အမျိုးသားညီညွတ်ရေးအစိုးရ၏ (၈၁) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၃) ရက် 

၂၀၂၃ ခုနှစ် နှစ်သစ်ကိုရောက်ပြီဖြစ်တာကြောင့် ပြည်သူလူထုဟာ ဒီနှစ်မှာ ဘာတွေ ဆက်ဖြစ်မလဲလို့ မျှော်လင့်တောင့်တနေကြတာတွေ ရှိနေပါတယ်။ ယခု ၂၀၂၃ ခုနှစ်မှာလည်း ပြီးစီးခဲ့တဲ့  ၂၀၂၂ ခုနှစ်ကဲ့သို့ ကျွန်တော်တို့ဟာ အလုပ်နဲ့ သက်သေပြကြရမယ်လို့ ပြောချင်ပါတယ်။ ဒါ့အပြင် အပြောနဲ့ အလုပ် ကိုက်ညီဖို့လည်း ကြိုးစားကြရပါလိမ့်မယ်။ ဒါဟာ နှစ်သစ်မှာ ကျွန်တော့်အနေနဲ့ အစိုးရအဖွဲ့ဝင်အားလုံးကို လက်ဆင့်ကမ်းချင်တဲ့ ကနဦး ပဏာမစကားတစ်ခု ဖြစ်ပါတယ်။ 

စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း CRPH / NUCC / NUG စတဲ့ ဖွဲ့စည်းမှုတွေနဲ့ ကျွန်တော်တို့ဟာ စစ်အာဏာရှင်ဖြုတ်ချရေးကို စစ်ရေး / နိုင်ငံရေးတပ်ဦးကနေ ဦးဆောင်လာခဲ့ကြပါတယ်။ ဒါ့အပြင် လိုအပ်ချက်ကြောင့် သက်ဆိုင်ရာ ကော်မတီ / ကော်မရှင်တွေကို ဖွဲ့စည်းလုပ်ဆောင်ခဲ့ကြပါတယ်။ အစုအဖွဲ့ဆိုင်ရာ / အဖွဲ့အစည်းဆိုင်ရာကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ( လူနဲ့မူ ) ကို အံဝင်ခွင်ကျဖြစ်စေဖို့ ပြောချင်ပါတယ်။ ဒါ့အပြင် လူမှန်နေရာမှန် ဖြစ်ဖို့လည်း သုံးသပ်ကြဖို့ ပြောချင်ပါတယ်။ 

ကျွန်တော်တို့ နိုင်ငံရဲ့ အတိတ်သမိုင်းကြောင်းကို ကြည့်ရင် လူနဲ့ မူ ပြဿနာဟာ ကြီးကြီးမားမား ရှိခဲ့တယ်ဆိုတာကို တွေ့ရပါတယ်။ အထူးသဖြင့် စစ်အစိုးရခေတ် တစ်လျှောက်လုံးမှာ လူနဲ့မူဟာ တခြားစီဖြစ်ခဲ့တယ်။ “လူကို ချစ်လျှင် မူကိုပစ်တယ်” “လူကိုမုန်းလျှင် မူကိုသုံးတယ်” ဆိုတဲ့စကားတောင်ရှိခဲ့ပါတယ်။ အသွင်ကူးပြောင်းရေးကာလကို ဖြတ်သန်းခဲ့စဉ်တုန်းကလည်း လူနဲ့မူပြဿနာကို အပြီးသတ်ဖြေရှင်းလို့ မရခဲ့တာကို တွေ့ရပါတယ်။ ဒါကို သင်ခန်းစာယူပြီး နှစ်သစ်မှာ လူနဲ့မူ အံဝင်ခွင်ကျဖြစ်ရေး၊ လူမှန်နေရာမှန်ဖြစ်ရေးကို အဓိက ဦးစားပေး သုံးသပ်ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။ 

နွေဦးတော်လှန်ရေးစတင်ချိန် ကနဦးကာလတွေမှာ အခြေအနေအရ ကိုယ့်ယုံကြည်ရာ လူတွေနဲ့ ဖွဲ့စည်းစုဖွဲ့ တာတွေလည်း ရှိခဲ့ပါတယ်။ ကျွန်တော်တို့ဟာ မတည်ငြိမ်တဲ့ ကသောင်းကနင်းကာလမှာ ရုန်းကန်ပြေးလွှားကြရင်း တော်လှန်ရေးကို အလုပ်တွင်အောင် လုပ်ကြရတာဖြစ်လို့ ဒီလိုသဘာဝတွေ ရှိတာကို နားလည်ပါတယ်။ ကျွန်တော်တို့ရဲ့ ခုခံတော်လှန်ရေးလှိုင်းတွေကိုလည်း မြှင့်တင်လာနိုင်ပြီဖြစ်လို့ ယခင်လို အခြေအနေမျိုး မဟုတ်တော့တာ တွေ့ရပါတယ်။ 

တော်လှန်ရေးအလုပ်တွေနဲ့ အစိုးရအဖွဲ့ လုပ်ငန်းစဉ်တွေ ထိထိရောက်ရောက် ပီပီပြင်ပြင်ရှိရေးဟာ ကျွန်တော်တို့ NUG အစိုးရအဖွဲ့ ခေါင်းဆောင်အားလုံးရဲ့ စီမံခန့်ခွဲမှု အရည်အချင်းတွေအပေါ်မှာ မူတည်နေပါတယ်။ ကျွန်တော်တို့မှာ ရှိထားတဲ့ အရင်းအမြစ်တွေကို တော်လှန်ရေးအရွေ့ တစ်ခုဖြစ်အောင် အလေအလွင့်မရှိပဲ စီမံခန့်ခွဲနိုင်ဖို့အတွက် အလွန်အရေးကြီးပါတယ်။ 

ထိရောက်တဲ့ စီမံကွပ်ကဲမှုတွေ ဖြစ်ဖို့အတွက် ကျွန်တော်တို့အားလုံး စနစ်တကျ လုပ်ဆောင်ရပါလိမ့်မယ်။ ငွေကြေးသုံးစွဲမှုအပိုင်းမှာ အမှန်တကယ်လိုအပ်တဲ့နေရာမှာ သုံးစွဲတတ်ဖို့၊ အလေအလွင့်မရှိအောင် သုံးစွဲနိုင်ဖို့နှင့်လက်ရှိဆောင်ရွက်နေသော ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးရဲ့ စစ်ဆေးမှုကိုတိတိကျကျ ခံယူဖို့လိုပါတယ်။ စီမံ/ဘဏ္ဍာ ကော်မရှင်၏ ငွေကြေးသုံးစွဲမှုဆိုင်ရာ မူဝါဒ၊ စီမံ/ဘဏ္ဍာဝန်ကြီးဌာန၏ ငွေကြေးသုံးစွဲမှုဆိုင်ရာ လမ်းညွန်ချက်များကို တိတိကျကျလိုက်နာဖို့လိုပါတယ်။ 

ကျွန်တော်တို့ အစိုးရအဖွဲ့ဝင် ခေါင်းဆောင်တွေအားလုံးဟာ အပြောနဲ့အလုပ်ညီအောင် ပြုမူကျင့်ကြံ ကြိုးစားကြဖို့ အထူးတိုက်တွန်းလိုပါတယ်။ ၂၀၂၃ ခုနှစ်မှာလည်း ယခင် နှစ်ဟောင်းကဲ့သို့ အလုပ်နဲ့ သက်သေပြပါလို့ နှိုးဆော်ချင်ပါတယ်။  သက်ဆိုင်ရာ ကော်မရှင် / ကော်မတီတွေအတွက် မူနဲ့ လူ ကိုက်ညီခြင်း ရှိ / မရှိ စိစစ်သုံးသပ်မှုတွေ လုပ်ဆောင်ကြဖို့ တိုက်တွန်းချင်ပါတယ်။ လူထုထံက ရရှိတဲ့ အထွေထွေရင်းမြစ်တွေကို တော်လှန်ရေးအောင်မြင်ဖို့အတွက် အလေအလွင့်မရှိအောင် စနစ်တကျ စီမံကွပ်ကဲကြဖို့ အလွန်အရေးကြီး ကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ် ခင်ဗျား….. 

အရေးတော်ပုံအောင်ရမည်...