ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာရှိ ပြည်သူလူထုများ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး ယာယီသမ္မတ ဒူဝါလရှီးလ၏ ထုတ်ပြန်ချက်

၂၀၂၃ ခုနှစ်၊ ဧပြီလ (၁၁) ရက်

တိုင်းသူပြည်သားများခင်ဗျာ

ဒီကနေ့ ဧပြီလ ၁၁ ရက်နေ့ နံနက် (၈)နာရီကျော်ခန့်မှာ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်ရှိ ပဇီကြီးကျေးရွာကို အကြမ်းဖက် စစ်ကောင်စီမှ လေကြောင်းကနေ ရက်ရက်စက်စက် ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အပြစ်မဲ့ ဒေသခံပြည်သူတွေ အစုလိုက်အပြုံလိုက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိနေကြောင်း ဝမ်းနည်းစွာကြား သိရပါတယ်။ 

အသက်ဆုံးရှုံးသွားကြရသူတွေရဲ့မိသားစုဝင်များနဲ့အတူ ကျွန်တော်တို့အားလုံး အင်မတန် ထိခိုက်ကြေကွဲဝမ်းနည်းရပါတယ်။ အကြမ်းဖက်စစ်ကောင်စီဟာ သူ့ရဲ့ တကယ့်ဇာတိရုပ်ကို ထပ်မံဖော်ထုတ်ပြသလိုက်တာဖြစ်ပြီး ရက်စက်ကြမ်းကြုတ်လွန်းတဲ့ စစ်ရာဇဝတ်မှုတခုကို ထပ်မံကျူးလွန်လိုက်ခြင်းဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ တော်လှန်ရေးစိတ်ဓာတ်တွေဟာ နောက်ဆုတ်ယိမ်းယိုင်သွားမှာမဟုတ်ဘဲ အခုလိုဖြစ်ရပ်တွေက ကျွန်တော်တို့အားလုံးကို ဆထက်ထမ်းပိုး ဆက်လက်အားထုတ် တိုက်ပွဲဝင်သွားကြဖို့ ကြီးမားတဲ့ တွန်းအားဖြစ်ပါတယ်။ ကြေကွဲစရာဆုံးရှုံးမှုများအတွက် အလဟဿမဖြစ်စေရဘူးဆိုတာကိုလည်း ကျွန်တော်တို့ အလေးအနက်ပြောကြားလိုက်ပါတယ်။ 

အခုလိုရက်စက်ယုတ်မာမှုများ မဝေးတော့တဲ့တနေ့မှာ လုံးဝရပ်ဆိုင်းသွားအောင် ကျွန်တော်တို့ နေ့စဉ်နဲ့အမျှ အချိန်တိုင်း အားထုတ်ကြိုးပမ်းနေကြပါတယ်။ ဆက်လက်ပြီး ပိုမိုအားထုတ်ကြိုးပမ်းသွားပါ့မယ်ဆိုတာ ပြည်သူများကိုပြောကြားလိုပါတယ်။

အရေးတော်ပုံ မုချအောင်ရမည်..