အွန်လိုင်းလူထုတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ပါဝင်တက်ရောက်ဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်သည် CRPH/NUG Support Group-Australia က ကြီးမှူးကျင်းပသော Asia-Pacific Region အွန်လိုင်းလူထု တွေ့ဆုံပွဲသို့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့၊ ညနေ (၁၅:၃၀) နာရီတွင် ပါဝင် တက်ရောက်ဆွေးနွေးခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဌသည် CRPH ၏ လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ဆက်လက်အကောင်အထည်ဖော်ဆောင်မည့် လုပ်ငန်းစဥ်များအပေါ် အကျဥ်းချုပ် ကနဦး ရှင်းလင်းတင်ပြခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲတွင် နွေဦးတော်လှန်ရေး၏ နိုင်ငံတကာဆက်ဆံရေးနှင့် သံတမန်ရေး အခြေအနေများ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၌ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတို့နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ တို့အကြား ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ၊ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ်ပါ နိုင်ငံရေးလမ်းပြမြေပုံ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ အကြမ်းဖက်စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲအပေါ် တုံ့ပြန်နေမှုတို့နှင့် စပ်လျဉ်းသည့် မေးခွန်းများကို ဖြေကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်၊ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်၊ လူ့အခွင့်အရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်၊ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်၊ သြစတေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်နှင့် အခြား နိုင်ငံတကာရောက် တော်လှန်ရေးအင်အားစုများ တက်ရောက်ခဲ့သည်။

ယင်းတွေ့ဆုံပွဲတွင် တက်ရောက်လာကြသူများက စိတ်ပါဝင်စားစွာဖြင့် မေးမြန်းခဲ့ကြသော မေးခွန်းများ စုစုပေါင်း (၁၂၀)ကျော်ခန့် ရှိခဲ့ပြီး နိုင်ငံခြားရေး၊ စစ်ရေး၊ ဘဏ္ဍာရေး၊ လူ့အခွင့်အရေးနှင့် နိုင်ငံရေးလမ်းပြမြေပုံ စသည်ဖြင့် ကဏ္ဍ (၅)ခုဖြင့် အမေးအဖြေကဏ္ဍကို ပြုလုပ်ခဲ့ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ