“နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့အား အကြမ်းဖက်စစ်ကောင်စီက မတရားထောင်ဒဏ်များ ချမှတ်ခဲ့ခြင်းနှင့် ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်”

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
https://nugmyanmar.org

ကြေညာချက်အမှတ်(၂၈/၂၀၂၂)
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁

“နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့အား အကြမ်းဖက်စစ်ကောင်စီက မတရားထောင်ဒဏ်များ ချမှတ်ခဲ့ခြင်းနှင့် ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်”

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီက မတရားဖမ်းဆီးထားသော နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို အကြမ်းဖက်စစ်ကောင်စီက ထောင်ဒဏ်အသီးသီး ထပ်မံချမှတ်ခဲ့သည်ကို တွေ့ရှိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ အပါအဝင် အပြစ်မဲ့တိုင်းရင်းသားပြည်သူများအပေါ် ချမှတ်သည့် တရားရုံးအသီးသီး၏ အမိန့်များသည် မူလကပင် ပျက်ပြယ်ကြောင်း ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၉) ရက်နေ့တွင် ကြေညာချက်အမှတ် (၁၃/၂၀၂၁) ကို ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ 

နိုင်ငံတော်ပုန်ကန်မှုနှင့် ပြည်သူလူထုအပေါ် အခြားသော ပြစ်မှုပေါင်းများစွာကို ကျူးလွန်ထားသည့် အကြမ်းဖက်စစ်ကောင်စီနှင့် အပေါင်းအပါများသည်သာလျှင် အပြစ်ရှိသူများဖြစ်ပြီး ပြည်သူ့တရားစီရင်မှုကို မလွဲမသွေခံယူရမည့်သူများ ဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်တကွ အကြမ်းဖက် စစ်ကောင်စီ၏ မတရားဖမ်းဆီးချုပ်နှောင်ခံရသူများ၊ မတရားအမှုဆင် ပြစ်ဒဏ်ချမှတ်ခံရသူများ၊ မတရား ညှင်းပမ်း နှိပ်စက်ခံရသူများ၊ သတ်ဖြတ်ခံသူများ၊ အိုးအိမ်စည်းစိမ် ဖျက်ဆီးခံရသူများ အားလုံးအတွက် တရားမျှတမှုကို ပြန်လည်ရရှိနိုင်စေရေး နှင့် ပြစ်ဒဏ်ခံရထိုက်သူများ ပြစ်ဒဏ်ခံရခြင်းဘေးက ကင်းလွတ်နေသည့် အလေ့အထ(Impunity) ကို အဆုံးသတ်နိုင်ရေး တို့ကို မမေ့မလျော့နှလုံးသွင်းလျက် တော်လှန်ရေးအောင်မြင်ပြီးမြောက်သည်အထိ တစိုက်မတ်မတ် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ကတိပြုပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ