“နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့အား အကြမ်းဖက်စစ်ကောင်စီက မတရားထောင်ဒဏ်များ ချမှတ်ခဲ့ခြင်းနှင့် ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်”

“နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့အား အကြမ်းဖက်စစ်ကောင်စီက မတရားထောင်ဒဏ်များ ချမှတ်ခဲ့ခြင်းနှင့် ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်”

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရhttps://nugmyanmar.orgကြေညာချက်အမှတ်(၂၈/၂၀၂၂)၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁“နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့အား အကြမ်းဖက်စစ်ကောင်စီက မတရားထောင်ဒဏ်များ ချမှတ်ခဲ့ခြင်းနှင့် ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်”၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီက မတရားဖမ်းဆီးထားသော နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို အကြမ်းဖက်စစ်ကောင်စီက ထောင်ဒဏ်အသီးသီး ထပ်မံချမှတ်ခဲ့သည်ကို တွေ့ရှိရသည်။အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ အပါအဝင် အပြစ်မဲ့တိုင်းရင်းသားပြည်သူများအပေါ် ချမှတ်သည့် တရားရုံးအသီးသီး၏ အမိန့်များသည် မူလကပင် ပျက်ပြယ်ကြောင်း ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၉) ရက်နေ့တွင် ကြေညာချက်အမှတ် (၁၃/၂၀၂၁) ကို ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ နိုင်ငံတော်ပုန်ကန်မှုနှင့် ပြည်သူလူထုအပေါ် အခြားသော ပြစ်မှုပေါင်းများစွာကို ကျူးလွန်ထားသည့် အကြမ်းဖက်စစ်ကောင်စီနှင့် အပေါင်းအပါများသည်သာလျှင် အပြစ်ရှိသူများဖြစ်ပြီး ပြည်သူ့တရားစီရင်မှုကို မလွဲမသွေခံယူရမည့်သူများ ဖြစ်သည်။အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်တကွ အကြမ်းဖက် စစ်ကောင်စီ၏ မတရားဖမ်းဆီးချုပ်နှောင်ခံရသူများ၊ မတရားအမှုဆင် ပြစ်ဒဏ်ချမှတ်ခံရသူများ၊ မတရား ညှင်းပမ်း နှိပ်စက်ခံရသူများ၊ သတ်ဖြတ်ခံသူများ၊ အိုးအိမ်စည်းစိမ် ဖျက်ဆီးခံရသူများ အားလုံးအတွက် တရားမျှတမှုကို ပြန်လည်ရရှိနိုင်စေရေး နှင့် ပြစ်ဒဏ်ခံရထိုက်သူများ ပြစ်ဒဏ်ခံရခြင်းဘေးက ကင်းလွတ်နေသည့် အလေ့အထ(Impunity) ကို အဆုံးသတ်နိုင်ရေး တို့ကို မမေ့မလျော့နှလုံးသွင်းလျက် တော်လှန်ရေးအောင်မြင်ပြီးမြောက်သည်အထိ တစိုက်မတ်မတ် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ကတိပြုပါသည်။အမျိုးသားညီညွတ်ရေးအစိုးရ 

အမျိုးသားညီညွတ်ရေးအစိုးရ၏ (၈၀) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၏ (၈၀) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၇) ရက်  မကြာတော့ခင် အချိန်ကာလမှာ  ၂၀၂၂ ဆိုတဲ့ နှစ်ဟောင်းကုန်ဆုံးပြီး ၂၀၂၃ ဆိုတဲ့ နှစ်သစ်အချိန်ကာလတစ်ခုကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ၂၀၂၂ ဟာ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် ဝမ်းနည်းစရာပေါင်းများစွာကို ဖြစ်စေခဲ့တဲ့ နှစ်တစ်နှစ်ဖြစ်သလို  ပြည်သူတွေရဲ့ မဆုတ်မနစ်တဲ့ ဇွဲသတ္တိ၊ ခံနိုင်ရည်အားတွေနဲ့ တော်လှန်ရေး အင်အားစုတွေရဲ့ ပေါင်းစည်းကြိုးစားနိုင်မှုတွေကို မှတ်ကျောက်တင်ရမယ့် နှစ်တစ်နှစ်လည်း ဖြစ်ခဲ့ပါတယ်။ ဒီလောက် ရက်စက်ကြမ်းကြုတ် လူမဆန်လွန်းပြီး တိုင်းပြည်ဘဏ္ဍာတွေကို စိတ်တိုင်းကျ ချယ်လှယ်ခွင့်ရနေတဲ့ စစ်အာဏာရှင် လူတစ်စုကို တော်လှန်စရာ ဘာလက်နက်မှ မရှိဘဲ ယုံကြည်ချက်တစ်ခုနဲ့  စတင် တွန်းလှန်ခဲ့ကြတဲ့ ပြည်သူတွေဟာ တော်လှန်ရေးရဲ့ ဒုတိယမြောက်နှစ်ကို ကြံ့ကြံ့ခံပြီး ဖြတ်သန်းနိုင်ဖို့ အဆင်ပြေပါ့မလားလို့ ၂၀၂၂ နှစ်အစမှာ စိတ်ပူပန်ခဲ့မိတာ အမှန်ပါပဲ။ ဒါပေမယ့်  ခုချိန်ကာလအထိ မဆုတ်မနစ် ဇွဲကောင်းလွန်းလှတဲ့ မြန်မာပြည်သူတွေဟာ သမိုင်းမှာ မှတ်တမ်းတင်ရမယ့် ပြည်သူတွေဖြစ်တယ်ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။  ဒီလိုပြည်သူတွေအတွက် အောင်မြင်မှုဟာ ထိုက်တန်လွန်းပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အမျိုးသား ညီညွတ်ရေးအစိုးရအနေနဲ့လည်း အောင်မြင်မှုနဲ့ ထိုက်တန်လွန်းတဲ့ ပြည်သူတွေအတွက် အောင်မြင်မှုကို ဆောင်ကြဉ်းပေးနိုင်မယ့် ထိုက်တန်တဲ့အစိုးရဖြစ်ဖို့ လိုပါတယ်။ ဝန်ကြီးတွေအားလုံး မနားမနေ ကြိုးစား ဆောင်ရွက်နေကြတယ်ဆိုတာကို ကောင်းကောင်းနားလည်ပါတယ်။ အရေးကြီးတာက ကျွန်တော်တို့ရဲ့ ဆောင်ရွက်ချက် များဟာ တော်လှန်ရေးအတွက် ရလဒ်ကောင်းကောင်းထွက်နိုင်တဲ့ ကြိုးပမ်းဆောင်ရွက်ချက်များ ဖြစ်ဖို့ လိုပါတယ်။ ဒီလို ဖြစ်နိုင်ဖို့အတွက်လည်း ပြီးခဲ့တဲ့ စက်တင်ဘာလကစပြီး လာမယ့်တစ်နှစ်တာကာလဟာ တော်လှန်ရေးရဲ့ အဆုံးအဖြတ်နှစ်ဖြစ်စေရမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ One Year Plan ကို ရေးဆွဲ စတင်ခဲ့ကြတာဖြစ်ပါတယ်။ ယခု ဒီဇင်ဘာလဟာဆိုရင် One Year Plan ရဲ့ Phase 1 ပြီးဆုံးတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ဒီနေ့အစည်းအဝေးမှာလည်း One Year Plan ရဲ့ Phase 1  လုပ်ဆောင်ပြီးစီးမှု အခြေအနေတွေ၊  ဆက်လက်လုပ်ဆောင်ဖို့ လိုအပ်နေတဲ့ ကိစ္စတွေကို ဆွေးနွေးသွားမယ်လို့ သိရပါတယ်။ ဒါကြောင့် ဝန်ကြီးများအားလုံးလည်း One Year Plan အကောင်အထည်ဖော်မှု အပိုင်းမှာ လိုအပ်ချက်တွေ ရှိနေရင် ဝိုင်းဆွေးနွေး အကြံပြုပေးကြပါ။ နောက်အစိုးရအဖွဲ့အစည်းအဝေးတွေမှာလည်း ဝန်ကြီးဌာနတစ်ခုချင်းစီအလိုက် မိမိတို့ ဌာနအတွင်းမှာ One Year Plan နဲ့ ချိတ်ဆက် စီမံဆောင်ရွက်ထားမှုအခြေအနေတွေကို အစိုးရအဖွဲ့အစည်းအဝေးသို့ ပြန်တင်ပြပေးဖို့အတွက်လည်း တိုက်တွန်းလို ပါတယ်။  လိုအပ်တာတွေ  ရှိရင် အချိန်မှီ ဝိုင်းဝန်း ပြင်ဆင်ပြီး တိုက်တိုက်တွန်းတွန်းနဲ့ ရှေ့ဆက်ကြရမယ့် အချိန်ကာလဖြစ်ပါတယ်။ ကျွန်တော် အမြဲ ပြောခဲ့သလိုပဲ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေအတွက် အချိန်ကာလဟာ အကန့်အသတ်ရှိပါတယ်။ တစ်ပတ်အတွင်း ပြီးရမယ့် အလုပ်က တစ်ပတ်အတွင်း ပြီးဖို့ လိုသလို တစ်လအတွင်း လုပ်ရမယ့် အလုပ်ကလည်း တစ်လအတွင်း ပြီးစီးရမှာ ဖြစ်ပါတယ်။ တော်လှန်ရေးဟာ အသက်တွေ၊ ဘဝတွေ ရင်းပြီး လုပ်ကိုင်နေရတာမို့ ဖြစ်နိုင်သမျှ မြန်မြန်တွန်းနိုင်လေလေ၊ အကြမ်းဖက်စစ်ကောင်စီ အမြန်ပြိုလဲလေလေ ဖြစ်မှာပါ။ ဒီအတွက် နောင်နှစ်မှာ ခွန်အားအသစ်တွေ၊ စိတ်ကူးစိတ်သန်းအသစ်တွေ ထပ်တိုးပြီး ကြိုးပမ်းပေးကြဖို့ အလေးအနက်တိုက်တွန်းလိုပါတယ်။  နောက်တစ်ခု ပြောလိုတာက စာရင်းစစ်ချုပ်က ယာယီသမ္မတကြီးနဲ့ ကျွန်တော့်ဆီကို ပို့ထားတဲ့ ကြားဖြတ်အစီရင်ခံစာ ကိစ္စပါ။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ တော်လှန်ရေးအစိုးရဖြစ်ပေမယ့် စတင်ဖွဲ့စည်းကတည်းက စာရင်းစစ်ချုပ်ကို ထည့်သွင်းဖွဲ့စည်းခဲ့ပြီး ဘဏ္ဍာငွေကြေးဆိုင်ရာ ကိစ္စရပ်တွေကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိနဲ့ စီမံခန့်ခွဲနိုင်ဖို့ စီမံခဲ့ကြတာ ဝန်ကြီးများအားလုံး အသိပဲ ဖြစ်ပါတယ်။ အခုဆိုရင် စာရင်းစစ်ချုပ်ရုံး ဟာလည်း ယာယီသမ္မရုံး၊ ဝန်ကြီးချုပ်ရုံးနဲ့ စာရင်းစစ်ချုပ်အပါအဝင် ဝန်ကြီးဌာနအားလုံးကို ဘဏ္ဍာငွေဆိုင်ရာ ကိစ္စတွေမှာ အမှားအယွင်းမရှိဘဲ စီမံခန့်ခွဲနိုင်ဖို့ နည်းပညာအထောက်အကူများလည်း ကူညီပံ့ပိုးလုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒါဟာ ကျွန်တော်တို့ အစိုးရအတွက် အင်မတန် အရေးကြီးပါတယ်။ ကျွန်တော်တို့ဟာ တော်လှန်ရေးအစိုးရ ဖြစ်ပေမယ့် ကိစ္စရပ်တိုင်း တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်နဲ့ ဆောင်ရွက်နေတယ်ဆိုတာကို ပြည်သူတွေ လက်ခံယုံကြည်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ဟာ ပြည်သူတွေရဲ့ ယုံယုံကြည်ကြည် အပ်နှင်းထားတဲ့ အာဏာနဲ့ ယုံယုံကြည်ကြည် ပေးလှူထားတဲ့ လှူဒါန်းငွေတွေကို တော်လှန်ရေးအတွက် အသုံးပြုနေကြရတာဖြစ်လို့ ပြည်သူတွေရဲ့ ယုံကြည်မှုက အလွန်အရေးကြီးပါတယ်။ ဒီအတွက် အကောင်းဆုံး ဝိုင်းကြိုးစားပေးကြဖို့ တိုက်တွန်းလိုပါတယ်။ နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့ မကြာခင် ရောက်ရှိတော့မယ့် ၂၀၂၃ ခုနှစ်ဟာ ကျွန်တော်တို့ မြန်မာပြည်အတွက် ကံကောင်းခြင်းတွေ ယူဆောင်လာမယ့် နှစ်တစ်နှစ် ဖြစ်တယ်လို့ ယုံကြည်ပါတယ်။ ကံဆိုတာလည်း အလုပ်ပဲဖြစ်တာမို့ ကျွန်တော်တို့ အလုပ်တွေကို ညီညီညွတ်ညွတ်နဲ့ ကြိုးကြိုးစားစား လုပ်ဆောင်ကြပြီး ကျွန်တော်တို့ နိုင်ငံနဲ့ ပြည်သူပြည်သားတွေဆီကို ကံကောင်းခြင်းတွေ သယ်ဆောင်ပေးလာနိုင်တဲ့ တော်လှန်ရေးအစိုးရတစ်ရပ် အဖြစ် ဝိုင်းဝန်းကြိုးပမ်းအားထုတ်ပေးကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ (၈၀) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၏ (၈၀) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

၂၀၂၂ ခုနှစ် ဒီဇင်ဘာ (၂၇) ရက် လာမယ့် နှစ်သစ်အတွက် ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်အားလုံးလည်း ကြိုတင်စီမံသင့်တာတွေ ရှိထားပြီးဖြစ်ကာ ဝန်ကြီးဌာနတိုင်းလည်း အသေးစိတ်လုပ်ငန်းစီမံချက်များ ချမှတ်ပြင်ဆင်ထားပြီလို့ ယုံကြည်ထားပါတယ်။ ယနေ့ အစိုးရအဖွဲ့အစည်းအဝေးမှာ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးတင်ထွန်းနိုင် က One Year Plan - Phase One Action Plan နဲ့ပတ်သက်ပြီး ဆွေးနွေးတင်ပြမယ့် ကိစ္စကိုလည်း ကျွန်တော့်အနေနဲ့ ဝမ်းသာကြိုဆိုကြောင်း ပြောချင်ပါတယ်။ ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်တွေအနေနဲ့ တော်လှန်ရေး တာဝန် / နိုင်ငံရေး တာဝန်တွေနဲ့ အစိုးရတာဝန်တွေကို ယူထားကြတာဖြစ်လို့ ဒီလိုများပြားလှတဲ့ တာဝန်တွေကို မငြီးမငြူဘဲနဲ့ တစိုက်မတ်မတ်တာဝန်ထမ်းဆောင်နေကြတာတွေ့ရလို့ ကျွန်တော့်အနေနဲ့ ခွန်အားရပါတယ်။ တဆက်တည်းမှာ ပြည်ထောင်စုဝန်ကြီးချုပ်အနေဖြင့် ယခုရက်အတွင်း မြေပြင်ရဲဘော်များနှင့် သွားရောက်တွေ့ဆုံတာကို မြင်တွေ့ရခြင်းအတွက် အင်မတန်ပီတိဖြစ်မိပါတယ်။ ထို့အတူ တော်လှန်ရေး ခေါင်းဆောင်များနှင့် မြေပြင်တွင် ယခုလို ထိတွေ့ခြင်းသည်လည်း ကျနော်တို့အချင်းချင်းကြား ယုံကြည်မှုနှင့် တော်လှန်ရေးအတွက် လက်တွဲခိုင်မာမှုကို ပိုမိုတိုးတက်စေပါတယ်။ ခွန်အားရခြင်းနဲ့အတူ ဂုဏ်ယူလေးစားကြောင်းလည်း ပြောချင်ပါတယ်။NUG အစိုးရက နိုင်ငံရေးတပ်ဦးအနေနဲ့ ဦးဆောင်တဲ့ ခုခံတော်လှန်စစ်ဟာ တစုံတရာအတိုင်းအတာအထိ ပြီးမြောက်အောင်မြင်တယ်လို့ ယုံကြည်ပါတယ်။ တောင်တန်းဒေသတွေရဲ့ စစ်ရေးစိုးမိုးနိုင်မှုနဲ့ ပြည်မဒေသ/ အညာဒေသတွေရဲ့ ခုခံတော်လှန်မှုဟာ ထင်မှတ်မထားလောက်အောင် ကြံ့ကြံ့ခံနိုင်စွမ်း ရှိတယ်ဆိုတာ တွေ့ရပါတယ်။ ဒါဟာ ဝမ်းသာစရာ / ပီတိဖြစ်စရာဖြစ်ပါတယ်။ ဒီလို ခုခံတော်လှန်နိုင်မှုဟာ သိပ်ပြီးအရင်းအနှီးကြီးတယ်ဆိုတာလည်း မမေ့ဖို့လိုပါတယ်။ ပျက်စီးသွားတဲ့ စည်းစိမ်ဥစ္စာတွေဟာ ပြန်လည်ရှာဖွေလို့ ရတယ်ဆိုပေမယ့် လူထုက သွေးနဲ့ ချွေးနဲ့ ရင်းထား တဲ့/  တစ်ပြားတစ်ကျပ်က အစ … အင်မတန် တန်ဖိုးရှိပါတယ်။နိုင်ငံရေးအလုပ်ဟာ ခံယူချက်နဲ့ လုပ်ရတဲ့အလုပ်ဖြစ်သလို / ယုံကြည်ချက်နဲ့ လုပ်ရတဲ့အလုပ်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် အသိဉာဏ်အမြော်အမြင်နဲ့ လုပ်ကိုင်ရတဲ့ အလုပ်လည်းဖြစ်တယ်လို့ ခံယူပါတယ်။ နွေဦးတော်လှန်ရေးမှာ ပါဝင်မြှုပ်နှံထားတဲ့ အရင်းအနှီးတွေဟာ တိုင်းတာဖို့ မလွယ်လောက်အောင် များပြားပါတယ်။ တော်လှန်ရေးကာလလည်း (၂) နှစ်ပြည့်တော့မယ်ဆိုတော့  အားလုံးအတွက် အရေးကြီးတဲ့ စကားလေးတစ်ခု ထပ်ပြောချင်ပါတယ်။ အဲဒါကတော့“နိုင်ငံရေးရလဒ်နဲ့ စစ်ရေးရလဒ်” ကိစ္စဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်ထဲမှာ ကျွန်တော်တို့အနေနဲ့ ပီပီပြင်ပြင် ပြတ်ပြတ်သားသား ဖြစ်မယ့် နိုင်ငံရေးရလဒ် တစ်ခုခုကို ထပ်မံပေါ်ထွက်အောင် ကြိုးစားရပါမယ်။ ဒီလို နိုင်ငံရေးရလဒ်မျိုးဟာ လူထုယုံကြည်မှုကိုရဖို့ တစ်ခုတည်းအတွက် မဟုတ်ပါဘူး။ ဖက်ဒရယ်နိုင်ငံတစ်ခု ဖြစ်ထွန်းဖို့အတွက် အရေးကြီးတဲ့ ခြေလှမ်းသစ်ဖြစ်ဖို့လည်း ရည်ရွယ်ပါတယ်။ ဒါ့အပြင် စစ်ရေးရလဒ်မှာ စစ်ကောင်စီရဲ့ ဗဟိုချက်ကို ကိုင်လှုပ်နိုင်မယ့် အောင်မြင်မှုမျိုးကိုလည်း ဖန်တီးနိုင်ဖို့လိုတယ်လို့ ယူဆပါတယ်။ မြန်မာစကား ပုံမှာ “အရင်းလဲ အဖျား ထင်းဖြစ်” ဆိုတဲ့ စကားရှိပါတယ်။ စစ်ကောင်စီရဲ့ လက်တံတွေ/ ဒေါက်တိုင်တွေထဲမှာ အဖျားသား အနားသားတွေကို ထိုးနှက်နေခြင်းထက် ပင်စည်အရင်းကို လှဲပစ်နိုင်ဖို့လည်း အရေးကြီးတယ်လို့ ယူဆပါတယ်။ ၂၀၂၃ ခုနှစ်ဟာ စစ်ကောင်စီရဲ့ ပင်မအရင်းကို တူးဖြိုပစ်ရမယ့် အချိန်ကို ရောက်ပြီလို့ ယုံကြည်ပါတယ်။ ခုခံတော်လှန်စစ်ကို မဟာဗျူဟာကျကျ ဆင်နွှဲတဲ့နေရာမှာ ခုခံရုံနဲ့ မရဘူး၊ စစ်ကောင်စီအရှိုက်ကို ကိုင်လှုပ်နိုင်မယ့် ထိုးစစ်မျိုးကိုလည်း လုပ်ဆောင်ရလိမ့်မယ်လို့ ယူဆပါတယ်။ ပိုမိုပီပြင်တဲ့ စစ်ရေးရလဒ်ထွက်ဖို့အတွက် စစ်ရေးအရ ထောက်ပို့ရေးနဲ့ ဘဏ္ဍာငွေ ရှာဖွေရေးတွေက အလွန်အရေးကြီးပါတယ်။ ကျွန်တော်တို့ NUG အစိုးရရဲ့ ဝန်ကြီးဌာနတစ်ခုဖြစ်တဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနဟာ နွေဦးတော်လှန်ရေးတပ်ဦးရဲ့ အဓိက ထောက်ပံ့ရေးအင်အားစုအဖြစ် မြင်တွေ့ရလို့ ကျွန်တော့်အနေနဲ့ အားရကျေနပ်မိပါတယ်။ ယခုပြီးစီးခဲ့တဲ့ တော်လှန်ရေးရလဒ် အောင်ပွဲတွေဟာ အားလုံးရဲ့ ကြိုးစားအားထုတ်မှုနဲ့ ဖြစ်ပေါ်လာတဲ့ အောင်ပွဲရလဒ်ဖြစ်ပါတယ်။ ဒါဟာ လူထုရဲ့ မျှော်လင့်ချက်ရောင်ခြည်တွေအဖြစ် ကျွန်တော်တို့ ပြောင်းလဲပစ်ရပါလိမ့်မယ်။ နွေဦးတော်လှန်ရေးရဲ့ အောင်ပွဲအရပ်ရပ်သည် ကျွန်တော်တို့ အစိုးရအဖွဲ့ တစ်ခုတည်းရဲ့ အောင်ပွဲ မဟုတ်ပါဘူး။ တော်လှန်ရေးအင်အားစုအားလုံးရဲ့ အောင်ပွဲဖြစ်တယ်။ ပြည်သူလူထုတစ်ရပ်လုံးရဲ့ အောင်ပွဲဖြစ်တယ်။ ကျွန်တော်တို့ဟာ လူထုအားကိုးရတဲ့/ လူထုအားကိုးထိုက်တဲ့ လူထုယုံကြည်ထိုက်တဲ့ ခေါင်းဆောင်တွေဖြစ်အောင် အစဉ်အမြဲ ကြိုးစားအားထုတ်နေရမယ်လို့ ပြောကြားရင်း နိဂုံးချုပ်ပါတယ် ခင်ဗျား…..အရေးတော်ပုံ အောင်ရမည်....

အွန်လိုင်းလူထုတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ပါဝင်တက်ရောက်ဆွေးနွေး

အွန်လိုင်းလူထုတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ပါဝင်တက်ရောက်ဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်သည် CRPH/NUG Support Group-Australia က ကြီးမှူးကျင်းပသော Asia-Pacific Region အွန်လိုင်းလူထု တွေ့ဆုံပွဲသို့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့၊ ညနေ (၁၅:၃၀) နာရီတွင် ပါဝင် တက်ရောက်ဆွေးနွေးခဲ့သည်။တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဌသည် CRPH ၏ လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ဆက်လက်အကောင်အထည်ဖော်ဆောင်မည့် လုပ်ငန်းစဥ်များအပေါ် အကျဥ်းချုပ် ကနဦး ရှင်းလင်းတင်ပြခဲ့သည်။တွေ့ဆုံဆွေးနွေးပွဲတွင် နွေဦးတော်လှန်ရေး၏ နိုင်ငံတကာဆက်ဆံရေးနှင့် သံတမန်ရေး အခြေအနေများ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၌ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတို့နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ တို့အကြား ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ၊ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ်ပါ နိုင်ငံရေးလမ်းပြမြေပုံ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ အကြမ်းဖက်စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲအပေါ် တုံ့ပြန်နေမှုတို့နှင့် စပ်လျဉ်းသည့် မေးခွန်းများကို ဖြေကြားခဲ့သည်။အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်၊ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်၊ လူ့အခွင့်အရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်၊ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်၊ သြစတေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်နှင့် အခြား နိုင်ငံတကာရောက် တော်လှန်ရေးအင်အားစုများ တက်ရောက်ခဲ့သည်။ယင်းတွေ့ဆုံပွဲတွင် တက်ရောက်လာကြသူများက စိတ်ပါဝင်စားစွာဖြင့် မေးမြန်းခဲ့ကြသော မေးခွန်းများ စုစုပေါင်း (၁၂၀)ကျော်ခန့် ရှိခဲ့ပြီး နိုင်ငံခြားရေး၊ စစ်ရေး၊ ဘဏ္ဍာရေး၊ လူ့အခွင့်အရေးနှင့် နိုင်ငံရေးလမ်းပြမြေပုံ စသည်ဖြင့် ကဏ္ဍ (၅)ခုဖြင့် အမေးအဖြေကဏ္ဍကို ပြုလုပ်ခဲ့ပါသည်။ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

မိုးကုတ် ဖက်ဒရယ်ကျောင်း ပညာရေးစုံညီပွဲတော် အခမ်းအနား၌ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် အမှာစကားကောက်နုတ်ချက်

မိုးကုတ် ဖက်ဒရယ်ကျောင်း ပညာရေးစုံညီပွဲတော် အခမ်းအနား၌ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် အမှာစကားကောက်နုတ်ချက်

၂၃ ရက်နေ့ ဒီဇင်ဘာလ ၂၀၂၂ ခုနှစ် ပညာရေးဟာ တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးရဲ့ အခြေခံအုတ်မြစ်ဖြစ်တယ်လို့ ယုံကြည် ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ စစ်အာဏာရှင်စနစ်ဖြစ်ထွန်းခဲ့တာကြောင့် စစ်ရေးအသုံး စရိတ်ဟာ အလွန်အမင်း များပြားပြီး ပညာရေးအသုံးစရိတ်ကတော့ အဆမတန် နည်းပါးခဲ့ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံမှာ ပညာရေးကဏ္ဍဟာ အချို့တဲ့ဆုံးသော အခြေအနေကို ရောက်ခဲ့ပါတယ်။ တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းအတွက် အရေးအကြီးဆုံး ပညာရေးကဏ္ဍဟာ စစ်အစိုးရခေတ် အဆက်ဆက်မှာ စစ်ရေး ကဏ္ဍလို ဦးစားပေးခံရတဲ့ အနေအထားကို မရောက်ခဲ့ပါဘူး။ ပညာရေးမှာလည်း စစ်ဝါဒ ဖြန့်ချိရေး ပြဋ္ဌာန်း/ သင်ကြားချက်တွေက လွှမ်းမိုးခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ဝေဖန်ပိုင်းခြားစိစစ် စဉ်းစားတဲ့ အလေ့အကျင့် အားနည်းခဲ့ပါတယ်။ ဒီလို စစ်ကျွန်ပညာရေးနဲ့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် စစ်အစိုးရအဆက်ဆက်က လုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။ ဒီလို အတိတ်သင်ခန်းစာတွေကို ဆင်ခြင်ပြီး လက်ရှိမြန်မာ့နွေဦး တော်လှန်ရေးမှာ ပညာရေးပြုပြင်ပြောင်းလဲမှုကို တစ်ပါတည်း လုပ်ဆောင်ကြရ ပါလိမ့်မယ်။ ပညာရေးဟာ လူ့အဖွဲ့အစည်းတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ပညာရေးကို ကောင်းစွာတည်ဆောက်ခြင်းဟာ အနာဂတ်တိုင်းပြည်ကို တည်ဆောက်ခြင်းလည်းဖြစ်တယ်။ ဒါ့ကြောင့် စစ်အာဏာရှင်စနစ်တော်လှန်ရေးနဲ့အတူ အနာဂတ် နိုင်ငံတော်သစ်အတွက် ပညာရေးအားဖြင့် တည်ဆောက်ခြင်းကို စနစ်တကျ လုပ်ဆောင်ရမယ်လို့ ယုံကြည်ပါတယ်။ မိုးကုတ်ဖက်ဒရယ်ကျောင်းက လျှောက်လှမ်းနေတဲ့ ရည်ရွယ်ချက်လမ်းစဉ်တွေနဲ့ အခြေခံတန်ဖိုးတွေ ဟာ အနာဂတ်နိုင်ငံတော်သစ်အတွက် ကောင်းစွာသော အထောက်အပံ့ဖြစ်မယ်လို့ ကျွန်တော် ယုံကြည် နေပါတယ်။ အနာဂတ်နိုင်ငံတော်သစ်မှာ ပုံဖော်တည်ဆောက်မယ့် ဖက်ဒရယ်သဘောတရား အခြေခံ တွေကို မိုးကုတ်ဖက်ဒရယ်ကျောင်းက စတင်အုတ်မြစ်ချ သင်ကြားနေတာဟာ ဖက်ဒရယ်နိုင်ငံတော်ကို တည်ဆောက်နေခြင်းလည်း ဖြစ်ပါတယ်။ သင်ကြားရေးစနစ်မှာလည်း ဆရာဗဟိုပြုသင်ကြားမှုတွေ ထက် ကျောင်းသားဗဟိုပြု သင်ကြားရေးနည်းနာတွေကို ဦးစားပေးကျင့်သုံးလိမ့်မယ်လို့ ယုံကြည်ထား ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီစနစ်နဲ့ အသင့်တော်ဆုံးသော လစ်ဘရယ်ပညာရေးစနစ်မှာ ကျောင်းသား ဗဟိုပြုသင်ကြားနည်းတွေကို စနစ်တကျသုံးစွဲကြတာလည်း တွေ့ရပါတယ်။ မိုးကုတ်ဖက်ဒရယ် ကျောင်းမှာ ဒီလိုအခြေခံပညာရေးကျင့်ထုံးတွေကို စနစ်တကျ တည်ဆောက်ထားလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ထားပါတယ်။ ကျွန်တော်တို့ NUG အစိုးရအနေနဲ့လည်း ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အခြေခံပြီး ရေးဆွဲထားတဲ့ ပညာရေးမူဝါဒတွေကို ပြဋ္ဌာန်းထားပါတယ်။ ဝေဖန်ပိုင်းခြားစိစစ်မှုကို အခြေခံတဲ့ ပညာရေးစနစ် အပြင် လွတ်လပ်စွာ စဉ်းစားတွေးခေါ်နိုင်သော ပညာရေးရပ်ဝန်း ဖြစ်ထွန်းပေါ်ပေါက်လာစေဖို့ NUG အစိုးရက ရည်ရွယ်ချက်ထားပါတယ်။ အာဏာရှင်စနစ်ဆိုးကို ပြန်လည်အသက်သွင်းမယ့်အမူအကျင့်ဟောင်းတွေ ဖယ်ရှားရေးကို NUG အစိုးရရဲ့ ပညာရေးဦးတည်ချက်အဖြစ် အလေးထားကြောင်း ပြောလိုပါတယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းဟာ ပညာရေးလွတ်လပ်ခွင့် အပြည့်အဝရရှိရေးကို အလေးထား ကြိုးစား ကြရပါလိမ့်မယ်။ ဒါ့အပြင် ခေတ်ကို ပြုပြင်မယ့် အတွေးအခေါ်သစ်တွေကို ဖိတ်ခေါ်ကြဖို့ လိုပါတယ်။ တက္ကသိုလ်တွေဟာလည်း လွတ်လပ်သော အကယ်ဒမစ်ရပ်ဝန်းဖြစ်ဖို့ လိုတယ်။ ကျောင်းတွေကလည်း လွတ်လပ်သော ပညာသင်ကြားရေးစနစ် အသက်ဝင်ဖို့ လိုပါတယ်။ ပညာရေး နယ်ပယ်က ဆရာ/ ဆရာမတွေ ကိုယ်၌က လွတ်လပ်ခြင်းကို လိုလားနှစ်ခြိုက်နေကြဖို့လည်း အထူး လိုအပ်ပါတယ်။ အနာဂတ်တိုင်းပြည်တည်ဆောက်ရေးဟာ ပညာရေးမှာ ဗဟိုချက်အဖြစ် လာဆုံနေပါတယ်။ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးက အရေးကြီးသလို ပညာရေးပြုပြင်ပြောင်းလဲမှုကိုလည်း အလေးထားလုပ်ကြ ရပါလိမ့်မယ်။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုမှာ ပညာရေးအပြောင်းအလဲ လိုက်ပါမလာရင် လူ့အဖွဲ့အစည်း ရဲ့ အမူအကျင့်နဲ့ အတွေးအခေါ် အပြောင်းအလဲကို မလုပ်ဆောင်နိုင်ပါဘူး။ လူ့အဖွဲ့အစည်းရဲ့ အမူအကျင့် နဲ့ အတွေးအခေါ် ပြောင်းလဲရေးဟာ နိုင်ငံသစ်တည်ဆောက်ရေးနဲ့အတူ ယှဉ်တွဲဖြစ်တည်ရပါလိမ့်မယ်။ သို့မဟုတ်ရင် နိုင်ငံဟာ အဆိုးကျော့သံသရာထဲကို ပြန်ပြီး လည်ထွက်နိုင်ပါတယ်။ ဒါကို သတိပြုပြီး ပညာရေး အပြောင်းအလဲနဲ့အတူ လူမှုတော်လှန်ရေးကိုပါ ရှေ့ရှုကြပါလို့ တိုက်တွန်းလိုပါတယ်။ လက်ရှိ နွေဦးတော်လှန်ရေးမှာ လူငယ်မျိုးဆက်သစ်တွေရဲ့ သတ္တိအားနဲ့ မောင်းနှင်နေရပါတယ်။ တော်လှန်ရေး အလွန်ကာလမှာ – လူငယ်တွေရဲ့ ပညာအားနဲ့ မောင်းနှင်ကြရပါလိမ့်မယ်။ ဒါ့ကြောင့် ယခုအချိန်ကတည်းက အမြော်အမြင်ရှိရှိနဲ့ အနာဂတ်လူငယ်မျိုးဆက်သစ်တွေရဲ့ ပညာအားကို ကြံ့ခိုင်အောင် ပံ့ပိုးတည်ဆောက်ကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ် ခင်ဗျား…..

“ကရင်နှစ်သစ်ကူးနေ့သို့ အမျိုးသားညီညွတ်ရေးအစိုးရမှ ပေးပို့သည့် သဝဏ်လွှာ”

“ကရင်နှစ်သစ်ကူးနေ့သို့ အမျိုးသားညီညွတ်ရေးအစိုးရမှ ပေးပို့သည့် သဝဏ်လွှာ”

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရhttps://nugmyanmar.org၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၂“ကရင်နှစ်သစ်ကူးနေ့သို့ အမျိုးသားညီညွတ်ရေးအစိုးရမှ ပေးပို့သည့် သဝဏ်လွှာ”၁။ ကရင်သက္ကရာဇ် ၂၇၆၂ ခုနှစ် ပြာသိုလဆန်း ၁ ရက်နေ့ ယနေ့တွင် ကျရောက်သည့်  ကရင်နှစ်သစ်ကူးနေ့တွင် ကရင်လူမျိုးအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ ၂။နှစ်သစ်ကူးအချိန်အခါသည် နှစ်ဟောင်းတွင် ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံများကို ပြည်လည် ဆင်ခြင်သုံးသပ်ပြီး နှစ်သစ်တွင် သာ၍ကောင်းမွန်သော ကောင်းကျိုးများ ရရှိရန်အတွက် ခွန်အားသစ်များ မွေးဖွားရသည့် အချိန်ကာလဖြစ်ပါသည်။ နှစ်သစ်ကိုကြိုဆိုရင်း ကရင်လူမျိုးတို့၏ သမိုင်းအဆက်ဆက်က ဂုဏ်ဝင့်ထည်စွာဖြင့် လက်ဆင့်ကမ်းလာခဲ့သော စာပေ၊ ဂီတ၊ အနုပညာ၊ စားဖွယ်သောက်ဖွယ် စုံလင်စွာဖြင့် ပွဲလမ်းသဘင်များ ကျင်းပရမည့် အချိန်ကာလလည်း ဖြစ်ပါသည်။၃။သို့သော်လည်း အကြမ်းဖက်စစ်ကောင်စီ၏ ဖိနှိပ်ချယ်လှယ်မှုများကြောင့် ကရင်ပြည်သူ မြောက်များစွာသည် ဘေးကင်းလုံခြုံမှုမရှိဘဲ စိုးရွံ့ထိတ်လန့်စိတ်ဖြင့် သော်လည်းကောင်း၊ စစ်ဘေးရှောင်ဘဝဖြင့် သော်လည်းကောင်း ကရင်နှစ်သစ်ကူးနေ့ အချိန်အခါအား ဖြတ်သန်းနေကြရသည်ကို များစွာဝမ်းနည်းကြေကွဲ ရပါသည်။၄။အမျိုးသားညီညွတ်ရေးအစိုးရသည် ဤပြည်ထောင်စုအတွင်း စစ်အာဏာရှင်စနစ်ဆိုးကြောင့် ဖြစ်တည်ခဲ့သော ခေတ်အဆက်ဆက် သံသယများ၊ ပဋိပက္ခများကို အပြီးတိုင်ချုပ်ငြိမ်းပြီး တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော စည်းလုံးငြိမ်းချမ်းသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် ကရင်လူမျိုးများနှင့် အတူတကွအတူတကွ လက်တွဲလျှောက်လှမ်းလျက်ရှိပါသည်။၅။၂၇၆၂  ကရင်နှစ်သစ်တွင် ကရင်လူမျိုးအားလုံး ဝမ်းမြောက်ရွှင်လန်းပြီး ကရင်လူမျိုးတို့၏ ရည်ရွယ်ချက် များကို ဆောင်ကျဉ်းပေးသည့် အောင်မြင်မှုများ ရရှိနိုင်ပါစေကြောင်း ဆုတောင်းမင်္ဂလာ ပို့သအပ်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ

“မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက် အဆိုမူကြမ်းအား ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ အတည်ပြုခဲ့ခြင်းနှင့်စပ်လျဉ်း၍  ထုတ်ပြန်ချက်”

“မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက် အဆိုမူကြမ်းအား ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ အတည်ပြုခဲ့ခြင်းနှင့်စပ်လျဉ်း၍ ထုတ်ပြန်ချက်”

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရhttps://nugmyanmar.orgကြေညာချက်အမှတ်(၂၇/၂၀၂၂)၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်“မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက် အဆိုမူကြမ်းအား ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ အတည်ပြုခဲ့ခြင်းနှင့်စပ်လျဉ်း၍  ထုတ်ပြန်ချက်”၁။ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက် အဆိုမူကြမ်းကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အတည်ပြုခဲ့ခြင်းအပေါ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အား ကိုယ်စားပြုသည့် အမျိုးသားညီညွတ်ရေးအစိုးရက ကြိုဆိုပါသည်။ အထူးအားဖြင့် ယင်းအဆိုမူကြမ်းအားပြုစုသည့် လုပ်ငန်းစဉ်၌ ဦးဆောင်ဦးရွက်ပြုခဲ့ပြီး ဆုံးဖြတ်ချက် အဆိုမူကြမ်းအား အတည်ပြုရာတွင်လည်း ထောက်ခံပေးသည့် ဗြိတိန်နိုင်ငံနှင့် အခြား ထောက်ခံသည့် နိုင်ငံများကိုလည်း ကျေးဇူးတင်ရှိကြောင်း ဖော်ပြလိုပါသည်။၂။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ယခုအတည်ပြုခဲ့သည့် ဆုံးဖြတ်ချက်အဆိုကို ထောက်ခံပါသည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ထွန်းကားလာစေရေးအတွက် ထပ်မံတိုးမြှင့် ဆောင်ရွက်သည့်အနေဖြင့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများနှင့် သက်ဆိုင်သူများ အားလုံးက ဤဆုံးဖြတ်ချက်အဆိုပါ အချက်များကို အချိန်နှင့်တစ်ပြေးညီ အကောင်အထည်ဖော် ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းလိုပါသည်။၃။ ဤဆုံးဖြတ်ချက်အဆိုသည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ဆိုးရွားသော အကျပ်အတည်းအတွက် လုံခြုံရေးကောင်စီက အရေးယူဆောင်ရွက်ပေးရာတွင် တိုးတက်မှုတစ်ခုအဖြစ် ပြသနိုင်ရုံသာမက နိုင်ငံတကာ ငြိမ်ချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် စစ်တပ်၏ ခြိမ်းခြောက်နေမှုကိုလည်း ပြသပေးပါသည်။ ထို့အပြင် ဆုံးဖြတ်ချက်အဆိုတွင် လူ့အခွင့်အရေးအား လေးစားလိုက်နာရန်နှင့် တရားဥပဒေစိုးမိုးရေးဖော်ဆောင်ရန် လိုအပ်ကြောင်းကိုလည်း မီးမောင်း ထိုးပြထားပါသည်။ အဓိကအချက်တစ်ခုအနေဖြင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် စစ်တပ်က မတရားဖမ်းဆီးချုပ်နှောင် ထားသည့် အကျဉ်းသားအားလုံးကို ချက်ချင်းလွှတ်ပေးရန် စစ်တပ်ကို တောင်းဆိုကြောင်း ပါရှိပါသည်။ ထို့အတူ ဆုံးဖြတ်ချက်အဆိုတွင် ဒီမိုကရေစီအဖွဲ့အစည်းများနှင့် လုပ်ငန်းစဉ်များကိုလည်း မြန်မာပြည်သူများ၏ ဆန္ဒနှင့် အကျိုးစီးပွားတို့နှင့်အညီ လေးစားရန်လည်း အလေးထား ဖော်ပြထားပါသည်။၄။ ထို့အတူ ယင်းဆုံးဖြတ်ချက်အဆိုတွင် လူသားချင်းစာနာထောက်ထားမှုအကူအညီများကို ပြည့်ပြည့်ဝဝ လုံလုံခြုံခြုံ အဟန့်အတားမရှိ အကူအညီ လိုအပ်နေသူများထံ ပေးအပ်နိုင်ရန် လိုအပ်သည်ကိုလည်း အလေးထား ထည့်သွင်းဖော်ပြထားပါသည်။ တစ်ဆက်စပ်တည်းမှာပင် ရိုဟင်ဂျာဒုက္ခသည်များနှင့် ပြည်တွင်းနေရပ်စွန့်ခွာသူများ အနေဖြင့်လည်း ၎င်းတို့၏ ဆန္ဒအလျောက် ဘေးကင်းလုံခြုံစွာ၊ သိက္ခာရှိစွာနှင့် ရေရှည်တည်တံ့ခိုင်မြဲစွာ နေရပ်ပြန်လည် သွားရောက်နိုင်‌ရေးအတွက် လိုအပ်သည့် အခြေအနေများကို ဖန်တီးပေးရန်လည်း အလေးထား ဖော်ပြထားပါသည်။ ထိုမျှမက ဆုံးဖြတ်ချက်အဆိုတွင် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ဘုံသဘောတူညီချက် (၅) ရပ်ကိုလည်း ထိရောက်စွာနှင့် လျင်မြန်စွာ ချက်ချင်းအကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် အကောင်အထည် ဖော်မှုလုပ်ငန်းစဉ် အတွက် ကုလသမဂ္ဂက ထောက်ပံ့ပေးနိုင်မည့် အခြေအနေနှင့်ပတ်သက်၍ လုံခြုံရေးကောင်စီထံ နှုတ်ဖြင့် အစီရင်ခံတင်ပြရန်လည်း ထည့်သွင်း တောင်းဆိုထားပါသည်။ ၅။ ဤဆုံးဖြတ်ချက်အဆိုတွင် ဖော်ပြပါ အပြုသဘောဆောင်သည့် အချက်အလက်များ ပါဝင်နေသည့်တိုင် မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရက မျှော်မှန်းထားသည့် အချက်များ များစွာ ပါဝင်လာမှု မရှိသေးသည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် အထွေထွေညီလာခံတို့က ဤဆုံးဖြတ်ချက်အဆိုအပေါ်အခြေပြုကာ စစ် အာဏာရှင်စနစ်နှင့် ၎င်း၏ ရာဇဝတ်မှုများကို အပြီးတိုင် အမြန်ချုပ်ငြိမ်းရေးအတွက် ထို့ထက်ပို၍ ခိုင်မာသော လုပ်ဆောင်ချက်များကို အချိန်မီဆောင်ရွက်ကြပါရန် မြန်မာပြည်သူများကိုယ်စား အမျိုးသားညီညွတ်ရေးအစိုးရက တောင်းဆိုအပ်ပါသည်။ အဓိကအားဖြင့် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မိတ်ဖက်အဖွဲ့အစည်းများနှင့် မြန်မာပြည်သူများနှင့်အတူ အကျိုးတူပူးပေါင်းကာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ထောင်ရေးလုပ်ငန်းစဉ်၊ ရိုဟင်ဂျာများ နေရပ်ပြန်လည် လာရောက်နိုင်ရေးအတွက် အထောက်အကူဖြစ်စေမည့် ပတ်ဝန်းကျင်အား ဖန်တီးပေးရေး၊ လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ အမှန်တကယ် လိုအပ်နေသူများထံ ရောက်ရှိရေးနှင့် နိုင်ငံတကာရာဇဝတ်မှုဥပဒေအား ချိုး‌ဖောက်မှုများအတွက် တာဝန်ခံမှုရှိစေရေးတို့အတွက် နိုင်ငံတကာကူညီထောက်ပံ့မှု များကို ထပ်လောင်းတောင်းဆိုပါသည်။၆။ ဤနေရာတွင် မြန်မာပြည်သူလူထု၏ ဆန္ဒနှင့် အကျိုးစီးပွားမှာ ရှင်းလင်းမြင်သာ၍ ထင်ရှားပါသည်။ ထိုသို့ သိသာထင်ရှားစေရန် ရဲစွမ်းသတ္တိပြည့်ဝသည့် သန်းပေါင်းများစွာသော မြန်မာပြည်သူများက တစ်ဦးချင်းအလိုက် ဆန္ဒထုတ်ဖော်ပြသခြင်း၊ လူထုအထွေထွေသပိတ်အား ဆက်လက်ပြုလုပ်နေခြင်း၊ ၎င်းတို့၏ ကျေးရွာများနှင့် မိသားစုများကို စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များမှ အကာအကွယ်ပေးခြင်းတို့ဖြင့် နေ့စဉ်နှင့်အမျှ ဆက်လက် ထုတ်ဖော်ပြသလျက်ရှိပါသည်။ သို့ဖြစ်ရာ ယခုဆုံးဖြတ်ချက်အဆိုသည် ၎င်းတို့အတွက် အထောက်အပံ့ ဖြစ်စေသည့် ခြေလှမ်းတစ်ခုအဖြစ် ကြိုဆိုပါသည်။ ဤအတည်ပြုခဲ့သည့် ဆုံးဖြတ်ချက်အဆိုသည် မြန်မာနိုင်ငံနှင့် စပ်လျဉ်း၍ လုံခြုံရေးကောင်စီ၏ လုပ်ငန်းကို စတင်ခြင်းပင်ဖြစ်ပါသည်။ မြန်မာနိုင်ငံအရေးကိစ္စနှင့် ပတ်သက်၍ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို မြန်မာကိုယ်စားလှယ်များနှင့် ပြည်သူများထံမှ တိုက်ရိုက်လက်ခံရယူ၍ ယခုကိစ္စအား ဦးစားပေးအဖြစ် လုံခြုံရေးကောင်စီက ထိရောက်စွာ ပုံမှန်ကိုင်တွယ်ဆောင်ရွက်သွားရန်လိုအပ်ပါသည်။ အဓိကအားဖြင့် မြန်မာပြည်သူများ၏ အသက်အိုးအိမ်များကို ကယ်တင်ရန်နှင့် ဒေသတွင်းမတည်မငြိမ်ဖြစ်မှုအား ကာကွယ်ထိန်းသိမ်းရန် လုံခြုံရေးကောင်စီ၏ တိကျခိုင်မာပြတ်သားသော ဆုံးဖြတ်ချက်ကို အထူးလိုအပ်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ

နှစ်သစ်ကူး ပူးတွဲ ထုတ်ပြန်ကြေညာချက် ထုတ်ပြန်နိုင်ရေး NUCC နှင့် NUG ဆွေးနွေး

နှစ်သစ်ကူး ပူးတွဲ ထုတ်ပြန်ကြေညာချက် ထုတ်ပြန်နိုင်ရေး NUCC နှင့် NUG ဆွေးနွေး

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ (၂၁) ရက်နှစ်သစ်ကူး ပူးတွဲ ထုတ်ပြန်ကြေညာချက် ထုတ်ပြန်နိုင်ရေးအတွက်  အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၁) ရက်နေ့၊ နေ့လယ် (၁) နာရီတွင် တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံဆွေးနွေးပွဲသို့ NUG မှ ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် ပြည်ထောင်စုဝန်ကြီးများတက်ရောက်ခဲ့ကြပြီး NUCC အဖွဲ့ဝင် အဖွဲ့အစည်းများမှ ကောင်စီဝင်များ စုံညီစွာ တက်ရောက်ခဲ့ကြသည်။အစည်းအဝေးတွင် ပြည်သူ့တော်လှန်ရေးဆိုင်ရာ နှစ်သစ်ကူး ပူးတွဲ ထုတ်ပြန်ကြေညာချက် ထုတ်ပြန်ရေးအတွက် သဘောတူညီခဲ့ကြပြီး၊ အခြားသော မဟာမိတ်နှင့် မိတ်ဖက်အဖွဲ့အစည်းများ ပါဝင်ရန်အတွက် ဖိတ်ခေါ်ရေးကိစ္စကိုလည်း ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ ပူးတွဲထုတ်ပြန်ကြေညာချက်နှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးအတည်ပြုခဲ့ကြသည်။