ကနန်ရွာ အတွင်းရှိ အရပ်သားပြည်သူများအပေါ် အကြမ်းဖက်စစ်အုပ်စုကလေကြောင်းဖြင့်တိုက်ခိုက်မှုဖြစ်စဉ်

"စစ်ကိုင်းတိုင်း ၊ တမူးခရိုင်၊ တမူးမြို့နယ်၊ ခါမ်းပါတ်မြို့နယ်(ခွဲ)၊ ကနန်ရွာ အတွင်းရှိ  အရပ်သားပြည်သူများအပေါ်  အကြမ်းဖက်စစ်အုပ်စုကလေကြောင်းဖြင့်တိုက်ခိုက်မှုဖြစ်စဉ်"

====================================

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၇) ရက်နေ့၊ နံနက် (၁၀) နာရီ (၅၀) မိနစ်တွင် တိုက်ပွဲများလုံးဝဖြစ်ပွားထားခြင်း မရှိသည့် စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ တမူးမြို့နယ်၊ ခါမ်းပါတ်မြို့နယ်(ခွဲ)၊ ကနန်ရွာသို့ အကြမ်းဖက်စစ်အုပ်စုက A-5 တိုက်လေယာဉ်ဖြင့် ပေါက်ကွဲအား ပြင်းထန်သော ဗုံးများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပါသည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အသက် (၅) နှစ်အရွယ် ကလေးငယ် အပါအဝင် ပြည်သူ (၁၇) ဦးသည်   ခြေ၊ လက်ပြတ်တောက်ခြင်း၊ ဦးခေါင်းထိမှန်ခြင်း၊ ဝမ်းဗိုက်များပွင့်ကာ အူများထွက်ကြခြင်း စသည့်ပုံစံများဖြင့် သေဆုံးခဲ့ကြရသည်။ 

ထို့အပြင် အသက်(၃) နှစ်အရွယ် ကလေးငယ် အပါအဝင် ပြည်သူ စုစုပေါင်း (၁၉) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ နေအိမ် (၁၀) လုံးခန့်ထိမှန်ပျက်စီးခဲ့ကာ စာသင်ကျောင်းနှစ်ထပ်ဆောင်(၂)လုံးနှင့် ခရစ်ယာန်ဘုရားကျောင်း လည်း ထိမှန်ပျက်စီးခဲ့သည်။

အသေးစိတ်အချက်အလက်များကို အောက်ပါ Infograph တွင် အသေးစိတ်လေ့လာနိုင်ပါသည်။ 

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမည်။