အမေရိကန်ပြည်ထောင်စု၊ ဘဏ္ဍာရေးဌာနက အကြမ်းဖက်စစ်အုပ်စုအပေါ် အရေးယူပိတ်ဆိုခဲ့ခြင်းနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
နိုင်ငံခြားရေးဝန်ကြီးဌာန

သတင်းထုတ်ပြန်ချက် (၁၄ / ၂၀၂၃)
၁၃၈၅ ခုနှစ်၊ ပထမဝါဆို လဆန်း ၅ ရက်နေ့
(၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၂ ရက်)

အမေရိကန်ပြည်ထောင်စု၊ ဘဏ္ဍာရေးဌာနက အကြမ်းဖက်စစ်အုပ်စု၏ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ၎င်း၏ထိန်းချုပ်မှုအောက်ရှိ
မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်
ကူးသန်းရောင်းဝယ်ရေးဘဏ်တို့အပေါ် အရေးယူပိတ်ဆိုခဲ့ခြင်းနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်

================

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အမေရိကန် ပြည်ထောင်စု၊ ဘဏ္ဍာရေးဌာနက အကြမ်းဖက်စစ်အုပ်စု၏ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ၎င်း၏ ထိန်းချုပ်မှု အောက်တွင်ရှိနေသော အကြီးမားဆုံးဘဏ်နှစ်ခု ဖြစ်သည့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှု ဘဏ် (MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်း ရောင်းဝယ်ရေးဘဏ် (MICB) တို့အား အရေးယူပိတ်ဆို့ခဲ့သည့်အတွက် ကြိုဆိုပါသည်။

၂၀၂၃ ခုနှစ် ဇွန်လ ၂၁ ရက်နေ့က ထုတ်ပြန်ခဲ့သည့် အဆိုပါအရေးယူပိတ်ဆို့မှု၏ အဓိက အချက်အနေဖြင့် မြန်မာပြည်သူလူထုအပေါ် အကြမ်းဖက် နှိပ်စက်နေသည့် အကြမ်းဖက်စစ်အုပ်စု ကာကွယ်ရေးဝန်ကြီးဌာနနှင့် ယင်းအကြမ်းဖက်မှုများအတွက် ငွေကြေးအရင်းအမြစ်များကို ပံ့ပိုးပေး နေသည့် အခရာကျသည့် အဖွဲ့အစည်းများ ဖြစ်သည့် ဘဏ်များကို ရည်ရွယ်ပစ်မှတ်ထား၍ အရေးယူ ပိတ်ဆို့ခဲ့ခြင်း ဖြစ်ပါသည်။ စစ်အုပ်စု၏ထိန်းချုပ်မှုအောက်ရှိ နိုင်ငံတော်ပိုင် စီးပွားရေး လုပ်ငန်းများ ကို နိုင်ငံတကာ ဈေးကွက်နှင့် ချိတ်ဆက်ရာ၌လည်းကောင်း၊ မြန်မာပြည်သူလူထုအပေါ် ဖိနှိပ်မှုများ ပိုမို ကျူးလွန်နိုင်ရန်အတွက် အရေးယူပိတ်ဆို့ထားသည့် ရုရှားအဖွဲ့အစည်းများအပါအဝင် နိုင်ငံတကာမှ စစ်လက်နက် ပစ္စည်းများကို ဝယ်ယူ တင်သွင်းရေးနှင့် ငွေပေးချေရေးတို့တွင် လည်းကောင်း ယင်းဘဏ် များက အဓိကပါဝင်ခဲ့ခြင်း ဖြစ်ပါသည်။

မြန်မာပြည်သူလူထု၏ ဒီမိုကရေစီတန်ဖိုးများကို ယုံကြည်လိုလားမှု၊ ကြံ့ကြံ့ ခိုင်နိုင်မှု၊ ပြည်သူ့ တော်လှန်ရေးအပေါ် ယုံကြည်ခိုင်မာမှု၊ ထောက်ခံပါဝင်မှုများ ကြောင့် အကြမ်းဖက်စစ်အုပ်စုအနေဖြင့် အာဏာထိန်းထားနိုင်ခြင်းမရှိဘဲ၊ အကြမ်းဖက်သည့် နည်းလမ်းများကိုသာ ပို၍ အရှိန်မြှင့်တင် လုပ်ဆောင် လာခဲ့ခြင်း ဖြစ်ပါသည်။ နိုင်ငံတကာမှ လက်နက်များဝယ်ယူအသုံးပြု၍ ကျေးရွာများ၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် ဘာသာရေးအဆောက်အဦများ အပါအဝင် အရပ်သား နေရာများနှင့် အပြစ်မဲ့ ပြည်သူ များ ကို ပိုမိုပစ်မှတ်ထား ဖျက်ဆီး သတ်ဖြတ်လျက်ရှိပါသည်။

အမေရိကန်ပြည်ထောင်စုအနေဖြင့် ပြီးခဲ့သည့် မတ်လ (၂၄) ရက်နေ့က အကြမ်းဖက်စစ်တပ် ထံသို့ ဂျက်လေယာဉ်ဆီများ တင်သွင်းခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းများ လုပ်ဆောင် ပေးနေသည့် လူပုဂ္ဂိုလ်(၂)ဦးနှင့် အဖွဲ့အစည်း(၆)ခု တို့ကိုလည်း အရေးပိတ်ဆို့ခဲ့ပါသည်။ ဥရောပသမဂ္ဂကလည်း ဖေဖော်ဝါရီလအတွင်းက အကြမ်းဖက်စစ်တပ်၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ရငွေများအပေါ် ပစ်မှတ်ထားသည့် အရေးယူ  ပိတ်ဆိုမှုများကို ဆဌမအကြိမ်မြောက်ချမှတ်ခဲ့ပြီး၊ အကြမ်းဖက်စစ်အုပ်စု အနေဖြင့် စစ်လက်နက်ပစ္စည်းများ၊ ခဲယမ်းမီးကျောက်များနှင့် စစ်ဘက်နည်းပညာများ မရရှိနိုင် စေရန် လုပ်ဆောင်ခဲ့ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရသည် အမေရိကန်အစိုးရနှင့် ပြည်သူများအနေဖြင့် မြန်မာနိုင်ငံ  ၏ ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ လွတ်လပ်မှုနှင့် ဒီမိုကရေစီ အနာဂတ်ခရီးလမ်းအတွက် ကြိုးပမ်း နေမှုများအပေါ် အစဉ်တစိုက်အားပေးထောက်ခံမှုများအတွက် ကျေးဇူးတင်ရှိပါသည်။ ယခုကဲ့သို့ အရေးယူပိတ်ဆို့မှုသည် ပြည်သူလူထု၏ လွတ်လပ်သောဒီမိုကရေစီပြည်ထောင်စုထူထောင်ရေးကို ပံ့ပိုးပေးရုံ သာမက ဒေသတွင်း တည်ငြိမ်မှုကိုပါ အထောက်အကူဖြစ်စေပါသည်။ ထို့ပြင် အိမ်နီးချင်း နိုင်ငံများနှင့် သဟဇာတဖြစ်စွာ ယှဉ်တွဲနေထိုင်ပြီး၊ ငြိမ်းချမ်းသာယာဝပြောသည့် မြန်မာနိုင်ငံ ဖြစ်ပေါ်လာစေရေးအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းထံသို့လည်း အလားတူ အရေးယူပိတ်ဆို့မှုများ ဆောင်ရွက် ပေးပါရန် တိုက်တွန်း အပ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန 
အမျိုးသားညီညွတ်ရေးအစိုးရ