“အရေးပေါ်အခြေအနေ ကြေညာခြင်း”

“အရေးပေါ်အခြေအနေ ကြေညာခြင်း”

အမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်https://nugmyanmar.orgအမိန့်ကြေညာချက်အမှတ် (၁/၂၀၂၁)၇ စက်တင်ဘာလ ၂၀၂၁“အရေးပေါ်အခြေအနေ ကြေညာခြင်း”၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ စတင်၍ စစ်ကောင်စီသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို လက်နက်အားကိုးဖြင့် အဓမ္မလုယူသိမ်းပိုက်ထားရုံမက ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါး အကြမ်းဖက် အန္တရာယ်ပြုလျက်ရှိခြင်း၊ ပြည်သူများကလည်း နည်းလမ်းစုံဖြင့် စစ်အာဏာရှင်အုပ်စိုးမှုအား ခုခံတွန်းလှန်လျက်ရှိခြင်း၊ ယခုအခါ တရားမဝင် စစ်အုပ်ချုပ်ရေး ယန္တရား တစ်ခုလုံးကို အပြီးတိုင် ဖျက်သိမ်းပစ်ရန် လိုအပ်လာခြင်း ဟူသော ဖြစ်ပေါ်ပြောင်းလဲလျက်ရှိသည့် အခြေအနေ အရပ်ရပ်ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရသည် ယနေ့ ၂၀၂၁ခုနှစ် စက်တင်ဘာလ  ၇ ရက်မှ စတင်၍ နိုင်ငံတော်အား အရေးပေါ် အခြေအနေအဖြစ် သတ်မှတ်ကြောင်း ကြေညာလိုက်သည်။၂။ အရေးပေါ်အခြေအနေ သက်ရောက်သည့်နယ်မြေသည် ပြည်ထောင်စုနိုင်ငံတော်တစ်ဝန်းလုံး ဖြစ်ပြီး၊ အချိန်ကာလအားဖြင့် ပြည်သူ့အုပ်ချုပ်ရေးအာဏာ ပြန်လည် ထူထောင်နိုင်သည့် အချိန်အထိ သတ်မှတ်သည်။ဒူဝါလရှီးလယာယီသမ္မတအမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်။

ကြေညာချက်အမှတ် (၉/၂၀၂၁) - “အကြမ်းဖက်စစ်ကောင်စီ လက်နက်ကိုင်တပ်များ၏ ထိုးစစ်များနှင့်ပတ်သက်၍ ထုတ်ပြန်ကြေညာချက်”

ကြေညာချက်အမှတ် (၉/၂၀၂၁) - “အကြမ်းဖက်စစ်ကောင်စီ လက်နက်ကိုင်တပ်များ၏ ထိုးစစ်များနှင့်ပတ်သက်၍ ထုတ်ပြန်ကြေညာချက်”

အမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်https://nugmyanmar.orgကြေညာချက်အမှတ် (၉/၂၀၂၁)၅ စက်တင်ဘာလ ၂၀၂၁“အကြမ်းဖက်စစ်ကောင်စီ လက်နက်ကိုင်တပ်များ၏ ထိုးစစ်များနှင့်ပတ်သက်၍ ထုတ်ပြန်ကြေညာချက်”၁။  မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံတော်အာဏာကို အကြမ်းဖက်နည်းလမ်းဖြင့် မတရားသိမ်းယူခဲ့ပြီး နိုင်ငံတစ်ဝှမ်းရှိ အပြစ်မဲ့ အရပ်သား ပြည်သူများကို သတ်ဖြတ်၊ ဖမ်းဆီး နှိပ်စက်ခဲ့သည်မှာ (၇) လ  (၄)ရက် တိုင်ခဲ့ပြီဖြစ်သည်။ စစ်ကောင်စီ၏ အကြမ်းဖက်မှုများကို နိုင်ငံတစ်ဝှမ်းရှိ မြို့ကြီးများတွင်သာမက၊ ကျေးလက်များနှင့်တိုင်းရင်းသား ဒေသများ တွင် လည်း ထင်ရှားစွာ တွေ့မြင်နေရသည်။၂။  အာဏာသိမ်းစစ်ခေါင်းဆောင်များ နှင့် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတို့သည် ငြိမ်းချမ်းရေး အတွက် ဆောင်ရွက်နေပါသည်ဟု နှုတ်ဖြင့် မည်မျှ အာမခံ နေလင့်ကစား၊ လက်တွေ့တွင်မူ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ ထိန်းချုပ်နယ်မြေများတွင် သာလွန်အင်အား များဖြင့် ထိုးစစ်များ ဆင်နွှဲလျက် ရှိသည်။ ၃။  အကြမ်းဖက် စစ်ကောင်စီ၏ တပ်များသည် သာလွန်အင်အားဖြင့် မြေပြင်ထိုးစစ်များသာမက လေကြောင်း တိုက်ခိုက်မှုများကိုပါ လုပ်ဆောင်နေသည့်အတွက် တိုင်းရင်းသားဒေသအသီးသီးမှ အရပ်သား ပြည်သူများသည် အိုးအိမ်စွန့်ခွာလျက် ထွက်ပြေးတိမ်းရှောင်နေကြရသည်။ ၄။ ထို့အပြင် ဘာသာရေးဆိုင်ရာ အဆောက်အအုံများ ၊ ဆေးရုံ ၊ကျောင်း  အစရှိသည့် အရပ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံများတွင် တပ်စွဲခြင်း ၊  ပစ်မှတ်ထားတိုက်ခိုက်ခြင်း အပါအဝင်တိုင်းရင်းသားဒေသများတွင် သာလွန်အင်အားများဖြင့် ထိုးစစ်ဆင်နွှဲလျက်ရှိသည့် စစ်ကောင်စီ ၏ ရန်လိုသည့်လုပ်ရပ်များကို အမျိုးသား ညီညွတ်ရေးအစိုးရက အပြင်းအထန် ကန့်ကွက်သည်။ ၅။ စစ်ကောင်စီ၏ ကြည်းတပ်၊ လေတပ် ထိုးစစ်များကြောင့် အိုးအိမ်စွန့် ခွာ ထွက်ပြေး ရသူပေါင်း ၃ သိန်းကျော်ရှိလာပြီဖြစ်ကြောင်း ကုလသမဂ္ဂ အစီရင်ခံစာများအရ သိရသည်။ ၆။ စစ်ကောင် စီတပ်များ၏ တိုင်းရင်းသားဒေသများအတွင်း ထိုးစစ်များသည် ကြီးမားသော လူသားချင်း စာနာမှုဆိုင်ရာ အကြပ်အတည်း (humanitarian crisis) များကို ဖြစ်ပေါ်လာစေနိုင်ပြီး၊ သန်းနှင့် ချီသော ပြည်သူများသည် အိုးအိမ်စွန့်ခွာ ထွက်ပြေးရမည့် အခြေအနေကို ကြုံတွေ့နေရသည်။ ၇။ ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားလျက်ရှိသည့် အချိန်ကာလတွင် ယင်းသို့ အိုးအိမ်စွန့်ခွာထွက်ပြေးရမှုများ ကြောင့် အိမ်နီးချင်းနိုင်ငံများ၏ လုံခြုံရေး၊ ဒေသတွင်း တည်ငြိမ်မှု နှင့် လုံခြုံရေးကိုပါ ဆိုးရွားစွာ ထိခိုက်နိုင်မည့် အခြေအနေများဖြစ်ပေါ်လျက်ရှိသည်။ ၈။ သို့ဖြစ်ပါ၍ အရပ်သားပြည်သူလူထုအား ပစ်မှတ်ထားသတ်ဖြတ် ညှင်းပန်းလျက်ရှိသည့်စစ်ကောင်စီ ၏ အဆိုပါ အကြမ်းဖက် လုပ်ရပ်များကို အထောက်အကူ ပြုစေသည့် စစ်လက်နက်ပစ္စည်း ဝယ်ယူရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိသော အစိုးရများ၊ အဖွဲ့အစည်းများအားလည်း အမျိုးသားညီညွတ်ရေးအစိုးရမှ ပြင်းထန်စွာကန့်ကွက်သည်။ ၉။ နိုင်ငံတကာအသိုက်အဝန်း အနေဖြင့်လည်း အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီ၏ ထိုးစစ်များ အမြန်ဆုံး ရပ်တန့် ရေး၊ အပြစ်မဲ့ပြည်သူများအား ဖိနှိပ်ညှင်ပန်း နေမှုများ အဆုံးသတ်ရေးနှင့် အာဏာ သိမ်းမှု အဆုံးသတ်ကာ ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် တာဝန်ခံ မှုရှိလာစေရေးအတွက် ထိရောက်စွာ ဆောင်ရွက်ပေးပါရန် အမျိုးသားညီညွတ်ရေးအစိုးရက အလေးအနက်တောင်းဆိုလိုက်သည်။

၂၀၁၇ ခုနှစ် ရိုဟင်ဂျာများအပေါ်ကျူးလွန်ခဲ့သော ဆိုးဝါးလှသော ရာဇဝတ်မှုများ လေးနှစ်ပြည့်နှစ်ပတ်လည်အတွက် ထုတ်ပြန်ကြေညာချက်

၂၀၁၇ ခုနှစ် ရိုဟင်ဂျာများအပေါ်ကျူးလွန်ခဲ့သော ဆိုးဝါးလှသော ရာဇဝတ်မှုများ လေးနှစ်ပြည့်နှစ်ပတ်လည်အတွက် ထုတ်ပြန်ကြေညာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ သြဂုတ်လ (၂၄) ရက်။ ၂၀၂၁ ခုနှစ် လွန်ခဲ့သောလေးနှစ်ကာလက ဖြစ်ပွားခဲ့သည့် ရက်စက်ကြမ်းကြုတ်လှသော အကြမ်းဖက်မှုများ၊ ဆိုးဝါးလှသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် နေရပ်ရင်းမှ လူအမြောက်အများ ပြောင်းရွေ့ခဲ့ရမှုများကြောင့် ရိုဟင်ဂျာပြည်သူ ထောင်ပေါင်းများစွာတို့သည် နေအိမ်မှစွန့်ခွာခဲ့ရပြီး အိမ်နီးနားချင်းနိုင်ငံများတွင် ခိုလှုံနေခဲ့ရသည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အထူးစိတ်မကောင်းဖြစ်မိပါသည်။ ထိုသို့ဆိုးဝါးးလှသည့်ရာဇဝတ်မှုများနှင့်ပတ်သက်၍ အဓိကတာဝန်ရှိသည့်စစ်တပ်သည် လူမျိုး၊ ဘာသာရေး၊ လိင်စိတ်ကွဲပြားမှု သို့မဟုတ် နိုင်ငံရေးယုံကြည်ချက်တို့အပေါ် အခြေခံ၍ အထူးသဖြင့် တိုင်းရင်းသားဒေသများတွင်နေထိုင်ကြသောသူများကို လူသားမျိုးနွယ်တခုလုံးအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် စစ်ပွဲဆိုင်ရာရာဇဝတ်မှုများကိုလည်း ဆယ်စုနှစ်ပေါင်းများစွာ ကျုးလွန်ခဲ့ကြပါသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်နေ့မှစ၍ မြန်မာပြည်သူအားလုံးသည် ရက်စက်ကြမ်းကြုတ်လှသော ပြစ်မှုများနှင့် အကြမ်းက်မှုများကိုရင်ဆိုင်ကြုံတွေ့နေရကြောင်း သတင်းမီဒီယာများမှတဆင့် တကမ္ဘာလုံးမျက်ဝါးထင်ထင် တွေ့မြင်နေကြရသည်။ အမျိုးသားညီညွတ်ရေးအစိုးရသည် ရိုဟင်ဂျာများနှင့် တနိုင်ငံလုံးရှိပြည်သူများအပေါ် စစ်တပ်က သမိုင်းတလျောက်လုံးကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအားလုံးအတွက် တရားမျှတမှုနှင့် တာဝန်ခံမှုတို့‌ကို‌ဖော်ဆောင်နိုင်ရန် အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အမှန်တရားနှင့် တရားမျှတမှုတို့၏အကျိုးအတွက် ပြစ်မှုကျူးလွန်သူများ၏ တာဝန်ရှိမှုကို ဖော်ဆောင်နိုင်ရန် အရေးကြီးပါသည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် နောင်အနာဂတ်တွင် ရက်စက်ကြမ်းကြုတ်မှုများထပ်မံမဖြစ်ပွားအောင် ‌တားဆီးနိုင်မည်ဟု မိမိတို့ယုံကြည်ပါသည်။ ထို့အတွက်ကြောင့် မိမိတို့သည် နိုင်ငံတကာတရားစီရင်ရေးလမ်းကြောင်းများနှင့် ပူးပေါင်းလုပ်ဆောင်ရန် ကြိုးပမ်းလျက်ရှိပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရသည် ၂၀၀၁ ခုနှစ် ဇူလိုင်လ (၁) ရက်နေ့နောက်ပိုင်းမှစပြီး မြန်မာနိုင်ငံ၏နယ်နမိတ်အတွင်းကျူးလွန်ခဲ့သည့် နိုင်ငံတကာရာဇဝတ်မှုများနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ရာဇဝတ် တရားရုံး (International Criminal Court -ICC) ၏ လုပ်ပိုင်ခွင့်ကို လက်ခံသဘောတူကြောင်း ကြေညာချက်တစောင်ကို တရားရုံး၏ မော်ကွန်းဌာနသို့ တင်သွင်းခဲ့ပြီးဖြစ်ပါသည်။ ထိုသတ်မှတ်ရက်သည် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး၏ လုပ်ပိုင်ခွင့်နှင့်ပတ်သက်ပြီး အစောဆုံး ခွင့်ပြုထားသည့်ရက်ဖြစ်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရသည် အိမ်နီးနားချင်းနိုင်ငံများရှိ ဒုက္ခသည်စခန်းများနေထိုင်နေရသည့် ရိုဟင်ဂျာပြည်သူများနှင့် မြန်မာနိုင်ငံအတွင်းတွင်နေထိုင်ရင်း အခြေအနေဆိုးများကို ဆက်လက်ရင်ဆိုင်နေရသည့် ရိုဟင်ဂျာပြည်သူများ၏ အခြေအနေနှင့်ပတ်သက်ပြီး အထူးစိုးရိမ်ပူပန်မိပါသည်။ ရိုဟင်ဂျာပြည်သူများ လုံခြုံစွာ ဂုဏ်သိက္ခာရှိရှိဖြင့် ဆန္ဒအလျောက် နေရပ်ရင်းပြန်လာနိုင်ရေးသည် မိမိတို့၏ အထူးဦးစားပေးအချက်ပင်ဖြစ်သည်။ ၁၉၈၂ နိုင်ငံသားဖြစ်မူဥပဒေကို ပယ်ဖျက်ပြီး ထိုဥပဒေနေရာတွင် နိုင်ငံသားဖြစ်ခြင်း သို့မဟုတ် မည်သည့်နေရာတွင်မွေးဖွားသည့်ဖြစ်စေ နိုင်ငံသားများကမွေးဖွားခဲ့သည့်ကလေးသူငယ်တိုင်းကိုမဆို နိုင်ငံသားအဖြစ်အသိအမှတ်ပြုသော ဥပ‌‌ဒေဖြင့် အစားထိုးခြင်း၊ နိုင်ငံသားစီစစ်ရေးကဒ်ပြားများအား အဆင့်အမျိုးမျိုးဖြင့် ထုတ်ပေးသည့်လုပ်ငန်းစဥ်ကိုဖျက်သိမ်းခြင်းတို့ကို လုပ်ဆောင်ခြင်းဖြင့် ဒုက္ခသည်မား နေရပ်ရင်းပြန်လာရေးလုပ်ဆောင်ရာတွင် ကြုံရသည့် ပြသနာကိုဖြေရှင်းနိုင်ရမည်ဟု မိမိတို့ယုံကြည်သည်။ ရခိုင်ပြည်အတွင်းရှိ ရိုဟင်ဂျာအရေး၏ အခြေခံအကြောင်းရင်းတရားများကို ထုတ်ဖော်ရန် အရေးကြီးကြောင်းနှင့် သက်ဆိုင်ရာနိုင်ငံတရာအဖွဲ့အစည်းများ၏ အစီရင်ခံစာများပါ ဖြစ်နိုင်သောအဖြေရှာမှုများနှင့် ရိုဟင်ဂျာအသိုင်းအဝိုင်းတို့က တိုက်ရိုက်အကြံပြုတင်ပြချက်များကို ထည့်သွင်း စဥ်းစားရမည်ဖြစ်ကြောင်းတို့ကို မိမိတို့ လက်ခံသဘောတူသည်။ ပြည်ထေင်စု တိုင်းရင်းသားလူမျိုးများအားလုံး ငြိမ်းချမ်းစွာအတူလက်တွဲနေထိုင်နိုင်သော ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ခြင်းသည်သာလျှင် နိုင်ငံအတွက်အကောင်းဆုံးအဖြေဖြစ်သည်ဟု ခိုင်မာစွာ ယုံကြည်သည်။ ထိုရည်မှန်းချက်ပန်းတိုင်ကို ရရှိနိုင်ရန်အတွက် အခြားသောတိုင်းရင်းသားအဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်နေလျက်ရှိသည်။ ယခုကျရောက်သည့် နှစ်ပတ်လည်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဖယ်ဒရယ် ဒီမိုကရေစီပ၎ိညာဥ်တွင် ဖော်ပြထားသည့် အခြေခံမူများဖြစ်သော ပြည်ထောင်စုဖွားတိုင်းရင်းသားများအားလုံးသည် အခြေခံလူ့အခွင့်အရေးများနှင့် လူ့ဂုဏ်သိက္ခာများ၊ လူပုဂ္ဂိုလ်တဦးချင်းအလိုက်ခံစားခွင့်ရှိသည့် တစ်သီးပုဂ္ဂလအခွင့်အရေးများနှင့် လူမျိုးအုပ်စုအလိုက်ခံစားခွင့်ရှိသည့် စုပေါင်းအခွင့်အရေးများကို ရရှိခံစားနိုင်ရေးနှင့် ရိုဟင်ဂျာပြည်သူများအပေါ် ကျူးလွန်သည့် အကြမ်းဖက်မှုများ နောက်ထပ်မပေါ်ပေါက်နိုင်မည့် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်နိုင်ရေးတို့အတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ထပ်လောင်း‌ပြောကြားအပ်ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပုံမှန်အစည်းအဝေး (၂၀/၂၀၂၁) ကို ကျင်းပပြုလုပ်၊ ၂၄ ဩဂုတ် ၂၀၂၁။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပုံမှန်အစည်းအဝေး (၂၀/၂၀၂၁) ကို ကျင်းပပြုလုပ်၊ ၂၄ ဩဂုတ် ၂၀၂၁။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၏ ပုံမှန်အစည်းအဝေး (၂၀/၂၀၂၁) ကို ယနေ့ သြဂုတ်လ ၂၄ ရက်နေ့ နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ရာ ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် ဝန်ကြီးများ ၊ ဒုဝန်ကြီးများ တက်ရောက်ကြပါတယ်။ အစည်းအဝေးမှာ ယာယီသမ္မတ နှင့် ပြည်ထောင်စုဝန်ကြီးချုပ်တို့က အမှာစကားများအသီးသီးပြောကြားကြရာ ယာယီသမ္မတကြီးက အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် ၂၀/၈/၂၀၂၁ မှစ တင်ကာ ပြည်သူများနှင့် ဆက်သွယ်မှု မပြတ်အောင် ရေဒီယိုအသံလွင့်မှု အစီအစဉ်ကို  စတင် စမ်းသပ်ထုတ်လွင့်ခဲ့ခြင်း၊ CDM များကို ထောက်ပံ့နိုင်ရေးအတွက် အောင်လံလွင့်ချီ နွေဦးထီ ကို အောင်မြင်စွာ စတင်နိုင်ခြင်း၊ Covid-19 ကုသ ထိန်းချုပ် ကာကွယ် နိုင်ရေးအတွက် စီမံချက်ချမှတ် လုပ်ဆောင်နေခြင်း၊ ကမ္ဘာ့ နိုင်ငံကြီးအချို့မှ NUG အစိုးရအား ထိတွေ့ ပူးပေါင်းလုပ်ဆောင်နေခြင်း တို့ဟာ စစ်ကောင်စီကို အလွန်ပင်ထိခိုက်စေတာတွေ့ရကြောင်း၊ တစ်ဘက်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့ နှင့် PDF တပ်ဖွဲ့ဝင်များမှ စိတ်ဓါတ် တက်ကြွစည်းလုံး စွာဖြင့်  မိမိတို့၏ ဒေသကို ရရာ လက်နက်ဖြင့် အသက်ပေးကာကွယ်မှု ပိုမို လုပ်ဆောင်လာတာ တွေ့ရသည့် အတွက် အလွန်ချီးကျူးဂုဏ်ယူကြောင်း၊ ကြားရသည့် သတင်းများအရ စစ်တပ်အတွင်းတွင် ပြည်သူများဖက် ရပ်တည်ပူးပေါင်းလာကြသည့် ဦးရေ ပိုမို တွေ့ရှိလာရပြီး ထပ်မံပူးပေါင်းလာမည့် တပ်မတော်သားများလည်း ရှိသည်ကိုသိရပါ ကြောင်း၊၂၀၂၁ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့ထုတ်ပြန်ချက်အရ အာဏာသိမ်း အကြမ်းဖက် မင်းအောင်လှိုင်ရဲ့ အပြစ်မဲ့ပြည်သူများ အကြမ်းဖက်သတ်ဖြတ်နေသည့်လုပ်ရပ်ကို အလိုမရှိသော တပ်မတော်သားများ နှင့် ပြည်သူ့ရဲများ ပြည်သူများထံ ခိုလှုံလာသူများအား လုံခြုံစွာ ကာကွယ် စောင့် ရှောက်မှုပေးဖို့ ပြည်ထောင်စု၀န်ကြီးချုပ် ဦးဆောင်ကာ ကောင်မတီတရပ်လည်း ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း၊ ၄င်းတပ်မတော်သားများ နှင့် ပြည်သူ့ ရဲတပ်ဖွဲ့၀င် များ၏ မိသားစုများ စားဝတ်နေရေးအတွက် မိမိတို့အစိုးရမှ တာဝန်ယူသွားမည်ဖြစ်ကြောင်း၊ မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် တလှမ်းချင်းအတွက် အမှားအယွင်းမရှိအောင် သတိကြီးစွာ လုပ်ဆောင်သွားကြဖို့ လိုအပ်ကြောင်းများပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးချုပ်က ပြည်သူလူထု၏ ယုံကြည်ပေးမှုတွေ၊ ဇွဲသတ္တိခွန်အားတွေနဲ့ အတူရုန်းကန် လာခဲ့လိုက်ကြတာ အာဏာသိမ်းပြီး ၇ လထဲရောက်လာတဲ့အထိ အကြမ်းဖက်စစ်ကောင်စီဟာ တိုင်းပြည်ကို မအုပ်ချုပ်နိုင်သေးကြောင်း ၊ ၇ လ ကြာမြင့်လာပေမယ့် ပြည်သူတွေဟာ တော်လှန်ရေးအပေါ် အားလျော့သွား တာမျိုး မရှိဘူး ဆိုတာကိုလည်း နေ့စဉ်ဖြစ်ရပ်တွေကသက်သေပြနေကြောင်း၊ ကျတော်တို့ရဲ့ “အောင်လံလွှင့်ချီ နွေဦးထီ” ရဲ့အောင်မြင်မှုဟာဆိုရင်လည်း ပြည်သူတွေအနေနဲ့ကျတော်တို့ NUG အစိုးရအပေါ်မှာ အားမလိုအားမရ ဖြစ်နေတာတွေရှိပေမယ့် ကျတော်တို့ရဲ့အခက်အခဲတွေကို နားလည်ပေးပြီး ကျတော်တို့နဲ့ တသားတည်း ရှိနေတယ်ဆိုတာကိုကောင်းကောင်း သိမြင်လိုက်ရကြောင်း၊ ပြည်သူတွေက အဆုံးစွန်နားလည်မှုတွေပေးပြီး အသက်တွေ ဘဝတွေ သွေးတွေ ချွေးတွေနဲ့အစွမ်းကုန် အင်တိုက်အားတိုက်ပါဝင်နေတဲ့ဒီတော်လှန်ရေးကို အမြန်ဆုံးအောင်မြင်အောင်လုပ်ဆောင်ပေးဖို့ကျတော်တို့မှာ ပိုတာဝန်ရှိသလို ခံစားရပါ ကြောင်း၊ အခုဆိုရင် အဖမ်းအဆီးတွေ ပိုမိုများပြားလာသလို တိုက်ပွဲတွေလည်း နေရာအနှံ့ပိုဖြစ်လာတာမို့ ကျတော်တို့တုံ့ဆိုင်း နေရမယ့် အချိန်မဟုတ်တော့ဘူးဆိုတာ ပိုသေချာလာကြောင်း၊ ပြီးခဲ့တဲ့တစ်ပတ် အတွင်းမှာဆိုရင် ကျတော်တို့ဟာ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ကော်မတီကို သမ္မတကြီးရဲ့ လမ်းညွှန်မှုနဲ့ ပြည်သူ့လုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီ လက်အောက်ကနေ ဖွဲ့စည်းပြီးဆောင်ရွက်နေကြောင်း၊ မနေ့ကဆိုရင်လည်း ပြည်သူ့ရင်ခွင်ခိုလှုံကြမယ့် တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေအတွက် ထုတ်ပြန်ကြေညာချက် တစ်စောင်ထုတ်ခဲ့ပြီး ဒါနဲ့ပါတ်သတ်လို့ ဆက်လက်စီမံဆောင်ရွက်သွားဖို့ ပြည်သူ့ရင်ခွင် ခိုလှုံရေးအစီအစဉ် အကောင်အထည်ဖော်မှုကော်မတီကို ကျတော်ကဦးဆောင်ပြီး ဆောင်ရွက်နေကြောင်း၊ ပြည်သူ့အားကို ယုံကြည်ပြီး အောင်စိတ်နဲ့ရှေ့ဆက်ကြမည်ဖြစ်ကြောင်း၊ အခက်အခဲတွေ မပြည်စုံမှုတွေ ရှိမှာအသေအချာ ဖြစ်သော်လည်း အဲ့ဒါတွေကို ပြည်သူတွေရဲ့စိတ်ဆန္ဒပြင်းပြနေမှုတွေနဲ့အတူ ကျတော်တို့ညီညီညွတ်ညွတ်နဲ့ ယုံကြည်ချက်အပြည့်ထားပြီး  ကျော်လွှား ကြဖို့တိုက်တွန်း ပြောကြားခဲ့သည်။ ဆက်လက်ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ Covid 19 အတွက် လက်ရှိဆောင်ရွက်ချက်များနှင့်ပါတ်သတ်၍ ဆွေးနွေးပြီး နေ့လည် ၁၁ နာရီ တွင် အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

ပြည်သူ့တပ်မတော်သားများ၊ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များနှင့် စပ်လျဉ်းသည့် မူဝါဒ ထုတ်ပြန်ကြေညာခြင်း

ပြည်သူ့တပ်မတော်သားများ၊ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များနှင့် စပ်လျဉ်းသည့် မူဝါဒ ထုတ်ပြန်ကြေညာခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရကြေညာချက်အမှတ် (၈/၂၀၂၁) ၂၃ ဩဂုတ် ၂၀၂၁“ပြည်သူ့တပ်မတော်သားများ၊ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များနှင့် စပ်လျဉ်းသည့် မူဝါဒ ထုတ်ပြန်ကြေညာခြင်း”၁။ ယနေ့ မြန်မာနိုင်ငံတွင် “အမျိုးသားညီညွတ်ရေးအစိုးရ”သည် ပြည်သူ့ဆန္ဒနှင့်အညီ ပေါ်ပေါက် လာသည့် “တရားဝင်” ပြည်သူ့အစိုးရ ဖြစ်သည်ဟုလည်းကောင်း၊ စစ်ကောင်စီသည် ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြု၍ “တရားမဝင်” အာဏာသိမ်းယူထားရုံသာမက ပြည်သူကိုဖိနှိပ် ညှင်းပမ်းသတ်ဖြတ်နေသော “အကြမ်းဖက်စစ်အုပ်စု” ဖြစ်သည်ဟုလည်းကောင်း မြန်မာပြည်သူလူထုတစ်ရပ်လုံးနှင့် သက်သေ အထောက်အထားဖြစ်စဉ်များက ဆုံးဖြတ်သတ်မှတ်ပြီး ဖြစ်သည်။၂။ ယခုအခြေအနေတွင် စစ်ကောင်စီ၏အမိန့်အာဏာကို မလွန်ဆန်နိုင်၍ ၎င်း၏ လက်အောက်တွင် ဆက်လက်ရပ်တည်နေကြသော တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ၏ ခါးပိုက်ဆောင်နှင့်လက်ကိုင်တုတ်အဖြစ် ဆက်လက်ရပ်တည်မည့်အစား အမှန်တရားနှင့် ပြည်သူ့ရင်ခွင်သို့ ခိုလှုံရပ်တည်ကာ အမျိုးသားညီညွတ်ရေးအစိုးရ၏ ဦးဆောင်မှုကို ခံယူရေးအတွက် မိမိတို့၏ကိုယ်ပိုင်အသိဉာဏ်ဖြင့် ယှဉ်လျက် ရွေးချယ်ဆုံးဖြတ်ကြရန် လိုအပ်လာသည်။၃။ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ လက်ကိုင်တုတ်များအဖြစ် ရပ်တည်နေခြင်းသည် အချုပ်အခြာအာဏာကို အလွဲသုံးစားပြုခြင်း၊  ပြည်သူကို ပုန်ကန်ခြင်းဖြစ်သည့်အတွက် ပြည်သူ၏ အရေးယူဒဏ်ခတ်မှုကို မလွဲမသွေခံယူကြရမည်ဖြစ်ကြောင်းကို လေးလေးနက်နက် သတိပြုအပ်သည်။၄။ အမျိုးသားညီညွတ်ရေးအစိုးရသည် တရားမဝင်အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်ပြီး ပြည်သူ့ရင်ခွင်ကိုခိုလှုံကာ ပြည်သူနှင့်ပူးပေါင်းမည့် တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့များ၏ ရပ်တည် ချက်မှန်ကန်မှု၊ ဉာဏ်အမြှော်အမြင်ရှိမှုကို လေးစားအသိအမှတ်ပြုလျက် ၎င်းတို့အတွက် လိုအပ်သော တာဝန်ယူမှုနှင့် ကူညီစောင့်ရှောက်မှုများ ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် အောက်ပါ မူဝါဒများကို ချမှတ်လိုက်သည်- (က) တရားမဝင်အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီနှင့် လမ်းခွဲလျက် ပြည်သူ့ရင်ခွင် ခိုလှုံရန် ဝန်ခံကတိပြုသော တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအား “ပြည်သူ့သားကောင်းများ”                     အဖြစ် အသိအမှတ်ပြုမည်။ (ခ) ၎င်းတပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ၏ လုပ်သက်၊ ရာထူး နှင့် ပင်စင်တို့အား အမျိုးသားညီညွတ်ရေးအစိုးရက ဆက်လက်တာဝန်ယူမည်။ (ဂ) ၎င်းတို့ လတ်တလောလိုအပ်သော အသက်လုံခြုံမှု၊ မိသားစုဘဝလုံခြုံမှုနှင့် ဘဝရပ်တည်မှုတို့ကို အာမခံနိုင်သော ကူညီစောင့်ရှောက်မည့်အစီအမံများ ချမှတ် ဆောင်ရွက်သွားမည်။ (ဃ) ပြည်သူ့ရင်ခွင်ခိုလှုံမည့် တပ်ရင်းတပ်ဖွဲ့များ၊ တပ်ဖွဲ့ဝင်များအားတိုက်ခိုက်ခြင်း၊ ဒဏ် ခတ်အရေးယူခြင်း မပြုလုပ်ရန် "ပြည်သူ့ကာကွယ်‌ရေးတပ်မတော်" ကိုလည်းကောင်း၊ မဟာမိတ်များကို လည်းကောင်း၊ ပြည်သူများကိုလည်းကောင်း  အသိပေးညှိုနှိုင်း အကြောင်းကြားထားမည်။ (င) အဆိုပါ တပ်ရင်းတပ်ဖွဲ့များ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များသည် အသစ်ပြန်လည် ဖွဲ့စည်းမည့် ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်နှင့် ရဲတပ်ဖွဲ့တွင် အရေးကြီးသော အခန်းကဏ္ဍမှ ဆက်လက်ပါဝင် ပူးပေါင်းနိုင်ရန် အစီအစဉ်များ ချမှတ်ထားရှိမည်။၅။ အထက်ပါ မူဝါဒများနှင့်အညီ လိုအပ်သောလုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော်နိုင်ရန်အတွက် ပြည်သူ့တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များအား ကြိုဆိုလက်ခံရေးနှင့် တပ်များ ပေါင်းစည်းရေးအတွက် ပြည်ထောင်စုဝန်ကြီးချုပ် ဦးဆောင်ပါဝင်သော အထူးကော်မတီတစ်ရပ်ကို အမျိုး သားညီညွတ်ရေးအစိုးရက ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်လိုက်သည်။ဒူဝါလရှီးလယာယီသမ္မတအမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်။

မွန်တော်လှန်ရေးနေ့သို့ ပေးပို့သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ သဝဏ်လွှာ

မွန်တော်လှန်ရေးနေ့သို့ ပေးပို့သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ သဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရ၂၀၂၁ ခုနှစ် ဩဂုတ်လ (၂၂) ရက်နေ့တွင် ကျရောက်သည့် (၇၄) နှစ်မြောက် မွန်တော်လှန်ရေးနေ့သို့ ပေးပို့သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ သဝဏ်လွှာ၂၀၂၁ ခုနှစ် ဩဂုတ်လ (၂၂) ရက်၁။ မြန်မာနိုင်ငံရှိ လူမျိုးအသီးသီးတွင် မိမိလူမျိုးများအတွက် ငြိမ်းချမ်းရေး၊ တရားမျှတရေးနှင့် တန်းတူ အခွင့်အရေး ရရှိရေးအတွက်သာမက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်ရေး တို့အတွက် ကိုယ်ကျိုးစွန့်အနစ်နာခံကာ သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် သူရဲကောင်းများ အများအပြားရှိ ကြပါသည်။ ၂။ ၁၉၄၈ခုနှစ် မြန်မာပြည်လွတ်လပ်ရေး ရပြီးနောက် မွန်၊ရခိုင် နှင့် ကရင်စသည့် တိုင်းရင်းသားများ၏ နေထိုင်ရာ သီးခြားပြည်နယ် သတ်မှတ်ဖော်ထုတ်ပေးရန်၊ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝ ရှိသော ဖက်ဒရယ်စနစ်ထူထောင်ရေး ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန်အတွက် “ခေတ်သစ် မွန်လက်နက်ကိုင်တပ်” ကို နိုင်ပန်းသာ၊ နိုင်အောင်သိန်း (ခ) ဗိုလ်သိန်း နှင့် မွန်မျိုးချစ် လူငယ် (၂၇)ဦးတို့မှ ဦးဆောင်ပြီး ဇာသပြင်ကျေးရွာ၌ သန္ဓေတည်၍ “မွန်လက်နက်ကိုင် တော်လှန်ရေး” ကို စတင်ခဲ့ကြသည့်  ခရစ်နှစ် ၁၉၄၈ ခုနှစ်၊ ဇူလှိုင်လ (၂၀) ရက်နေ့၊ နံနက် (၆:၃၀) (မြန်မာသက္ကရာဇ် ၁၃၁၀ ခုနှစ်၊ ဝါခေါင်လပြည့်နေ့) ကို ဂုဏ်ပြု၍ မွန်တော်လှန်ရေးနေ့ အဖြစ် သတ်မှတ်ကျင်းပခဲ့ကြပါသည်။၃။ (၂၂-၀၈-၂၀၂၁) ရက်နေ့တွင် ကျရောက်သည့် (၇၄)နှစ်မြောက် မွန်တော်လှန်ရေးနေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ၁၉၄၈ ခုနှစ် တော်လှန်ရေးကာလအတွင်း၌ ကျဆုံးလေပြီးသော မွန်အမျိုးသား ခေါင်းဆောင်ကြီးများကို သတိရအောက်မေ့ကြောင်းနှင့် ခေါင်းဆောင်ကြီးများနှင့်အတူ မွေးဖွားလာသည့် မွန်လူမျိုးများ၏ တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ မြန်မာနိုင်ငံတွင် ဖက်ဒရယ် ဒီမိုကရေစီစနစ် ပေါ်ထွန်းလာရေး ရည်မှန်းချက်များအောင်မြင်ပါစေကြောင်း လေးနက်စွာဆန္ဒပြုလျက် သဝဏ်လွှာ ပေးပို့အပ်ပါသည်။ ၄။ မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရရှိသော်လည်း အုပ်ချုပ်သူဗဟိုအစိုးရအဆက်ဆက်မှ တိုင်းရင်းသားတို့ ၏ရသင့်ရထိုက်သောကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးနှင့် ဖက်ဒရယ်နိုင်ငံထူထောင်ရေးကတိကဝတ် တောင်းဆိုချက်များအပေါ်တွင် လျစ်လျှူရှုကာ လက်နက်ဖြင့်ဖြေရှင်းသည့်ယဉ်ကျေးမှုသည် အမြစ်တွယ် ခဲ့သည်မှာနှစ်ပေါင်း ၇၀ ရှိခဲ့ပြီဖြစ်သည်။ ၂၀၂၁ ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် မြန်မာစစ်တပ်မှ အာဏာ သိမ်းလိုက်ခြင်းသည် နိုင်ငံရေးတွင် စစ်တပ်မှထာဝရဝင်ရောက်စွက်ဖက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ခြင်း ဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးနှင့်ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေးတို့အတွက် ပို၍ပင်ဝေးကွာသွား စေနိုင်သည်ဟု မိမိတို့မှထင်မြင်မိပါသည်။သို့ဖြစ်၍စစ်အာဏာရှင်စနစ်အားဖျက်သိမ်းနိုင်သည်အထိမွန်ပြည်သူများနှင့်တိုင်းရင်းသားလူမျိုး အားလုံးမှ ပူးပေါင်းပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံပေါ်ထွန်းရေးနှင့် ဖက်ဒရယ်တပ်မတော်ပေါ်ပေါက်ရေးအတွက် ဝိုင်းဝန်း ကြိုးစားရမည်ဖြစ်ကြောင်း ယနေ့ကျရောက်သည့် မွန်အမျိုးသားတော်လှန်ရေးနေ့တွင် တိုက်တွန်းလိုက်ပါသည်။အမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားညီညွတ်ရေးအစိုးရသည် နိုင်ငံတကာရာဇဝတ်ခုံရုံး၏ တရားစီရင်ပိုင်ခွင့်ကို လက်ခံ

အမျိုးသားညီညွတ်ရေးအစိုးရသည် နိုင်ငံတကာရာဇဝတ်ခုံရုံး၏ တရားစီရင်ပိုင်ခွင့်ကို လက်ခံ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရwww.nugmyanmar.org၂၀ ဩဂုတ် ၂၀၂၁ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ အမျိုးသားညီညွတ်ရေးအစိုးရသည် နိုင်ငံတကာ ရာဇဝတ်ခုံရုံး၏ တရားစီရင် ပိုင်ခွင့်ကို လက်ခံသည်။အမျိုးသားညီညွတ်ရေးအစိုးရ၏ ယာယီသမ္မတ ဒူဝါလရှီးလသည် ဇူလိုင်လ ၁ ရက် ၂၀၀၂ ခုနှစ် နောက်ပိုင်းတွင် မြန်မာနိုင်ငံ၌ ကျူးလွန်ခဲ့သော နိုင်ငံတကာ ရာဇဝတ်မှုများနှင့် စပ်လျဉ်းသည့် ခုံရုံး၏ တရားစီရင်ပိုင်ခွင့်အား သဘောတူလက်ခံကြောင်း ကြေညာချက်ကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး၏ မှတ်ပုံတင်အရာရှိထံ တင်သွင်းခဲ့ပါသည်။ ဇူလိုင်လ ၁ ရက် ၂၀၀၂ ခုနှစ်သည် နိုင်ငံတကာ ရာဇဝတ်ခုံရုံး၏ စာချုပ် (ရောမစာချုပ်)တွင် အစောဆုံး အကျုံးဝင်သော ရက်စွဲ ဖြစ်သည်။အဆိုပါ ကြေညာချက်ကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးစာချုပ်၏ ပုဒ်မ ၁၂ (၃) နှင့်အညီ တင်သွင်းခဲ့ခြင်း ဖြစ်သည်။ ယင်းသို့တင်သွင်းခြင်းက ရောမစာချုပ်တွင် သဘောတူလက်မှတ် ရေးထိုးမထားသောနိုင်ငံကို ခုံရုံး၏ တရားစီရင်ပိုင်ခွင့်ကျင့်သုံးခြင်းကို သဘောတူ လက်ခံနိုင်စေသည်။ အဆိုပါ ကြေညာချက်ကို ဆက်လက် စဉ်းစားနိုင်ရန် ခုံရုံး၏ မှတ်ပုံတင်အရာရှိထံ ၁၇ ရက် ဇူလိုင်လ ၂၀၂၁ ခုနှစ်တွင် လွှဲပြောင်းပေးခဲ့ပါသည်။အမျိုးသားညီညွတ်ရေးအစိုးရသည် လူ့အခွင့်အရေး ချိုးဖောက်မှု အားလုံးအတွက် တာဝန်ယူမှု သေချာစေရန်နှင့် ပြစ်ဒဏ်မှလွတ်ကင်းခွင့်အဆုံးသတ်စေရန် ကတိသစ္စာပြုထားပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရသည် စစ်တပ်က ကျူးလွန်ဆဲဖြစ်သော ရက်စက်ယုတ်မာသည့် ရာဇဝတ်မှုများကို ဆက်လက်၍ သတိပြုမိသည့်အပြင် အတိတ်တွင် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများ အားလုံးအတွက်လည်း တရားမျှတမှုကို ဖော်ဆောင်ရန် ကြိုးပမ်းလျက်ရှိသည်။ အမျိုးသားညီညွတ်ရေးအစိုးရသည် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုနှင့် နိုင်ငံတကာ ဥပဒေကို လေးစားလိုက်နာမှုအတွက် မြန်မာနိုင်ငံကို လူအများသိကြမည့် အနာဂတ်တစ်ခုသို့ ဦးတည်ကာ မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။

သတင်းထုတ်ပြန်ချက် (၁၃/၂၀၂၁)

သတင်းထုတ်ပြန်ချက် (၁၃/၂၀၂၁)

၁။  အမျိုးသားညီညွတ်ရေး အစိုးရရဲ့ ထီစနစ်ဖြစ်တဲ့ "အောင်လံလွှင့်ချီ နွေဦးထီ" ကို ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့တွင် စတင်ရောင်းချခဲ့သည်။ “အောင်လံလွှင့်ချီ နွေဦးထီ” ကို တရားဝင်လူမှုကွန်ယက်စာမျက်နှာ https://www.facebook.com/nuglottery  မှတဆင့် ဝယ်ယူနိုင်ပါသည်။ ထီထိုးသော ငွေများထဲမှ ၇၀ ရာခိုင်နှုန်းကို CDM များအား ထောက်ပံ့ရာတွင် အသုံးပြုသွားမည်ဖြစ်ပြီး ၃၀ ရာခိုင်နှုန်းအား ဆုကြေးငွေတွေအဖြစ် ထီဖွင့်ပေးသွားမှာဖြစ်ပါတယ်။ ထီပေါက်သူများက ဆုကြေးငွေကို ပြန်လည်လှူဒါန်းနိုင်ပြီး အဆိုပါ လှူဒါန်းငွေကို အမျိုးသားညီညွတ်ရေးအစိုးရ၏ အရေးကြီးသော လုပ်ငန်းစဉ်များတွင် အသုံးပြုသွားမည်ဖြစ်ပါသည်။ ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် စွမ်းအင်ကဏ္ဍ၏ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းရှိ CDM ဝန်ထမ်းများကို ဖိနှိပ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ရာထူးမှ ထုတ်ပယ်ခြင်း၊ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း၊ ဝန်ထမ်းအိမ်ရာများမှ နှင်ထုတ်ခြင်းနှင့် ပြည်သူ့အစိုးရက ပြန်ဆပ်ရန်မလိုဟု ထုတ်ပြန်ထားသည့် ၂ လစာ ချေးငွေများ ပြန်လည်တောင်းခံခြင်းတို့ကို ကျူးလွန်နေသည့် တရားမဝင်အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ အရာရှိ (၆၉) ဦးအားအမည်ပျက်စာရင်းဝင်သူများအဖြစ် သတ်မှတ်ကြေညာလိုက်ပြီး ၄င်းတို့အားလုံးကို နိုင်ငံ့ဝန်ထမ်းအဖြစ်မှ ထုတ်ပစ် (dismiss) ပြီး ဖြစ်ကြောင်း ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၆ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၀/၂၀၂၁)၁ ဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။၃။ အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနင့် တိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသော အမျိုးသားကျန်းမာရေးညီလာခံ၏ ရလဒ်အဖြစ် အမျိုးသားကျန်းမာရေး ကော်မတီ (National Health Committee) ကို ၂၀၂၁ ခုနှစ် ဩဂုတ်လ (၅) ရက်နေ့တွင် ဖွဲ့စည်းပြီး အမျိုးသားကျန်းမာရေးကော်မတီက ကြေညာချက်အမှတ် (၁/ လိုက်သည်။ အဆိုပါ အမျိုးသားကျန်းမာရေးကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ဖဒိုမန်းမန်း၊ ဒုဥက္ကဋ္ဌ ၁ အဖြစ် ဒေါက်တာဇော်ဝေစိုး၊ ဒုဥက္ကဋ္ဌ ၂ အဖြစ် ခူးပလူးရယ်၊ အတွင်းရေးမှူးအဖြစ် ဒေါက်တာ ဥက္ကာ၊ တွဲဘက်အတွင်းရေးမှူး ၁ အဖြစ်စောနေထူး၊ တွဲဘက်အတွင်းရေးမှူး ၂ အဖြစ် နန်းစနိုး တို့ပါဝင်ပြီး အဖွဲ့ဝင် (၁၇) ဦးပါဝင်ပါဝင်ပါသည်။ အတိုင်ပင်ခံ ၁၀ ဦး ပါဝင်သည်။ အမျိုးသားကျန်းမာရေးကော်မတီ(NHC) ၏ ရည်ရွယ်ချက်များမှာ (က) ဖက်ဒရယ် ပြည်ထောင်စု ကျန်းမာရေး မူဝါဒ (National Health Policy) ရေးဆွဲချမှတ်သွားရန်၊ (ခ) တိုင်းရင်းသားနယ်မြေ/ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များ၏ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းစီမံချက်များကို ဆက်စပ်ဆောင်ရွက်ပေးရန်၊(ဂ) နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားနိုင်ရန်၊(ဃ) ဘေးဒဏ်ကပ်ဆိုး အန္တရာယ်အမျိုးမျိုးကြောင့် ဖြစ်ပေါ်လာနိုင်သော အခြေအနေများကို အသင့်ပြင်ဆင်မှု ရှိရန်၊ လျင်မြန်စွာ တုန့်ပြန်နိုင်ရန် တို့ဖြစ်ပါသည်။ အမျိုးသားကျန်းမာရေးကော်မတီ(NHC) ၏ လုပ်ငန်းစဉ်များမှာ (က)ဖက်ဒရယ်ပြည်ထောင်စု ကျန်းမာရေးမူဝါဒအပေါ် အခြေခံပြီး ကျန်းမာရေးစနစ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သွားရန်၊ (ခ) ကျန်းမာရေးသတင်းအချက်အလက် ပြုစုရေးစနစ်ကို ပိုမိုကောင်းမွန်လာရေး အဆင့်မြင်တင်ရန်၊  (ဂ) နိုင်ငံတကာအဖွဲ့အစည်းများနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်ရေး နည်းဗျုဟာများ ချမှတ်ကျင့်သုံးရန်၊(ဃ) ဆေးပညာသင်တန်းများ ပို့ချနိုင်ရေးနှင့် သင်ရိုးညွှန်းတမ်းများ ရေးဆွဲနိုင်ရေး ဆောင်ရွက်ရန်၊(င) Covid 19 ရောဂါထိန်းချုပ်ရေး လျှော့ချရေးတို့နှင့် စပ်လျဉ်း၍ နည်းဗျုဟာများ ချမှတ်ဆောင်ရွက်သွားရန် ၄။ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနသည် သဘာဝဘေးအန္တရာယ် ကြုံတွေ့ရသည့် ဒေသများရှိ ပြည်သူများအတွက် လိုအပ်သော ထောက်ပံ့မှုများ ပြုလုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိပါသည်။ ထို့ကြောင့် မန္တလေးတိုင်း မိုးကုတ်မြို့နယ် တွင် ဖြစ်ပွားခဲ့သော မြေပြို၊ ရေဘေး ကြောင့် ထိခိုက်ခံခဲ့ရပြီး ထောက်ပံ့မှုလိုအပ်နေသော ပြည်သူများအတွက် ငွေကျပ် ၁၀သိန်း ကို ၁၃.၀၈.၂၀၂၁တွင် ပေးပို့ထောက်ပံ့ခဲ့ပါသည်။ ထို့အတူ ရေဘေးသင့်ခဲ့ရသော ကချင်ပြည်နယ် မဂါ့ယန် စစ်ရှောင်စခန်းအတွက် ဆန်ရိက္ခာဖိုး ငွေကျပ်၁၈သိန်း၊ မြေပြိုမှုကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရသောမိသားစုအတွက် ငွေကျပ် ၁သိန်း နှင့် ဘေးဒဏ်ကြောင့် နေအိမ်ပျက်စီးခဲ့ခြင်းများအတွက် ငွေကျပ် ၅သိန်း စုစုပေါင်း ငွေကျပ်၂၄သိန်းကို ၁၅.၀၈.၂၀၂၁တွင် ထောက်ပံ့ခဲ့ပြီး ဖြစ်ပါသည်။ ထို့အပြင် အကျဉ်းသားများနှင့် ၄င်းတို့မိသားစုများအတွက်လိုအပ်ချက်များကို လူသားချင်းစာနာမှု အကူအညီများ ပံ့ပိုးနိုင်ရန် ငွေကျပ် ၁၅သိန်း ကိုလည်း ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း အသိပေးတင်ပြအပ်ပါသည်။၅။ ပြည်သူလူထုနှင့် အဆက်အသွယ်မပြတ်ရှိနေစေရန်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ အရေးကြီးသော သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ ပြည်သူသို့ အသိပေးနိုင်ရန်အတွက် Radio ထုတ်လွှင့်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ မကြာမီ အချိန်တွင် စမ်းသပ်ထုတ်လွှင့်သွားမည်ဖြစ်သည်။ ဩဂုတ်လ ၂၀ ရက်နေ့ မနက် ၈ နာရီတစ်ကြိမ် ည ၈ နာရီတစ်ကြိမ် စမ်းသပ်ထုတ်လွှင့်သွားမည်ဖြစ်သောကြောင့် လှိုင်းတိုမီတာ ၁၆ / မက်ဂါဟဇ် ၁၇ဒသမ ၇၁ တွင် ဖမ်းယူနားဆင်နိုင်မည်ဖြစ်သည်။အသေးစိတ်သိရှိလိုပါက လေ့လာရန် လင့်ခ်များ၁။ https://www.facebook.com/NUGmyanmar/posts/170686425151997၂။ https://www.facebook.com/NUGmyanmar/posts/171327885087851