ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (၂) နှစ်ပြည့် အခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်း

၂၀၂၃ ခုနှစ် မတ်လ (၃၁) ရက် 

ပထမဦးစွာ ကျွန်တော့်အနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (၂) နှစ်ပြည့်အခမ်းအနားမှာ  လူမျိုးစု ခေါင်းဆောင်အသီးသီးနဲ့ တော်လှန်ရေးအင်အားစုအသီးသီးက ကိုယ်စားလှယ်များ/ ခေါင်းဆောင်များကို  တစ်ညီတစ်ညွတ်တည်း တွေ့ခွင့်ဆုံခွင့်ရလို့ အထူး ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြောလိုပါတယ်။ တစ်ဆက်တည်းမှာ ယခု တက်ရောက်လာသော ကိုယ်စားလှယ်များ၊ ခေါင်းဆောင် များကို နွေဦးတော်လှန်ရေး ဘက်တော်သားများအဖြစ် အလေးအမြတ် ဦးညွှတ်ကြောင်း ပြောကြားချင်ပါတယ်။ 

ကျွန်တော့်အနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အပေါ် လူထုရဲ့ နားလည်လက်ခံထားမှုကို အနည်းငယ် ပြောကြားချင်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ဟာ နွေဦးတော်လှန်ရေးကာလ အတွင်းမှာ ပေါ်ထွန်းလာခဲ့တဲ့ နိုင်ငံရေးပဋိညာဉ်တစ်ရပ်ဖြစ်ပါတယ်။ ဒါ့အပြင် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်ဆီကို ဦးတည်လျှောက်လှမ်းတဲ့နေရာမှာ နိုင်ငံရေးလမ်းပြမြေပုံအဖြစ် တည်ရှိနေပါတယ်။ ထိုနည်းတူစွာပဲ လွတ်လပ်ပွင့်လင်း၍ တရားမျှတသော၊ တန်းတူညီမျှသော လူ့ဘောင်အဖွဲ့အစည်း ကို စနစ်တကျ တည်ထောင်ဖို့ ရည်ညွှန်းထားတဲ့ အခြေခံမူ အပေါင်းအစုလည်း ဖြစ်ပါတယ်။ လူထုကိုယ်၌က ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အပေါ်မှာ ဒီလို နားလည်ထားသလို၊ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရကလည်း လူထုသဘောထားနဲ့ ထပ်တူ နားလည်လက်ခံထားကြောင်း ပြောကြားလိုပါတယ်။ 

တော်လှန်သော လူထုလှုပ်ရှားမှုလှိုင်းလုံးကြီးထဲမှာ လူထုရဲ့ အင်နဲ့ အားနဲ့ တော်လှန်မှုကို ကျွန်တော်တို့ အားလုံး ထင်ထင်ရှားရှား မြင်တွေ့ရပြီး ဖြစ်ပါတယ်။ ဒီလို လူထုလှုပ်ရှားမှုအတွင်းမှာ တော်လှန်ရေး အင်အားစုအားလုံး ဝိုင်းဝန်း သဘောညီထားတဲ့ နိုင်ငံရေးဘုံသဘောတူညီချက် တစ်ခုဟာ မဖြစ်မနေ ရှိထားရပါလိမ့်မယ်။ ဒီလိုအပ်ချက်ကြောင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ ပေါ်ထွက် လာတာဖြစ်သလို ဒီလိုအပ်ချက်ကြောင့်ပဲ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ဟာ ခြေခြေမြစ်မြစ် ပေါ်ထွက်လာရခြင်း ဖြစ်တယ်လို့ ပြောချင်ပါတယ်။ 

နွေဦးတော်လှန်ရေးဟာ လူထုရဲ့ လွတ်လပ်ခွင့်နဲ့ လူထုရဲ့ အကျိုးစီးပွားကို အခြေခံပြီး ပေါ်ထွက် လာတဲ့ လူထုတော်လှန်ရေးကြီးဖြစ်ပါတယ်။ အုပ်စုအကျိုးစီးပွားတွေနဲ့ ဖြစ်ပေါ်လာတဲ့ တော်လှန်ရေး မဟုတ်ဘူးဆိုတာကို ပြတ်ပြတ်သားသား နားလည်ထားကြဖို့ လိုပါတယ်။ အုပ်စုအသီးသီးရဲ့ အကျိုးစီးပွားအတွက် မဟုတ်ဘဲ လူထုရဲ့ လွတ်လပ်ခွင့်အတွက်သာ ကျွန်တော်တို့ဟာ တိုက်ပွဲ ဝင်နေခြင်းဖြစ်ပါတယ်။ လူထုရဲ့ အကျိုးစီးပွားအတွက်သာ တော်လှန်နေခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း အင်မတန် ကျယ်ပြန့်သော / အင်မတန် အင်အားကြီးသော လူထုလှုပ်ရှားမှုပုံစံကို အလျင်အမြန် ရောက်ရှိလာခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အားလုံးပါဝင်ရေးမူကို ကိုင်စွဲသလို၊ စုပေါင်းခေါင်းဆောင်မှု စံနှုန်းကိုလည်း အခြေပြုထားပါတယ်။ ဒီနေရာမှာ လက်တွေ့ကျကျ မလုပ်နိုင်တာတွေနဲ့ အကန့်အသတ်တွေ ရှိနေတယ်ဆိုတာလည်း သတိချပ်ဖို့ လိုပါတယ်။ ဒါပေမယ့် ဘယ်လိုပဲ အကန့်အသတ်တွေ ရှိနေပါစေ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီရဲ့ စုဖွဲ့မှုနဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို စနစ်တကျ ဆွေးနွေးအတည်ပြု ပြဋ္ဌာန်းနိုင်ခြင်းဟာ အောင်မြင်မှု တစ်ရပ်ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ 

ကျွန်တော်တို့ဟာ မူအပေါ်မှာ အခြေခံတဲ့ နိုင်ငံရေးလျှောက်လမ်းကို စနစ်တကျ လျှောက်လှမ်း နေပါတယ်။ တော်လှန်ရေးကာလအတွင်းမှာ အခြေခံမူကောင်းတွေနဲ့ ထိန်းကွပ်ဦးဆောင်နိုင်စွမ်းရှိဖို့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို နိုင်ငံရေးအခြေခံမူတွေအဖြစ် ကိုင်စွဲပြီး လျှောက်လှမ်းနေပါတယ်။ ယခု တက်ရောက်လာတဲ့ ခေါင်းဆောင်အသီးသီး၊ ကိုယ်စားလှယ်အသီးသီးကလည်း ဖက်ဒရယ် ဒီမိုကရေစီပဋိညာဉ်ပါ အခြေခံမူတွေကို လေးစားတန်ဖိုးထားကြတဲ့သူတွေ ဖြစ်ကြောင်း ကျွန်တော့် အနေနဲ့ အလေးအနက် ယုံကြည်ထားပါတယ်။ 

နိဂုံးချုပ်အနေနဲ့ ပြောချင်တာကတော့ နွေဦးတော်လှန်ရေး လူထုလှုပ်ရှားမှုကြီးကို ဦးဆောင်ရာမှာ ကျွန်တော်တို့ အားလုံးဟာ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ အခြေခံမူတွေကို ဗဟိုပြုပြီး ခေါင်းဆောင်မှု ပြုကြပါလို့ အထူး တိုက်တွန်းလိုပါတယ်။ ဒါ့အပြင် စစ်အာဏာရှင်စနစ် အမြစ်ပြတ် သုတ်သင်ချေမှုန်းရေးအတွက် မူကိုအခြေခံသော တော်လှန်ရေးတိုက်ပွဲကို ဆင်နွှဲနေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို စစ်အာဏာရှင်တော်လှန်ရေးအတွက် မိစ္ဆာနှင်တဲ့ကမ္မဝါစာအဖြစ် အသုံးချ တိုက်ပွဲဝင်ရပါလိမ့်မယ်။ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ဟာ တော်လှန်ရေးအင်အားစုအားလုံး သဘောညီထားတဲ့ နိုင်ငံရေးသဘောတူညီချက်တစ်ခုဖြစ်သလို၊ အနာဂတ်နိုင်ငံတော်သစ်ရဲ့ လမ်းစဉ်မူဝါဒတွေဖြစ်ကြောင်း အတည်ပြု ပြောကြားရင်း နိဂုံးချုပ် အပ်ပါတယ် ခင်ဗျား…..

အရေးတော်ပုံမုချအောင်ရမည်...