အမျိုးသားညီညွတ်ရေးအစိုးရ အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ၁၂/၂၀၂၃ တွင် ပြောကြားခဲ့သောပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်းကောက်နှုတ်ချက်

ရက်စွဲ။ ၂၀၂၃ ခုနှစ်၊ မတ်လ (၂၈) ရက်၊ အင်္ဂါနေ့။

 ကျွန်တော်တို့ရဲ့ တော်လှန်ရေးဟာ အခုဆိုရင် ၂ နှစ်ကျော်ကာလကို ရောက်ရှိလာပြီဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရကို ဖွဲ့စည်းပြီး တော်လှန်ရေးရဲ့ ဦးဆောင်မှု အခန်းကဏ္ဍကနေ စီမံဆောင်ရွက်လာခဲ့ကြတာလည်း မကြာခင်မှာ ၂ နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။ ၂ နှစ်ဆိုတဲ့ ကာလဟာ အိမ်ပြန်ချင်သူတွေအတွက် အင်မတန် ရှည်ကြာတဲ့ ကာလတစ်ခုဖြစ်ပါတယ်။ အလုပ်တွေ စွန့်၊ ကိုယ်ပိုင်ဘဝတွေကို စွန့်ပြီး ဘဝကို ခက်ခက်ခဲခဲ ရုန်းကန်နေကြရတဲ့ CDM တွေ၊ စာသင်ခန်းတွေထဲက ထွက်ပြီး တောထဲတောင်ထဲ မကြုံတွေ့ဖူးတဲ့၊ ခက်ခဲကြမ်းတမ်းလွန်းတဲ့ ဘဝတွေကို ရင်ဆိုင်ဖြတ်သန်းနေရတဲ့ PDF တွေအတွက်ဆိုရင် ၂ နှစ်ဆိုတဲ့ကာလက ပိုမိုရှည်ကြာတဲ့ ကာလတစ်ခု ဖြစ်နေမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အစိုးရအဖွဲ့နဲ့ တော်လှန်ရေး အင်အားစုတွေ အားလုံးဟာ တော်လှန်ရေးကို အောင်အောင်မြင်မြင် အဆုံးသတ်နိုင်အောင် ဝိုင်းကြိုးစားနေကြတယ်ဆိုတာလည်း ယုံမှား သံသယ ဖြစ်စရာ မရှိပါဘူး။ ဒါပေမယ့် ကြိုးစား အားထုတ်မှုတိုင်းမှာ ရလဒ်ကောင်း ထွက်နိုင်ဖို့တော့ လိုအပ်ပါတယ်။ 

ကျွန်တော်တို့ တော်လှန်ရေး အင်အားစုတွေအတွက် အချိန်က အကန့်အသတ် ရှိနေတယ်ဆိုတာကို အမြဲ သတိရနေဖို့ လိုပါတယ်။ အချိန်အကန့်အသတ်ကြားက ရလဒ်ကောင်းတွေ ထွက်နိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ အဲဒီလို လုပ်ဖို့ဆိုရင် ကျွန်တော်တို့တွေအားလုံး ပိုမိုစုစည်းကြဖို့ လိုအပ်ပါတယ်။ အစိုးရအဖွဲ့အတွင်းမှာလည်း စုစုစည်းစည်း၊ အားကောင်းကောင်းနဲ့ မောင်းနှင်ဖို့ လိုသလို မဟာမိတ်အင်အားစုတွေနဲ့လည်း ပိုမို ကျစ်လစ်တဲ့ စုစည်းအားနဲ့ ရှေ့ဆက်နိုင်ကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ 

ကျွန်တော်တို့အစိုးရအနေနဲ့ ပြည်ပ နိုင်ငံတကာဆက်ဆံရေးဘက်မှာ လုပ်သင့်လုပ်ထိုက် တာတွေ အချိန်နဲ့ တပြေးညီ ဆောင်ရွက်နေသလို ပြည်တွင်းက အားစိုက်ရမယ့် ခုခံ တော်လှန်စစ်နဲ့အတူ အုပ်ချုပ်ရေး ဖော်ဆောင်နေတဲ့ နေရာဒေသတွေဘက်မှာလည်း ကာကွယ်ရေး၊ အုပ်ချုပ်ရေးကဏ္ဍတွေကို တပြိုင်နက် စီမံဆောင်ရွက်နေကြတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒီတစ်ပတ်အတွင်းမှာဆိုရင် စစ်ရေးအရှိန်မြှင့်လာမှုနဲ့အတူ တော်လှန်ရေးဘက်တော်သားတွေဘက် မှာလည်း ထိခိုက်ကျဆုံးတာတွေကို စိတ်မကောင်းစွာ ကြားသိရပါတယ်။ ဒီအတွက်လည်း တာဝန်ရှိတဲ့ ဝန်ကြီးဌာနတွေအနေနဲ့ အတူတကွ ပေါင်းစပ်ပြီး စနစ်တကျ ကိုင်တွယ်စီမံ ဆောင်ရွက်ကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ 

ဒီတစ်ပတ်အတွင်းမှာ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အနေနဲ့လည်း စိုးမိုးထိန်းချုပ်ဒေသတွေရဲ့ မြေပြင်အခြေအနေတွေအရ ပိုမို ထိရောက်အောင် စီမံ ဆောင်ရွက်နိုင်ဖို့ လိုအပ်တဲ့ စီမံခန့်ခွဲမှုတွေ ဖိဖိစီးစီး လုပ်နေတယ်လို့ သိရပါတယ်။ မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ တွေ့ဆုံမှုတွေမှာဆိုရင်လည်း နေရာဒေသအလိုက် တင်ပြကြတဲ့ အချက်တွေ၊ မေးမြန်းကြတဲ့ မေးခွန်းတွေ၊ ဆွေးနွေးကြတဲ့ ဆွေးနွေးမှုတွေက တူညီနေကြမှာ မဟုတ်ပါဘူး။ ဒါတွေကို တာဝန်ရှိသူတွေအနေနဲ့ အလေးထားပြီး စီမံဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ 

မြေပြင်အခြေအနေ ပိုမိုကြပ်တည်းလာတဲ့ ရန်ကုန်၊ မန္တလေးတို့လို နယ်မြေက ခေါင်း ဆောင်တွေနဲ့ တွေ့ဆုံတဲ့အခါမျိုးမှာဆိုရင်လည်း သူတို့ရဲ့ အခြေအနေတွေကို သေချာနားထောင်ပြီး မိမိတို့ဘက်က လုပ်ပေးနိုင်သမျှ ကြိုးစားဆောင်ရွက်ပေးကြရမှာ ဖြစ်ပါတယ်။ ဒီလိုပဲ စစ်ရှိန်မြှင့် လာနိုင်တဲ့ ဒေသတွေဘက်မှာဆိုရင်လည်း လက်ရှိအခြေအနေတွေအရ အင်မတန် အရေးပါတဲ့ ဝန်ကြီးဌာန (၂) ခု ဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနတို့ဟာ ဟန်ချက်ညီညီနဲ့ အတူတူ လက်တွဲဆောင်ရွက်နိုင်ဖို့ကလည်း အင်မတန် အရေးကြီးတယ်လို့ မြင်ပါတယ်။ အရေးကြီးတဲ့ အချိန်ကာလကို ရောက်လာပြီဖြစ်တာကြောင့် ဝန်ကြီးဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်းခြင်းနဲ့ ဝန်ကြီးဌာနတစ်ခုချင်းစီအတွင်းမှာလည်း လုံလောက် တဲ့ လူ့စွမ်းအားအရင်းအမြစ်နဲ့အတူ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုတွေကလည်း အင်မတန်အရေးပါတဲ့ ကဏ္ဍကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ စွမ်းဆောင်ရည်မြင့်မြင့်နဲ့ ကြိုးစားရုန်းကန်နိုင်လေလေ တော်လှန်ရေး အောင်အောင်မြင်မြင် ပြီးမြောက်နိုင်ဖို့ အကျိုးပြုနိုင် လေလေပဲ ဖြစ်ပါတယ်။ 

ဒီကာလတွေအတွင်းမှာ တချို့သော မြေပြင်မှာ တိုက်ပွဲဝင်နေကြတဲ့ LDF တွေအနေနဲ့လည်း စိတ်ခံစားမှုအရ social media ပေါ်မှာ ပြောဆိုတာတွေ၊ တော်လှန်ရေးအခြေအနေကို အားမလို အားမရဖြစ်တာတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရအပေါ် မကျေလည်တာတွေ ပြောဆိုလာကြတာ ရှိသလို မြေပြင်အဖွဲ့တွေ အချင်းချင်း နားလည်မှုလွဲတာတွေလည်း ရှိပါတယ်။ ဒါတွေကို ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အစိုးရဖြစ်တာနဲ့အညီ သေချာနားလည်အောင် ရှင်းပြပေးဖို့ တာဝန်ရှိမှာ ဖြစ်သလို ပြဿနာတွေ သေးတုန်းမှာ ပြေလည်အောင် ဖြေရှင်းပေးနိုင်ဖို့လည်း လိုအပ်မှာ ဖြစ်ပါတယ်။ ချမှတ်ထားတဲ့ မူဝါဒတွေ၊ code of conduct တွေကို သေချာ နားမလည်တာကြောင့် မှားယွင်း စီမံခန့်ခွဲမှုတွေ မဖြစ်အောင်နဲ့ လက်နက်ကိုင်ပြီး နိုင့်ထက်စီးနင်း ပြုကျင့်မှုမျိုးတွေ မဖြစ်စေဖို့ ထိန်းကျောင်းတည့်မတ်ပေးရမှာ ကျွန်တော်တို့ တာဝန်ဖြစ်ပါတယ်။ 

 နိဂုံးချုပ်အနေနဲ့ ဒီအစိုးရအဖွဲ့ အစည်းအဝေးမှတဆင့် ပြည်သူတွေဆီကို သတင်းစကား ပါးလိုတာကတော့ တော်လှန်ရေးရဲ့ ခက်ခဲတဲ့ ကာလတွေကို ကျွန်တော်တို့ အတူတကွ ကျော်ဖြတ်ခဲ့ကြတာ ၂ နှစ်ကျော် ရှိခဲ့ပြီ ဖြစ်ပါတယ်။ ဒီနှစ်ကတော့ ကျွန်တော်တို့ အစွမ်းကုန် ရုန်းကန်ပြီး လူမဆန်လွန်းတဲ့ ဒီအကြမ်းဖက် စစ်ကောင်စီတွေကို ကျွန်တော်တို့ မြေပေါ်မှာ ခြေမချနိုင်သည်အထိ အမြစ်ဖြတ် တိုက်ခိုက်သွားရမယ့် နှစ်ဖြစ်ပါတယ်။ ဒါကြောင့် ခက်ခဲမှုတွေကို အတူရင်ဆိုင် ကျော်လွှားရင်း အောင်မြင်မှုပန်းတိုင်ဆီ အတူလျှောက်လှမ်းကြရအောင်လို့ ပြောကြားရင်း နိဂုံးချုပ်ပါတယ်။