ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၄)ကျင်းပပြုလုပ်

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟို ကော်မတီ အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၄) ကို ယနေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာ စကားပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် "စိုးမိုးထိန်းချုပ်နယ်မြေတွေလည်း ဒီနှစ်မှာ တဆင့်ပြီးတဆင့် တိုးတက်လာအောင် လုပ်ဆောင်ပေးကြဖို့ သက်ဆိုင်ရာ တာဝန်ရှိသူများကိုလည်း တိုက်တွန်းလို ပါကြောင်း။ ကျွန်တော်တို့အနေနဲ့ လက်နက်၊ ခဲယမ်း လိုအပ်ချက် ရှိနေပေမယ့်လည်း စုစုစည်းစည်းနဲ့ ခိုင်မာတဲ့ စိတ်ဓာတ်တွေနဲ့ ယနေ့လိုအောင်ပွဲတွေ တဆင့်ပြီးတဆင့်ရလာခဲ့တဲ့ အနေအထားကို ဗျူဟာကျကျ စစ်ရေးဖိအားတွေ ဆက်တိုက် ပေးသွားနိုင်မယ်ဆိုရင် အောင်ပွဲတွေ ဆက်လက်ဆင်နွှဲ နေနိုင်မှာ ဖြစ်ပါကြောင်း။ စစ်ရေးအောင်ပွဲတွေ ဆက်လာလေလေ၊ နိုင်ငံရေးအရ အားသာမှုရှိလာလေ လေဖြစ်ပြီး တော်လှန်ရေးရဲ့ အဆုံးသတ်ကို အမြန်ဆုံးရောက်ရှိလာမှာ ဖြစ်ပါကြောင်း။ စစ်ဘေးရှောင်များအတွက် ရိက္ခာ/အမိုးအကာနဲ့ ဆေးဝါးတွေ ကလည်း လိုအပ်ချက်တွေ အမြဲများနေတာမို့ တချို့ကဏ္ဍတွေအတွက် ဘဏ္ဍာငွေတွေကို ဖြစ်နိုင်သမျှကျစ်ကျစ်လစ်လစ်နဲ့ အသုံးပြုပြီး ပြည်သူတွေအတွက် တိုက်ရိုက် အရေးပေါ်အသုံးပြုရမယ့် ကဏ္ဍတွေနဲ့ စစ်ရေးအရ လိုအပ်ချက်တွေအတွက် အသုံးပြုပေးကြဖို့လည်း မှာကြားလိုပါကြောင်း။ ဒီနှစ်ဟာ စစ်အုပ်ချုပ်ရေးယန္တရားကို အပြီးသတ် ဖျက်သိမ်း ရမှာလည်းဖြစ်သလို ပြည်သူ့အုပ်ချုပ်ရေးယန္တရားကိုလည်း စနစ်တကျ ထူထောင်ဖို့ကို လုပ်ဆောင် ကြမယ့်နှစ်ဖြစ်တာကြောင့် စစ်ရေးအပိုင်းနဲ့ အုပ်ချုပ်ရေးအပိုင်းတွေမှာပါ တစ်ပြိုင်တည်း အစီအမံ တွေလည်း စနစ်တကျ ချမှတ်သွားကြဖို့ လိုပါကြောင်း" ဟုပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှုဗဟိုကော်မတီအဖွဲ့ဝင်များမှ (၁/၂၀၂၄) တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လည်(၁:၀၀)နာရီအချိန်တွင်အောင်မြင်စွာရပ်နားခဲ့ပါသည်။