အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အပြည်ပြည်ဆိုင်ရာ မိုင်းအသိပညာမြှင့်တင်ရေးနေ့အခမ်းအနား သို့ပေးပို့သည့် သဝဏ်လွှာ

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အပြည်ပြည်ဆိုင်ရာ မိုင်းအသိပညာမြှင့်တင်ရေးနေ့အခမ်းအနား သို့ပေးပို့သည့် သဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရhttps://nugmyanmar.org၂၀၂၄ ခုနှစ်၊ ဧပြီလ (၄) ရက်အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အပြည်ပြည်ဆိုင်ရာ မိုင်းအသိပညာမြှင့်တင်ရေးနေ့အခမ်းအနား သို့ပေးပို့သည့် သဝဏ်လွှာ၁။ ယနေ့ကျရောက်သည့်  အပြည်ပြည်ဆိုင်ရာ မိုင်းအသိပညာမြှင့်တင်ရေးနေ့တွင် ကမ္ဘာတဝှမ်းရှိ နိုင်ငံအသီးသီး၌ မြေမြှုပ်မိုင်းများ၊ ပေါက်ကွဲစေတတ်သော စစ်ကျန်လက်နက်ပစ္စည်းများ၊ ဗုံးများနှင့် စပ်လျဥ်းသည့် အန္တရာယ်နှင့် သက်ရောက်မှုများအကြောင်းကို ပြောဆိုဆွေးနွေး အသိပညာပေး မြှင့်တင်ခြင်းလုပ်ငန်းများကို အထူး အလေးအနက်ထား ဆောင်ရွက်လျက်ရှိပြီး အမျိုးသားညီညွတ် ရေးအစိုးရအနေဖြင့် ယနေ့အခမ်းအနားကို “လူ့အသက်များကို ကာကွယ်၊ ငြိမ်းချမ်းရေးကို တည်ဆောက်” ဟူသော ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။၂။ ဆောင်ပုဒ်၏အနှစ်သာရမှာ ပေါက်ကွဲစေတတ်သော ပစ္စည်းများ၏ အန္တရာယ်နှင့် သက်ရောက် မှုများမှ လူအများကို အကာအကွယ်ပေးရန်၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများကို လက်လှမ်းမီ ရရှိနိုင်စေရန်၊ မိုင်းလက်ကျန်များရှိနေသည့် နေရာဒေသများတွင် ဆောလျင်စွာ မိုင်းရှင်း လင်းပြီး မြေယာများကို အကျိုးရှိရှိ ပြန်လည်အသုံးပြုနိုင်ရန်၊ မိုင်းအန္တရာယ် ရှင်းလင်းရေးလုပ်ငန်း များနှင့် ပြည်လည်ထူထောင်ရေး၊ ပြန်လည်တည်ဆောက်‌ရေးကဏ္ဍများ အပါအဝင်  ငြိမ်းချမ်း‌ရေး တည်ဆောက်မှု လုပ်ငန်းစဉ်များတွင် ပေါက်ကွဲစေတတ်သော ပစ္စည်းများကြောင့် ထိခိုက်ဒဏ်ရာရရှိ ခဲ့သူများနှင့် မသန်စွမ်းသူများ ပါဝင်ဆောင်ရွက်နိုင်ခွင့်ရရှိရေး ရည်ရွယ်ပါသည်။၃။ ကမ္ဘာပေါ်ရှိ လက်နက်ကိုင် ပဋိပက္ခများ၏ ရှုပ်ထွေးမှုများကြားတွင် ရှင်သန်နေထိုင်နေကြရ သည့် သန်းပေါင်းများစွာသော ပြည်သူလူထုသည် မြေမြှုပ်မိုင်းအန္တရာယ်ကို နေ့စဥ်နှင့်အမျှ ကြုံကြိုက် ခံစားနေရပါသည်။ တိုက်ပွဲများ ရပ်တန့်သွားပြီးနောက်တွင် မပေါက်ကွဲသေးသော မြေမြှုပ်မိုင်းများနှင့် စစ်လက်နက်ပစ္စည်း အကြွင်းအကျန်များက ဒေသခံပြည်သူတို့၏ အသက်အန္တရာယ်ကို  ခြိမ်းခြောက် လျက် ရှိပါသည်။ ထိုမျှသာမက နောက်ဆက်တွဲဆိုးကျိုးများအဖြစ် မိုင်းဒဏ်ခံစားရသည့် ဒေသများရှိ ပြည်သူလူထု၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုကို သိသိသာသာ အဟန့်အတားဖြစ်စေနိုင်ပါသည်။၄။ ကျွန်ုပ်တို့၏ မြန်မာနိုင်ငံတွင် ပြည်တွင်းစစ် ကြာရှည်နေသည့်အတွက် နေရာဒေသ  အသီးသီးရှိ ပြည်သူလူထုမှာ ယနေ့ထက်တိုင် မိုင်းအန္တရာယ်ကို ရင်ဆိုင်ကြုံတွေ့နေရပါသည်။ မြန်မာနိုင်ငံရှိ မြို့နယ်အရေအတွက် ထက်ဝက်ကျော်တွင် မြေမြှုပ်မိုင်းများ ရှိနေပြီး လက်နက်ကိုင် တိုက်ပွဲများ တိုးပွားလာသည်နှင့်အမျှ မြေမြှုပ်မိုင်းများကြောင့် ထိခိုက်သေဆုံးရသော အပြစ်မဲ့ပြည်သူ အရေအတွက်မှာလည်း နေ့စဥ်တိုးပွားလျက် ရှိပါသည်။ ၂၀၂၁ ခုနှစ် အကြမ်းဖက်စစ်အုပ်စု၏ ဥပဒေမဲ့ အာဏာသိမ်းမှု အကျိုးဆက်ကြောင့် ပြည်သူလူထု ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိရာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှုများမှာလည်း အကြောင်းအရင်းတစ်ချက်အနေဖြင့် ပါဝင်လျက် ရှိပါသည်။ ၅။ ထို့ကြောင့် ကျွန်ုပ်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပဋိပက္ခကာလအတွင်း အရပ် သား ပြည်သူလူထုထိခိုက်မှု လျှော့ချရေးနှင့် ရပ်ရွာလူထု ဘေးဒဏ် ကြံ့ကြံ့ခံနိုင်ရည် မြှင့်တင်ရေး တို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများမှ လေကြောင်းရန်နှင့် လက်နက်ကြီးအန္တရာယ် ကြိုတင် ကာကွယ်ရေးနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်း၊ မြေမြှုပ်မိုင်းအပါအဝင် စစ်လက်နက်ပစ္စည်းနှင့်          ဓာတု လက်နက်ပစ္စည်းအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များ၊ မိုင်းအန္တရာယ် ကင်းရှင်းရေး အသိပညာပေးစာစောင် ဖြန့်ဝေရေးလုပ်ငန်းများနှင့် လက်နက်ကိုင် ပဋိပက္ခ အခြေအနေတွင် ရှေးဦးသူနာပြုစုခြင်းနည်းများ၊ စိတ်/လူမှုခွန်အားပေးအစီအစဉ်နှင့် Safety for Humanitarians စသည့် သင်တန်းများဖွင့်လှစ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။၆။ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ဆိုး သက်ဆိုးရှည်နေသမျှ ကာလပတ်လုံး အပြစ်မဲ့ ပြည်သူလူထုအနေဖြင့် မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဆုံးရှုံးနစ်နာနေမှုများကို မလွှဲဧကန် ဆက်လက် ကြုံတွေ့နေရမည်ဖြစ်ပါသည်။ စစ်အာဏာရှင်စနစ်ဆိုး ချုပ်ငြိမ်းပြီး ပြည်သူများ လိုလားတောင့်တ သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ထောင်နိုင်မှသာလျှင် ငြိမ်းချမ်းသာယာ၍ ဘေးကင်းသော လူမှုဘဝများကို ခံစားရရှိနိုင်မည် ဖြစ်ပါသဖြင့် စစ်အာဏာရှင်စနစ်ဆိုးကို အမြန်ဆုံး တွန်းလှန်နိုင်ပြီး မြန်မာပြည် အေးချမ်းသာယာရှိပါစေကြောင်း ဆုတောင်းမေတ္တာပို့သလျက် ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။

အကြမ်းဖက်စစ်အုပ်စု၏ အဓမ္မစစ်သားစုဆောင်းမှုလုပ်ရပ်နှင့်ပတ်သက်၍ တိုင်ကြား၊ စုံစမ်း၊ အကြံဉာဏ်ရယူနိုင်သည့် ပြည်သူ့ရေးရာဝန်ဆောင်မှုစတင်ကြောင်း ကြေညာခြင်း

အကြမ်းဖက်စစ်အုပ်စု၏ အဓမ္မစစ်သားစုဆောင်းမှုလုပ်ရပ်နှင့်ပတ်သက်၍ တိုင်ကြား၊ စုံစမ်း၊ အကြံဉာဏ်ရယူနိုင်သည့် ပြည်သူ့ရေးရာဝန်ဆောင်မှုစတင်ကြောင်း ကြေညာခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရhttps://nugmyanmar.org“အကြမ်းဖက်စစ်အုပ်စု၏ အဓမ္မစစ်သားစုဆောင်းမှုလုပ်ရပ်နှင့်ပတ်သက်၍ တိုင်ကြား၊ စုံစမ်း၊ အကြံဉာဏ်ရယူနိုင်သည့် ပြည်သူ့ရေးရာဝန်ဆောင်မှုစတင်ကြောင်း ကြေညာခြင်း”၂၀၂၄ခုနှစ်၊ မတ်လ (၃၀)ရက်အကြမ်းဖက်စစ်အုပ်စု၏ အဓမ္မ စစ်သားစုဆောင်းမှုလုပ်ရပ်ကြောင့် ထိခိုက်ခံစားကြရသော ပြည်သူလူထု၏ စိတ်သောကများအား သက်သာရာရစေရန် နှင့် လိုအပ်သော အကူအညီနှင့် အထောက်အပံ့များကို တတ်နိုင်သမျှ ချိတ်ဆက်ပံ့ပိုးပေးနိုင်ရန်ရည်ရွယ်၍ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပြည်သူ့ရေးရာဝန်ဆောင်မှု တစ်ခုအဖြစ် Telegram Channel - https://t.me/nugpublicaffairsbot ကို ယနေ့ စတင်ဖွင့်လှစ်လိုက်သည်။ လတ်တလောတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူ့ရေးရာဝန်ဆောင်မှုကို အဓမ္မစစ်သားစုဆောင်းမှုနှင့် သက်ဆိုင်သော ကိစ္စရပ်များနှင့်ပတ်သက်ပြီး နေ့စဉ် နံနက် (၁၀) နာရီမှ ည (၁၀) နာရီအထိ ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပါသည်။အကြမ်းဖက်စစ်အုပ်စုလုပ်ဆောင်နေသော အတင်းအဓမ္မစစ်သားစုဆောင်းမှု၏ ဆိုးကျိုးသက်ရောက်မှုကို ခံစားနေကြရသည့် ပြည်သူလူထုတရပ်လုံးအနေဖြင့် အထက်ပါ Channel မှတဆင့် သိရှိလိုသည်များကို မေးမြန်းခြင်း၊ အကြံဉာဏ်များတောင်းခံခြင်း၊ အကူအညီများတောင်းခံခြင်း၊ တိုင်ကြားခြင်း၊ သတင်းပေးခြင်းတို့ကို ပြုလုပ်နိုင်ပြီး Channel တာဝန်ခံအဖွဲ့အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ရုံးဌာနများနှင့် ချိတ်ဆက်ကာ မေးခွန်းများပြန်လည်ဖြေကြားခြင်း၊ အကြံဉာဏ်များပေးခြင်း၊ သက်ဆိုင်ရာဌာနများသို့ လမ်းညွှန်ပေးခြင်း၊ အကူအညီပေးအပ်နိုင်မည့် အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပေးခြင်း၊ တိုင်ကြားမှု သတင်းပေးမှုများကို မှတ်တမ်းတင်၍ သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ ပေးပို့ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံသူ နိုင်ငံသား တိုင်းရင်းသားပြည်သူလူထုများအနေဖြင့်  အဓမ္မစစ်သားစုဆောင်းခြင်းဖြင့် မိမိတို့အား ထပ်မံဖိစီးနှိပ်စက်နေသည့် အကြမ်းဖက်စစ်အုပ်စုအား သက်ဆိုးရှည်စေရန် ၎င်းတို့၏ လုပ်ကိုင်ဆောင်ရွက်မှုမှန်သမျှတွင် ပူးပေါင်းဆောင်ရွက်ခြင်းမပြုပဲ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့် ချိတ်ဆက်ကာ နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်တော်လှန်ကြရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။ ပြည်သူ့ရေးရာဝန်ဆောင်မှု Channel အသုံးပြုနည်းလမ်းညွှန်ကို ပူးတွဲထုတ်ပြန်အပ်ပါသည်။အမျိုးသားညီညွတ်ရေးအစိုးရ

ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းများလိုက်နာရန် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များထုတ်ပြန်ခြင်း

ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းများလိုက်နာရန် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များထုတ်ပြန်ခြင်း

ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းများလိုက်နာရန် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များထုတ်ပြန်ခြင်း၂၀၂၄ ခုနှစ်၊ မတ်လ (၂၂) ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနက ကာကွယ်ရေးတပ်ဖွဲ့ဝင်များအားလုံး လိုက်နာရမည့် စစ်သည်ကျင့်ဝတ်များကို၊ စက်တင်ဘာလ (၇) ရက် နေ့၊ ၂၀၂၁ ခုနှစ်က ပထမဦးဆုံးပြဋ္ဌာန်းခဲ့ပါသည်။ စစ်သည်ကျင့်ဝတ်များနှင့် ဆက်လျဉ်း၍ လိုအပ်ချက်များထပ်မံဖြည့်စွက်ကာ မွန်းမံထားသည့် စစ်သည်ကျင့်ဝတ်အသစ်အား ယနေ့ (၂၀၂၄ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့) တွင် ထပ်မံထုတ်ပြန်လိုက်သည်။ ဤစစ်သည်ကျင့်ဝတ်များကို အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအားလုံး မဖြစ်မနေ လေးစားလိုက်နာရန်နှင့် စစ်သည်ကျင့်ဝတ်များကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်အတွက် ဝန်ကြီးဌာနအားလုံး ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံတော် ယာယီ သမ္မတကြီး၏အမိန့်ဖြင့် ယနေ့ထုတ်ပြန်လိုက်ပါသည်။

ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ ကျဆုံးခြင်း (၃၆)နှစ်ပြည့်၊ နှစ်ပတ်လည်နေ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ ပေးပို့သည့်သဝဏ်လွှာ

ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ ကျဆုံးခြင်း (၃၆)နှစ်ပြည့်၊ နှစ်ပတ်လည်နေ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ ပေးပို့သည့်သဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရhttps://nugmyanmar.org"ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားများဖြစ်ကြသည့် ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ ကျဆုံးခြင်း (၃၆)နှစ်ပြည့်၊ နှစ်ပတ်လည်နေ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ ပေးပို့သည့်သဝဏ်လွှာ "၂၀၂၄ ခုနှစ်၊ မတ်လ ၁၃ ရက်၁။ ယနေ့သည် ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေး ကြိုးပမ်းမှုတွင် ပါဝင်လှုပ်ရှားရင်း အကြမ်းဖက် စစ်ရာဇဝတ်ကောင်များ၏ ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုကြောင့် မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့ကြသည့် ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားများဖြစ်ကြသော ကိုဖုန်း မော်နှင့် ကိုစိုးနိုင်တို့ ကျဆုံးခြင်း (၃၆) နှစ်ပြည့်မြောက်သည့်နေ့ ဖြစ်ပါသည်။၂။ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားများဖြစ်ကြသည့် ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ ကျ ဆုံးခြင်း (၃၆) နှစ်ပြည့်၊ နှစ်ပတ်လည်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စား ကျွန်ုပ် အနေဖြင့် နှမြောတသအောက်မေ့ သတိတရရှိနေပါကြောင်းနှင့် အထိမ်းအမှတ်သဝဏ်လွှာ ပေးပို့ ခွင့်ရသည့်အတွက် ကျေးဇူးတင်ပါကြောင်း ဦးစွာဖော်ပြအပ်ပါသည်။၃။ တိုင်းပြည်၏ အချုပ်အခြာအာဏာကို လက်နက်မိုး၍ အနိုင်ကျင့်ဗိုလ်ကျ လုယူတတ်သည့် အကြမ်းဖက်စစ်အာဏာရှင်တို့သည် လွန်ခဲ့သော ၃၆ နှစ်တာ ကာလမှစ၍ ယနေ့အချိန်ထိ တိုင်းရင်းသားလူမျိုးအားလုံးနှင့်တကွ ရဟန်းရှင်လူ ကျောင်းသားပြည်သူပေါင်း များစွာကို ရက်ရက်စက်စက် ဖိနှိပ်ညှင်းပန်း သတ်ဖြတ်ပြီး တိုင်းပြည်ကို ဒုက္ခနွံထဲ ဆွဲသွင်းနေဆဲဖြစ်သည်ကို ဝမ်းနည်းစွာ တွေ့မြင်နေရပါသည်။ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးကလည်း ယင်းအခြေအနေ ဆိုးများမှ အမြန်ဆုံး လွတ်မြောက်ရန်အတွက် ခေတ်အဆက်ဆက် အားမလျှော့စတမ်း ကြိုးပမ်းခဲ့ ကြပါသည်။ ၄။  ယခု ပြည်သူ့နွေဦးတော်လှန်ရေးတွင် စစ်အာဏာရှင် အပြီးတိုင် ကျဆုံးစေရေး၊ မြန်မာ နိုင်ငံတွင် မည်သည့် အာဏာရှင်မျိုးမှ ပြန်လည်ခေါင်းမထောင်နိုင်စေရေး၊ တိုင်းရင်းသားပြည်သူ တရပ်လုံး လိုလားတောင့်တလျက် ရှိကြသည့် တန်းတူညီရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့် အဝရှိသည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် ထူထောင်နိုင်ရေးအတွက် အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် ပြည်သူ့ဆန္ဒကို ရှေးရှုပြီး တိုင်းရင်းသားမဟာမိတ် တော်လှန်ရေးအင်အားစု များနှင့် ယုံကြည်မှု တည်ဆောက်ကာ လက်တွဲညီညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ် ကြောင်းကို အခိုင်အမာ ကတိပြုအပ်ပါသည်။၅။  ခေတ်အဆက်ဆက် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနှင့် တန်းတူညီမျှရေးတို့အတွက် အသက်သွေးချွေးများ စတေးပေးဆပ်သွားခဲ့ကြသည့် ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့အပါအဝင် ဒီမိုကရေစီသူရဲကောင်းအ‌ပေါင်းနှင့် ယနေ့ ပြည်သူ့နွေဦးတော်လှန်ရေးခရီးကြမ်းတွင်လည်း စစ်အာဏာရှင်စနစ်လက်အောက်က အမြန်ဆုံး လွတ်မြောက်စေရေး အသက်စွန့်ပါဝင် ဆောင်ရွက် ခဲ့ကြသည့်  အာဇာနည်သူရဲကောင်းအပေါင်းတို့၏ ပေးဆပ်မှုများကို အစဉ်အမြဲ အောက်မေ့သတိရ လေးစားဂုဏ်ယူလျက် ရှိပါကြောင်းနှင့် ဘုံရည်မှန်းချက်ပန်းတိုင်သို့ အလျင်အမြန် ရောက်ရှိစေ ရေးအတွက်လည်း ပိုမိုကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အလေးအနက်ဖော်ပြရင်း ဤသဝဏ်လွှာအား ပေးပို့အပ်ပါသည်။   အရေးတော်ပုံ အောင်နေပြီ……။မန်းဝင်းခိုင်သန်းပြည်ထောင်စုဝန်ကြီးချုပ်အမျိုးသားညီညွတ်ရေးအစိုးရ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတကြီး ဒူဝါလရှီးလ မှ (၇၆) ကြိမ်မြောက် ချင်းအမျိုးသားနေ့သို့ ပေးပို့သည့် သဝဏ်လွှာ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတကြီး ဒူဝါလရှီးလ မှ (၇၆) ကြိမ်မြောက် ချင်းအမျိုးသားနေ့သို့ ပေးပို့သည့် သဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံတော်သမ္မတရုံး[email protected]"အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတကြီး ဒူဝါလရှီးလ မှ (၇၆) ကြိမ်မြောက် ချင်းအမျိုးသားနေ့သို့ ပေးပို့သည့် သဝဏ်လွှာ"၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်(၁) ယနေ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် ကျရောက်သည့် (၇၆) ကြိမ်မြောက် ချင်းအမျိုးသားနေ့ကို ဂုဏ်ယူဝမ်းမြောက်စွာ ကျင်းပနေကြသည့် ပြည်တွင်း၊ ပြည်ပမှ ချင်းအမျိုးသားများအားလုံး မင်္ဂလာအပေါင်း ခညောင်းပါစေကြောင်း နှုတ်ခွန်းဆက်သ လိုပါသည်။ (၂)  ချင်းအမျိုးသားများသည် နယ်ချဲ့အင်္ဂလိပ်ကို ဆန့်ကျင်တော်လှန်ကာ ကချင်၊ ဗမာ၊ ရှမ်း စသော ခေါင်းဆောင်ကြီးများနှင့်အတူ ပင်လုံစာချုပ်ကို ရေးထိုးပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို ပူးပေါင်း တည်ထောင်ခဲ့ကြသည့် လူမျိုးများဖြစ်ကြသည်။ (၃)  ထိုနယ်ချဲ့အင်္ဂလိပ်ကို ဆန့်ကျင်တော်လှန်ခဲ့ကြသည့် နေ့ထူးနေ့မြတ်များနှင့် မြေရှင်ပဒေသရာဇ် ကို ဖျက်သိမ်းကာ ဒီမိုကရေစီစနစ်ကို တည်ထောင်မည်ဟု ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြသည့်နေ့ကို ချင်းအမျိုးသားနေ့အဖြစ် သတ်မှတ်ကြသည်ဖြစ်၍ နယ်ချဲ့ကိုလိုနီဝါဒကို ဆန့်ကျင်ပြီး ဒီမိုကရေစီကို မြတ်နိုးသည့် ချင်းအမျိုးသားများ၏ နေ့ထူးနေ့မြတ်အတွက် များစွာ ဝမ်းမြောက် ဂုဏ်ယူမိပါသည်။(၄)  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် အကြမ်းဖက် မင်းအောင်လှိုင်က နိုင်ငံတော်အာဏာ ကို မတရားသိမ်းယူလိုက်သည့်အချိန်တွင်လည်း ချင်းအမျိုးသားများအနေဖြင့် တူမီးသေနတ်ကို စွဲကိုင်ကာ စစ်အာဏာရှင်ကို ရှေ့ဆုံးမှ တော်လှန်တိုက်ခိုက်ခဲ့ကြပြီး ယနေ့အထိ စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ခရီးတွင် စွမ်းစွမ်းတမံ အားတက်သရော ပါဝင်နေကြတာ တွေ့မြင်နေရပါသည်။ (၅) ထို့ကြောင့် နယ်ချဲ့ ကိုလိုနီစနစ် နှင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကာ ဒီမိုကရေစီစနစ်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့် (ဖက်ဒရယ်) ကို မြတ်နိုးသော ချင်းလူမျိုးများ၏ နိုင်ငံရေးရည်မှန်းချက်များ အောင်မြင်ပါစေကြောင်း နှင့် ကမ္ဘာတည်သရွေ့ ချင်းအမျိုးသားများ အဓွန့်ရှည်ကာ ချင်းအမျိုးသားနေ့ကို ဆင်နွှဲနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ဤသဝဏ်လွှာ ပေးပို့ အပ်ပါသည်။ ဒူဝါလရှီးလနိုင်ငံတော်ယာယီသမ္မတအမျိုးသားညီညွတ်ရေးအစိုးရ

မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) ၏ တော်လှန်ရေးတွင် ပါဝင်လာမှုအား ဂုဏ်ပြုကြိုဆိုကြောင်း ထုတ်ပြန်ကြေညာချက်

မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) ၏ တော်လှန်ရေးတွင် ပါဝင်လာမှုအား ဂုဏ်ပြုကြိုဆိုကြောင်း ထုတ်ပြန်ကြေညာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရwww.nugmyanmar.org“မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) ၏ တော်လှန်ရေးတွင် ပါဝင်လာမှုအား ဂုဏ်ပြုကြိုဆိုကြောင်း ထုတ်ပြန်ကြေညာချက်”၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ ၁၆ရက်အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်မှုကို ကာကွယ်ရန်၊ တိုင်းရင်းသားလူမျိုးများ လိုလားတောင့်တသည့် အမျိုးသားတန်းတူရေး နှင့် ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်အတွက် စစ်ကောင်စီအား ဆန့်ကျင်တိုက်ပွဲဝင်နေသော တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ၊ နွေဦးတော်လှန်ရေး အင်အားစုများနှင့် ပူပေါင်းလက်တွဲပြီး အာဏာသိမ်းစစ်တပ်အား တိုက်ခိုက်သွားမည်ဖြစ်ကြောင်း နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) က ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်ကိုတွေ့ရသည်။ထိုသို့ ထုတ်ပြန်ခဲ့ခြင်းအပေါ်  အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဝမ်းမြောက် ဝမ်းသာစွာ ဂုဏ်ပြု ကြိုဆိုပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့အား မွန်တော်လှန်ရေးသမိုင်းတွင် မော်ကွန်းသစ် ရေးထိုးလိုက်သည့် နေ့တနေ့အဖြစ် လေးစားစွာ မှတ်တမ်းတင်အပ်ပါသည်။ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ လုံးဝ ကင်းစင် ပပျောက်ပြီး  အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက်  မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အပါအဝင် တော်လှန်ရေး အင်အားစုအားလုံးနှင့် အခိုင်အမာ လက်တွဲပူးပေါင်း တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် လေးနက်စွာ ကတိပြုပါသည်။ တော်လှန်ရေးတွင် ပါဝင်ခြင်းမရှိသေးသော တိုင်းရင်းသားတော်လှန်ရေး အင်အားစုများအနေဖြင့်လည်း ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့် တို့အတွက် လက်ရှိအခွင့်အလမ်းကို အမိအရဆုပ်ကိုင်ပြီး ပြည်သူ့နွေဦးတော်လှန်ရေးတွင် ပူးပေါင်းပါဝင်ကြရန် တိုက်တွန်း ဖိတ်ခေါ်လိုက်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ

ဒီမောဆိုမြို့ရှိ  စာသင်ကျောင်းဆောင်များအား အကြမ်းဖက်စစ်တပ်က ပစ်ခတ်တိုက်ခိုက်သဖြင့် ကလေးသူငယ်များ သေဆုံးဒဏ်ရာရရှိခဲ့သည့် ကိစ္စနှင့်ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်

ဒီမောဆိုမြို့ရှိ စာသင်ကျောင်းဆောင်များအား အကြမ်းဖက်စစ်တပ်က ပစ်ခတ်တိုက်ခိုက်သဖြင့် ကလေးသူငယ်များ သေဆုံးဒဏ်ရာရရှိခဲ့သည့် ကိစ္စနှင့်ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရhttps://nugmyanmar.org“ဒီမောဆိုမြို့ရှိ  စာသင်ကျောင်းဆောင်များအား အကြမ်းဖက်စစ်တပ်က ပစ်ခတ်တိုက်ခိုက်သဖြင့် ကလေးသူငယ်များ သေဆုံးဒဏ်ရာရရှိခဲ့သည့် ကိစ္စနှင့်ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်”၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (၆)ရက် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၅) ရက်နေ့ နံနက် ၁၀ နာရီ ၁၅မိနစ် အချိန်ခန့်တွင် ကရင်နီပြည်(ကယားပြည်နယ်) ဒီမောဆိုမြို့ အနောက်ဘက်ခြမ်း ‌ဒေါဆီအီရွာရှိ အ.လ.က စာသင်ကျောင်းဆောင် (၂) ဆောင်အား ကလေးငယ်များစာသင်ကြားနေချိန်တွင် အကြမ်းဖက်စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲခဲ့သောကြောင့် ကလေးငယ် (၄) ဦးနှင့် အရပ်သား (၁) ဦး သေဆုံးခဲ့ပြီး ကလေးငယ် (၁၀) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် အကြမ်းဖက်စစ်အုပ်စုက ဒေါဆီအီရွာနှင့် (၁) မိုင်ခွဲခန့်ဝေးသည့် လွိုင်နန်းဖရွာသို့  ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်ခဲ့သဖြင့် ရွာရှိ (အ.ထ.က) ကျောင်းအနီးတဝိုက်သို့ ကျရောက်ပေါက်ကွဲခဲ့သောကြောင့် (အ.ထ.က) ကျောင်းအဆောက်အဦ (၆) လုံး၊ ခရစ်ယာန်ဘုရား ကျောင်း (၁) ကျောင်း၊ နေအိမ် (၅) လုံး၊ ကား(၁) စီးနှင့်ဆိုင်ကယ်များပျက်စီးခဲ့ကာ ဆန်စက်ပိုင်ရှင် ဒေသခံ (၁) ဦးသေဆုံးခဲ့ပြီး ကျောင်းဆရာ၊ ဆရာမ (၂) ဦးနှင့် ‌ဒေသခံ (၅) ဦးထိခိုက်ဒဏ်ရာရခဲ့သည်ဟုလည်း သိရှိရသည်။ ဒရုန်းများဖြင့် ကင်းထောက်ပြီး ကလေးငယ်များ ရှိနေသည့် စာသင်ကျောင်းမှန်း သိလျက် ဗုံးကျဲခဲ့ခြင်းဖြစ်သောကြောင့် အဆိုပါလုပ်ရပ်သည် ကလေး၊ သူငယ်များကို ပစ်မှတ်ထား၍ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သတ်ဖြတ်သည့် လုပ်ရပ်ဖြစ်သည်မှာ လွန်စွာထင်ရှားပါသည်။ အကြမ်းဖက်စစ်တပ်သည် ကလေးသူငယ်များ ပညာသင်ကြားနေသည့် စာသင်ကျောင်းများကို ပစ်မှတ်ထား၍ ဗုံးကျဲခြင်း၊ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခြင်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းတို့ကို ပြည်သူ့နွေဦးတော်လှန်ရေး (၃) နှစ်တာကာလအတွင်း ကြိမ်ဖန်များစွာပြုလုပ်ခဲ့ကာ လေကြောင်း တိုက်ခိုက်မှုကြောင့် စာသင်ကျောင်း (၅၂) ကျောင်း ပျက်စီးခဲ့ရပြီး အခြားသော အကြောင်းများကြောင့် ပျက်စီးခဲ့ရသည့် ကျောင်းပေါင်း (၁၉၉) ကျောင်းရှိခဲ့ပြီဖြစ်သည်။ အဆိုပါ ဖြစ်ရပ်များအနက် ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာ ပစ်ခတ်မှုနှင့်  ဝန်းသိုမြို့နယ် ဂျိုးတောင်ရွာမရွာ ပစ်ခတ်မှု တို့တွင် ကလေးငယ်များစွာ ထိခိုက်ကျဆုံး၊ ဒဏ်ရာရရှိခဲ့ကြသည်ကိုတွေ့ရှိရသည်။ (၃) နှစ်တာကာလအတွင်း အကြမ်းဖက်စစ်တပ်၏ နည်းလမ်းမျိုးစုံဖြင့် သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသော အသက်(၁၈) နှစ်အောက်ကလေးငယ် (၆၃၀) ကျော် ရှိခဲ့ပြီဖြစ်သည်။ စာသင်ကျောင်းများ ၊ ဘာသာရေးအဆောက်အဦများ နှင့် ကလေးငယ်များကို ပစ်မှတ်ထား တိုက်ခိုက် သတ်ဖြတ်ခြင်းသည် လူမဆန်သည့် ၊ ကြမ်းကြုတ်သည့် စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ရာရောက်သော လုပ်ရပ်ဖြစ်သည်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့်လည်း ကလေးသူငယ်များ၏ ပညာရေးအခွင့်အရေး (Right to Education) ကို ဆိုးရွားစွာ ချိုးဖောက်ခံရမှု၊ စာသင်ကျောင်းများကို ရက်စက်ကြမ်းကြုတ်စွာ ပစ်မှတ်ထား တိုက်ခိုက်သည့် စစ်ရာဇဝတ်များအတွက် တရားမျှတမှု ဖော်ဆောင်ရေးတွင် အားဖြည့်ပံ့ပိုးရန် တာဝန်ရှိသည်။အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အကြမ်းဖက်စစ်တပ်၏ ကလေးသူငယ်များနှင့် စာသင်ကျောင်းများ ၊ ဘာသာရေးအဆောက်အဦးများ ကို ပစ်မှတ်ထားတိုက်ခိုက်နေပြီး ကလေးသူငယ်များအား တရားမဲ့စွာသတ်ဖြတ်နေခြင်းကို ပြင်းထန်စွာရှုတ်ချပြီး အဆိုပါ လုပ်ရပ်များအတွက် အဓိက တာဝန်အရှိဆုံးဖြစ်သော အကြမ်းဖက်စစ်ခေါင်းဆောင်များအပါအဝင် ကျူးလွန်ရာတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပတ်သက်ခဲ့သူများ၊ အားပေးအားမြှောက်ပြုသူများအားလုံးကို  ပြည်တွင်း တရားရုံးများတွင်သာမက နိုင်ငံတကာ တရားရုံးများတွင်ပါ တရားစွဲဆိုပြီး ထိခိုက်နစ်နာခဲ့ကြရသူများအားလုံးအတွက် တရားမျှတမှု ပြန်လည်ရယူနိုင်ရေး တော်လှန်ရေးအင်အားစုများ အားလုံးနှင့်ပူးပေါင်းကာ ဆထက်ထမ်းပိုး ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။အမျိုးသားညီညွတ်ရေးအစိုးရ

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတော်လှန် တိုက်ပွဲဝင်နေကြသော အဖွဲ့များ၏ ဘုံသဘောထားရပ်တည်ချက်အား ထုတ်ပြန်ကြေညာခြင်း

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတော်လှန် တိုက်ပွဲဝင်နေကြသော အဖွဲ့များ၏ ဘုံသဘောထားရပ်တည်ချက်အား ထုတ်ပြန်ကြေညာခြင်း

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတော်လှန် တိုက်ပွဲဝင်နေကြသော အဖွဲ့များ၏ ဘုံသဘောထားရပ်တည်ချက်အား ထုတ်ပြန်ကြေညာခြင်း၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၃၁) ရက်မျှော်မှန်းချက် (Vision)ပြည်ထောင်စုအတွင်းနေထိုင်ကြသည့် စုံလင်ကွဲပြားသော လူမျိုးများ၏ သရုပ်လက္ခဏာ (Identity) များကို ကာကွယ်မြှင့်တင်ပေးသည့် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အပြည့်အဝရှိသော ပြည်နယ်များဖြင့် စုဖွဲ့ထားသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန်။ဦးတည်ချက် (Objectives)(က) စစ်အာဏာသိမ်းထားမှုကို ဖယ်ရှားပြီး မြန်မာစစ်တပ်၏ နိုင်ငံရေး၌ ပါဝင်နေခြင်းအား အဆုံးသတ်ရန်။(ခ) လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝထားရှိရန်။(ဂ) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှ တိုက်ဖျက်ရန်။(ဃ) သက်ဆိုင်သူများအားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းရန်။ (င) ထွက်ပေါ်လာသော ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအသစ်အား တည်ဆောက်ရန်။(စ) ပဋိပက္ခအတွင်း မတရား ကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရရှိရေး လုပ်ငန်းစဉ်ဖော်ဆောင်ရန်။ရပ်တည်ချက် (Position) (က) မြန်မာစစ်တပ်၏ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၁) ရက်နေ့ အာဏာသိမ်းမှုသည် တရားမ၀င်ကြောင်း ကြေညာပြီး အာဏာသိမ်းမှုကို အကြွင်းမဲ့ ဆန့်ကျင်ရှုတ်ချသည်။ (ခ) အာဏာသိမ်းမှုသည် မြန်မာစစ်တပ်ကိုယ်တိုင် တဖက်သတ် ရေးဆွဲပြဋ္ဌာန်းခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ချိုးဖောက်ခဲ့သည်။ ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် တရားမဝင်တော့ပါ။(ဂ) ၂၀၂၀ ရွေးကောက်ပွဲရလဒ်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ရှိ နိုင်ငံရေးစနစ်ကို အကောင်အထည်ဖော်ရန်မဟုတ်ဘဲ တော်လှန်ရေးအောင်မြင်ရေးနှင့် စနစ်ပြောင်းနိုင်ငံရေး တည်ဆောက်မှု အတွက် အသုံးချရန် ဖြစ်သည်။ထိုသို့အသုံးချခြင်းသည် စစ်အာဏာသိမ်းယူမှုကို ဖယ်ရှားရေး နှင့် စနစ်ပြောင်းနိုင်ငံရေး တည်ဆောက်မှုအတွက် ပြည်သူ့တော်လှန်ရေးတွင် ပါဝင်နေကြသော ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့အား ပြည်သူလူထု၏ မဲပေးရွေးချယ်မှု အခန်းကဏ္ဍကို အသိအမှတ်ပြုခြင်းဖြစ်သည်။ တော်လှန်ရေးအလွန်ကာလ နိုင်ငံရေးဦးဆောင်မှုသည် အာဏာရှင်စနစ်တော်လှန်ရေးတွင် ပါဝင်ခဲ့သော သက်ဆိုင်သည့် နိုင်ငံရေးအစုအဖွဲ့များ၏ စုပေါင်းပါဝင်ဦးဆောင်မှုဖြင့် နိုင်ငံသစ် တည်ဆောက်သွားရန် ဖြစ်သည်။(ဃ) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲကျင်းပရန် ကြိုးပမ်းခြင်းသည် ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်နိုင်မည်မဟုတ်သည့်အပြင် အာဏာသိမ်းမှု တရားဝင်ဖြစ်စေပြီး မြန်မာစစ်တပ်ကို ကာလ အကန့်အသတ်မရှိ အုပ်ချုပ်ခွင့် ပေးခြင်းသာ ဖြစ်မည်။(င) စစ်တပ်သည် အနာဂတ် နိုင်ငံရေးလုပ်ငန်းစဉ်တွင် ပါဝင်ခွင့် မရှိစေရ။(စ) ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ အမျိုးသားတန်းတူရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ပြန်လည်ဖော်ဆောင်ရန် သက်ဆိုင်သူများအားလုံး လက်ခံနိုင်သည့် ဖက်ဒရယ်နှင့်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် တစ်ရပ် လိုအပ်သည်။ (ဆ) နိုင်ငံရေးအခွင့်ထူးခံများအချင်းချင်းအကြား ပြုလုပ်သည့် အာဏာခွဲဝေမှုကို လက်ခံမည် မဟုတ်ပါ။(ဇ) အရှေ့တောင်အာရှနိုင်ငံများအသင်းနှင့် ကမ္ဘာ့ကုလသမဂ္ဂတို့၏ မြန်မာနိုင်ငံဆိုင်ရာ အဖြေရှာမှု လုပ်ငန်းစဉ်များတွင် ညှိနှိုင်း ပူးပေါင်းပါဝင်သွားမည်။(ဈ) ဒေသအတွင်းငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ဦးတည်ပြီး အိမ်နီးချင်းနိုင်ငံများနှင့် ငြိမ်းချမ်းစွာ ယှဉ်တွဲ နေထိုင်သွားမည်။ လုပ်ငန်းစဉ် အဆင့်ဆင့်(က) စစ်ကောင်စီ/မြန်မာစစ်တပ် အား စစ်ရေး၊ နိုင်ငံရေး (ပြည်တွင်း/ပြည်ပ) ဖိအားပေးခြင်း။(ခ) မြန်မာစစ်တပ်တာဝန်ရှိသူများအနေဖြင့် နိုင်ငံရေးဦးတည်ချက် (၆) ရပ်အား လက်ခံလာလျှင်              စစ်အာဏာသိမ်းမှု အဆုံးသတ်ခြင်းနှင့် အေးချမ်းတည်ငြိမ်စွာ အာဏာလွှဲပြောင်းခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် ဆွေးနွေးခြင်း။(ဂ) စစ်အာဏာသိမ်းမှု အဆုံးသတ်၍ စစ်ကောင်စီ (သို့) မြန်မာစစ်တပ်ကျောထောက်နောက်ခံ အုပ်ချုပ်ရေးအဖွဲ့အား အပြီးသတ်ဖယ်ရှားပြီးနောက် ဖက်ဒရယ်အဆင့်အတွက် အသွင်ကူးပြောင်းရေးကာလ အမျိုးသားညီညွတ်ရေးအစိုးရ (T-NUG) နှင့် အသွင်ကူးပြောင်းရေးကာလ ပြည်နယ်/ဖက်ဒရယ်ယူနစ် အစိုးရများဖွဲ့စည်းပြီး နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ပြန်လည်တည်ဆောက်ခြင်း။(ဂ-၁) အာဏာရှင်စနစ်တော်လှန်ရေးတွင် ပါဝင်ခဲ့သော သက်ဆိုင်သည့် နိုင်ငံရေးအစုအဖွဲ့များ ပါဝင်၍ အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းခြင်း။(ဂ-၂) တော်လှန်ရေးအလွန်တွင် တော်လှန်ရေးအင်အားစုများမှ ပါဝင်သင့်သူများပါဝင်၍  စုပေါင်းခေါင်းဆောင်မှုနှင့် အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အသွင်ကူးပြောင်းရေးကာလ အမျိုးသားညီညွတ်ရေးအစိုးရ (T-NUG) ကိုဖွဲ့စည်းခြင်း။(ဂ-၃) ဖက်ဒရယ်ယူနစ်အစိုးရများကို သက်ဆိုင်ရာ ပြည်နယ်/ဖက်ဒရယ်ယူနစ်အလိုက်လွတ်လပ်စွာ  ဖွဲ့စည်းခြင်း။(ဃ) သက်ဆိုင်သူများအားလုံးပါဝင်သော နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲပြုလုပ်၍ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဖေါ်ဆောင်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးချမှတ်ခြင်း။(ဃ-၁)ပြည်နယ်/ဖက်ဒရယ်ယူနစ်များ သတ်မှတ်ဖွဲ့စည်းရေးနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များ၏ နယ်နိမိတ်ပိုင်းခြားသတ်မှတ်ရေးကိစ္စကို အသွင်ကူးပြောင်းရေးကာလ ရောက်ရှိသည့်အခါ အဓိက သက်ဆိုင်သူအားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲများတွင်  ငြိမ်းချမ်းစွာညှိနှိုင်း ဆောင်ရွက်ခြင်း။(င) ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲပြဋ္ဌာန်းခြင်း။(စ) ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်အား တည်ဆောက် အကောင်အထည်ဖေါ်ခြင်း။ကျွန်ုပ်တို့သည် ဤ နိုင်ငံရေးမျှော်မှန်းချက်၊ ဦးတည်ချက်၊ ရပ်တည်ချက်နှင့် လုပ်ငန်းစဉ်များ လက်တွေ့ အကောင်အထည်ဖော်နိုင်ရန်အတွက် မဟာဗျူဟာအရအရေးကြီးသည့် ကဏ္ဍစုံတွင် ပူးပေါင်းညှိနှိုင်းရေး ယန္တရားများ ဖွဲ့စည်းဆောင်ရွက်သွားမည် ဖြစ်သည်။ ထို့အပြင် သက်ဆိုင်သည့် တော်လှန်ရေးမဟာမိတ် အင်အားစုများနှင့်လည်း ဆက်လက်ပူးပေါင်းညှိနှိုင်း၍ အစွမ်းကုန် ဆောင်ရွက်သွားမည် ဖြစ်သည်။ဆက်သွယ်ရန်-၁။ ဆလိုင်းထက်နီ (CNF) (+91 69097 51721)၂။ အောင်ဆန်းမြင့် (KNPP) (+66 307 49087)၃။ ပဒိုစောတာဒိုမူး (KNU) (+66 646459113)၄။ ဦးတင်ထွန်းနိုင် (NUG) (+1 9383007007)