အမျိုးသားညီညွတ်ရေးအစိုးရ၏ (၈၀) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

၂၀၂၂ ခုနှစ် ဒီဇင်ဘာ (၂၇) ရက် 

လာမယ့် နှစ်သစ်အတွက် ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်အားလုံးလည်း ကြိုတင်စီမံသင့်တာတွေ ရှိထားပြီးဖြစ်ကာ ဝန်ကြီးဌာနတိုင်းလည်း အသေးစိတ်လုပ်ငန်းစီမံချက်များ ချမှတ်ပြင်ဆင်ထားပြီလို့ ယုံကြည်ထားပါတယ်။ ယနေ့ အစိုးရအဖွဲ့အစည်းအဝေးမှာ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးတင်ထွန်းနိုင် က One Year Plan - Phase One Action Plan နဲ့ပတ်သက်ပြီး ဆွေးနွေးတင်ပြမယ့် ကိစ္စကိုလည်း ကျွန်တော့်အနေနဲ့ ဝမ်းသာကြိုဆိုကြောင်း ပြောချင်ပါတယ်။ ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်တွေအနေနဲ့ တော်လှန်ရေး တာဝန် / နိုင်ငံရေး တာဝန်တွေနဲ့ အစိုးရတာဝန်တွေကို ယူထားကြတာဖြစ်လို့ ဒီလိုများပြားလှတဲ့ တာဝန်တွေကို မငြီးမငြူဘဲနဲ့ တစိုက်မတ်မတ်တာဝန်ထမ်းဆောင်နေကြတာတွေ့ရလို့ ကျွန်တော့်အနေနဲ့ ခွန်အားရပါတယ်။ 

တဆက်တည်းမှာ ပြည်ထောင်စုဝန်ကြီးချုပ်အနေဖြင့် ယခုရက်အတွင်း မြေပြင်ရဲဘော်များနှင့် သွားရောက်တွေ့ဆုံတာကို မြင်တွေ့ရခြင်းအတွက် အင်မတန်ပီတိဖြစ်မိပါတယ်။ ထို့အတူ တော်လှန်ရေး ခေါင်းဆောင်များနှင့် မြေပြင်တွင် ယခုလို ထိတွေ့ခြင်းသည်လည်း ကျနော်တို့အချင်းချင်းကြား ယုံကြည်မှုနှင့် တော်လှန်ရေးအတွက် လက်တွဲခိုင်မာမှုကို ပိုမိုတိုးတက်စေပါတယ်။ ခွန်အားရခြင်းနဲ့အတူ ဂုဏ်ယူလေးစားကြောင်းလည်း ပြောချင်ပါတယ်။

NUG အစိုးရက နိုင်ငံရေးတပ်ဦးအနေနဲ့ ဦးဆောင်တဲ့ ခုခံတော်လှန်စစ်ဟာ တစုံတရာအတိုင်းအတာအထိ ပြီးမြောက်အောင်မြင်တယ်လို့ ယုံကြည်ပါတယ်။ တောင်တန်းဒေသတွေရဲ့ စစ်ရေးစိုးမိုးနိုင်မှုနဲ့ ပြည်မဒေသ/ အညာဒေသတွေရဲ့ ခုခံတော်လှန်မှုဟာ ထင်မှတ်မထားလောက်အောင် ကြံ့ကြံ့ခံနိုင်စွမ်း ရှိတယ်ဆိုတာ တွေ့ရပါတယ်။ ဒါဟာ ဝမ်းသာစရာ / ပီတိဖြစ်စရာဖြစ်ပါတယ်။ ဒီလို ခုခံတော်လှန်နိုင်မှုဟာ သိပ်ပြီးအရင်းအနှီးကြီးတယ်ဆိုတာလည်း မမေ့ဖို့လိုပါတယ်။ ပျက်စီးသွားတဲ့ စည်းစိမ်ဥစ္စာတွေဟာ ပြန်လည်ရှာဖွေလို့ ရတယ်ဆိုပေမယ့် လူထုက သွေးနဲ့ ချွေးနဲ့ ရင်းထား တဲ့/  တစ်ပြားတစ်ကျပ်က အစ … အင်မတန် တန်ဖိုးရှိပါတယ်။

နိုင်ငံရေးအလုပ်ဟာ ခံယူချက်နဲ့ လုပ်ရတဲ့အလုပ်ဖြစ်သလို / ယုံကြည်ချက်နဲ့ လုပ်ရတဲ့အလုပ်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် အသိဉာဏ်အမြော်အမြင်နဲ့ လုပ်ကိုင်ရတဲ့ အလုပ်လည်းဖြစ်တယ်လို့ ခံယူပါတယ်။ နွေဦးတော်လှန်ရေးမှာ ပါဝင်မြှုပ်နှံထားတဲ့ အရင်းအနှီးတွေဟာ တိုင်းတာဖို့ မလွယ်လောက်အောင် များပြားပါတယ်။ တော်လှန်ရေးကာလလည်း (၂) နှစ်ပြည့်တော့မယ်ဆိုတော့  အားလုံးအတွက် အရေးကြီးတဲ့ စကားလေးတစ်ခု ထပ်ပြောချင်ပါတယ်။ အဲဒါကတော့“နိုင်ငံရေးရလဒ်နဲ့ စစ်ရေးရလဒ်” ကိစ္စဖြစ်ပါတယ်။ 

၂၀၂၃ ခုနှစ်ထဲမှာ ကျွန်တော်တို့အနေနဲ့ ပီပီပြင်ပြင် ပြတ်ပြတ်သားသား ဖြစ်မယ့် နိုင်ငံရေးရလဒ် တစ်ခုခုကို ထပ်မံပေါ်ထွက်အောင် ကြိုးစားရပါမယ်။ ဒီလို နိုင်ငံရေးရလဒ်မျိုးဟာ လူထုယုံကြည်မှုကိုရဖို့ တစ်ခုတည်းအတွက် မဟုတ်ပါဘူး။ ဖက်ဒရယ်နိုင်ငံတစ်ခု ဖြစ်ထွန်းဖို့အတွက် အရေးကြီးတဲ့ ခြေလှမ်းသစ်ဖြစ်ဖို့လည်း ရည်ရွယ်ပါတယ်။ 

ဒါ့အပြင် စစ်ရေးရလဒ်မှာ စစ်ကောင်စီရဲ့ ဗဟိုချက်ကို ကိုင်လှုပ်နိုင်မယ့် အောင်မြင်မှုမျိုးကိုလည်း ဖန်တီးနိုင်ဖို့လိုတယ်လို့ ယူဆပါတယ်။ မြန်မာစကား ပုံမှာ “အရင်းလဲ အဖျား ထင်းဖြစ်” ဆိုတဲ့ စကားရှိပါတယ်။ စစ်ကောင်စီရဲ့ လက်တံတွေ/ ဒေါက်တိုင်တွေထဲမှာ အဖျားသား အနားသားတွေကို ထိုးနှက်နေခြင်းထက် ပင်စည်အရင်းကို လှဲပစ်နိုင်ဖို့လည်း အရေးကြီးတယ်လို့ ယူဆပါတယ်။ 

၂၀၂၃ ခုနှစ်ဟာ စစ်ကောင်စီရဲ့ ပင်မအရင်းကို တူးဖြိုပစ်ရမယ့် အချိန်ကို ရောက်ပြီလို့ ယုံကြည်ပါတယ်။ ခုခံတော်လှန်စစ်ကို မဟာဗျူဟာကျကျ ဆင်နွှဲတဲ့နေရာမှာ ခုခံရုံနဲ့ မရဘူး၊ စစ်ကောင်စီအရှိုက်ကို ကိုင်လှုပ်နိုင်မယ့် ထိုးစစ်မျိုးကိုလည်း လုပ်ဆောင်ရလိမ့်မယ်လို့ ယူဆပါတယ်။ ပိုမိုပီပြင်တဲ့ စစ်ရေးရလဒ်ထွက်ဖို့အတွက် စစ်ရေးအရ ထောက်ပို့ရေးနဲ့ ဘဏ္ဍာငွေ ရှာဖွေရေးတွေက အလွန်အရေးကြီးပါတယ်။ ကျွန်တော်တို့ NUG အစိုးရရဲ့ ဝန်ကြီးဌာနတစ်ခုဖြစ်တဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနဟာ နွေဦးတော်လှန်ရေးတပ်ဦးရဲ့ အဓိက ထောက်ပံ့ရေးအင်အားစုအဖြစ် မြင်တွေ့ရလို့ ကျွန်တော့်အနေနဲ့ အားရကျေနပ်မိပါတယ်။ 

ယခုပြီးစီးခဲ့တဲ့ တော်လှန်ရေးရလဒ် အောင်ပွဲတွေဟာ အားလုံးရဲ့ ကြိုးစားအားထုတ်မှုနဲ့ ဖြစ်ပေါ်လာတဲ့ အောင်ပွဲရလဒ်ဖြစ်ပါတယ်။ ဒါဟာ လူထုရဲ့ မျှော်လင့်ချက်ရောင်ခြည်တွေအဖြစ် ကျွန်တော်တို့ ပြောင်းလဲပစ်ရပါလိမ့်မယ်။ နွေဦးတော်လှန်ရေးရဲ့ အောင်ပွဲအရပ်ရပ်သည် ကျွန်တော်တို့ အစိုးရအဖွဲ့ တစ်ခုတည်းရဲ့ အောင်ပွဲ မဟုတ်ပါဘူး။ တော်လှန်ရေးအင်အားစုအားလုံးရဲ့ အောင်ပွဲဖြစ်တယ်။ ပြည်သူလူထုတစ်ရပ်လုံးရဲ့ အောင်ပွဲဖြစ်တယ်။ ကျွန်တော်တို့ဟာ လူထုအားကိုးရတဲ့/ လူထုအားကိုးထိုက်တဲ့ လူထုယုံကြည်ထိုက်တဲ့ ခေါင်းဆောင်တွေဖြစ်အောင် အစဉ်အမြဲ ကြိုးစားအားထုတ်နေရမယ်လို့ ပြောကြားရင်း နိဂုံးချုပ်ပါတယ် ခင်ဗျား…..

အရေးတော်ပုံ အောင်ရမည်....