အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်၏ ဝန်ထမ်းများအား အကြမ်းဖက်သမားများအဖြစ်သတ်မှတ်ကြေညာခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားညီညွတ်ရေးအစိုးရ

အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့

https://mohai.nugmyanmar.org/

အမိန့်ကြော်ငြာစာအမှတ် ၀၃/၂၀၂၃

၁၃၈၅ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် (၁၄) ရက်

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၄) ရက်

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်၏ ဝန်ထမ်းများအား အကြမ်းဖက်သမားများအဖြစ်သတ်မှတ်ကြေညာခြင်း

အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့သည် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၆။ ပုဒ်မခွဲ (င)နှင့် ပုဒ်မ ၇၂။ ပုဒ်မခွဲ(ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ အမျိုးသားညီညွတ်ရေး အစိုးရ၏ သဘောတူညီချက်ဖြင့် ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်သည်။

၁။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားခြင်း ခံရသည့်  တရားမဝင် အာဏာသိမ်းစစ်ကောင်စီသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ ယနေ့အထိ ဒီမိုကရေစီအရေးလှုပ်ရှားသူနှင့် အရပ်သားပြည်သူများအား မတရားဖမ်းဆီးခြင်း ၊ ညှင်းပမ်းနှိပ်စက်ခြင်း၊ ထောင်သွင်းအကျဉ်းချခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ သတ်ဖြတ်ခြင်း၊ လူမျိုးတုန်းသတ်ဖြတ်ခြင်း၊ ပြည်သူ့ဘဏ္ဍာငွေဖြင့် ဝယ်ယူထားသော လက်နက်ငယ်များ၊ လက်နက်ကြီးများ၊ စစ်မြေပြင်သုံးတိုက်လေယာဉ်များအား အသုံးပြု၍ စာသင်ကျောင်းများ၊ ကျေးရွာများ၊ ကလေးသူငယ်များ၊ အရပ်သားလူစုလူဝေးများအား ဗုံးကြဲ တိုက်ခိုက်ခြင်း ၊ လက်နက်ကြီးများနှင့် တိုက်ခိုက်ခြင်း အစရှိသည့် အကြမ်းဖက်လုပ်ရပ် များနှင့် လူသားမျိုးနွယ်တစ်ခုလုံးကို ထိခိုက်စေသည့် စစ်ရာဇဝတ်မှုမြောက်သည့် ပြစ်မှုများကို အကြိမ်ကြိမ် ကျူးလွန်ခဲ့ပြီး ဆက်လက်၍လည်း ကျူးလွန်လျက်ရှိသည်။ 

၂။ အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန နှင့် Assistance Association for Political Prisoners (Burma) – AAPP တို့၏ စာရင်းဇယားများအရ ၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှ ၂၀၂၃ ခုနှစ် ၊ စက်တင်ဘာလ (၈) ရက်နေ့အထိ အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်း၏အမိန့်နာခံသူများ၏ လက်ချက်ဖြင့် ဒီမိုကရေစီအရေး လှုပ်ရှားသူနှင့် အရပ်သားပြည်သူ (၄,၀၅၆) ဦး အသက်ဆုံးရှုံးခဲ့ပြီး (၂၄,၇၄၀) ဦး အဖမ်းဆီး ခံခဲ့ရကာ ယင်းတို့အနက် (၁၉၄၄၇) ဦးမှာ ထောင်သွင်း အကျဉ်းချခံရဆဲဖြစ်ပြီး (၇,၂၉၉) ဦးမှာ မတရား ပြစ်ဒဏ်ချမှတ်ခံထားရပါသည်။ ကျေးရွာ (၂၀၂၉) ရွာ၊ ရပ်ကွက် (၇၃) ခု၊ အိမ်ခြေပေါင်း (၇၅၉၂၀) ခု၊ ဆေးရုံ ဆေးခန်းများ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အဦးများ အပါအဝင်အဆောက် အဦးပေါင်း (၁၃၅) ခု တို့မှာ  စစ်ကောင်စီ မှ မီးရှို့ဖျက်ဆီးခြင်းခံထားရပြီး မီးရှို့သတ်ဖြတ်ခံရသူဦးရေ (၃၃၄) ဦးထိရှိလာသည့်အပြင် ( ၁.၉ သန်းကျော် ) ဦးမှာ စစ်ဘေး ရှောင်ဘဝဖြင့် နေရပ်၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါသည်။

၃။ အကြမ်းဖက်စစ်ကောင်စီအနေဖြင့် အထက်အပိုဒ် (၁) နှင့် (၂) ပါ အကြမ်းဖက်လုပ်ရပ် များကို ကျူးလွန်နိုင်ရေးအတွက် ဘဏ္ဍာငွေအထောက်အပံ့၊ ငွေကြေးစီးဆင်းမှု ၊ နိုင်ငံခြား တိုင်းပြည်များမှ လေယာဉ်ဆီအပါအဝင် လူအများအပြားသေကြေပျက်စီးနိုင်သည့် လက်နက်များဝယ်ယူခြင်း အစရှိသည်တို့တွင် စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်၏ ဝန်ထမ်းများသည် အဓိကကြံရာပါများအဖြစ် ပါဝင်လျက်ရှိသည်။ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်၏ ဥက္ကဌဆိုသူမှစ၍ အောက်အဆင့်ဆင့် ဝန်ထမ်းကြီး၊ အလတ်၊ အငယ်များသည် အောက်ပါလုပ်ငန်းများကို ကျင့်ဝတ်နှင့် ဆောင်ရွက်ရမည့်တာဝန် ဝတ္တရားများနှင့်သွေဖည်ပြီး မလျော်ဩဇာသုံး၍ ကျူးလွန်နေသောကြောင့် ပြည်သူလူထုအပေါ် ကြီးမားပြင်းထန်သော ဆိုးကျိုးများ ဖြစ်ပေါ်စေခဲ့ပါသည်။

 (က) ဗဟိုဘဏ်တစ်ခုအနေဖြင့် နိုင်ငံ၏အခြေအနေနှင့် ကိုက်ညီပြီး ပြည်တွင်း ဈေးနှုန်းတည်ငြိမ်ရေးကိုရရှိစေမည့်ငွေကြေးမူဝါဒကိုချမှတ်၍ အကောင်အထည်ဖော်မှု မရှိခြင်း၊ ယင်းအစား ပြည်တွင်းသုံးငွေကြေး (မြန်မာကျပ်) အား အမြောက်အများ ရိုက်ထုတ်ခဲ့ပြီး အကြမ်းဖက်အုပ်စုအတွက် အဓိကငွေကြေးထောက်တိုင်များအဖြစ် ဆောင်ရွက်ခဲ့ခြင်း၊ ယင်း၏ အကျိုးဆက်အဖြစ် အဆမတန် ငွေကြေးဖောင်းပွမှုကြောင့် ပြည်သူများ ကုန်ဈေးနှုန်းကြီးမြင့်သည့်ဒဏ်ကို ခံစားကြရခြင်း၊

(ခ) မိမိကိုင်တွယ်ကျင့်သုံးရမည့် ဥပဒေများအား 

ဥပက္ခာပြု၍ နိုင်ငံခြားငွေကြေး ဈေးကွက်ကို အကြမ်းဖက်စစ်ကောင်စီအလိုကျ ချယ်လှယ်၊ ဆောင်ရွက်ခွင့်ပြုသဖြင့် နိုင်ငံခြားငွေလဲလှယ်နှုန်း    မတည်မငြိမ်ဖြစ်ပြီး မြန်မာကျပ်ငွေတန်ဘိုး အဆမတန် ကျဆင်းခြင်း၊ နောက်ဆက်တွဲအနေဖြင့် အခြေခံလူသုံးကုန်၊ ဆေးဝါး အပါအဝင် လူသုံးကုန်ပစ္စည်းများ ရှားပါးပြတ်လပ်လာခြင်း၊ 

(ဂ) ဗဟိုဘဏ်တစ်ခုအနေဖြင့် ပြည်သူ့ကိုယ်စား စီမံခန့်ခွဲရမည့် နိုင်ငံ၏ နိုင်ငံခြားသုံးသီးသန့်ငွေများအား အကြမ်းဖက်စစ်ကောင်စီအတွက် နိုင်ငံခြား တိုင်းပြည်များမှ လေယာဉ်ဆီအပါအဝင် လူအများအပြား သေကြေပျက်စီးနိုင်သည့် လက်နက်များ ဝယ်ယူရာတွင်အသုံးပြုခြင်း၊ ပြည်သူပိုင်ငွေကို တလွဲ အသုံးပြုခြင်း။ 

 ၄။ အထက်ပါ လုပ်ရပ်များကို ကျူးလွန်ခြင်းသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃။ ပုဒ်မခွဲ(ပ) ပါ အကြမ်းဖက်သမား ဆိုသည်မှာ အကြမ်းဖက်မှုတစ်ခုခုကို တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဥပဒေနှင့်မညီဘဲ တစ်နည်းနည်းဖြင့်ကျူးလွန်သူ သို့မဟုတ် ကျူးလွန်ရန်အားထုတ်သူကိုသော်လည်းကောင်း၊ အကြမ်းဖက်မှုတွင် ကြံရာပါအဖြစ်ပါဝင်သူ သို့မဟုတ် အကြမ်းဖက်မှုကျူးလွန်ရန် အခြားသူများအားညွှန်ကြားသူ သို့မဟုတ် စည်းရုံး သိမ်းသွင်းသူကိုသော်လည်း ကောင်း၊ အကြမ်းဖက်မှု ကျူးလွန်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ပါဝင် ထောက်ပံ့သူကိုသော်လည်းကောင်း ဆိုသည်ဟူသော အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ကိုက်ညီလျက် ရှိကြောင်း တွေ့ရှိရသည်။

၅။ သို့ပါ၍ အောက်ဖော်ပြပါ လူပုဂ္ဂိုလ်များအား အကြမ်းဖက်သမားများအဖြစ် သတ်မှတ်ကြေညာလိုက်သည်။

၆။ ဤအမိန့်ကြော်ငြာစာဖြင့် အကြမ်းဖက်သမားများအဖြစ် သတ်မှတ်ကြေညာခြင်း ခံရသူများအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ အခန်း(၁၄) ပါ ပြဌာန်းချက်များနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။

ဥက္ကဌ

အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့