသည်။ အသက် (၉) နှစ်ကျော်အရွယ် လူနာစောင့် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး ကျန်းမာရေး ဝန်ထမ်းများ၊ လူနာစောင့်များနှင့် ပြည်သူများ စုစုပေါင်း (၁၇) ဦးကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အနက် (၃) ဦးမှာ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ပါသည်။ ပြင်းထန်ဒဏ်ရာရရှိသူ (၃) ဦးထဲတွင် အသက် (၄) နှစ်အရွယ် ကလေးငယ်တစ်ဦးလည်း ပါဝင်ပါသည်။၂။ ယနေ့ (၄-၆-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၄၀) နာရီအချိန်ခန့်ကလည်း မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်ရှိ ခင်ရှည်ကျေးရွာ ဆေးခန်းကို လေကြောင်းဖြင့်လည်းကောင်း၊ လက်နက်ကြီးများဖြင့်လည်းကောင်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဆေးခန်းမှာ များစွာ ထိခိုက်ပျက်စီးခဲ့ပြီး ကျောင်းသားကလေးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။၃။ အကြမ်းဖက်စစ်ကောင်စီက ဆေးရုံဆေးခန်းများနှင့် ကျန်းမာရေးကဏ္ဍအပေါ် တမင်ပစ်မှတ်ထား၍ တိုက်ခိုက်မှုများသည် ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions) ၊ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များ၊ လူသာချင်းစာနာထောက်ထားရေးနှင့် လူအခွင့်အရေးဆိုင်ရာ နိုင်ငံတကာဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်သည်။၄။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို သက်စွန့်ဆံဖျား ကြိုးပမ်းဆောင်ရွက်နေသော ကျန်းမာရေးဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့်အတူ ခိုင်မာစွာ လက်တွဲရပ်တည်လျက်ရှိပြီး အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချလိုက်သည်။ ၅။ ဝန်ကြီးဌာနသည် သေဆုံးထိခိုက်ခဲ့ရသည့် ပြည်သူများ၊ ကျန်းမာရေးဝန်ထမ်းများအတွက် တရားမျှတမှုကို ဆောင်ကျဉ်းသွားမည်ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်းတို့၏ လက်ပါးစေ ကြံရာပါများကို တရားဥပဒေအရ ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်သည်။ လူစိတ်ပျောက်နေသော အကြမ်းဖက်စစ်ကောင်စီနှင့် လက်တွဲဆောင်ရွက်နေသူများ၊ ထောက်ခံအားပေးနေသူများအနေဖြင့် မိမိတို့၏ လုပ်ရပ်များကို ရပ်တန်းက ရပ်ကြရန် အလေးအနက် တိုက်တွန်းသည်။၆။ မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍနှင့် အပြစ်မဲ့ပြည်သူများအပေါ် အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို နိုင်ငံတကာအနေဖြင့် လစ်လျူရှုမထားဘဲ ဖြစ်နိုင်သမျှ နည်းလမ်းများ အသုံးပြု၍ မြန်ဆန်ထိရောက်စွာ တားဆီးအရေးယူပြီး ထိခိုက်ခံစားနေရသည့် မြန်မာပြည်သူတို့ ဘက်၌ စာနာရပ်တည်ပေးရန် အထူးလိုအပ်နေပါသည်။၇။ ဝန်ကြီးဌာနသည် အခက်အခဲနှင့် စိန်ခေါ်မှုများစွာရှိသည့်တိုင် သူရဲကောင်းကျန်းမာရေးဝန်ထမ်းများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ ဒေသခံအဖွဲ့အစည်းများ၊ ပြည်သူများနှင့် လက်တွဲ၍ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အစွမ်းကုန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်း၍ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ထွန်းသည်အထိ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် လက်တွဲ၍ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုအပ်ပါသည်။ကျန်းမာရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ

အကြမ်းဖက်စစ်အုပ်စုက ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဗျိုင်းဖြူရွာတွင် ကျူးလွန်ခဲ့သော အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဉ်နှင့်ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်

အကြမ်းဖက်စစ်အုပ်စုက ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဗျိုင်းဖြူရွာတွင် ကျူးလွန်ခဲ့သော အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဉ်နှင့်ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရhttps://nugmyanmar.org“အကြမ်းဖက်စစ်အုပ်စုက ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဗျိုင်းဖြူရွာတွင် ကျူးလွန်ခဲ့သော အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဉ်နှင့်ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်”၂၀၂၄ခုနှစ်၊ ဇွန်လ (၃)ရက်၂၀၂၄ခုနှစ်၊ မေလ (၂၉) ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက်စစ်အုပ်စု၏ စစ်တွေအခြေစိုက် ဒကစ တပ်ဖွဲ့ဝင်များ၊ ပခုက္ကူအခြေစိုက် တပ်မ(၁၀၁) တပ်ဖွဲ့ဝင်များ၊ အခြားသောတပ်ရင်းအချို့ရှိ ထုတ်နုတ်အင်အားများနှင့် အခြားသော လက်နက်ကိုင်များ ပူးပေါင်းအင်အား (၁၇၀)ကျော်ပါဝင်သော စစ်ကြောင်းသည် ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ စစ်တွေမြို့၊ ဆတ်ရိုးကျချောင်းဘေးရှိ ဗျိုင်းဖြူရွာကို အလုံးအရင်းဖြင့် ဝင်ရောက်ကာ တရွာလုံးကို ပိတ်ဆို့ပြီး အမျိုးသား၊ အမျိုးသမီး၊ သက်ကြီးရွယ်အို၊ နို့စို့ကလေးပါမကျန် လမ်းပေါ်ထွက်ခိုင်းကာ အသက် (၁၅)နှစ်မှ (၇၀)နှစ်ကြား အမျိုးသား(၄၈)ဦးနှင့် အမျိုးသမီး(၃)ဦး စုစုပေါင်းပြည်သူ (၅၁)ဦး ကို အကြမ်းဖက် နှိပ်စက်သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ပါသည်။ အဆိုပါ ဖြစ်စဉ်အတွင်း အကြမ်းဖက်စစ်အုပ်စုသည် အမျိုးသားများအား ရက်စက်စွာ နှိပ်စက်ညှဉ်းပန်းခြင်း၊ အမျိုးသမီးအချို့ကို မုဒိန်းကျင့်ခြင်း၊ ရွာသူရွာသား စုစုပေါင်း (၅၁) ဦးကို သတ်ဖြတ်ခြင်း၊ ရွာထဲရှိ ရွှေ၊ ငွေ၊ ဖုန်း၊ ဆိုင်ကယ်စသည့် ပစ္စည်းများကို ခိုးယူခြင်း၊ ဇွန်လ (၁) ရက်နေ့ နေ့လည် (၂) နာရီခန့်တွင်လည်း အဆိုပါဗျိုင်းဖြူကျေးရွာနှင့်ကပ်လျက် မင်းကင်းတောရွာသစ်၊ ရွာဟောင်းတို့အား အကြောင်းမဲ့မီးရှို့ခြင်းတို့ကို ကျူးလွန်ကာ နောက်ထပ်သော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတခုနှင့် စစ်ရာဇဝတ်မှုများကို ရက်စက်စွာ ကျူးလွန်ခဲ့ကြကြောင်း သိရှိရပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်  ပြည်သူလူထုတရပ်လုံးအား အကြမ်းဖက်စစ်အုပ်စု၏ ပစ်မှတ်ထား တိုက်ခိုက် သတ်ဖြတ်မှုဒဏ်မှ ကာကွယ်မှုပေးနိုင်ရေးအတွက် အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် အကြမ်းဖက်စစ်အုပ်စုက အရပ်သားများကို ယခုကဲ့သို့ ရက်စက်စွာ သတ်ဖြတ်နေမှုအပေါ် ပြင်းထန်စွာ ရှုတ်ချပြီး အကြမ်းဖက်စစ်အုပ်စုကျူးလွန်ခဲ့သော ကျူးလွန်လျက်ရှိသော စစ်ရာဇဝတ်မှုများ၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ၊ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများ အားလုံးတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တာဝန်ရှိသူများ၊ ပါဝင်ပတ်သက်သူများ အားလုံးအား တရားဥပဒေရှေ့မှောက်သို့ အမြန်ဆုံးပို့ဆောင်ပြီး ကျူးလွန်ခံရသူများအားလုံးအတွက် တရားမျှတမှုပြန်လည် ရရှိနိုင်ရေး ဒေသတွင်း တော်လှန်ရေးအဖွဲ့များအပါအဝင် တရားမျှတမှုကို လိုလားသော မည်သည့်အဖွဲ့အစည်းနှင့် မဆို ပူးပေါင်းကာ နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်အပ်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ

ဝမ်းနည်းကြောင်း သဝဏ်လွှာ

ဝမ်းနည်းကြောင်း သဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရwww.nugmyanmar.org“ဝမ်းနည်းကြောင်း သဝဏ်လွှာ”၂၀၂၄ခုနှစ်၊ ဇွန်လ ၁  ရက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏  နာယက၊ ဗဟိုလူမှုအထောက်အကူပြုအဖွဲ့ ဥက္ကဌ၊ ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦးသည် ယနေ့နံနက် (၀၈:၄၅)နာရီ အချိန်တွင် လူကြီးရောဂါဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကွယ်လွန်သွားကြောင်း ကြားသိရပါသဖြင့် ကျန်ရစ်သူ မိသားစု နှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။ ဦးတင်ဦးသည် ကာကွယ်ရေးဦးစီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး တာဝန် ပူးတွဲရယူထားချိန် ဖြစ်သည့် ၁၉၇၄ ခုနှစ် ဦးသန့်အရေးအခင်းတွင်လည်း ပြည်သူလူထု အထိအခိုက်နည်းစေရန် ထိန်းသိမ်းဆောင်ရွက်ခဲ့သူ ဖြစ်သည့်အတွက် အများပြည်သူ၏ လေးစားချစ်ခင်မှုကို ရရှိခဲ့သူတစ်ဦးလည်းဖြစ်ပါသည်။ ထိုမျှသာမက ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးတွင်လည်း တပ်မှူးဟောင်းကြီးများပါဝင်သည့် မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့တွင် ဒုတိယဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၊ အရေးပေါ်ဌာနအရှေ့တွင် ဒီမိုကရေစီအရေးနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြလူထုကြီးအား စည်းရုံးဟောပြောခဲ့ရာမှ ပြည်သူ့ထောက်ခံမှု ပိုမိုရရှိလာခဲ့ပါသည်။ဦးတင်ဦးသည် ဒီမိုကရေစီအရေးနှင့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးတွင် ပြည်သူနှင့် အတူ၊ အခြားသော ဒီမိုကရေစီအင်အားစုများနှင့်အတူ စွမ်းစွမ်းတမံဆောင်ရွက်လျက်ရှိသည့် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်ဖွဲ့စည်းတည်ထောင်သည့်ကာလမှစတင်၍ ကွယ်လွန်ခဲ့သည့် အချိန်အထိ ဒီမိုကရေစီရေးလှုပ်ရှားမှု ခရီးလမ်းတလျောက် တစိုက်မတ်မတ်ဖြင့်  ဦးဆောင်ပါဝင်ခဲ့မှု ကြောင့် စစ်အာဏာရှင်အဆက်ဆက်၏  ဖမ်းဆီးအကျဉ်းချခြင်းကို အကြိမ်ကြိမ်ခံခဲ့ရပါသည်။ ဦးတင်ဦးသည် တပ်မတော်သားဘဝ အမြင့်ဆုံးသော လုပ်ပိုင်ခွင့်အာဏာရာထူးကို ရယူထားသည့်အချိန်များတွင် ယင်းရာထူးအာဏာဖြင့် ပြည်သူအပေါ် အနိုင်အထက် ပြုကျင့်မှုမရှိဘဲ ပြည်သူ့တပ်မတော်သားကောင်းတစ်ဦးအဖြစ် ရပ်တည်ခဲ့ခြင်း မြန်မာနိုင်ငံ ဒီမိုကရေစီအရေး ကြိုးပမ်းမှုတစ်လျှောက်လုံးတွင်လည်း ပြည်သူနှင့်အတူ ပြတ်ပြတ်သားသား ရပ်တည်ဆောင်ရွက် ခဲ့ခြင်း  တို့ကြောင့် ပြည်သူလူထု၏ လေးစားချစ်ခင်မှုကို ရရှိခဲ့သူတစ်ဦး ဖြစ်ပါသည်။  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ နာယက သူရဦးတင်ဦး ကွယ်လွန်အနိစ္စ ရောက်ရှိခဲ့ခြင်းအပေါ် အမျိုးသားညီညွတ်ရေးအစိုးရမှ များစွာ ဝမ်းနည်းကြေကွဲရပါကြောင်းနှင့် ဦးတင်ဦး၏ မြန်မာ့ဒီမိုကရေစီအရေးကြိုးပမ်းအားထုတ်မှုများကို လေးစားဂုဏ်ယူ အသိအမှတ် ပြုကာ ယခု ပြည်သူ့နွေဦးတော်လှန်ရေးကိုလည်း အမြန်ဆုံး အောင်မြင်ပြီးမြောက်သည်အထိ အစွမ်းကုန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ပါကြောင်းကို ထပ်လောင်း သန္နိဋ္ဌာန်ပြုလျက် ဤသဝဏ်လွှာကိုပေးပို့အပ်ပါသည်။     အမျိုးသားညီညွတ်ရေးအစိုးရ

BECA Complaint Form နှင့်ပတ်သက်၍ အများပြည်သူသို့ သတင်းထုတ်ပြန်ချက်

BECA Complaint Form နှင့်ပတ်သက်၍ အများပြည်သူသို့ သတင်းထုတ်ပြန်ချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနhttps://moe.nugmyanmar.orgကြေညာချက်အမှတ် (၁၂/၂၀၂၄)၁၃၈၆ ခုနှစ်၊ ကဆုန်လဆုတ် ၃ ရက်နေ့(၂၀၂၄ ခုနှစ်၊ မေလ ၂၅ ရက်)BECA Complaint Form နှင့်ပတ်သက်၍ အများပြည်သူသို့ သတင်းထုတ်ပြန်ချက်၂၀၂၃ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်း (BECA) ဖြေဆိုရန် လျှောက်ထားသူ ဦးရေ ၇၅,၀၀၀ ခန့် ရှိပြီး ဘာသာစုံဖြေဆိုသူ ၅၆,၀၀၀ ခန့် (၇၅%) ရှိခဲ့ပါသည်။ ဖြေဆိုသူများအနက် စည်းကမ်း ချက်များနှင့်အညီ ဖြေဆိုပြီး Certificate ရရှိသူဦးရေ ၅၀,၀၀၀ ခန့် (၈၉%) ရှိပါသည်။ စည်းကမ်းချက်နှင့် မကိုက်ညီ၍ Certificate မရရှိသူဦးရေ ၆,၀၀၀ ခန့်  (၁၁%) ရှိခဲ့ပါသည်။ဖြေဆိုသူများလိုက်နာရမည့်စည်းကမ်းချက်များနှင့် ကိုက်ညီစွာဖြေဆိုထားပါလျက်နှင့် Certificate မရရှိ ဖြစ်နေသည်ဟု ယူဆထားကြသည့် စာဖြေသူများသည် မိမိရလဒ်နှင့်ပတ်သက်၍ ပြန်လည်စစ်ဆေးပေးစေလို      ပါက Complaint Form လျှောက်ထားနိုင်ပါသည်။ အကယ်၍ Complaint Form အများအပြား တင်လာပါက စစ်ဆေးခြင်းလုပ်ငန်းစဉ် ကြန့်ကြာနိုင်သောကြောင့် စောင့်ဆိုင်းပေးရန် လိုအပ်ပါသည်။မူလက Complaint Form ကို သုံးသောင်းကျပ် ပေးသွင်း၍ ပြန်လည်စစ်ဆေးပေးရန် လျှောက်ထား နိုင်သည့် အစီအစဉ်ထားရှိခဲ့ပါသည်။ သို့သော် ထိုငွေသွင်းရသည့်အစီအစဉ်ကို ပြင်ဆင်ပေးရန် တောင်းဆိုမှုများ ကြောင့် ပြည်သူ့အသံကို နားဆင်၍ Complaint Form အတွက် ငွေသွင်းရန် အစီအစဉ်ကို ရပ်နားလိုက်ပါသည်။ သို့ဖြစ်ပါ၍ Complaint Form လျှောက်ထားမည့် စာဖြေသူများသည် (၂၅-၆-၂၀၂၄) ရက်နေ့ နောက်ဆုံး ထား၍ ( LMS - https://lms.moeedu.org ) » Technical Support Channel တွင် အောက်ဖော်ပြပါအချက် (၂) ချက်ကို လျှောက်လွှာတွင် ပူးတွဲဖော်ပြလျှောက်ထားရန် နှင့် Complaint ကို စစ်ဆေးအကဲဖြတ်ခြင်း လုပ်ထုံး လုပ်နည်းဖြင့်သာ အကြောင်းပြန်ကြားပေးမည်ဖြစ်ပါကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။၁။ ကျောင်းသား၏ ဖြေဆိုခဲ့ရမှုအခြေအနေအခက်အခဲကို ကျောင်းသားကိုယ်တိုင် ရေးသားထားသော လျှောက်လွှာ၂။ မိမိတက်ရောက်နေသော မြေပြင်/အွန်လိုင်းကျောင်း (သို့) သက်ဆိုင်ရာ မြို့နယ်ပညာရေးဘုတ် (သို့) ပညာရေးအဖွဲ့အစည်း (သို့) စီဒီအမ်ဝန်ထမ်းတစ်ဦး (သို့) မိဘအုပ်ထိန်းသူ (သို့) ကျောင်းသား ကိုယ်တိုင်၏ ဖြေဆိုသူများလိုက်နာရမည့် စည်းကမ်းချက်များနှင့်အညီ ဖြေဆိုခဲ့သည်မှာ မှန်ကန် ကြောင်း ထောက်ခံချက်မှတ်ချက် - ကိုယ်တိုင်ထောက်ခံချက်ဖြင့်သာ Complaint Form တင်သွင်းသူများကို စီဒီအမ် ကျောင်းသားဖြစ် ကြောင်း ပြန်လည်စစ်ဆေးရန် အချိန်ယူရမည်ဖြစ်သောကြောင့် ရလဒ်များအားစစ်ဆေးပြီး အကြောင်းပြန်ရာတွင် ကြာမြင့်နိုင်ပါကြောင်း ကြိုတင်အသိပေးအပ်ပါသည်။     ပညာရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ

ကျန်းမာရေးဝန်ကြီးဌာန  ထုတ်ပြန်ကြေညာချက်အမှတ် (၄/၂၀၂၄)

ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ကြေညာချက်အမှတ် (၄/၂၀၂၄)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်ကြေညာချက်အမှတ် (၄/၂၀၂၄)၂၀၂၄ ခုနှစ်၊ မေလ (၁၇) ရက်၁။ ရက္ခိုင့်တပ်တော်၊ သတင်းနှင့်ပြန်ကြားရေး ထုတ်ပြန်ချက်အရ (၁၅-၅-၂၀၂၄) ရက်နေ့၊ နံနက် (၀၀:၁၆) နာရီအချိန်တွင် ရက္ခိုင်ပြည်၊ ကျောက်တော်မြိုနယ်၊ ဝဲကြီးထောင့်ကျေးရွာရှိ ဝဲကြီး ထောင့်ဆေးရုံအား ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့မှု ကြောင့် ဆေးရုံတစ်ခုလုံးနီးပါး ပျက်စီးဆုံးရှုံးသွားခဲ့ရပြီး ဆေးဝန်ထမ်း၊ လူနာနှင့် လူနာစောင့် အရပ်သားပြည်သူ စုစုပေါင်း (၂၀) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသူ အချို့ ရှိခဲ့ကြောင်းနှင့် ဒဏ်ရာရသူ (၂၀) ဦးထဲတွင် အပြင်းစားဒဏ်ရာရသူ (၅) ဦး ရှိခဲ့ပြီး မြင်း (၁) ကောင်လည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။၂။ (၁-၂-၂၀၂၁) ရက်နေ့မှစ၍ အကြမ်းဖက်စစ်ကောင်စီသည် ဆေးရုံဆေးခန်းများအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူများအား ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများ၊ စစ်ရာဇဝတ်မှု များနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများကို  အစဉ်တစိုက် ကျူးလွန်လျက် ရှိသည်။ ၃။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနသည် ရက္ခိုင့်တပ်တော်၊ ရက္ခိုင်ပြည်သူ တို့နှင့်အတူ ခိုင်မာစည်းလုံးစွာ လက်တွဲရပ်တည်လျက်ရှိပြီး အကြမ်းဖက်စစ်ကောင်စီ၏ အစွန်းရောက်၊ အကြမ်းဖက်လုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချလိုက်သည်။ ဝန်ကြီးဌာနသည် သေဆုံးထိခိုက်ခဲ့ရသည့် ပြည်သူများ၊ ကျန်းမာရေးဝန်ထမ်းများအတွက် တရားမျှတမှုကို ဆောင်ကျဉ်းသွားမည်ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်းတို့၏ လက်ပါးစေ ကြံရာပါများကို တရားဥပဒေအရ ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါသည်။၄။ ဆေးရုံးဆေးခန်းများနှင့် ကျန်းမာရေးကဏ္ဍအပေါ် အကြမ်းဖက်စစ်ကောင်စီက တမင်ပစ်မှတ် ထား၍ တိုက်ခိုက်မှုများသည် ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions) ၊ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များ၊ လူသာချင်းစာနာထောက်ထားရေးနှင့် လူအခွင့်အရေး ဆိုင်ရာ နိုင်ငံတကာဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ပါသည်။ ၅။ မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍနှင့် အပြစ်မဲ့ပြည်သူများအပေါ် အကြမ်းဖက်စစ်ကောင်စီ၏ အဆက်မပြတ် အကြမ်းဖက်တိုက်ခိုက်မှုများကို နိုင်ငံတကာအနေဖြင့် လစ်လျူရှုမထားဘဲ ဖြစ်နိုင်သမျှ နည်းလမ်းများ အသုံးပြု၍ မြန်ဆန်ထိရောက်စွာ တားဆီးအရေးယူပြီး ထိခိုက် ခံစားနေရသည့် မြန်မာပြည်သူတို့ဘက်၌ စာနာရပ်တည်ပေးရန် အထူးလိုအပ်နေပါသည်။၆။ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများကို ကျူးလွန်ရုံ သာမက ရက်စက်နိုင်သမျှ နည်းလမ်းအားလုံးကို အသုံးပြု၍ အပြစ်မဲ့ပြည်သူများအား သတ်ဖြတ် နေသည့် လူစိတ်ပျောက်နေသော အကြမ်းဖက်စစ်ကောင်စီနှင့် လက်တွဲဆောင်ရွက်နေ သူများ၊ ထောက်ခံအားပေးနေသူများအနေဖြင့် မိမိတို့၏ လုပ်ရပ်များကို ရပ်တန်းက ရပ်ကြရန် အလေးအနက် တိုက်တွန်းပါသည်။၇။ ဝန်ကြီးဌာနသည် အခက်အခဲနှင့် စိန်ခေါ်မှုများစွာရှိသည့်တိုင် သူရဲကောင်းကျန်းမာရေးဝန်ထမ်း များ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ ဒေသခံအဖွဲ့အစည်းများ၊ ပြည်သူများနှင့် လက်တွဲ၍ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အစွမ်းကုန် ဆက်လက်ကြိုးပမ်း ဆောင်ရွက် သွားမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်း၍ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ထွန်းသည်အထိ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် လက်တွဲ၍ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုအပ်ပါသည်။ကျန်းမာရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ

Statement Welcoming New Zealand’s Parliamentary Motion on Myanmar

Statement Welcoming New Zealand’s Parliamentary Motion on Myanmar

The Republic of the Union of Myanmar National Unity Governmenthttp://nugmyanmar.orgStatement Welcoming New Zealand’s Parliamentary Motion on Myanmar9 May 2024The National Unity Government congratulates New Zealand’s House of Representative on its motion on Myanmar.Agreed by the Coalition Government and the New Zealand Labour Party, the bipartisan motion shows the depth of New Zealand’s solidarity with the people of Myanmar and stands as an example to parliaments everywhere.The motion makes an urgent and important call on New Zealand and other governments, the UN and ASEAN to provide all possible support to people of Myanmar. It also condemns the terrorist Myanmar Military Council’s ongoing atrocities, violations and abuses, and calls for the release of all arbitrarily detained prisoners and for unhindered humanitarian access to people in need.The motion’s adoption coincides with a visit to New Zealand by U Aung Myo Min, Union Minister of Human Rights, for a series of political and community discussions. Throughout these engagements, the Minister has underlined the firm commitment of the National Unity Government and its ethnic and civil society partners to building a truly inclusive and federal democratic union in Myanmar. With the sustained support of New Zealand and other friends, the people of Myanmar will deliver on this promise of a nation renewed by peace, freedom, justice and equality. National Unity Government