အမျိုးသားညီညွတ်ရေးအစိုးရ၏ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ် (၁၃/၂၀၂၃)တွင် ပြောကြားသည့် ပြည်ထောင်စုဝန်ကြီးချုပ်၏ အဖွင့်မိန့်ခွန်း

(၂၀၂၃ ခုနှစ်၊ မတ်လ ၃၀ ရက်)

           ဒီနေ့ (၁၃/၂၀၂၃) အစည်းအဝေးကို လုပ်ငန်းတာဝန်တွေ များပြားတဲ့ကြားကနေ မပျက်မကွက် တက်ရောက်ပေးနေကြတဲ့ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် အတွင်းဝန်များအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။ အလားတူပဲ မြေပြင်မှာ ပဋိပက္ခတွေတင်းမာနေတဲ့ မြို့နယ်တွေထဲကတစ်ခုဖြစ်တဲ့ ရေစကြိုမြို့နယ်နဲ့ ဗဟိုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် အတွင်းဝန်တွေ တွေ့ဆုံဆွေးနွေးကြတယ်လို့ သိရတဲ့အတွက်လည်း ဝမ်းမြောက် မိပါတယ်။ ဒီလိုတွေ့ဆုံခြင်းအားဖြင့် မြေပြင်မှာဖြစ်နေကြတဲ့ တင်းမာမှုတွေကိုလည်း အတော်အတန် လျော့ချနိုင်လိမ့်မယ်လို့ ယူဆပါတယ်။ ဒါပေမယ့်လည်း လုံးဝပြေလည်သွားတဲ့အထိ ဆောင်ရွက်ပေး နိုင်ဖို့ကိုလည်း ဆက်လက်ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကာကွယ်ရေးဝန်ကြီးဌာန အနေနဲ့ လည်း ရေစကြိုမှာဖြစ်နေတဲ့ ပြသနာတွေနဲ့ပက်သက်ပြီး အမြန်ဆုံးဆက်လက် ဆောင်ရွက်ပေးဖို့ လိုအပ် မှာဖြစ်ပါတယ်။ အဲ့ဒီလို မြေပြင်ရဲ့အခက်အခဲနဲ့ ပဋိပက္ခတွေကို ပြေလည် အောင်ဖြေရှင်းဖို့ ကြိုးပမ်းတဲ့ နေရာမှာ မြို့နယ်တစ်ခုချင်းစီရဲ့ ပကတိအခြေအနေအမှန်ကို သိရှိထား ကြဖို့ကလည်း  ပြဿနာများကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခု ဖြစ်တာကြောင့်   မြေပြင်ရဲ့ သတင်း အချက်အလက်များကို ပြုစုထားဖို့ အမြဲမပြတ် ညွှန်ကြားချက်တွေ ပေးနေရခြင်း ဖြစ်ပါတယ်။

        ဒီလအတွင်းမှာ media ပေါ်ထိတက်လာတဲ့ ကိစ္စတွေလည်း ရှိနေသလို တိုင်စာတက်လာတဲ့ ကိစ္စတွေလည်း ရှိနေပါတယ်။ ဝက်လက် PDF အမှတ် (၂) တပ်ရင်းက လက်နက်တပ်ဆင်ရန်အတွက် တစ်အိမ်လျှင် ငွေကျပ် ၂၀၀၀၀ နှုံးကောက်ခံနေမှုကိုလည်း တာဝန်ရှိသူတွေအနေနဲ့ သေသေချာချာ စုံစမ်း မေးမြန်းပြီး နောင်ကိုမဖြစ်ရအောင် စီမံဆောင်ရွက်သွားဖို့ လိုပါတယ်။ ဒီလိုပဲ ပခုက္ကူမှာလည်း ဖမ်းပြီးငွေကြေးတောင်းခံတဲ့ ပြဿနာက တော်တော်သတင်းတွေထွက်လာတာ ရှိပါတယ်။ ဒါတွေနဲ့ ပါတ်သက်ပြီးလည်း အတွင်းရေးမှူးအဖွဲ့အနေနဲ့ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန်နဲ့ပါ သေချာ ညှိနှိုင်းတိုင်ပင်ပြီး အမြန်ဆုံးဆောင်ရွက်သင့်ပါတယ်။ အကယ်၍ နောက်ပိုင်းမှာ မူဝါဒခိုင်ခိုင်မာမာနဲ့ တာဝန်ရှိသူအဆင့်ဆင့်က စီမံဆောင်ရွက်နိုင်ပြီဆိုရင်တော့ ဗဟိုကော်မတီအထိ ပါဝင်နေစရာ မလိုတော့ပေမယ့် အခုလိုကာလမျိုးမှာတော့ ပင်ပန်းကြပေမယ့်လည်း ပိုပြီးထိရောက်မှုရှိအောင် အတွင်းရေးမှူးအဖွဲ့ဝင်များက ကြိုးစားပေးကြဖို့ တိုက်တွန်းလိုပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာပဲ ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေအရပ်ရပ်ကို ပြန်လည်သုံးသပ် ကြည့်မယ် ဆိုရင် အကြမ်းဖက်စစ်တပ်ဟာ အင်အားချိနဲ့နေပြီဆိုတာ ပိုပြီးပေါ်လွင်လာပါတယ်။ တိုက်ပွဲတိုင်းမှာ ပြန်လည်တိုက်ခိုက်ဖို့ထက် လက်နက်ချအညံ့ခံတဲ့နည်းလမ်း ဒါမှမဟုတ် တပ်ဆုတ်ထွက်ပြေးတဲ့ နည်းလမ်းကို လက်တွေ့ပိုပြီး ကျင့်သုံးလာတာကို တွေ့ရှိရပါတယ်။ ကျွန်တော်တို့ ဘက်ကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနဲ့ စစ်ရေးစစ်ရာမှာ အတွေ့အကြုံများစွာ ကြွယ်ဝနေပြီးဖြစ်တဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲညီညီ ပူးပေါင်းတိုက်စစ်ဆင် ဖော်ဆောင်နိုင်မှုတွေကိုလည်း ကျယ်ပြန့်စွာ လုပ်ဆောင်လာနိုင်တာကို တွေ့ရတဲ့အတွက် ဝမ်းမြောက် ဝမ်းသာ ဖြစ်ရပါတယ်။ ဒါဟာ အနာဂတ်မှာ ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာစေမယ့် ပထမဆုံး ခြေလှမ်းလို့ဆိုရင်လည်း မမှားနိုင်ပါဘူး။ 

အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားတဲ့ (၂) နှစ်ကျော် ကာလအတွင်းမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ စီးပွားရေး၊ လူမှုဘဝ အဆင့်အတန်းများ၊ ပြည်သူ့ဝန်ဆောင်မှုများ ပြိုကျ ပျက်စီးခဲ့ရသလို ဒေသတွင်းအတွက်လည်း မတည်ငြိမ်မှုတွေကို ဖြစ်ပေါ်စေပါတယ်။ ဒါပေမယ့် စစ် ကောင်စီဟာ လက်တွေ့ဖြစ်ပျက်နေတာတွေ၊ ပျက်စီးပြိုလဲနေတာတွေ၊ အရှက်တကွဲ ရှုံးနိမ့်မှုတွေကို လိမ်ညာဖုံးကွယ်ပြီး၊ အာဏာကို မစွန့်လွတ်ရစေရေးအတွက် မိုက်မဲတဲ့လုပ်ရပ်တွေကို ဆက်လက် ကျူးလွန်လျက်ရှိနေတာကို တောင်ပေါ်နဲ့ အညာမြေပြန့်၊ ကျေးလက်နဲ့ မြို့ပြမကျန် ခံစားနေရတာ ဖြစ်ပါတယ်။ ပြည်သူတွေကတော့ စစ်မိစ္ဆာတွေလက်အောက် ဘယ်တော့မှမနေဘူး ဆိုတာကို သူတို့ရဲ့ အနစ်နာခံမှုတွေ၊ ပေးဆပ်မှုတွေ၊ ဝေမျှထောက်ပံ့မှုတွေကနေ မြင်တွေ့နိုင်ပြီး ဒီလို ဉာဏ်ပညာ၊ သတ္တိနဲ့ ပေးဆပ်မှုတွေကပဲ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တော်လှန်ရေးအတွက်၊ ရှေ့ဆက်ပြီး လုပ်ဆောင်သွားရမယ့် အလုပ်တွေအတွက် ပိုမိုအားရှိစေတဲ့ ခွန်အားတွေ ဖြစ်ရပါတယ်။ ဒီနေရာမှာ ပြည်သူ့ကာကွယ်ရေးအင်အားစုများ၊ အစိုးရနဲ့ ပုဂ္ဂလိကဝန်ထမ်း CDM များ၊ ပြည် သူ့အုပ်ချုပ်ရေး၊ ဝန်ဆောင်မှုပေးရေးအတွက် လုပ်ဆောင်နေသူများမှသည် ဒေသအကျိုးအတွက် ဖိအားအမျိုးမျိုး၊ အခက်အခဲအမျိုးမျိုးကြားက နိုင်ရာတာဝန်ယူပေးနေကြတဲ့ ပြည်သူများအားလုံးရဲ့ မဆုတ်မနစ် ကြိုးပမ်းမှုများအတွက်လည်း ဂုဏ်ယူလေးစားကြောင်း ပြောလိုပါတယ်။ 

ကျွန်တော်တို့အနေနဲ့လည်း ကြားကာလအုပ်ချုပ်ရေးကို စီမံဆောင်ရွက်တဲ့နေရာမှာ ဝန်ကြီး ဌာနတွေဟာ အရင်းအမြစ်နည်းနည်းနဲ့ စုစုစည်းစည်း ကြိုးစားဆောင်ရွက်နေကြရတာ ဖြစ်ပါတယ်။ အုပ်ချုပ်ရေးနှင့် ပြည်သူ့လိုအပ်ချက်များပံ့ပိုးရေး၊ ဝန်ဆောင်မှုပေးရေးတို့ဟာ ကြီးမားကျယ်ပြန့်တဲ့ တာဝန်များဖြစ်ပါတယ်။ အစိုးရတစ်ရပ်ကဲ့သို့ ဝန်ထမ်းယန္တရားကြီး တစ်ခုလုံးကို လည်ပတ် ဆောင်ရွက်နေရတာ မဟုတ်တဲ့အတွက် လိုအပ်ချက်တွေရှိနိုင်ပေမယ့် တတ်နိုင်သမျှ စနစ်လည်းကျ၊ အလုပ်လည်းဖြစ်နိုင်ဖို့  ကြိုးစားရမှာဖြစ်ပါတယ်။ ကြားကာလကော်မတီမှ ဝန်ကြီးဌာနများ အနေနဲ့  လည်း လက်ရှိလုပ်ဆောင်မှုများကို  အချိန်နဲ့တပြေးညီ လုပ်ဆောင်ရင်း ပိုမိုကောင်းမွန်မယ့် မူဝါဒ ညွှန်ကြားချက်တွေနဲ့ စီမံအုပ်ချုပ်နိုင်ဖို့အတွက်လည်း အမြဲမပြတ် စဉ်းစားလုပ်ဆောင်နေကြဖို့ အကြံပြုတိုက်တွန်းလိုပါတယ်။

       နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့ ကြားကာလပြည်သူ့အုပ်ချုပ်ရေးဆိုတာ အခက် ခဲဆုံး၊ အကြမ်းတမ်းဆုံး အခြေအနေမှာ လမ်းဖောက်ရတာဖြစ်လို့ ချောမွေ့မှုတော့ ရှိမှာမဟုတ်တာ ကို နားလည်လက်ခံထားပြီးသားဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့အစိုးရ တာဝန်ရှိသူများ အချင်းချင်းအကြားမှာ ခိုင်မာတဲ့ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန်လေးစားမှုတွေနဲ့သာ ဆောင်ရွက် သွားမယ်ဆိုရင် ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းနေပါစေ ကောင်းမွန်တဲ့ ရလဒ်များကို ဖော်ဆောင် နိုင်မှာ ဖြစ်ကြောင်း အားပေးပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။