အမျိုးသားညီညွတ်ရေးအစိုးရ ၁၂ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

တော်လှန်ရေးအင်အားစုတွေကို အမြစ်ဖြတ်ချေမှုန်းမယ်ဆိုတဲ့ စကားဟာ စစ်အုပ်စုရဲ့ ကြောက်စိတ် ကို ဖော်ပြနေတယ်ဆိုတာထင်ရှားလို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား
မတ် ၂၈ ၊ ၂၀၂၃

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၁၂ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာပြုလုပ် ခဲ့ကြ ပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

ယာယီသမ္မတ ဒူဝါလရှီးလက  ‘ဒီသတင်းပတ်ဟာ အစ္စလာမ် ဘာသာ၀င်တွေရဲ့  ရာမာဒန်ဥပုသ် ရာသီရဲ့ အစဖြစ်ပါတယ်။ ဒါကြောင့် တော်လှန်ရေးမှာ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ပါ၀င်ကူညီပေးနေကြတဲ့ အစ္စလာမ်ဘာသာ၀င်တွေ အပါအ၀င်၊ မြန်မာပြည်အတွင်း မှီတင်းနေထိုင်ကြတဲ့ အစ္စလာမ်ဘာသာ၀င်တွေရော၊ ကမ္ဘာအနှံ့မှာ ပျံ့နှံ့နေကြတဲ့ မြန်မာပြည်ဖွား အစ္စလာမ်ဘာသာ၀င်အားလုံး ရာမာဒန်ဥပုသ်လမှာ အေးချမ်းစွာ ဥပုသ်စောင့်တည်နိုင်ကြပါစေလို့ ဦးစွာဆုတောင်း မေတ္တာပို့သချင်ပါတယ်။ တဆက်တည်းမှာပဲ စစ်ကောင်စီဟာ နေ့စဥ်နေ့တိုင်း လူမျိုးပေါင်းစုံကို အကြမ်းဖက် သတ်ဖြတ် နေပြီး၊ လူ့အခွင့်အရေးတွေကို နည်းမျိုးစုံနဲ့ ချိုးဖောက်ဖျက်ဆီးနေတာကို အားလုံးသိကြပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ တဖက်မှာတော့ နိုင်ငံတကာ စာမျက်နှာမှာ ပြန်လည်၀င်ဆံ့လာဖို့နဲ့ သူတို့ လုပ်မယ့် ဟန်ပြရွေးကောက်ပွဲကို အထောက်အပံ့ရစေဖို့အတွက် ရိုဟင်ဂျာ လူမျိုးတွေကို ပြန်လည် လက်ခံဖို့ ကြိုးစားနေတာကို တွေ့ရပါတယ်။ ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ရိုဟင်ဂျာမျိုးနွယ်တွေအပေါ်မှာထားတဲ့ သဘောထားကတော့ ၂၀၂၁ ခုနှစ်ကတည်းက ထုတ်ပြန်ထားခဲ့တဲ့ “ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ ပြည်သူများဆိုင်ရာ မူ၀ါဒသဘောထား” အတိုင်းပဲဖြစ်ပါတယ်။ ဒါကြောင့်ရိုဟင်ဂျာ ပြည်သူတွေ အနေနဲ့ မိမိတို့နေရပ်သို့ မိမိတို့ ကိုယ်ပိုင်ဆန္ဒသဘောဖြင့် ဂုဏ်သိက္ခာရှိရှိ ပြန်လည် အခြေချနေထိုင်ဖို့ လုပ်ဆောင်ပေးနိုင်တဲ့ အခြေအနေတခုကို ရောက်တာနဲ့ တပြိုင်တည်းမှာပဲ ကျနော်တို့ အမျိုးသား ညီညွတ်ရေးအစိုးရအနေနဲ့  ကူညီလုပ်ဆောင်ပေးသွားမယ်လို့ ထပ်မံပြောကြားလိုပါတယ်။ ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီဟာ တိုင်းရင်းသားအဖွဲ့အစည်းအချို့နဲ့ တွေ့ဆုံပြီး အတုအယောင် ငြိမ်းချမ်းရေးညီလာခံကို ဖန်တီးဖို့လုပ်ဆောင်နေတာကို တွေ့မြင်နေရပါတယ်။ ဖက်ဆစ်စစ်တပ် ဟာ သူတို့ရဲ့ ပြုမူနေကြ အလေ့အထအတိုင်းပဲ တိုင်းရင်းသားတွေအကြားမှာ နည်းမျိုးစုံနဲ့ သွေးခွဲ သပ်လျှိုဖို့ ကြိုးစားနေတယ်ဆိုတာကို လယ်ပြင်မှာ ဆင်သွားသလို အထင်အရှားပဲ တွေ့မြင်နေရ ပါတယ်။ ဒါကြောင့် ကျနော်တို့အားလုံး စစ်တပ်ရဲ့ ထောင်ချောက်ကို သတိကြီးကြီးနဲ့ စောင့်ကြည့် နေရမဲ့ အချိန်လည်းဖြစ်ပါတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေအားလုံးကိုလည်း အကြမ်းဖက် စစ်တပ်ရဲ့ လုပ်ရပ်တွေကို သတိကြီးစွာထားကြဖို့အတွက် အလေးအနက်တိုက်တွန်း လိုပါတယ်။‘ လို့ ပြောကြားပါတယ်။

ဆက်လက်ပြီးတော့လည်း ‘တချိန်တည်းမှာပဲ အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ ပါတီကို မှတ်ပုံမတင်ကြ၊ ရွေးကောက်ပွဲကို အသိအမှတ် မပြုကြတဲ့ နိုင်ငံရေးပါတီများအားလုံးကိုလည်း လေးစား ဂုဏ်ပြု ကြောင်း ဒီနေရာကနေပြောလိုပါတယ်။ ဒါ့အပြင် ဖက်စစ်အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူ့ရဲ့ လက်၀ေခံ လက်နက်ကိုင် အဖွဲ့ကို ကောင်းစွာ မထိန်းချုပ်နိုင်တော့တဲ့အပြင်၊ လက်တွေ့မှာလည်း ကျနော်တို့ အမျိုးသား ညီညွတ်ရေးအစိုးရနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ နယ်မြေစိုးမိုးထားနိုင်မှုကို ထိတ်လန့် ကြောက်ရွံ့လျက်ရှိတာကို တွေ့ရပါတယ်။ ဖက်ဆစ်တော် လှန်ရေးနေ့ကို ပုံဖျက်ထားတဲ့နေ့မှာ တော်လှန်ရေးအင်အားစုတွေကို အမြစ်ဖြတ်ချေမှုန်းမယ်ဆိုတဲ့ စကားဟာ စစ်အုပ်စုရဲ့ ကြောက်စိတ် ကို ဖော်ပြနေတယ်ဆိုတာထင်ရှားပါတယ်။’ လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

ဒါအပြင် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ကြားကာလ လုပ်ငန်းတာဝန်တွေကို တစိုက်မတ်မတ် လုပ် ဆောင်နေတယ်ဆိုတာနဲ့ ဒီလိုလုပ်ဆောင်ရာမှာ အာဏာသိမ်း စစ်အုပ်စုရဲ့ အကြမ်းဖက်လုပ်ရပ်များကို အထောက်အပံ့ဖြစ်စေတဲ့ စီးပွားရေးနဲ့ ဘဏ္ဍာရေး အရင်းအမြစ်တွေ လျော့ပါးချိနဲ့သွားအောင်လုပ်ဆောင် ဖို့ကလည်း တစ်ခုအပါအဝင်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ‘ကျွန်တော်တို့ရဲ့ တော်လှန်ရေးဟာ အခုဆိုရင် ၂ နှစ်ကျော်ကာလကို ရောက်ရှိလာပြီဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရကို ဖွဲ့စည်းပြီး တော်လှန်ရေးရဲ့ ဦးဆောင်မှု အခန်းကဏ္ဍကနေ စီမံဆောင်ရွက်လာခဲ့ကြတာလည်း မကြာခင်မှာ ၂ နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။ ၂ နှစ်ဆိုတဲ့ ကာလဟာ အိမ်ပြန်ချင်သူတွေအတွက် အင်မတန် ရှည်ကြာတဲ့ ကာလတစ်ခုဖြစ်ပါတယ်။ အလုပ်တွေ စွန့်၊ ကိုယ်ပိုင်ဘဝတွေကို စွန့်ပြီး ဘဝကို ခက်ခက်ခဲခဲ ရုန်းကန်နေကြရတဲ့ CDM တွေ၊ စာသင်ခန်းတွေထဲက ထွက်ပြီး တောထဲတောင်ထဲ မကြုံတွေ့ဖူးတဲ့၊ ခက်ခဲကြမ်းတမ်းလွန်းတဲ့ ဘဝတွေကို ရင်ဆိုင်ဖြတ်သန်းနေရတဲ့ PDF တွေအတွက်ဆိုရင် ၂ နှစ်ဆိုတဲ့ကာလက ပိုမိုရှည်ကြာတဲ့ ကာလတစ်ခု ဖြစ်နေမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အစိုးရအဖွဲ့နဲ့ တော်လှန်ရေး အင်အားစုတွေ အားလုံးဟာ တော်လှန်ရေးကို အောင်အောင်မြင်မြင် အဆုံးသတ်နိုင်အောင် ဝိုင်းကြိုးစားနေကြတယ်ဆိုတာလည်း ယုံမှား သံသယ ဖြစ်စရာ မရှိပါဘူး။ ဒါပေမယ့် ကြိုးစား အားထုတ်မှုတိုင်းမှာ ရလဒ်ကောင်း ထွက်နိုင်ဖို့တော့ လိုအပ်ပါတယ်။ ကျွန်တော်တို့ တော်လှန်ရေး အင်အားစုတွေအတွက် အချိန်က အကန့်အသတ် ရှိနေတယ်ဆိုတာကို အမြဲ သတိရနေဖို့ လိုပါတယ်။ အချိန်အကန့်အသတ်ကြားက ရလဒ်ကောင်းတွေ ထွက်နိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ အဲဒီလို လုပ်ဖို့ဆိုရင် ကျွန်တော်တို့တွေအားလုံး ပိုမိုစုစည်းကြဖို့ လိုအပ်ပါတယ်။ အစိုးရအဖွဲ့အတွင်းမှာလည်း စုစုစည်းစည်း၊ အားကောင်းကောင်းနဲ့ မောင်းနှင်ဖို့ လိုသလို မဟာမိတ်အင်အားစုတွေနဲ့လည်း ပိုမို ကျစ်လစ်တဲ့ စုစည်းအားနဲ့ ရှေ့ဆက်နိုင်ကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အစိုးရအနေနဲ့ ပြည်ပ နိုင်ငံတကာဆက်ဆံရေးဘက်မှာ လုပ်သင့်လုပ်ထိုက် တာတွေ အချိန်နဲ့ တပြေးညီ ဆောင်ရွက်နေသလို ပြည်တွင်းက အားစိုက်ရမယ့် ခုခံ တော်လှန်စစ်နဲ့အတူ အုပ်ချုပ်ရေး ဖော်ဆောင်နေတဲ့ နေရာဒေသတွေဘက်မှာလည်း ကာကွယ်ရေး၊ အုပ်ချုပ်ရေးကဏ္ဍတွေကို တပြိုင်နက် စီမံဆောင်ရွက်နေကြတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒီတစ်ပတ်အတွင်းမှာဆိုရင် စစ်ရေးအရှိန်မြှင့်လာမှုနဲ့အတူ တော်လှန်ရေးဘက်တော်သားတွေဘက် မှာလည်း ထိခိုက်ကျဆုံးတာတွေကို စိတ်မကောင်းစွာ ကြားသိရပါတယ်။ ဒီအတွက်လည်း တာဝန်ရှိတဲ့ ဝန်ကြီးဌာနတွေအနေနဲ့ အတူတကွ ပေါင်းစပ်ပြီး စနစ်တကျ ကိုင်တွယ်စီမံ ဆောင်ရွက်ကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ‘ လို့ ပြောကြားပါတယ်။

ဆက်လက်ပြီးတော့လည်း ‘ဒီတစ်ပတ်အတွင်းမှာ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အနေနဲ့လည်း စိုးမိုးထိန်းချုပ်ဒေသတွေရဲ့ မြေပြင်အခြေအနေတွေအရ ပိုမို ထိရောက်အောင် စီမံ ဆောင်ရွက်နိုင်ဖို့ လိုအပ်တဲ့ စီမံခန့်ခွဲမှုတွေ ဖိဖိစီးစီး လုပ်နေတယ်လို့ သိရပါတယ်။ မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ တွေ့ဆုံမှုတွေမှာဆိုရင်လည်း နေရာဒေသအလိုက် တင်ပြကြတဲ့ အချက်တွေ၊ မေးမြန်းကြတဲ့ မေးခွန်းတွေ၊ ဆွေးနွေးကြတဲ့ ဆွေးနွေးမှုတွေက တူညီနေကြမှာ မဟုတ်ပါဘူး။ ဒါတွေကို တာဝန်ရှိသူတွေအနေနဲ့ အလေးထားပြီး စီမံဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ မြေပြင်အခြေအနေ ပိုမိုကြပ်တည်းလာတဲ့ ရန်ကုန်၊ မန္တလေးတို့လို နယ်မြေက ခေါင်း ဆောင်တွေနဲ့ တွေ့ဆုံတဲ့အခါမျိုးမှာဆိုရင်လည်း သူတို့ရဲ့ အခြေအနေတွေကို သေချာနားထောင်ပြီး မိမိတို့ဘက်က လုပ်ပေးနိုင်သမျှ ကြိုးစားဆောင်ရွက်ပေးကြရမှာ ဖြစ်ပါတယ်။ ဒီလိုပဲ စစ်ရှိန်မြှင့် လာနိုင်တဲ့ ဒေသတွေဘက်မှာဆိုရင်လည်း လက်ရှိအခြေအနေတွေအရ အင်မတန် အရေးပါတဲ့ ဝန်ကြီးဌာန (၂) ခု ဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနတို့ဟာ ဟန်ချက်ညီညီနဲ့ အတူတူ လက်တွဲဆောင်ရွက်နိုင်ဖို့ကလည်း အင်မတန် အရေးကြီးတယ်လို့ မြင်ပါတယ်။ အရေးကြီးတဲ့ အချိန်ကာလကို ရောက်လာပြီဖြစ်တာကြောင့် ဝန်ကြီးဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်းခြင်းနဲ့ ဝန်ကြီးဌာနတစ်ခုချင်းစီအတွင်းမှာလည်း လုံလောက် တဲ့ လူ့စွမ်းအားအရင်းအမြစ်နဲ့အတူ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုတွေကလည်း အင်မတန်အရေးပါတဲ့ ကဏ္ဍကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ စွမ်းဆောင်ရည်မြင့်မြင့်နဲ့ ကြိုးစားရုန်းကန်နိုင်လေလေ တော်လှန်ရေး အောင်အောင်မြင်မြင် ပြီးမြောက်နိုင်ဖို့ အကျိုးပြုနိုင် လေလေပဲ ဖြစ်ပါတယ်။ ဒီကာလတွေအတွင်းမှာ တချို့သော မြေပြင်မှာ တိုက်ပွဲဝင်နေကြတဲ့ LDF တွေအနေနဲ့လည်း စိတ်ခံစားမှုအရ social media ပေါ်မှာ ပြောဆိုတာတွေ၊ တော်လှန်ရေးအခြေအနေကို အားမလို အားမရဖြစ်တာတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရအပေါ် မကျေလည်တာတွေ ပြောဆိုလာကြတာ ရှိသလို မြေပြင်အဖွဲ့တွေ အချင်းချင်း နားလည်မှုလွဲတာတွေလည်း ရှိပါတယ်။ ဒါတွေကို ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အစိုးရဖြစ်တာနဲ့အညီ သေချာနားလည်အောင် ရှင်းပြပေးဖို့ တာဝန်ရှိမှာ ဖြစ်သလို ပြဿနာတွေ သေးတုန်းမှာ ပြေလည်အောင် ဖြေရှင်းပေးနိုင်ဖို့လည်း လိုအပ်မှာ ဖြစ်ပါတယ်။ ချမှတ်ထားတဲ့ မူဝါဒတွေ၊ code of conduct တွေကို သေချာ နားမလည်တာကြောင့် မှားယွင်း စီမံခန့်ခွဲမှုတွေ မဖြစ်အောင်နဲ့ လက်နက်ကိုင်ပြီး နိုင့်ထက်စီးနင်း ပြုကျင့်မှုမျိုးတွေ မဖြစ်စေဖို့ ထိန်းကျောင်းတည့်မတ်ပေးရမှာ ကျွန်တော်တို့ တာဝန်ဖြစ်ပါတယ်။’ လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါ တယ်။

ဒါ့အပြင် ဒီနှစ်မှာ အစွမ်းကုန် ရုန်းကန်ပြီး လူမဆန်လွန်းတဲ့ အကြမ်းဖက်စစ်ကောင်စီကို မြေပေါ်ကနေ ခြေမချနိုင်တဲ့အထိ အမြစ်ဖြတ် တိုက်ခိုက်သွားရမယ်နှစ်ဆိုတာနဲ့ ခက်ခဲမှုတွေကို အတူရင်ဆိုင် ကျော်လွှားရင်း အောင်မြင်မှုပန်းတိုင်ဆီ အတူလျှောက်လှမ်းကြဖို့အတွက်လည်း  တိုက်တွန်းပြောကြား ထားပါတယ်။

အစည်းအဝေးမှာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက NUG က အစိုးရ တစ်ရပ်အနေနဲ့ မိမိတို့နဲ့ ချိတ်ဆက်နေတဲ့ လက်နက်ကိုင်အဖွဲ့ အစည်းများနဲ့ တော်လှန်ရေး အင်အားစုများအကြား International Humanitarian Law ကို နားလည်လေးစားပြီး ပိုမိုခိုင်မာစွာ လိုက်နာနိုင်ရန် ICRC/Suu Foundation တို့နဲ့ လက်တွဲလုပ်ဆောင်ရန် ဆွေးနွေးတင်ပြခဲ့ပါတယ်။

အဲဒီနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန် လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။