အမျိုးသားညီညွတ်ရေးအစိုးရက (၃၆)နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံနေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

အမျိုးသားညီညွတ်ရေးအစိုးရက (၃၆)နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံနေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရwww.nugmyanmar.orgအမျိုးသားညီညွတ်ရေးအစိုးရက (၃၆)နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံနေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၈  ရက်မြန်မာနိုင်ငံတဝှမ်းလုံးရှိ ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူတို့နှင့် ပြည်ထောင်စုသားများ အားလုံးက ဒီမိုကရေစီရရှိရေးအတွက် ညီညွတ်စွာ ကြွေးကြော်ကြကာ တစ်ပါတီအာဏာရှင်စနစ်ကို  တိုက်ထုတ်တိုက်ပွဲဝင်ခဲ့ကြသည့် မြန်မာ့ဒီမိုကရေစီသမိုင်းဖြစ်စဉ်၏ မီးရှူးတန်ဆောင် ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးသည် ၂၀၂၄ခုနှစ်၊ သြဂုတ်လ ၈ ရက် ယနေ့တွင် (၃၆) နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးအတွင်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအမည်ခံ စစ်အာဏာရှင်က လူထုလိုလားတောင့်တလျက်ရှိသော ဒီမိုကရေစီမျှော်လင့်ချက်ကို လျစ်လျူရှုကာ ယုတ် မာရက်စက်စွာ ပစ်‌ခတ် သတ်ဖြတ် ဖမ်းဆီး ညှင်းပမ်းနှိပ်စက်ခဲ့သောကြောင့် တိုင်းရင်းသား ပြည်သူ လူထုမှာ အသက်၊ သွေး၊ ချွေးပေါင်းများစွာကို စတေး၍ ရဲဝံ့စွာ တိုက်ပွဲဝင်ခဲ့ကြရသည့် လူထုအရေးတော်ပုံကြီးလည်း ဖြစ်ပါသည်။ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးမျိုးစေ့ကို ချမှတ်လုပ်ဆောင်ခဲ့သည့် မော်ကွန်းတင်လောက်သော လူထုအ‌ရေးတော်ပုံကြီး ဖြစ်သည့်အပြင် ပြည်ထောင်စုဖွား တိုင်းရင်းသားများ၏ ညီညွတ်ခြင်း ပြယုဂ်တစ်ခုလည်း ဖြစ်ခဲ့ပါ သည်။မြန်မာပြည်သူလူထုသည် ဒီမိုကရေစီအရေးနှင့် အာဏာရှင်စနစ်ဟူသမျှ ချုပ်ငြိမ်းရေးတို့ အတွက် မဆုတ်မနစ်သော ဇွဲလုံလ၊ ခိုင်ကြည်ပြတ်သားသော သန္နိဋ္ဌာန်တို့နှင့် တွန်းလှန်တိုက်ပွဲ ဝင်လာရာ အာဏာကို အသွင်အမျိုးမျိုးပြောင်းပြီး မတရားသဖြင့် ရယူခဲ့ကြသည့် စစ်အာဏာရှင်စနစ် အဆက်ဆက်အား ၁၉၆၂ ခုနှစ် ဆဲဗင်းဇူလိုင်တိုက်ပွဲမှစတင်ကာ ၁၉၇၄ ခုနှစ် ဦးသန့်အရေးအခင်း၊ ၁၉၇၅ ခုနှစ် အလုပ်သမား နှစ်ပတ်လည်အရေးအခင်း၊ ၁၉၇၆ ခုနှစ် မှိုင်းရာပြည့်တိုက်ပွဲ၊ ၁၉၈၈ ခုနှစ် (၈၈၈၈)အရေးတော်ပုံ၊ ၁၉၉၆ ခုနှစ် ဒီဇင်ဘာ ကျောင်းသားလှုပ်ရှားမှု (လှည်းတန်းအရေးအခင်း)၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး စသည့်တိုက်ပွဲများ ဆင်နွှဲခဲ့ပြီး ယခုလက်ရှိ နွေဦး တော်လှန်ရေးရောက်သည့်တိုင် တိုက်ပွဲဝင်ဆဲဖြစ်သည်။ အထက်ပါ တိုက်ပွဲများအတွင်း အသက်ပေး လှူသွားကြသော ရဟန်း၊ရှင်လူ၊ ကျောင်းသား၊ ပြည်သူ သူရဲကောင်းများ၏ကျေးဇူးကို အမျိုးသား ညီညွတ်ရေးအစိုးရက အစဉ်အမြဲအောက်မေ့လျက် ဂုဏ်ပြုဦးညွှတ်ပါသည်။အာဏာရှင်အဆက်ဆက်သည် လူထုအပေါ်တွင် ဆိုးရွားလွန်းသော ရာဇဝတ်မှုများကို အကြိမ်ကြိမ် ကျူးလွန်ကြသော်လည်း တရားဥပဒေအရ ထိုက်တန်သော အပြစ်ပေးအရေးယူခံရ ခြင်းမှ ကင်းလွတ်ခွင့်ရခဲ့ကြသည်။ ယင်းသို့ ကင်းလွတ်ခွင့်ရခဲ့ခြင်း၏အကျိုးဆက်ကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် မဲဆန္ဒရှင်လူထု၏ ရွေးကောက်တင်မြှောက်မှုကို အသိအမှတ် မပြုဘဲ တိုင်းပြည် အာဏာကို မတရား သိမ်းယူရန် ကြိုးစားခဲ့ခြင်းဖြစ်ပေသည်။  စစ်အာဏာရှင်နှင့် အပေါင်းအပါ တစ်သိုက်သည် ယနေ့ထက်တိုင် မ‌ရေမတွက်နိုင်သော စစ်ရာဇဝတ်မှုများအား အစဉ်တစိုက် ပြုမူ ကျူးလွန်လျက် ရှိသည်ကို မြန်မာပြည်သူများသာမက ကမ္ဘာကပင် သိရှိပြီးဖြစ်သည်။ ထိုစစ်ရာဇဝတ် မှုများကို တရားဥပဒေရှေ့မှောက်တွင် အရေးယူနိုင်ရန် အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် တိုင်းရင်းသား မဟာမိတ်၊ ပြည်သူလူထုနှင့်အတူ ပူးပေါင်းပြီး နိုင်ငံရေး၊ စစ်ရေး၊ ဘဏ္ဍာရေး၊ နိုင်ငံခြားရေး၊ လူထုတိုက်ပွဲများဖြင့် စစ်မျက်နှာဘက်‌ပေါင်းစုံမှ ထိုးစစ်ဆင်၍ တွန်းလှန်တိုက်ပွဲဝင် လျက် ရှိရာ စိုးမိုးထိန်းချုပ်နယ်မြေများ ကျယ်ပြန့်လာပြီး အောင်ပွဲများ ရရှိလာနေပြီလည်းဖြစ်ပါသည်။နွေဦးတော်လှန်ရေးပန်းတိုင်ဖြစ်သော ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေး၊ ဖယ်ဒရယ် ပြည်ထောင်စုသစ်ကြီး တည်ဆောက်ရေးတို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်  ၃၆ နှစ် ကြာလာသည်ထိ ရှင်သန်နေဆဲဖြစ်သည့် ရှစ်လေးလုံးစိတ်ဓာတ်ကို ကိုင်စွဲလျက် တိုင်းရင်းသား ညီနောင်မဟာမိတ်များအပါအဝင် နိုင်ငံတဝှမ်းရှိ ပြည်သူလူထုနှင့် ပူးပေါင်းကာ မဝေးတော့သည့် အောင်ပွဲဆီသို့ ဆက်လက်ချီတက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း လေးနက်စွာ ကတိသစ္စာပြုသည့် သဝဏ်လွှာကို ပေးပို့အပ်ပါသည်။အမျိုးသားညီညွတ်ရေးအစိုးရ

ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန - သတင်းထုတ်ပြန်ချက် (၁/၂၀၂၄)

ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန - သတင်းထုတ်ပြန်ချက် (၁/၂၀၂၄)

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနသတင်းထုတ်ပြန်ချက် (၁/၂၀၂၄)၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ( ၁၃  )ရက်၁။ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့ ည(၉း၃၀) နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘို ခရိုင်၊ ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီးကျေးရွာတွင်နေထိုင်သော မောင်မြင့်မြတ်ဦး (အသက် ၁၇ နှစ်) (အဘ- ဦးကျော်မင်းစိုး) သည် စိုင်နိုင်ကြီးကျေးရွာ၊ သင်္ချိုင်းအနီးတွင် လည်ပင်းပြတ်ရှဒါဏ်ရာ၊ ဝဲနဖူး ပြတ်ရှဒါဏ်ရာ၊ ညာဘက်ဂျိုစောင်းပြတ်ရှဒါဏ်ရာ၊ ညာဘက် လက်မောင်းထိုးသွင်းပေါက်ထွက် ဒါဏ်ရာများဖြင့်သေဆုံးနေကြောင်းတွေ့ရှိခဲ့သဖြင့် ဖခင် ဖြစ်သူမှ ဝက်လက်မြို့နယ်၊ ပြည်သူ့ရဲတပ်ဖွဲ့ စခန်းသို့ တရားလိုပြုလုပ်တိုင်တန်းခဲ့ပါသည်။၂။ ထိုသို့တိုင်တန်းချက်အပေါ် ဝက်လက်မြို့နယ်၊ ပြည်သူ့ရဲတပ်ဖွဲ့မှ (ပ)၁၂/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၂ ဖြင့်အမှုဖွင့်လှစ်ဆောင်ရွက်ထားပြီး၊ တရားလိုစစ်ဆေးခြင်း၊ သက်သေများစစ်ဆေးခြင်း၊ အခင်းဖြစ်ရပ်စစ်ဆေးခြင်းများကို ပြည်သူ့ရဲတပ်ဖွဲ့ လုပ်ထုံး လုပ်နည်းများနှင့်အညီ အမှုမှန် ပေါ်ပေါက်ရေးအတွက် ဆောင်ရွက်လျှက်ရှိပါသည်။ ၃။ မိမိတို့ဝန်ကြီးဌာနအနေဖြင့် မောင်မြင့်မြတ်ဦးအသတ်ခံရမှုနှင့်ပတ်သက်၍ တရားခံ အမြန်ဆုံးပေါ်ပေါက်ပြီး၊ ဥပဒေနှင့်အညီ ဖမ်းဆီးအရေးယူနိုင်ရေးအတွက် အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်းနှင့် မိတ်ဖက်အဖွဲ့အစည်းများ၊ ဒေသခံပြည်သူလူထုများ အနေဖြင့်လည်း တရားခံ အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် သတင်းပေးခြင်း အပါအဝင် မိမိတို့ဝန်ကြီးဌာနနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးနိုင်ပါရန် လေးစားစွာ မေတ္တာရပ်ခံပါကြောင်း ထုတ်ပြန်အပ်ပါသည်။ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန

(၆၂) နှစ်မြောက် ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံနေ့ အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရက ပေးပို့သည့် သဝဏ်လွှာ

(၆၂) နှစ်မြောက် ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံနေ့ အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရက ပေးပို့သည့် သဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရwww.nugmyanmar.org(၆၂) နှစ်မြောက် ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံနေ့ အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရက ပေးပို့သည့် သဝဏ်လွှာ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၇  ရက်ယနေ့ကျရောက်သည့် (၆၂) နှစ်မြောက် ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံနေ့တွင် ခေတ် အဆက်ဆက် စစ်အာဏာရှင်တော်လှန်ရေးအတွက် အသက်၊ သွေး၊ ချွေး စတေး ပေးဆပ်ခဲ့ကြသည့် ကျောင်းသားလူငယ်များကို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အလေးအမြတ်ပြု ဦးညွှတ် အပ်ပါသည်။၁၉၆၂ ခုနှစ်၊ မတ်လ (၂) ရက်နေ့မှစ၍ အကြမ်းဖက်စစ်ခေါင်းဆောင် အာဏာရှင်နေဝင်း ဦးဆောင် သော စစ်အုပ်စုက လူထုရွေးကောက်တင်မြှောက်ထားသော အစိုးရအား လက်နက်အားကိုးဖြင့် ဖြုတ်ချခြင်း၊ တက္ကသိုလ်အက်ဥပဒေကို ဖျက်သိမ်း၍ ကျောင်းသားများကို ဖိနှိပ်ချုပ်ချယ်ခြင်း၊ ရန်ကုန်တက္ကသိုလ်နယ်မြေ အတွင်း သန္ဓေတည်ခဲ့သည့် ကျောင်းသားသမဂ္ဂ အဆောက်အဦးအား ဗုံးခွဲ ဖြိုချ ဖျက်ဆီးခြင်းများကို ရက်ရက်စက်စက် ကျူးလွန် လုပ်ဆောင်ခဲ့ကြပါသည်။ လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်း၊ တရားမျှတခြင်းနှင့် ဓမ္မတရားတို့အတွက် အစဉ်အမြဲအသင့်ရှိကာ အနိုင်ကျင့် ဖိနှိပ်မှုများကို ရဲရဲဝံ့ဝံ့ တော်လှန်ခဲ့ကြသည့် ကျောင်းသားလူငယ်များ၏ အခန်းကဏ္ဍအား မှေးမှိန်စေရန် ခေတ်အဆက်ဆက် စစ်အာဏာရှင်များက လုပ်ဆောင်ခဲ့ကြသော်လည်း “သမဂ္ဂအဆောက်အဦးကိုသာ ဖြိုလို့ရမယ်။ အမောင်တို့ရင်ထဲက သမဂ္ဂစိတ်ဓာတ်ကိုတော့ ဘယ်သူမှ ဖြိုလို့မရပါဘူး” ဟူသည့် သခင်ကိုယ်တော်မှိုင်းပြောကြားခဲ့သော စကားအတိုင်း  ကျောင်းသားလူငယ်တို့၏ သမဂ္ဂစိတ်ဓါတ်သည် ယနေ့တိုင် သမိုင်းတွင်ရှင်သန်ဆဲ ဖြစ်ပါသည်။ယခု ၂၀၂၁ ခုနှစ် ပြည်သူ့နွေဦးတော်လှန်ရေးတွင်လည်း မင်းအောင်လှိုင်ဦးဆောင်သော အကြမ်း ဖက်စစ်အုပ်စုသည် လူထုရွေးကောက်တင်မြှောက်ထားသော အစိုးရထံမှ အတင်းအဓမ္မ အာဏာလုယူရန်ကြိုးစားကာ ကျောင်းသား/သူများ၊ ရဟန်းရှင်လူများနှင့် တိုင်းရင်းသားလူမျိုးများ အားလုံးကို လက်နက်အားကိုးဖြင့် ခြိမ်းခြောက် ဖမ်းဆီး သတ်ဖြတ်ကာ အသက်အိုးအိမ် စည်းစိမ်များကိုလည်း မီးရှို့ ဖျက်ဆီးနေသည့် သမိုင်းတလျှောက် အရက်စက်ဆုံးသော ဖက်ဆစ်သရုပ်ကို ဖော်ညွှန်းနေသည့်ကာလတွင်လည်း ကျောင်းသားလူငယ်ထုသည် သမဂ္ဂစိတ်ဓါတ်ဖြင့် အချိန်မဆိုင်းပဲ ပြည်သူလူထုနှင့်အတူ ရှေ့တန်းမှ ရုန်းကုန်တော်လှန်ခဲ့ကြပေသည်။ ထိုကဲ့သို့ မျိုးဆက်သစ် ကျောင်းသား လူငယ်များ၏ စုစည်းညီညွတ်မှု၊ တီထွင်ဆန်းသစ်နိုင်မှုတို့အပြင် တိုင်းရင်းသား မဟာမိတ် တော်လှန်ရေး အင်အားစုတို့နှင့် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်နိုင်မှုတို့ကြောင့် ရက်စက်ကြမ်းကြုတ်သည့် ဖက်ဆစ်ဝါဒ ပြန်လည်အသက်သွင်း နေသော စစ်အုပ်စုယန္တရား တဖြည်းဖြည်း ယိုယွင်း ပျက်စီးလာနေပြီ ဖြစ်ပါသည်။အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်လည်း ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ် တိုက်ဖျက် ရေးတွင် ကျဆုံးသွားခဲ့ကြသော ကျောင်းသားလူငယ်များ၏ စွန့်လွှတ် အနစ်နာခံမှုများကို အောက်မေ့ သတိရလျက် လက်ရှိဆင်နွှဲနေသည့် ပြည်သူ့နွေဦးတော်လှန်ရေးကြီး အမြန်ဆုံး အောင်မြင်ပြီးမြောက်စေရန် နိုင်ငံတဝန်းရှိ မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များနှင့် ယခင်ကထက် ပိုမို ရင်းနှီး ပွင့်လင်းစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသလို အောင်ပွဲဆွတ်ခူးနိုင်ရန် ဆက်လက်၍ အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သန္နိဋ္ဌာန်ပြုရင်း ဤ သဝဏ်လွှာအား ပေးပို့အပ်ပါသည်။အမျိုးသားညီညွတ်ရေးအစိုးရ

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေး အရာရှိ၏ အစီရင်ခံစာအပေါ် တုန့်ပြန်ချက်  မြန်မာ

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေး အရာရှိ၏ အစီရင်ခံစာအပေါ် တုန့်ပြန်ချက် မြန်မာ

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၅၆ ကြိမ်မြောက် အစည်းအဝေးစဉ် (၄) – မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေး အရာရှိ၏ အစီရင်ခံစာအပေါ် တုန့်ပြန်ချက်မြန်မာ၉ ၊ ဇူလိုင်လ ၊ ၂၀၂၄မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေး အရာရှိ မစ္စတာ တွမ်အင်ဒရူး၏ လူ့အခွင့်အရေးကောင်စီတွင် တင်ပြခဲ့သည့် အပြန်အလှန်တုံ့ပြန် ဆွေးနွေး အစီရင်ခံချက်ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံက ကြိုဆိုအပ်ပါသည်။ အကြမ်းဖက်စစ်အုပ်စု၏ အာဏာသိမ်းရန် ကြိုးပမ်းမှုကြောင့် လိင်/လိင်စိတ် အခြေပြု ဆိုင်ရာ သက်ရောက်မှုများအကြောင်း၊ ဘဏ်များနှင့် နိုင်ငံတကာ အစိုးရများက အကြမ်းဖက် စစ်အုပ်စုကို ဆက်လက် ကူညီပံ့ပိုးနေမှုများအကြောင်း အစီရင်ခံ တင်ပြခဲ့သည့်အတွက် အထူးကျေးဇူးတင်ရှိပါသည်။ ပထမစာတမ်းတွင် “တော်လှန်ရေးအတွင်းက တော်လှန်ရေး၊ ပေါ်ထွက်လာ အုပ်ချုပ်ရေး ယန္တရားများ အတွင်းမှတဆင့် ဖိုဝါဒီကြီးစိုးမှုများကို တွန်းလှန်ခြင်း၊ တာဝန်ခံမှုကို တောင်းဆိုခြင်းနှင့် အနာဂတ် မျိုးဆက်များအတွက် တန်းတူညီမျှမှုနှင့် တရားမျှတမှုကို အာမခံခြင်းများ” အတွက် မရှိမဖြစ် အရေးပါသည့် အမျိုးသမီးခေါင်းဆောင်များ၏ အခန်းကဏ္ဍကို ဖော်ပြထားပါသည်။ ဒုတိယစာတမ်းတွင် အကြမ်းဖက်စစ်အုပ်စု၏ စစ်ဘက် သုံးပစ္စည်းများ ဝယ်ယူမှုအတွက် ငွေပေးချေမှုများတွင် ပံ့ပိုးကူညီနေသည့် နိုင်ငံခြား ဘဏ် ၁၆ ဘဏ်ကို ဖော်ထုတ်ထားပါသည်။ စာတမ်းနှစ်ခုစလုံးသည် မြန်မာပြည်သူပြည်သားများ၏ ရဲစွမ်းသတ္တိနှင့် ကြံကြံခံနိုင်မှုကို သော်လည်းကောင်း၊ အကြမ်းဖက်စစ်အုပ်စု၏ အရပ်သားများအပေါ် ဆိုးရွားပြင်းထန်သည့် ရာဇဝတ်မှုများ၊ အကြမ်းဖက်မှုများ၊ ချိုးဖောက်မှုများကို ရည်ရွယ်ချက်ရှိရှိ၊ ကျယ်ကျယ် ပြန့်ပြန့် နှင့် စနစ်တကျ ကျူးလွန်နေမှုများကိုသော်လည်းကောင်း မှတ်တမ်း တင်ထားသည့် အစီရင်ခံစာပေါင်းများစွာအနက် ထင်ရှားသော စာတမ်းများအဖြစ် မှတ်တမ်းဝင်နေမည် ဖြစ်ပါသည်။ ပြိုလဲပျက်စီးနေပြီး နယ်မြေ၊ ငွေကြေးနှင့် တရားဝင်မှု ခေါင်းပါးလျက် ရှိနေပြီဖြစ်သော သေရေးရှင်ရေးနှင့် ရင်ဆိုင်နေရသည့် အကြမ်းဖက် စစ်အုပ်စု အနေဖြင့် “အရပ်သား ပြည်သူများအပေါ် ရက်စက်စွာ တိုက်ခိုက်မှုများ နှစ်ဆတိုး ဆောင်ရွက် နေကြောင်း”  အထူးစုံစမ်းစစ်ဆေးရေးအရာရှိက ဖော်ပြခဲ့သည်။ လူ့အခွင့်အရေးဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးအရာရှိ က လူ့အခွင့်အရေးကောင်စီ သို့ တင်ပြရာတွင် ရခိုင်ပြည်နယ်အတွင်းရှိ အခြေအနေ အထူးသဖြင့် ရိုဟင်ဂျာပြည်သူများ၏ အကျပ်အတည်းကိုလည်း အလေးပေးသည့် အကြောင်းအရာအဖြစ် ဖော်ပြခဲ့ပါသည်။ လူ့အခွင့်အရေးဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေး အရာရှိ မစ္စတာ တွမ်အင်ဒရူးစ်၏ တင်ပြချက်တွင် ဖော်ပြထားသည့်  အတင်းအဓမ္မစေခိုင်းမှု၊ အတင်းအဓမ္မ ရွှေ့ပြောင်းမှုနှင့် ရခိုင်ပြည်နယ်ရှိ ဆိုးရွားလှသော လူသားချင်းစာနာထောက်ထားမှု အခြေအနေများသည် “၂၀၁၆ နှင့် ၂၀၁၇ ခုနှစ် တို့၏ လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာ အကြမ်းဖက်မှုများ၏ ပဲ့တင်သံများ” ကို ပြန်လည်သယ်ဆောင်လာခဲ့သည်ဟု ဖော်ပြခဲ့သည်။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ရခိုင်၊ ရိုဟင်ဂျာ နှင့် ရခိုင်ပြည်နယ်ရှိ အခြား လူနည်းစုများ အပါအဝင် မြန်မာနိုင်ငံရှိ လူနည်းစုများအပေါ် အလွန်ဆိုးရွားသော ရက်စက် ကြမ်းကြုတ်မှုများကို ဘယ်သောအခါမှ ထပ်မံမဖြစ်ပွားစေရေး အပြည့်အ၀ ဦးတည် ဆောင်ရွက်လျက်ရှိပါသည်။ လူမျိုးအလိုက် အသိုက်အဝန်းများအကြား အကွဲအပြဲကို ဖြစ်စေမည့် ကြိုးပမ်းမှုမှန်သမျှ အဆုံးသတ်ရမည် ဖြစ်သည်။ ယုံကြည်မှု၊ အပြန်အလှန် လေးစားမှု၊ နားလည်မှုနှင့် သည်းခံမှုတို့ကို တည်ဆောက်ရန် ကျွန်ုပ်တို့၏ ကြိုးပမ်း ဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ လူ့အခွင့်အရေးဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးအရာရှိ က မြန်မာ့အရေးနှင့်ပတ်သတ်၍ အရေးယူဆောင်ရွက် နိုင်စေရန် နိုင်ငံတကာကို ပြတ်ပြတ်သားသား တောင်းဆိုခဲ့ရာတွင် ယခုကဲ့သို့သော အလှည့်အပြောင်း အခြေအနေတွင် “ယခုအကျပ်အတည်းအား မည်သည့် ပုံစံဖြင့် မည်သည့်အချိန်တွင် အဆုံးသတ်မည်ကို ဖော်ဆောင်ရာတွင် ကြီးမားသည့် ခြားနား ချက်ကို ဖန်တီးနိုင်မည့် အခွင့်အလမ်းများ နိုင်ငံတကာ အစိုးရများတွင် ရှိနေကြောင်း” ဖော်ပြခဲ့သည်။ နိုင်ငံတကာ၏ ကြိုးပမ်းဆောင်ရွက်မှုနှင့် ပံ့ပိုးကူညီမှုများသာ ရရှိမည်ဆိုပါက မြန်မာ ပြည်သူများအနေဖြင့် ငြိမ်းချမ်းမှု၊ လွတ်လပ်မှု၊ တရားမျှတမှုနှင့် တန်းတူညီမျှမှုတို့ဖြင့် ပြည့်စုံသော တိုင်းပြည် တခုကို အသစ်တဖန် ပြန်လည်ထူထောင်နိုင်မည်ဖြစ်သည်။မြန်မာပြည်သူများ အကျိုးကိုရှေးရှုကာ  ၎င်း၏ လုပ်ပိုင်ဆောင်ရွက်ခွင့်အတွင်း အားသွန် ခွန်စိုက်  ကြိုးပမ်းဆောင်ရွက် လျက်ရှိသော လူ့အခွင့်အရေးဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေး အရာရှိ ကို ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ    

ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံ ဆရာတော်ဘုရားကြီးအတွက် ဝမ်းနည်းသဝဏ်လွှာ

ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံ ဆရာတော်ဘုရားကြီးအတွက် ဝမ်းနည်းသဝဏ်လွှာ

"ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံ ဆရာတော်ဘုရားကြီးအတွက် ဝမ်းနည်းသဝဏ်လွှာ"၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင် (ငြိမ်း)၊ ပဲခူးမြို့ ဝင်းနိမ္မိတာရုံ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ မုနိန္ဒာဘိဝံသသည် ဇွန်လ ၁၉ ရက်နေ့က မန္တလေးတိုင်း၊ ငါန်းဇွန်-မြို့သာလမ်းပိုင်းတွင် အကြမ်းဖက်စစ်တပ်၏ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့ရခြင်းအတွက် အထူးပင် စိတ်ထိခိုက် ဝမ်းနည်း ကြေကွဲရပါသည်။ဆရာတော်ဘုရားကြီးသည် ပရိယတ္တိသာသနာအတွက် စွမ်းစွမ်းတမံ အားထုတ် ကြိုးပမ်း ဆောင်ရွက်နေသည့် သာသနာ့အာဇာနည် ရဟန်းတပါး ဖြစ်သည့်အတွက် ပို၍ပင် ယူကျုံးမရ နှမြောတသဖြစ်မိပါသည်။ဘုရားသားတော် မြတ်သံဃာများကိုပင် ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ဝံ့သည့် အကြမ်းဖက်စစ်တပ်၏ လုပ်ရပ်သည် ဗုဒ္ဓဘာသာတရပ်လုံးကို စော်ကားလိုက်ခြင်းဖြစ်သဖြင့် ပြင်းထန်စွာ ပြစ်တင် ရှုတ်ချသည်။ထို့အပြင် အကြမ်းဖက်စစ်တပ်သည် အဖြစ်မှန်ကို တမင်ဖုံးကွယ်၍ PDF အဖွဲ့အစည်းကို ရည်ရွယ်ချက်ရှိရှိ အပြစ်ပုံချခြင်း၊ လိမ်လည်လှည့်ဖျားကာ သတင်းထုတ်ပြန်၊ ပြောဆိုခြင်းကလည်း သံဃာထုနှင့် တိုင်းပြည်ကို ထပ်လောင်း စော်ကားလိုက်ခြင်းပင် ဖြစ်သည်။ ဤလိမ်ညာမှုအတွက် အကြမ်းဖက်စစ်တပ်၏ အဆင့်ဆင့်သော တာဝန်ရှိသူအားလုံးသည် အပြည့်အဝ တာဝန်ယူ၊ တာဝန်ခံရမည်ဖြစ်သည်။မိမိတို့ တိုင်းပြည်တွင် အကြမ်းဖက်စစ်တပ် သက်ဆိုးရှည်နေသရွေ့ ယခုကဲ့သို့ ဝမ်းနည်းကြေကွဲဖွယ် ဖြစ်ရပ်ဆိုးများနှင့် ဆက်လက် ကြုံတွေ့နေကြရဦးမည်ဖြစ်သဖြင့် စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်း ပပျောက်ရေးအတွက် ဘာသာပေါင်းစုံ တိုင်းပြည်လူထုတရပ်လုံးနှင့် လက်တွဲ၍ အစွမ်းကုန် ဆက်လက် ကြိုးပမ်း အားထုတ်သွားမည်ဖြစ်ပါကြောင်း ခိုင်ကျည်စွာ သန္နိဋ္ဌာန်ပြုခြင်းနှင့်အတူ ဤဝမ်းနည်းသဝဏ်လွှာကို လျှောက်ထား၊ ပေးပို့အပ်ပါသည်။ဒူဝါလရှီးလယာယီသမ္မတအမျိုးသားညီညွတ်ရေးအစိုးရ

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ၅၆ ကြိမ်မြောက် အစည်းအဝေး  (စဉ် ၂)

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ၅၆ ကြိမ်မြောက် အစည်းအဝေး (စဉ် ၂)

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၅၆ ကြိမ်မြောက် အစည်းအဝေးစဉ် ၂ – မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်စလင်များနှင့်အခြားသောလူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေ အပေါ် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးနှင့် အပြန်အလှန်ဆွေးနွေးမှု =================================မြန်မာနိုင်ငံ(၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၀ ရက်)အမျိုးသားညီညွတ်ရေးအစိုးရက ကိုယ်စားပြုထားသည့်အတိုင်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်သည် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနှင့်အပြန်အလှန် တွေ့ဆုံ ဆွေးနွေးမှုအပြင် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မူဆလင်များနှင့် အခြား လူနည်းစုများ၏ လူ့အခွင့်အရေး ဆိုင်ရာ အခြေအနေများနှင့် ပတ်သက်၍ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး(OHCHR) ၏ သက်ဆိုင်ရာ အစီရင်ခံစာကို ကြိုဆိုပါသည်။“တရားမ၀င်အကြမ်းဖက်စစ်အုပ်စုကြောင့် အသက်ရှုမွန်းကျပ်နေတဲ့နိုင်ငံကို ကျွန်တော်တို့ မြင်တွေ့နေရပါပြီ”။ စင်စစ်အားဖြင့် “လူ့အခွင့်အရေးဆိုင်ရာအခြေအနေမှာလည်း အရှိန်အဟုန်နဲ့ ဆက်လက်ဆုတ်ယုတ်နေပါတယ်” ဟု မဟာမင်းကြီးရုံးကကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို ဇွန်လ ၁၈ ရက်နေ့တွင် ပြောကြားခဲ့သည်။ထို့အတူ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) ၏ အစီရင်ခံစာတွင်အကြမ်းဖက်စစ်အုပ်စုသည် လူနည်းစုအသိုင်းအဝိုင်းများအပါအဝင် အရပ်သားများအပေါ် လူ့အခွင့်အရေးကို ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျ ချိုးဖောက်မှုများနှင့်ချိုးဖောက်မှုများကို အရှိန်မြှင့်လုပ်ဆောင်ခြင်းဖြင့်မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးအခြေအနေများသည်“ပိုမိုဆိုးရွာစွာ ကျဆင်းနေတယ်” လို့ ဖော်ပြထားပါသည်။ ထိခိုက်ခံစားနေကြရသော အသိုက်အဝန်းများထဲတွင် ရခိုင်၊ ချင်း၊ ကရင်၊ ရိုဟင်ဂျာ နှင့် ကရင်နီမှလူနည်းစု အသိုက်အဝန်းများ ပါဝင်ကြောင်း OHCHR အစီရင်ခံစာတွင် ဖော်ပြပါရှိပါသည်။ ရိုဟင်ဂျာအပါအဝင် မြန်မာလူငယ်များကို အကြမ်းဖက်စစ်အုပ်စုက အတင်းအဓမ္မ ဖမ်းဆီး ခေါ်ဆောင်ခြင်းများတရားမ၀င် ဆက်လက်လုပ်ဆောင်နေခြင်းကြောင့်ရက်စက် ကြမ်းကြုတ်ပြီး ထိတ်လန့်ဖွယ်ကောင်းသောရာဇ၀တ်မှု အမျိုးစုံအပြင် စုပေါင်းပြစ်ဒဏ်မှုကို ထပ်မံကျူးလွန်လာနေကြောင်း ဖော်ပြလျက်ရှိပါသည်။ရခိုင်ပြည်နယ်ရဲ့ ဆိုးရွားတဲ့ အခြေအနေတွေကြောင့် ရိုဟင်ဂျာနဲ့ ရခိုင်ပြည်သူတွေဟာ ပဋိပက္ခတွေ ပြင်းထန်နေသော ရွာတွေမှအတင်းအဓမ္မ ဖိအားပေးမှု့ကြောင့်ထွက်ပြေးနေရတဲ့ အခြေအနေကို မဟာမင်းကြီးအနေဖြင့် ထည့်သွင်းတင်ပြခဲ့ပါသည်။ အရပ်သားများနှင့် ၎င်းတို့၏ နေအိမ်များနှင့် ပိုင်ဆိုင်မှုများကို အကာအကွယ်ပေးနိုင်ရန်နှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအကူအညီများ အရေးပေါ်လိုအပ်နေသူများထံ အမြန်ဆုံး ရောက်ရှိစေရန် ကြိုးပမ်းရာတွင် တုံ့ဆိုင်းမနေသင့်ကြောင်းလည်း ပြောကြားခဲ့သည်။မြန်မာနိုင်ငံတွင် ရှက်ဖွယ်ကောင်းသော အတိတ်ကလုပ်ရပ်များနှင့် ရိုဟင်ဂျာ၊ ရခိုင်နှင့် ရခိုင်ပြည်နယ်ရှိ လူနည်းစုအသိုင်းအဝိုင်းအပါအဝင် လူနည်းစုများအပေါ် ဆိုးရွားရက်စက်မှု များကို ကျူးလွန်ခဲ့ခြင်းအပေါ် ပျက်ကွက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက အကြိမ်ကြိမ် ဝန်ခံခဲ့ပြီးဖြစ်သည်။ ဤရာဇ၀တ်မှုများကို ထပ်တလဲလဲမဖြစ်စေရန် ကျွန်ုပ်တို့ကတိပြုပါသည်။မဟာမင်းကြီး၏ အစီရင်ခံစာပါ အကြံပြုချက်များချမှတ်မှုကို မြန်မာနိုင်ငံအနေဖြင့် ထောက်ခံပါသည်။အမျိုးသားညီညွတ်ရေးအစိုးရသည် စစ်သည်တော်ကျင့်ဝတ်များ အပါအဝင် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုနှင့် လူ့အခွင့်အရေးဥပဒေဆိုင်ရာ တာဝန်များကို အပြည့်အဝ ကတိပြုပါသည်။ မြန်မာနိုင်ငံရှိအကျိုးသက်ဆိုင်သူများနှင့် အင်အားစုများ အားလုံးအနေဖြင့်လည်း အဆိုပါ စံနှုန်းများအတိုင်း ရပ်တည်ရန်လည်း မျှော်လင့်ပါသည်။တချိန်တည်းမှာပင် အမျိုးသားညီညွတ်ရေးအစိုးရ၊တိုင်းရင်းသား အဖွဲ့အစည်းများ နှင့် အရပ်ဘက်အဖွဲ့အစည်းများ သည် မြန်မာနိုင်ငံ အနှံ့အပြားတွင်အသက်ရှင်သန်ရေးအတွက် လိုအပ်သော မရှိမဖြစ်လိုအပ်သော ပြည်သူ့ ဝန်ဆောင်မှုများကို ပံ့ပိုးပေးလျက် ရှိသည်။ OHCHR ၏ အစီရင်ခံစာတွင် အောက်ပါအတိုင်း ဖော်ပြထားသည်။-အဆိုပါ ကြိုးပမ်းမှုများသည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်ဘက်ရေးရာ အုပ်ချုပ်ရေးတွင် စစ်ဘက်ဆိုင်ရာ အခန်းကဏ္ဍမှ ပါဝင်ခြင်းမရှိသည့် ဒီမိုကရေစီ နိုင်ငံတော်ဆီသို့ ဦးတည်သည့်မျှော်မှန်းချက်ကို ပေးဆောင်သည့် ပဏာမခြေလှမ်းဖြစ်သည်။ စစ်တပ်ကို ဆန့်ကျင်သည်မှာလက်နက်ကိုင်လှုပ်ရှားမှုများ နှင့် ငြိမ်းချမ်းစွာ ဆန့်ကျင်တွန်းလှန်မှုများ စသည်ဖြင့် ကွဲပြားပြီးမဆုတ်မနစ် ကြိုးပမ်း လျက်ရှိကြသည်။ သို့တိုင်စစ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေးလုံးဝကင်းစင်သောအနာဂတ် ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံကိုရှုမြင်ရာတွင် အမျိုးမျိုးသော အင်အားစုများ အနေဖြင့် တဖြည်းဖြည်း ပိုမိုညီညွတ်လာနေကြပြီဖြစ်သည်။အမျိုးသားညီညွတ်ရေးအစိုးရသည် လူမှုပေါင်းစည်းမှုမြှင့်တင်ရေး၊ လူမျိုးရေး အပြန်အလှန် ညှိနှိုင်းဆွေးနွေးရေးနှင့် တိုင်းရင်းသား လူမျိုးရေး နှင့်ဘာသာရေး အသိုက်အဝန်းအားလုံး၏ အခွင့်အရေးများကိုမြှင့်တင်ရန်လည်း အပြည့်အဝ ကတိပြုပါသည်။ယုံကြည်မှု၊ အပြန်အလှန်လေးစားမှု၊ နားလည်မှုနဲ့သဘောထားကြီးမှုများကို လည်း ဆက်လက်တည်ဆောက်သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံရှိတိုင်းရင်းသား အသိုက်အဝန်းများအကြား သဘောထားကွဲလွဲမှုကို ချူပ်ငြိမ်းရန် ကြိုးပမ်းအားထုတ် သွားမည်ဖြစ်သည်။မြန်မာနိုင်ငံအနေဖြင့် မြန်မာပြည်သူများ စည်းလုံးညီညွတ်မှုတည်မြဲရေး အတွက် စွမ်းဆောင် ပေးမှုပေါ်မဟာမင်းကြီး Türk နှင့် OHCHR ၏ မြန်မာအဖွဲ့အားထပ်လောင်း ကျေးဇူးတင် ရှိပါသည်။လူ့အခွင့်အရေး ဆိုင်ရာဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ

(၁၄၉)နှစ်မြောက် ကရင်နီအမျိုးသားနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

(၁၄၉)နှစ်မြောက် ကရင်နီအမျိုးသားနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရhttps://www.nugmyanmar.org(၁၄၉)နှစ်မြောက် ကရင်နီအမျိုးသားနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၁ ရက် ယနေ့ကျရောက်သည့် (၁၄၉)နှစ်မြောက် ကရင်နီအမျိုးသားနေ့ အခါသမယတွင် ကရင်နီ တိုင်းရင်းသားလူမျိုးများအားလုံး စစ်ဘေး၊ စစ်ဒဏ်များမှ လွတ်မြောက်အောင် စွမ်းဆောင်နိုင်ကြပြီး စည်ပင်သာယာဝပြောသည့် ကရင်နီပြည်ကို စုစည်းညီညွတ်စွာဖြင့် အမြန်ဆုံး ထူထောင်နိုင်ကြပါစေ ကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ဗမာဘုရင်ကိုယ်စား ကင်းဝန်မင်းကြီးဦးကောင်းနှင့် အင်္ဂလိပ်ဘုရင်ခံချုပ်ကိုယ်စား ဆာဒေါ့က လပ်ဖောဆစ်(သ်)တို့မှ ၁၈၇၅ခုနှစ်၊ ဇွန်လ (၂၁)ရက်နေ့တွင် ကရင်နီပြည်ကို သီးခြားလွတ်လပ်သည့် ပြည်အဖြစ် အသိအမှတ်ပြုပြီး မည်သည့်နည်းနှင့်မျှ အုပ်ချုပ်စိုးမိုးခြင်း ပြုမည်မဟုတ်ကြောင်း  နှစ်နိုင်ငံအကြား သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြသည့်နေ့ကို အစွဲပြုပြီး ကရင်နီအမျိုးသားနေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ်ကျင်းပခဲ့သည်မှာ (၁၄၉)နှစ်သို့ တိုင်ခဲ့ပြီဖြစ်ပါသည်။  ယနေ့အချိန်တွင် ပြည်သူ့ဘဏ္ဍာဖြင့် နှစ်ပေါင်းများစွာ တည်ဆောက်ထားသော အကြမ်းဖက် စစ်အုပ်စုသည် ပြည်သူကို နည်းမျိုးစုံဖြင့် ဖိနှိပ်ညှင်းပန်းသတ်ဖြတ်ကာ လူ့အခွင့်အရေး ချိုးဖောက်မှု များကို အစွမ်းကုန် ကျူးလွန်လျက်ရှိပြီး ပြည်သူတစ်ရပ်လုံးကလည်း နိုင်ငံအနှံ့အပြားတွင် တော်လှန် တိုက်ခိုက်လျက်ရှိပါသည်။ ထိုကဲ့သို့သော အကြမ်းဖက်စစ်အုပ်စုကို တစ်နိုင်ငံလုံးရှိ ပြည်သူများက လက်နက်ကိုင် ခုခံတော်လှန်ရေးနည်းလမ်းဖြင့် လည်းကောင်း၊ အကြမ်းမဖက် အာဏာဖီဆန်ရေး နည်းလမ်းများဖြင့်လည်းကောင်း အသီးသီးဆောင်ရွက်လျက်ရှိရာ အဆိုပါလှုပ်ရှားမှုများအတွင်း ကရင်နီအမျိုးသားများလည်းအသက်၊သွေး၊ချွေးစတေးပေးဆပ်ကာ တက်ကြွစွာ ပါဝင်လျက်ရှိသည့် အတွက် များစွာလေးစားဂုဏ်ယူအပ်ပါသည်။လွတ်လပ်ပြီးကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရှိသည့်ပြည်နယ်အဖြစ်ရပ်တည်နိုင်ရန်ခေတ်အဆက်ဆက် ကြိုးပမ်းဆောင်ရွက်ရင်း အသက်ဆုံးရှုံးသွားခဲ့ကြသော ကရင်နီအမျိုးသားခေါင်းဆောင်ကြီးများ၊ ရဲဘော်များနှင့်ပြည်သူများအားလုံးကိုအမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်အာဇာနည်သူရဲကောင်းများအဖြစ် ဦးညွတ်အလေးအမြတ်ပြုအပ်ပါသည်။အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်ပြည်သူ့နွေဦးတော်လှန်ရေး၏ဘုံရည်မှန်းချက်(၂)ရပ်ဖြစ်သည့်စစ်အာဏာရှင်အမြစ်ပြတ်ကျဆုံးရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် ပေါ်ထွန်းလာရေးအတွက် ကရင်နီအမျိုးသားများအပါအဝင် နိုင်ငံတစ်ဝှမ်းရှိ တိုင်းရင်းသားလူမျိုးများအားလုံးနှင့်လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ မကြာမီ အနာဂတ်ကာလများတွင် ကရင်နီအမျိုးသားများ လိုလားတောင့်တလျက်ရှိသည့်လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်း၊ စည်းလုံးညီညွတ်ခြင်း၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝအာမခံချက်ရှိပြီးစည်ပင်သာယာဝပြောသည့်ကရင်နီပြည်ကိုအမြန်ဆုံးထူထောင်နိုင်ကြပါစေကြောင်း ဆန္ဒပြုလျက် ဤသဝဏ်လွှာအား ပေးပို့အပ်ပါသည်။အမျိုးသားညီညွတ်ရေးအစိုးရ

အီဒုလ်အသွဟာ ကုရ်ဘာနီစွန့်လွှတ်လှူဒါန်းမှုအိးဒ်ပွဲတော်နေ့ အထိမ်းအမှတ် ပေးပို့သော သဝဏ်လွှာ

အီဒုလ်အသွဟာ ကုရ်ဘာနီစွန့်လွှတ်လှူဒါန်းမှုအိးဒ်ပွဲတော်နေ့ အထိမ်းအမှတ် ပေးပို့သော သဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရhttps://www.nugmyanmar.org“အီဒုလ်အသွဟာ" ကုရ်ဘာနီစွန့်လွှတ်လှူဒါန်းမှုအိးဒ်ပွဲတော်နေ့ အထိမ်းအမှတ် ပေးပို့သော သဝဏ်လွှာ၂၀၂၄ ခုနစ်၊ ဇွန်လ (၁၇) ရက်အစ္စလာမ်ဘာသာဝင်များ၏ နေ့ထူးနေ့မြတ်တစ်ရက်ဖြစ်သည် "အီဒုလ်အသွဟာ" ကုရ်ဘာနီ စွန့်လွှတ်လှူဒါန်းမှုအိးဒ်ပွဲတော်နေ့ အခါသမယတွင် မြန်မာနိုင်ငံသူ နိုင်ငံသား အစ္စလာမ် ဘာသာဝင်အပေါင်း ရွှင်လန်းချမ်းမြေ့ကြပါစေလို့ ဦးစွာ ဆုတောင်းမေတ္တာ ပို့သလိုက်ပါသည်။ အစ္စလာမ်ဘာသာဝင်များသည် နှစ်စဉ်နှစ်တိုင်း ဇွလ်ဟဂျ်လ ၁ဝ ရက်နေ့တွင် ကျရောက်သည့် ကုရ်ဘာနီစွန့်လွှတ်လှူဒါန်းမှုအိးဒ်ပွဲတော်နေ့တွင် အလ္လာဟ်အသျှင်အမြတ်ထံတော်ပါး ဝတ်ပြု ဆုတောင်းခြင်း၊ အလ္လာဟ်အသျှင်အမြတ်၏ အမိန့်ကို လိုက်နာခြင်းအားဖြင့် ကုရ်ဘာနီ စွန့်လွှတ် လှူဒါန်းမှု၊ ကောင်းမှုကုသိုလ်များ ပြုလုပ်ခြင်းနှင့်အတူ နွမ်းပါးသူများအား ပေးဝေလှူဒါန်းခြင်း ကောင်းမှုသီလများအား ပြုလုပ် ဆင်နွှဲကြကြောင်း သိရသည်။ ယခင့်ယခင်ကတည်းက "အီဒုလ်အသွဟာ" ကုရ်ဘာနီစွန့်လွှတ်လှူဒါန်းမှုအိးဒ်ပွဲတော်နေ့တွင် မြန်မာနိုင်ငံသူ နိုင်ငံသား အစ္စလာမ်ဘာသာဝင်များမှ ဟင်းလျာများ ချက်ပြုတ်ကာ ဘာသာလူမျိုး မတူသူများအား ဖိတ်ခေါ် ဧည့်ခံကျွေးမွေးသည့် အလွန်အပင် နှစ်လိုဖွယ်ကောင်းသော အစဉ်အလာ တစ်ရပ် ရှိခဲ့ပြီး၊ ယနေ့တိုင် ကုရ်ဘာနီနေ့တွင် နေရာအတော်များများတွင် အစ္စလာမ် ဘာသာဝင်များမှ ချက်ပြုတ်လှူဒါန်းမှုများ ရှိနေသည်။ သို့သော် ယခုအချိန်အခါသည် အမိမြန်မာနိုင်ငံအား အကြမ်းဖက်စစ်တပ်မှ အဓမ္မသိမ်းယူထားပြီး စစ်အာဏာရှင်တို့အလိုကျ လက်နက်အားကိုးဖြင့် ပြည်သူများအား နေ့စဉ်ရက်ဆက် အကြမ်းဖက် လျက်ရှိနေပြီး တနေ့တခြား ဆိုးရွားလာသည့် အခြေအနေများကို ပိုမို သတိကြီးစွာ ကာကွယ်ရမည် ဖြစ်သည်။ တဖန် အကြမ်းဖက်ရန်လိုနေသည့် စစ်တပ်အား မြန်မာနိုင်ငံသူ နိုင်ငံသား ပြည်သူ တစ်ရပ်လုံးက နည်းမျိုးစုံဖြင့် တော်လှန်တိုက်ပွဲလျက်ရှိနေပြီး ပြည်သူ့အင်အားဖြင့် ဆောင်ရွက် နေသည့် တော်လှန်ရေးမှာ အားရစရာအခြေအနေတစ်ရပ်သို့ ရောက်ရှိနေပြီးဖြစ်သည်။ မြန်မာနိုင်ငံသူ နိုင်ငံသား အစ္စလာမ်ဘာသာဝင်အပေါင်းတို့မှာလည်း ကျရာကဏ္ဍကနေ အမိမြန်မာ နိုင်ငံတော်ကြီးအား ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကဏ္ဍတွင် ပါဝင် နေကြောင်း သိရှိရ၍ ဝမ်းမြောက်ဝမ်းသာ ဂုဏ်ယူရပါကြောင်း ပြောကြားလိုပါသည်။ ဆက်လက်ပြီး စစ်အာဏာရှင်စနစ် အပြီးတိုင် ဖျက်သိမ်းရေးနှင့် လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ခွင့်တူညီမျှသည့် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို ပြည်သူတစ်ရပ်လုံးနှင့် အတူ လက်တွဲကာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးလိုပါသည်။ "အီဒုလ်အသွဟာ" ကုရ်ဘာနီစွန့်လွှတ်လှူဒါန်းမှုအိးဒ်ပွဲတော်နေ့တွင် အစ္စလာမ်ဘာသာဝင်အပေါင်း ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာကြပါစေကြောင်းနှင့် ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေကြ ပါစေကြောင်း အမျိုးသားညီညွတ်ရေးအဖွဲ့မှ ဆုတောင်းမေတ္တာပို့သရင်း ဤသဝဏ်လွှာအား ပေးပို့အပ်သည်။အမျိုးသားညီညွတ်ရေးအစိုးရ