အမျိုးသားညီညွတ်ရေးအစိုးရ ၁၄ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ ၁၄ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

◼️ သင်္ကြန်အချိန်ကာလမှာ အကြမ်းဖက်စစ်တပ်က အကြမ်းဖက်လုပ်ရပ်တွေလုပ်ပြီး တော်လှန်ရေး အင်အားစုတွေကို အထင်အမြင်လွဲမှားစေနိုင်အောင် ယုတ်မာကောက်ကျစ်စွာ ဖန်တီးနိုင်လို့ သတိကြီးကြီးထားရမယ်လို့ ယာယီသမ္မတပြောကြား

ဧပြီ ၁၁ ၊ ၂၀၂၃

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၁၄ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာပြုလုပ် ခဲ့ကြ ပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

ယာယီသမ္မတ ဒူဝါလရှီးလက  ‘စစ်ကောင်စီဟာ ဘယ်သူမှလက်မခံတဲ့ အတင်းအကျပ် အာဏာသိမ်းယူမှုကို လုပ်ပြီးတဲ့နောက် သူတို့လုပ်နေကြနည်းလမ်းတွေထဲက တခုဖြစ်တဲ့ ဘာသာရေး၊ လူမျိုးရေးအရ သွေးခွဲသပ်လျှိုမှုတွေ၊ ဖိနှိပ်မှုတွေကို အခုရက်ပိုင်းတွေမှာ သိသိသာသာကိုတိုးပြီး လုပ်လာတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တဝိုက်မှာ စစ်ကောင်စီရဲ့ လေကြောင်းကနေ တိုက်ခိုက်တာကြောင့် ဘုရားကျောင်းတချို့ပျက်စီးခဲ့ပြီး၊ လူတချို့လည်း သေဆုံးခဲ့သလို၊  ဒုက္ခသည် အများအပြား နယ်စပ်တိမ်းရှောင်ခဲ့ရတယ်လို့လည်း ကြားသိရပါတယ်။ ဒါ့အပြင် အပြစ်မဲ့အရပ်သား ဘာသာရေးခေါင်းဆောင်တယောက်ဖြစ်တဲ့ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBCရဲ့ သိက္ခာတော်ရဆရာ ဒေါက်တာ ခလမ်ဆမ်ဆွမ်ကို စစ်ကောင်စီက အီစတာပွဲတော်ရက်မတိုင်ခင် ဥပုသ်ရက် Good Friday မှာ ထောင်ဒဏ် ၆ နှစ် ချလိုက်တာဟာ ဘာသာရေးအရ ဖိနှိပ်မှု သက်သက်ဖြစ်တယ်ဆိုတာ အထင်အရှားပဲဖြစ်ပါတယ်။ မကြာခင်မှာပဲ မြန်မာတွေရဲ့ နှစ်သစ်ကူးပြောင်းကာလတခုဖြစ်တဲ့ သင်္ကြန်အချိန်ဟာလည်း ရောက်လာတော့မှာဖြစ်ပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ ဒီလို အခါကြီး၊ ရက်ကြီး အချိန်မျိုးတွေမှာ အကြမ်းဖက်လုပ်ရပ်တွေကို အချိန်ကိုက် လုပ်ဆောင်ပြီး၊ တောင်လှန်ရေးအင်အားစုတွေကို အထင်အမြင်လွဲမှားစေနိုင်တဲ့ လုပ်ရပ်တွေကို ယုတ်မာကောက်ကျစ်စွာ ဖန်တီးနိုင်တာကြောင့် သတိကြီးကြီးထားကြဖို့လိုပါတယ်။ အတင်းအကျပ် လုယူထားတဲ့ အာဏာကို မထိန်းသိမ်းနိုင်တဲ့ အကြမ်းဖက်စစ်ခေါင်းဆောင်ဟာ သူ့ရဲ့ အရှုံးကို တုံ့ပြန်ဖို့အတွက် နည်းမျိုးစုံနဲ့ လုပ်ဆောင်နေတဲ့ထဲမှာ အဆိုးဆုံးကတော့ ပြည်သူနဲ့ ပြည်သူ့ဘက်တော်သားတွေကြားမှာ အထင်အမြင်လွဲမှားမှုတွေရအောင် လုပ်ဆောင်နေတာပါပဲ။ သူ့ရဲ့စီမံခန့်ခွဲမှု ညံ့ဖျင်းတာကြောင့် နဂိုရှိပြီးသား ရင်းနှီးမြှုပ်နှံမှုတွေဟာ မြန်မာနိုင်ငံကနေ ထွက်ခွာကုန်ကြတာကို ပြည်သူအားလုံး အမြင်ပဲဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီခေါင်းဆောင်ဟာ နွေရာသီကာလမှာ ပြည်သူတွေကို လျှပ်စစ်မီးလုံလောက်အောင် မပေး၀ေနိုင်တာကိုအကြောင်းပြုပြီး ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ပြည်သူကြားကို သွေးကွဲစေမယ့် စကားလုံးတွေကို သူတို့သြဇာခံ မီဒီယာတွေကတဆင့် ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြနေပါသေးတယ်။ 

‘ လို့ ပြောကြားပါတယ်။

ဆက်လက်ပြီးတော့လည်း ‘ပြည်သူတွေဟာ သူတို့ဖြတ်သန်းလာတဲ့ ဘ၀လမ်းကြောင်းမှာ စစ်တပ်ရဲ့ ရက်စက်ယုတ်မာမှုတွေ၊ ခါးသီးမှုဒဏ်တွေကို ကောင်းကောင်း သိထားခဲ့ကြပြီးသားဖြစ်သလို၊ သူတို့ရဲ့ အကွက်ကျကျ ယုတ်မာမှုတွေကိုလည်း သိမြင်ခံစားဖူးကြသူတွေသာဖြစ်ပါတယ်။ ဒါကြောင့်လည်း စစ်ကောင်စီကို အမြစ်ဖြတ်ချေမှုန်းမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ပြည်သူတွေရဲ့ လိုအပ်ချက်ကြောင့် ပြည်သူကိုယ်တိုင်မွေးထုတ်ခဲ့တာပါ။  ဒီလိုလူတွေကို ပြည်သူနဲ့ သွေးခွဲဖို့ကြိုးစားတာဟာ စစ်ကောင်စီက ပြည်သူကို အထင်သေးတာပဲဖြစ်ပါတယ်။ ဒါကြောင့်  ပြည်သူကို အထင်မသေးပါနဲ့၊ လွယ်လွယ်နဲ့ သွေးခွဲလို့ မရနိုင်ပါဘူး ဆိုတာကိုတော့ ဒီနေရာကနေ သတိပေးချင်ပါတယ်။ တဆက်တည်းမှာပဲ ကျနော်တို့နိုင်ငံရဲ့ အနေအထားက ကိုယ့်နိုင်ငံထဲမှာပဲ ပြည်သူတွေဟာ အကြမ်းဖက်စစ်တပ်ရဲ့ ဖိနှိပ်သတ်ဖြတ်ခံနေရတာတွေကို တားဆီးနိုင်ဖို့ဆိုတာ တော်လှန်ရေးကို အဆုံးသတ်ဖို့ အရေးကြီးသလို၊ လက်ရှိအချိန်မှာ နိုင်ငံတကာရဲ့ အကာအကွယ်တွေ အမြန်ဆုံးရဖို့လည်း လိုအပ်တာကြောင့် နိုင်ငံတကာဥပဒေနဲ့အညီ အရေးယူနိုင်ဖို့အတွက် သက်သေအထောက်အထားတွေရဖို့ အရေးကြီးပါတယ်။ ’ လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

ဒါအပြင် အကြမ်းဖက်စစ်ခေါင်းဆောင်နဲ့ နောက်လိုက်အပေါင်းပါတွေကို အကြမ်းဖက်အဖွဲ့တွေအဖြစ် ထိထိရောက်ရောက်စွဲချက်တင် အရေးယူနိုင်ရေးကိစ္စရပ်တွေကိုလည်း စနစ်တကျဆွေးနွေးအဖြေရှာ ဖို့အတွက် ပြောကြားခဲ့ပါတယ်။ 

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ‘ဒီတစ်ပတ်အတွင်းမှာ တနိုင်ငံလုံးအနှံ့ စစ်ရေးက အရှိန်မြင့်နေပြီး စစ်ကောင်စီဘက်က အထိအခိုက် အကျအရှုံးသတင်းတွေ အတော်ကြားရသလို ကျွန်တော်တို့ရဲ့ တော်လှန်ရေးရဲဘော်တွေ အထိအခိုက် ရှိတာတွေလည်း ကြားရပါတယ်။ စစ်ကိုင်းတိုင်း ပုလဲနဲ့ မြိုင်မြို့နယ်စပ်မှာ ရှိတဲ့ MT PDF စခန်းကို စစ်တပ်က ရဟတ်ယာဉ် ၃ စီးနဲ့ စီးနင်းတိုက်ခိုက်မှုကြောင့် PDF ရဲဘော် ၇ ဦး ကျဆုံးသွားတာ ကြားရတဲ့အတွက် အလွန်ပဲ စိတ်ထိခိုက်ရပါတယ်။ ဒီလိုပဲ ကရင်ပြည်နယ်တွင်းက တိုက်ပွဲတွေမှာ ထိခိုက်ကြသူတွေ ကျဆုံးရသူတွေအတွက်လည်း စိတ်မကောင်း ဖြစ်ရပါတယ်။ စစ်ရေးကဏ္ဍမှာတော့ chain of command က အင်မတန် အရေးကြီးသလို အတွေ့အကြုံနဲ့ ဗျူဟာပိုင်နိုင် ကျွမ်းကျင်မှုတွေကလည်း စစ်ပွဲကို အောင်ပွဲဆီ သယ်ဆောင်ပေးသွားနိုင်တဲ့ အဓိက အရေးပါတဲ့ အချက်တွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေအနေနဲ့ မဟာမိတ် ERO များနဲ့ စနစ်တကျ ညှိနှိုင်းတိုင်ပင်ပြီး စနစ်တကျနဲ့ ဆောင်ရွက်ပါမှ မိမိတို့ဘက်မှာ အထိအခိုက် အပွန်းအပဲ့ နည်းမှာ ဖြစ်သလို အောင်ပွဲတွေလည်း ရနိုင်မှာ ဖြစ်ပါတယ်။ စစ်ရေးအရှိန်မြင့်လာမှုနဲ့အတူ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လူမဆန်တဲ့ လုပ်ရပ်တွေအပေါ်မှာ ဆက်လက် ပူးပေါင်းလိုခြင်း မရှိကြတော့တဲ့ တချို့သော စစ်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ ပြည်သူ့ဘက်ကို ပြောင်းလဲ ခိုလှုံလာကြတဲ့ သတင်းတွေလည်း ကြားရပါတယ်။ ဒီလို ခိုလှုံလာသူတွေ၊ ခိုလှုံဖို့ ကြိုးစားနေသူတွေအတွက်ကို ကျွန်တော်တို့ဘက်က အဆင်အပြေဆုံး ဖြစ်အောင် ဝိုင်းဝန်းကြိုးစားစီစဉ်ပေးကြရမှာ ဖြစ်ပါတယ်။ လူမဆန်လွန်းတဲ့ စစ်ကောင်စီကတော့ ဒီနှစ်အတွင်းကို ကာကွယ်ရေးအတွက် ကျပ် ဘီလီယံ ၅၆၀၀ ကျော်နဲ့ ဘတ်ဂျတ်ကို အများဆုံးသုံးပြီး လက်အောက်ငယ်သားတွေကို မညှာမတာ စစ်မြေပြင် ပို့ကာ သူတို့အာဏာ တည်မြဲရေးအတွက် နည်းမျိုးစုံနဲ့ ကြိုးပမ်းတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလို လူမျိုးတွေအတွက် အသက်ပေးပြီး အလုပ်ဆက်လုပ်မလား၊ ပြည်သူ့ရင်ခွင်ခိုလှုံကြမလားဆိုတာကတော့ ကာယကံရှင်တွေအနေနဲ့ ဉာဏ်နဲ့ ယှဉ်တွဲ ဆုံးဖြတ်ကြရတော့မယ့် အခြေအနေ ရောက်နေပြီဆိုတာကို နားလည်ကြဖို့ လိုအပ်ပါတယ်။‘ လို့ ပြောကြားပါတယ်။

ဆက်လက်ပြီးတော့လည်း ‘တဆက်တည်းမှာ ပြောကြားလိုတာကတော့ မကြာခင် အချိန်ကာလမှာ မဟာသင်္ကြန်အတာပွဲ ရောက်ရှိ လာတော့မှာ ဖြစ်ပါတယ်။ တိုင်းပြည်ကို စစ်ကျွန်လက်အောက် တသက်လုံး ပြန်မကျ ရောက်စေဖို့... အသက်ပေးတိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးရဲဘော်တွေ၊ သူရဲကောင်းတွေ အတွက်တော့ မဟာအတာသင်္ကြန်ကာလမှာလည်း တော်လှန်ရေးအတွက် ဆက်လက် ကြိုးစား တိုက်ပွဲဝင်နေကြမှာပဲ ဖြစ်ပါတယ်။ တစ်ဖက်မှာတော့ တချို့ မြို့ကြီးတွေမှာ သင်္ကြန်ပွဲတွေကို ခြိမ့်ခြိမ့်သဲ ဆင်နွှဲပြဖို့ စစ်ကောင်စီက နည်းမျိုးစုံနဲ့ ကြိုးပမ်းနေသံတွေလည်း ကြားသိရပါတယ်။ဒီလို အခြေအနေမှာ ပြည်သူတွေကို ဒီကနေတဆင့် သတင်းစကားပါးလိုတာတော့ အကြမ်းဖက်စစ်ကောင်စီဟာ သူတို့လိုချင်တဲ့ နည်းလမ်းပေါ် ရောက်ဖို့ ဘယ်သူ့ကို မဆို ချနင်းရဲတဲ့ လူမျိုးတွေ ဖြစ်တာမို့ သတိဝီရိယနဲ့ သွားလာစေချင်ပါတယ်။ ခေတ်အဆက်ဆက်မှာလည်း ဒီလို လူစည်ကားရာ နေရာတွေ၊ ပွဲတော်တွေမှာ အကြမ်းဖက် လုပ်ရပ်တွေ ကျူးလွန်ပြီး တော်လှန်ရေး ဘက်တော်သားတွေကို လွှဲချတတ်တဲ့ ဖြစ်စဉ်တွေက ရှိခဲ့ပြီးသားမို့ အင်မတန် သတိထားဖို့ လိုအပ်ကြောင်း ပြောကြားလိုပါတယ်။’ လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရက လာမယ့် ၁၆ ရက်မှာ ၂ နှစ်ပြည့်တော့မှာ ဆိုတာနဲ့ ဝန်ကြီးတွေကို ဌာနအတွင်း ပြန်လည်သုံးသပ်မှုတွေ ပြုလုပ်ပြီး ထပ်ဆင့် မြှင့်တင်နိုင်ရေးအတွက် လုပ်ဆောင်ကြဖို့ တိုက်တွန်းပြောကြားထားပါတယ်။

အစည်းအဝေးမှာ အလုပ်သမားဝန်ကြီးဌာနက ဝန်ကြီးများအစည်းအဝေးမှ လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးအတည်ပြုချက်ယူရန် တင်ပြတာ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ရန်သူအား ထောက်ပံ့ကူညီနေသော အဖွဲ့အစည်း ၂ ခုနဲ့ တွဲဖက် အဖွဲ့အစည်းများအား အကြမ်းဖက် အဖွဲ့ အစည်းအဖြစ် သတ်မှတ်ဖျက်သိမ်းရန် တင်ပြတဲ့ ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန် လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။