နိုင်ငံခြားရေးဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ချက် ( ၉ / ၂၀၂၃)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
နိုင်ငံခြားရေးဝန်ကြီးဌာန

=======================

သတင်းထုတ်ပြန်ချက် ( ၉ / ၂၀၂၃)

ရက်စွဲ။ ၂၀၂၃ ခုနှစ်၊ မေလ ၈ ရက်

=======================

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မေလ ၇ ရက်နေ့က တောင်ကြီးမြို့၌ ဖြစ်ပွားခဲ့သည့် သံတမန်ယာဉ်တန်းအား တိုက်ခိုက်မှုအပေါ် ပြင်းထန်စွာရှုတ်ချပါသည်။ 

ယင်းကဲ့သို့တိုက်ခိုက်မှုများသည် အမျိုးသားညီညွတ်ရေးအစိုးရနှင့် မိမိတို့တော်လှန်ရေး၏ အခြေခံမူများ လုံးဝဆန့်ကျင်လျက်ရှိပါသည်။ မိမိတို့အနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် ဂျီနီဗာကွန်ဗင်းရှင်းအပါအဝင် နိုင်ငံတကာစည်းမျဉ်းဥပဒေများအတိုင်း ဆောင်ရွက်သွားမည် ဖြစ်ပြီး၊ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီများကို ဘေးကင်းလုံခြုံစွာ ဖြန့်ဝေသွားနိုင်ရေးအတွက် အစဉ်ပံ့ပိုး ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ 

အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်ကို အမျိုးသားညီညွတ်ရေးအစိုးရကဖြစ်စေ၊ မိတ်ဖက်များက ဖြစ်စေ အမိန့်ပေးစေခိုင်းခဲ့ခြင်း မရှိသကဲ့သို့ ယင်းဖြစ်ရပ်ကိုလည်း လျစ်လျှူရှုမျက်ကွယ် ပြုထားမည် မဟုတ်ပါ။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ် ရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေး ဝန်ကြီးဌာနတို့အနေဖြင့် ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်လျက် ရှိပြီဖြစ်ပါသည်။

ယင်းတိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်တပ် ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်ရာ အခြေအနေမှာ ရှုတ်ထွေးလျက်ရှိပါသည်။ ဥပဒေရေးရာနှင့် အချက်အလက်တို့နှင့် စပ်လျဉ်း၍ ဂရုတစိုက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ရလာဒ်များကိုလည်း ပွင့်လင်း မြင်သာမှုရှိစွာဖြင့် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပါသည်။ 

နိုင်ငံခြားရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ