အမျိုးသားညီညွတ်ရေးအစိုးရ၏ (၈၀) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၇) ရက် 

 မကြာတော့ခင် အချိန်ကာလမှာ  ၂၀၂၂ ဆိုတဲ့ နှစ်ဟောင်းကုန်ဆုံးပြီး ၂၀၂၃ ဆိုတဲ့ နှစ်သစ်အချိန်ကာလတစ်ခုကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ၂၀၂၂ ဟာ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် ဝမ်းနည်းစရာပေါင်းများစွာကို ဖြစ်စေခဲ့တဲ့ နှစ်တစ်နှစ်ဖြစ်သလို  ပြည်သူတွေရဲ့ မဆုတ်မနစ်တဲ့ ဇွဲသတ္တိ၊ ခံနိုင်ရည်အားတွေနဲ့ တော်လှန်ရေး အင်အားစုတွေရဲ့ ပေါင်းစည်းကြိုးစားနိုင်မှုတွေကို မှတ်ကျောက်တင်ရမယ့် နှစ်တစ်နှစ်လည်း ဖြစ်ခဲ့ပါတယ်။ ဒီလောက် ရက်စက်ကြမ်းကြုတ် လူမဆန်လွန်းပြီး တိုင်းပြည်ဘဏ္ဍာတွေကို စိတ်တိုင်းကျ ချယ်လှယ်ခွင့်ရနေတဲ့ စစ်အာဏာရှင် လူတစ်စုကို တော်လှန်စရာ ဘာလက်နက်မှ မရှိဘဲ ယုံကြည်ချက်တစ်ခုနဲ့  စတင် တွန်းလှန်ခဲ့ကြတဲ့ ပြည်သူတွေဟာ တော်လှန်ရေးရဲ့ ဒုတိယမြောက်နှစ်ကို ကြံ့ကြံ့ခံပြီး ဖြတ်သန်းနိုင်ဖို့ အဆင်ပြေပါ့မလားလို့ ၂၀၂၂ နှစ်အစမှာ စိတ်ပူပန်ခဲ့မိတာ အမှန်ပါပဲ။ ဒါပေမယ့်  ခုချိန်ကာလအထိ မဆုတ်မနစ် ဇွဲကောင်းလွန်းလှတဲ့ မြန်မာပြည်သူတွေဟာ သမိုင်းမှာ မှတ်တမ်းတင်ရမယ့် ပြည်သူတွေဖြစ်တယ်ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။ 

 ဒီလိုပြည်သူတွေအတွက် အောင်မြင်မှုဟာ ထိုက်တန်လွန်းပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အမျိုးသား ညီညွတ်ရေးအစိုးရအနေနဲ့လည်း အောင်မြင်မှုနဲ့ ထိုက်တန်လွန်းတဲ့ ပြည်သူတွေအတွက် အောင်မြင်မှုကို ဆောင်ကြဉ်းပေးနိုင်မယ့် ထိုက်တန်တဲ့အစိုးရဖြစ်ဖို့ လိုပါတယ်။ ဝန်ကြီးတွေအားလုံး မနားမနေ ကြိုးစား ဆောင်ရွက်နေကြတယ်ဆိုတာကို ကောင်းကောင်းနားလည်ပါတယ်။ အရေးကြီးတာက ကျွန်တော်တို့ရဲ့ ဆောင်ရွက်ချက် များဟာ တော်လှန်ရေးအတွက် ရလဒ်ကောင်းကောင်းထွက်နိုင်တဲ့ ကြိုးပမ်းဆောင်ရွက်ချက်များ ဖြစ်ဖို့ လိုပါတယ်။

 ဒီလို ဖြစ်နိုင်ဖို့အတွက်လည်း ပြီးခဲ့တဲ့ စက်တင်ဘာလကစပြီး လာမယ့်တစ်နှစ်တာကာလဟာ တော်လှန်ရေးရဲ့ အဆုံးအဖြတ်နှစ်ဖြစ်စေရမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ One Year Plan ကို ရေးဆွဲ စတင်ခဲ့ကြတာဖြစ်ပါတယ်။ ယခု ဒီဇင်ဘာလဟာဆိုရင် One Year Plan ရဲ့ Phase 1 ပြီးဆုံးတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ဒီနေ့အစည်းအဝေးမှာလည်း One Year Plan ရဲ့ Phase 1  လုပ်ဆောင်ပြီးစီးမှု အခြေအနေတွေ၊  ဆက်လက်လုပ်ဆောင်ဖို့ လိုအပ်နေတဲ့ ကိစ္စတွေကို ဆွေးနွေးသွားမယ်လို့ သိရပါတယ်။ ဒါကြောင့် ဝန်ကြီးများအားလုံးလည်း One Year Plan အကောင်အထည်ဖော်မှု အပိုင်းမှာ လိုအပ်ချက်တွေ ရှိနေရင် ဝိုင်းဆွေးနွေး အကြံပြုပေးကြပါ။ နောက်အစိုးရအဖွဲ့အစည်းအဝေးတွေမှာလည်း ဝန်ကြီးဌာနတစ်ခုချင်းစီအလိုက် မိမိတို့ ဌာနအတွင်းမှာ One Year Plan နဲ့ ချိတ်ဆက် စီမံဆောင်ရွက်ထားမှုအခြေအနေတွေကို အစိုးရအဖွဲ့အစည်းအဝေးသို့ ပြန်တင်ပြပေးဖို့အတွက်လည်း တိုက်တွန်းလို ပါတယ်။  လိုအပ်တာတွေ  ရှိရင် အချိန်မှီ ဝိုင်းဝန်း ပြင်ဆင်ပြီး တိုက်တိုက်တွန်းတွန်းနဲ့ ရှေ့ဆက်ကြရမယ့် အချိန်ကာလဖြစ်ပါတယ်။ 

ကျွန်တော် အမြဲ ပြောခဲ့သလိုပဲ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေအတွက် အချိန်ကာလဟာ အကန့်အသတ်ရှိပါတယ်။ တစ်ပတ်အတွင်း ပြီးရမယ့် အလုပ်က တစ်ပတ်အတွင်း ပြီးဖို့ လိုသလို တစ်လအတွင်း လုပ်ရမယ့် အလုပ်ကလည်း တစ်လအတွင်း ပြီးစီးရမှာ ဖြစ်ပါတယ်။ တော်လှန်ရေးဟာ အသက်တွေ၊ ဘဝတွေ ရင်းပြီး လုပ်ကိုင်နေရတာမို့ ဖြစ်နိုင်သမျှ မြန်မြန်တွန်းနိုင်လေလေ၊ အကြမ်းဖက်စစ်ကောင်စီ အမြန်ပြိုလဲလေလေ ဖြစ်မှာပါ။ ဒီအတွက် နောင်နှစ်မှာ ခွန်အားအသစ်တွေ၊ စိတ်ကူးစိတ်သန်းအသစ်တွေ ထပ်တိုးပြီး ကြိုးပမ်းပေးကြဖို့ အလေးအနက်တိုက်တွန်းလိုပါတယ်။ 

 နောက်တစ်ခု ပြောလိုတာက စာရင်းစစ်ချုပ်က ယာယီသမ္မတကြီးနဲ့ ကျွန်တော့်ဆီကို ပို့ထားတဲ့ ကြားဖြတ်အစီရင်ခံစာ ကိစ္စပါ။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ တော်လှန်ရေးအစိုးရဖြစ်ပေမယ့် စတင်ဖွဲ့စည်းကတည်းက စာရင်းစစ်ချုပ်ကို ထည့်သွင်းဖွဲ့စည်းခဲ့ပြီး ဘဏ္ဍာငွေကြေးဆိုင်ရာ ကိစ္စရပ်တွေကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိနဲ့ စီမံခန့်ခွဲနိုင်ဖို့ စီမံခဲ့ကြတာ ဝန်ကြီးများအားလုံး အသိပဲ ဖြစ်ပါတယ်။ အခုဆိုရင် စာရင်းစစ်ချုပ်ရုံး ဟာလည်း ယာယီသမ္မရုံး၊ ဝန်ကြီးချုပ်ရုံးနဲ့ စာရင်းစစ်ချုပ်အပါအဝင် ဝန်ကြီးဌာနအားလုံးကို ဘဏ္ဍာငွေဆိုင်ရာ ကိစ္စတွေမှာ အမှားအယွင်းမရှိဘဲ စီမံခန့်ခွဲနိုင်ဖို့ နည်းပညာအထောက်အကူများလည်း ကူညီပံ့ပိုးလုပ်ဆောင်နေတယ်လို့ သိရပါတယ်။ 

ဒါဟာ ကျွန်တော်တို့ အစိုးရအတွက် အင်မတန် အရေးကြီးပါတယ်။ ကျွန်တော်တို့ဟာ တော်လှန်ရေးအစိုးရ ဖြစ်ပေမယ့် ကိစ္စရပ်တိုင်း တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်နဲ့ ဆောင်ရွက်နေတယ်ဆိုတာကို ပြည်သူတွေ လက်ခံယုံကြည်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ဟာ ပြည်သူတွေရဲ့ ယုံယုံကြည်ကြည် အပ်နှင်းထားတဲ့ အာဏာနဲ့ ယုံယုံကြည်ကြည် ပေးလှူထားတဲ့ လှူဒါန်းငွေတွေကို တော်လှန်ရေးအတွက် အသုံးပြုနေကြရတာဖြစ်လို့ ပြည်သူတွေရဲ့ ယုံကြည်မှုက အလွန်အရေးကြီးပါတယ်။ ဒီအတွက် အကောင်းဆုံး ဝိုင်းကြိုးစားပေးကြဖို့ တိုက်တွန်းလိုပါတယ်။

 နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့ မကြာခင် ရောက်ရှိတော့မယ့် ၂၀၂၃ ခုနှစ်ဟာ ကျွန်တော်တို့ မြန်မာပြည်အတွက် ကံကောင်းခြင်းတွေ ယူဆောင်လာမယ့် နှစ်တစ်နှစ် ဖြစ်တယ်လို့ ယုံကြည်ပါတယ်။ ကံဆိုတာလည်း အလုပ်ပဲဖြစ်တာမို့ ကျွန်တော်တို့ အလုပ်တွေကို ညီညီညွတ်ညွတ်နဲ့ ကြိုးကြိုးစားစား လုပ်ဆောင်ကြပြီး ကျွန်တော်တို့ နိုင်ငံနဲ့ ပြည်သူပြည်သားတွေဆီကို ကံကောင်းခြင်းတွေ သယ်ဆောင်ပေးလာနိုင်တဲ့ တော်လှန်ရေးအစိုးရတစ်ရပ် အဖြစ် ဝိုင်းဝန်းကြိုးပမ်းအားထုတ်ပေးကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။