အမျိုးသားညီညွတ်ရေးအစိုးရ ၃၄ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ ၃၄ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

ညီနောင်မဟာမိတ် (၃) ဖွဲ့အပါအဝင် မဟာမိတ်တပ်ဖွဲ့များ အားလုံးနဲ့အတူ တတိုင်းပြည်လုံးက ရပ်တည်နေသလို အမျိုးသားညီညွတ်ရေးအစိုးရကလည်း တသားတည်းရပ်တည်နေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြားအောက်တိုဘာ ၃၁ ၊ ၂၀၂၃အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၃၄ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာပြုလုပ် ခဲ့ကြ ပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ယာယီသမ္မတ ဒူဝါလရှီးလက  “အခုချိန်မှာ ကျွန်တော်တို့အားလုံး သိတဲ့အတိုင်း ညီနောင်မဟာမိတ် (၃) ဖွဲ့နဲ့အတူ မဟာမိတ်ပူးပေါင်းတပ်များက “၁၀၂၇ စစ်ဆင်ရေးကြီး” ကို မဟာဗျူဟာကျကျ ဆင်နွှဲနေပါတယ်။ ရက်တိုကာလအတွင်း ရရှိခဲ့တဲ့ အောင်မြင်မှုတွေကို ကျွန်တော့်အနေနဲ့ အလေးအနက်ထား ဂုဏ်ယူပါကြောင်းပြောလိုပါတယ်။ တိုက်ပွဲဝင်နေကြတဲ့ ညီနောင်မဟာမိတ် (၃) ဖွဲ့အပါအဝင် မဟာမိတ်တပ်ဖွဲ့များ အားလုံးနဲ့အတူ တတိုင်းပြည်လုံးက ရပ်တည်နေသလို ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း တသားတည်းရပ်တည်နေပါကြောင်း အလေးအနက်ထား ပြောကြားလိုပါတယ်။ စွန့်လွှတ်ပေးဆပ်သွားကြတဲ့ သူရဲကောင်းများအားလုံးကို ကျွန်တော်တို့အားလုံး ထာဝရ အမှတ်ရစွာနဲ့ ဦးညွှတ်ဂုဏ်ပြုနေမှာဖြစ်ပါတယ်။ စွန့်လွှတ်ပေးဆပ်မှု တခုချင်းစီတိုင်း အလဟဿ ဖြစ်မသွားစေဘဲ ထိုက်တန်တဲ့ မျှော်ရည်ပန်းတိုင်ကို ရယူနိုင်ဖို့ ကျွန်တော်တို့အားလုံး အဆက်မပြတ် အားထုတ်နေကြရမှာ ဖြစ်ပါတယ်။ လူထုတရပ်လုံးအနေနဲ့လည်း တော်လှန်ရေးရဲဘော်တွေ ပိုမိုပြီး ခွန်အားတက်ကြွစေဖို့ ဆက်ပြီး အခိုင်အမာ အားပေးထောက်ခံသွားကြပါလို့ အထူးတိုက်တွန်း လိုပါတယ်။ တော်လှန်ရေးနဲ့ပတ်သက်ပြီး လူထုရဲ့မျှော်လင့်ချက်နဲ့ စိတ်အားတက်ကြွမှုတွေဟာ စစ်ရေး စွမ်းဆောင်မှုတွေအပေါ် အများကြီး မူတည်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ မဟာမိတ် ဆက်ဆံရေး ဒီ့ထက်ပိုပြီး အားကောင်း ခိုင်မာစေဖို့နဲ့ နိုင်ငံတဝန်းမှာ မဟာဗျူဟာကျကျ ဟန်ချက် ညီစွာ “တသံတည်းညီ တချီတည်းရုန်း” ကြဖို့ ဆထက်တံပိုး အားထုတ်သွားရမှာ ဖြစ်ပါတယ်။” လို့ ပြောကြားပါတယ်။ဆက်လက်ပြီးတော့လည်း “မင်းအောင်လှိုင်နဲ့ ကိုယ်ကျိုးရှာ အကြမ်းဖက်စစ်တပ်၏ ဖျားယောင်းမှုတွင် မှိုင်းမိရုန်းကန်နေရသော တိုင်းချစ်ပြည်ချစ် စိတ်ဓါတ်ရှိသည့် ရဲဘော်ရဲဘက်များ၊ ပြည်သူ့စစ်များ၊ ပျူစောထီးများအနေဖြင့် အချိန်မလင့်မှီ ချက်ချင်း သက်ဆိုင်ရာတိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့်  PDFs များထံ လက်နက်ချလာရောက်ပူးပေါင်းကြဖို့ တိုက်တွန်းလိုပါတယ်။နွေဦးတော်လှန်ရေးရဲ့ လက်နက်ကိုင်တော်လှန်ရေးကဏ္ဍမှာ ကာကွယ်ရေးဝန်ကြီးဌာနဟာ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ထဲက အဓိက ဝန်ကြီးဌာနဖြစ်ပါတယ်။ ဒါကြောင့်လည်း လုပ်ငန်း တာဝန်တွေ ကြီးမားများပြားလှပါတယ်။ ဒီနေရာမှာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စွမ်းဆောင် အောင်မြင်မှုတွေကို  ကျွန်တော့်အနေနဲ့ အသိအမှတ်ပြု ကျေးဇူးတင်ပါကြောင်း မှတ်မှတ်ရရ ပြောလို ပါတယ်။ တာဝန်ရှိသူ အဆင့်ဆင့်အနေနဲ့လည်း Code of Conduct (CoC) ကို အထူးကြပ်မတ်ပြီး ကိုယ်တိုင်လည်း လိုက်နာဆောင်ရွက်ကြဖို့ သတိပေးလိုပါတယ်။ အခုဆိုရင် တော်လှန်ရေးရဲဘော်တွေ စစ်မြေပြင်မှာ ထိုးစစ်ဆင်တာတွေ/ ဒရုန်းနဲ့တိုက်ခိုက်မှုတွေကနေ စစ်ရေးအောင်မြင်မှုအပေါ် အတော် လေး အထောက်အကူ ပြုလာနိုင်သလို ထုတ်လုပ်မှု အပိုင်းမှာလည်း အဆင့်မြင့်လာတာ တွေ့ရပါတယ်။ အားရဖို့လည်း ကောင်းပါတယ်။ ဒါပေမယ့်လည်း နည်းပညာဆိုတာက ရပ်တန့်နေတာမဟုတ်ပါဘူး။ ကျွန်တော်တို့ ပိုပြီး အာရုံစိုက် ကြိုးစားသွားရမှာ ဖြစ်ပါတယ်။ လက်နက်ထုတ်လုပ်မှုနဲ့ နည်းပညာ မြှင့်တင်မှု အပိုင်းဟာ တော်လှန်ရေး အောင်မြင်မှုကို အရှိန်မြှင့်ပေးမယ့် စွမ်းအင်လောင်စာဖြစ်ပါတယ်။ ဒါကို ပြည်သူလူထုက သိမြင်ပြီး ထောက်ပံ့လာအောင် သတင်းစကားပါးရမှာ ဖြစ်ပါတယ်။” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ဒါအပြင် တော်လှန်ရေးကာလမှာ ‘တော်လှန်ရင်း တည်ဆောက်၊ တည်ဆောက်ရင်း တော်လှန်’ ဆိုတဲ့ ခံယူချက်နဲ့ လုပ်ဆောင်ရမှာဖြစ်ကြောင်း၊ တည်ဆောက်တယ်ဆိုတဲ့နေရာမှာ လူအင်အား၊ လက်နက်အင်အား၊ နည်းပညာနဲ့ စွမ်းရည်အပြင် စိတ်ဓာတ်နဲ့ ကျင့်ဝတ်စည်းကမ်းတွေကိုလည်း တည်ဆောက်ရမှာဖြစ်ကြောင်းနဲ့ တော်လှန်ရေးနဲ့ တည်ဆောက်ရေးကို ပိုပြီးတော့ ဟန်ချက်ညီညီ လုပ်ဆောင်ပြီး တော်လှန်ရေး အရှိန်ကို မြှင့်တင်ကြဖို့အတွက်လည်း ယာယီသမ္မတက တိုက်တွန်း ပြောကြားခဲ့ပါတယ်။ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “ရက်ပေါင်း ၁၀၀၀ ပြည့်မြောက်ခဲ့ပြီဖြစ်တဲ့ ကျွန်တော်တို့ရဲ့ ပြည်သူ့တော်လှန်ရေးကြီးဟာ ခိုင်မာတဲ့စိတ်ဓာတ်များနဲ့အတူ အဆုံးသတ်အောင်ပွဲ အတွက် ယုံကြည်မှုအပြည့်နဲ့ ဆက်လက် အားကောင်းနေဆဲ ဖြစ်တာကြောင့် ဒီခရီး ဒီလမ်းကို မယိုင်မလဲ အတူလျှောက်လှမ်းခဲ့ကြသော ပြည်သူတရပ်လုံးကို လေးစားဦးညွှတ်ကြောင်း ဦးစွာပြောကြားလိုပါတယ်။ ယခုရက်ပိုင်းတွေအတွင်းမှာလည်း မဟာမိတ်များရဲ့ ၁၀၂၇ စစ်ဆင်ရေးအောင်မြင်မှုဟာ ပြည်သူတရပ်လုံးကို စိတ်အား အလွန်တက်ကြွစေခဲ့ပြီး ရှေ့ဆက်ကြရမယ့် အဆုံးသတ်တိုက်ပွဲ ခရီးအတွက်တော့ အတော့်ကို အင်အားရှိစေခဲ့တဲ့ အောင်မြင်မှုတွေပဲ ဖြစ်ပါတယ်။ စစ်ဆင်ရေး ကာလ ၄ ရက်အတွင်းမှာပင် စခန်းကြီး၊ စခန်းငယ်ပေါင်း ၅၇ ခုကျော် သိမ်းပိုက်နိုင်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သား ရာချီကျဆုံးကာ မြို့များကိုပါ ထိန်းချုပ် ဝိုင်းပတ်နိုင်ခဲ့တာ အားလုံးအသိပဲ ဖြစ်ပါတယ်။  ကျွန်တော်တို့ ပြည်သူ့တော်လှန်ရေးကြီးမှာ MNDAA, TNLA, AA တို့နဲ့အတူ နွေဦးတော်လှန်ရေးက မွေးထုတ်ပေးလိုက်တဲ့ တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းစစ်ဆင်တယ် ဆိုတာဟာ ကျွန်တော်တို့ ပြည်သူတွေမျှော်လင့်ကြတဲ့ Symbolic လို့ပြောရမယ့် ကြီးမားတဲ့ မဟာမိတ်စုဖွဲ့မှုကို အပြောသက်သက်မဟုတ်၊ အလုပ်နဲ့သက်သေပြတာပဲ ဖြစ်ပါတယ်။ နိုင်ငံရေးအနေနဲ့ မဟာမိတ်တပ်မတော်များဟာ ပြည်သူလူထုရဲ့ တခဲနက် ထောက်ခံအားပေးမှုကို အလွန် တန်ဖိုးထားတယ်ဆိုတာလည်း ၎င်းတို့ထုတ်ပြန်ကြေငြာချက်မှာ အထင်းသား မြင်ရ ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ပြည်သူနဲ့အတူ နွေဦး တော်လှန်ရေးရဲ့ မဟာမိတ်တပ်ပေါင်းစုကို အဖက်ဖက်က ဝိုင်းဝန်းထောက်ခံအားပေး ဝန်းရံပေး ကြဖို့ အလွန်အရေးကြီးပါတယ်။ ယခုလို စုပေါင်းစစ်ဆင်ရေးတွေကနေတဆင့် အရှိန်အဟုန် တင်ကာ တစ်လှိုင်းပြီးတစ်လှိုင်း အကြမ်းဖက်စစ်ကောင်စီကို မိမိတို့ ဒေသအသီးသီးမှ ဝိုင်းဝန်း သုတ်သင်ကြပါက အောင်စည်အောင်မောင်းတီးနိုင်ဖို့ အခြေအနေဟာ များမကြာမီမှာ ရောက်ရှိ လာမှာဖြစ်ပါတယ်။ ဒီလိုအခြေအနေဟာ အလစ်အငိုက် ဖြစ်တောင့်ဖြစ်ခဲဖြစ်ပြီး ကျွန်တော်တို့ အားလုံး နိုင်ငံရေး၊ စစ်ရေး၊ မဟာမိတ်အရေးတို့ကို တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက် သွားကြပါက မျှော်လင့်ထားတာထက် ပိုမိုလျင်မြန်စွာ ပြည်သူ့အောင်ပွဲကို ရရှိသွားနိုင်ပါကြောင်း အလေးအနက် ပြောကြားလိုပါတယ်။” လို့ ပြောကြားပါတယ်။ဆက်လက်ပြီးတော့လည်း “စစ်ကောင်စီဟာ ပြည်သူ့ထံက အာဏာလုခဲ့တဲ့ ရက်ပေါင်း ၁၀၀၀ အတွင်း အုပ်ချုပ်ရေး ကဏ္ဍဘက်လည်း ကောင်းစွာ စီမံအုပ်ချုပ်နိုင်ခြင်းမရှိ၊ စီးပွားရေးကဏ္ဍဘက်မှာလည်း အခြေခံ ပြည်သူတွေ ဒုက္ခအတိရောက်ရတဲ့အထိ ကမောက်ကမတွေဖြစ်နေပြီး နိုင်ငံခြားရေးကဏ္ဍ ဘက်မှာလည်း နိုင်ငံတကာ အစည်းအဝေးတစ်ခု တက်နိုင်ဖို့တောင် ကန့်ကွက်မှုတွေ ရင်ဆိုင်ရတဲ့အထိ ဘက်ပေါင်းစုံမှာ လဲပြိုနေတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ အခုဆိုရင် သူတို့ရဲ့ တစ်ခုတည်းသော ထောက်တိုင်ဖြစ်တဲ့ စစ်ရေးကဏ္ဍဘက်မှာတောင် အခြေအနေတွေ အလွန် ဆိုးဝါးနေပြီမို့ ဒီအခြေအနေ အခွင့်ကောင်းကို ကျွန်တော်တို့ လက်မလွှတ်လိုက်ဘဲ ဆက်လက် အားကုန်ရုန်းကန်ကြရမှာ ဖြစ်ပါတယ်။ ဒီနေ့ဆိုရင် ကာကွယ်ရေးဝန်ကြီးဌာနကလည်း လတ်တလော စစ်ရေးအရှိန်မြှင့်တင်မှု အခြေအနေတွေ တင်ပြမှာဖြစ်လို့ စစ်ရေးအရှိန်မြှင့်တင်မှုရဲ့ နောက်ဆက်တွဲအဖြစ် လုပ်ဆောင် ကြရမယ့် ကဏ္ဍတွေအတွက်လည်း တပါတည်း ဝိုင်းဝန်းဆွေးနွေးပေးကြဖို့ တိုက်တွန်းလိုပါတယ်။ အခုဆိုရင် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ဘက်မှလည်း မြောက်ပိုင်းက စစ်ရှောင်စာရင်းတွေ ရသလောက်စုစည်းနေပြီး ကူညီထောက်ပံ့မှု တွေ ပြုလုပ်နိုင်အောင် စီမံနေတယ်လို့ သိရပါတယ်။ အဲဒီအတွက်လည်း မြန်မြန်ဆန်ဆန်နဲ့ ပြည်သူကို ကူညီပေးနိုင်ဖို့ စီမံဆောင်ရွက်နေတဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနကိုလည်း ကျေးဇူးတင်ပါတယ်။ ကျန်းမာရေး ဝန်ကြီးဌာနအနေနဲ့လည်း ချိတ်ဆက်လာတဲ့ ကျန်းမာရေးစောင့်ရှောက်မှုုဆိုင်ရာ ကိစ္စတွေအတွက် အချိန်နဲ့တပြေးညီ လုပ်ဆောင်ဖို့ ကြိုးပမ်းနေတယ်လို့လည်း သိရတာကြောင့် စစ်ရှိန်မြင့်လာမှု နောက်မှာ လိုအပ်တဲ့ လိုအပ်ချက်အသီးသီးအတွက်၊ ကြိုတင်ပြင်ဆင်ရမယ့် ကဏ္ဍအသီးသီး အတွက် ဝန်ကြီးဌာနများအားလုံး ပူးပေါင်းဆောင်ရွက်ကြဖို့လည်း လိုအပ်မှာ ဖြစ်ပါတယ်။ ” လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါ တယ်။ဒါ့အပြင် ရက်ပေါင်း ၁၀၀၀ ပြည့်ခဲ့သည်အထိ တော်လှန်ရေးတာဝန်တွေကို မိမိတို့တတ်နိုင်တဲ့ ကဏ္ဍဘက်မှ ပါဝင်ကာ တစ်ရက်မှမနားဘဲ တစိုက်မတ်မတ် ထမ်းဆောင် နေကြတဲ့ တော်လှန်ရေးရဲ ဘော်များအားလုံးကို အထူးလေးစားဂုဏ်ယူကြောင်း ၊ မကြာခင်မှာ အဆုံးသတ်အောင်ပွဲ တက်လှမ်းနိုင်တော့မယ်ဆိုတာ အပြည့်အဝ ယုံကြည်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါ တယ်။အစည်းအဝေးမှာ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က နှစ်သောင်းကျပ်တန် တားဆီးရေးကြေညာချက် တင်ပြတာ ၊ ကာကွယ်ရေး ဝန်ကြီးဌာနက လက်တလောစစ်ရေးအရှိန်မြှင်တင်မှုတွေကို တင်ပြတာ ၊ ဖက်ဒရယ်ရေးရာဝန်ကြီးဌာနက NCA စာချုပ်နဲ့ ပတ်သတ်ပြီး အမျိုးသားညီညွတ်ရေး အစိုးရ ရဲ့ သဘောထားထုတ်ပြန်ကြေညာ ရန် တင်ပြတာ ၊ အမျိုးသမီး ၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက အမျိုးသားညီညွတ်ရေး အစိုးရရဲ့ “ကလေးသူငယ် အကာအကွယ်ပေးရေးမူဝါဒ” အကြောင်းတင်ပြတာ နဲ့ သမ္မတရုံးအတွင်းဝန် က Strategic Communication and Public Realtions Unit ဖွဲ့စည်းတာနဲ့ အဖွဲ့ဝင်များ အတည်ပြု နိုင်ရန် တင်ပြတာ အစရှိတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။အဲဒီနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နှီးနှောဖလှယ်ပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလမှ တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ခြင်း

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နှီးနှောဖလှယ်ပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလမှ တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ခြင်း

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက်နေ့"ပြာပုံကြားက မြန်မာပြည်သူ စာနာမှုနဲ့ ဝိုင်းလို့ကူ” ဆိုသည့်ခေါင်းစဉ်ဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ယနေ့ မြန်မာစံတော်ချိန်မွန်းတည့် (၁၂) နာရီတွင် ပြုလုပ်ကျင်းပခဲ့ပါသည်။လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နှီးနှောဖလှယ်ပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလမှ “အတိဒုက္ခခံစားနေရတဲ့ ပြာပုံကြားက ပြည်သူတွေက အမေ့လျော့ခံတွေ၊ ပစ်ပယ်ခံထားရသူတွေ မဟုတ်ဘူးဆိုတာကို ဒီနေ့ဆွေးနွေးပွဲက သက်သေပြနေပါတယ်။ နှီးနှောဖလှယ်ပွဲမှာ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း၊ အခက်အခဲတွေကို လက်တွေ့ကျကျ ထိထိရောက်ရောက် ဖြေရှင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို အတူပူးပေါင်းရှာဖွေနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ပြည်တွင်းပြည်ပက လူသားချင်းစာနာမှုရှိတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေကို မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းမှာ ဝိုင်းဝန်းပူးပေါင်းကူညီပေးကြဖို့ ထပ်မံတိုက်တွန်းလိုပါတယ်” ဟု မိန့်ခွန်းတွင် ပြောကြားခဲ့ပါသည်။အဆိုပါနှီးနှောဖလှယ်ပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတဒူဝါလရှီးလ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီမှ တာဝန်ရှိသူများ၊ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များ၊ ဖက်ဒရယ်ယူနစ်အသီးသီးနဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများမှ ကိုယ်စားလှယ်ကြီးများ၊ အလှူရှင်နိုင်ငံများမှ ကိုယ်စားပြု တက်ရောက်ကြသူများ၊ ပြည်တွင်းပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြေပြင်သပိတ်အင်အားစုများအပါအဝင် လူဦးရေစုစုပေါင်း (၂၀၅) ဦး  တက်ရောက်ခဲ့ကြပါသည်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နှီးနှောဖလှယ်ပွဲကြီး (Inclusive Humanitarian Conference Myanmar - 2023) ကျင်းပဆောင်ရွက်လျက်ရှိ

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နှီးနှောဖလှယ်ပွဲကြီး (Inclusive Humanitarian Conference Myanmar - 2023) ကျင်းပဆောင်ရွက်လျက်ရှိ

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ (၂၅) ရက်နေ့လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ နှီးနှောဖလှယ်ပွဲကို “ပြာပုံကြားက မြန်မာပြည်သူ စာနာမှုနဲ့ ဝိုင်းလို့ကူ” ခေါင်းစဉ်ဖြင့် (၂၃.၉.၂၀၂၃) ရက်နေ့မှ (၂၆.၉.၂၀၂၃)ရက်နေ့အထိ Zoom Video Conferencing System ဖြင့် ကျင်းပလျက်ရှိပါသည်။ အဆိုပါ နှီးနှောဖလှယ်ပွဲကို မြန်မာနိုင်ငံတဝှမ်းရှိ သဘာဝဘေးအန္တရာယ်နှင့် လူကြောင့်ဖြစ်သော ဘေးအန္တရာယ်များကြောင့် ဘေးဒုက္ခခံစားနေရသော ပြည်သူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးရာတွင် ဆက်စပ်နှီးနွယ်သည့် အဖွဲ့အစည်းများအကြား ညှိနှိုင်းဆွေးနွေးမှုများမှတဆင့် အများသဘောတူ လက်ခံနိုင်သည့် Position Paper (၁) ခု ထွက်ပေါ် လာစေရန်၊ ဆက်စပ်အဖွဲ့အစည်းများအကြား ကွန်ယက် ချိတ်ဆက်လက်တွဲဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန်၊ နိုင်ငံတကာလူသားချင်းစာနာမှု အကူအညီပေးသည့် အဖွဲ့အစည်းများနှင့် မြေပြင်တွင်လုပ်ငန်းများ အကောင်အထည်ဖော်နေသည့် အဖွဲ့အစည်းများအကြား အပြန်အလှန် နားလည်မှုနှင့်ယုံကြည်မှုများ တည်ဆောက်နိုင်ပြီး ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်စေရန်နှင့် မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို လက်တွေ့ကျကျ ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများ ဖော်ထုတ်ဆွေးနွေးနိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပလျက်ရှိပါသည်။အဆိုပါ နှီးနှောဖလှယ်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားစာနာဝန်ကြီးဌာနက အဖွဲ့ဝင်အဖြစ် ပါဝင်သော အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ၏လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ (JCC-HA)၊ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) နှင့် အခြားသောတော်လှန်ရေးအင်အားစုများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ နှီးနှောဖလှယ်ပွဲ (၄) ရက်တာကာလအတွင်း နိုင်ငံရေးအကျဉ်းသားများ၊ စစ်ဘေးရှောင် ပြည်သူများ၊ အကြမ်းမဖက်လူထုလှုပ်ရှားမှုတွင် ပါဝင်ခဲ့သူများနှင့် တော်လှန်ရေးကာလအတွင်း လက်နက်ကိုင် ပဋိပက္ခများကြောင့် ထိခိုက်/ကျဆုံး သူရဲကောင်းများဟူ၍ နေ့တနေ့ ခေါင်းစဉ်တစ်ခု ချင်းစီအလိုက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြမည်ဖြစ်ပြီး နှီးနှောဖလှယ်ပွဲအတွင်း တင်ပြချက်မှုများနှင့် တက်ရောက်လာသူများ၏ အတွေ့အကြုံဆွေးနွေးချက်များ၊ အတွေးအမြင်များကို အခြေခံပြီး ထွက်ပေါ်လာသည့် မူဝါဒပိုင်းဆိုင်ရာ အကြံပြုချက်တွေကိုလည်း နိုင်ငံတကာက လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဆုံးဖြတ်ချက်ချသူများနှင့် အလှူရှင်များထံမှ အကူအညီများ ထိရောက်စွာ ရရှိနိုင်ရေး နည်းလမ်းကောင်းတွေကို အဖြေရှာသွားကြမှာလည်း ဖြစ်ပါတယ်။သို့ဖြစ်ပါ၍ နှီးနှောဖလှယ်ပွဲ ပထမရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလမှ “အတိဒုက္ခခံစားနေရတဲ့ ပြာပုံကြားက ပြည်သူတွေက အမေ့လျော့ခံတွေ၊ ပစ်ပယ်ခံထားရသူတွေ မဟုတ်ဘူးဆိုတာကို ဒီနေ့ဆွေးနွေးပွဲက သက်သေပြနေပါတယ်။ နှီးနှောဖလှယ်ပွဲမှာ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း၊ အခက်အခဲတွေကို လက်တွေ့ကျကျ ထိထိရောက်ရောက် ဖြေရှင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို အတူပူးပေါင်းရှာဖွေနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ပြည်တွင်းပြည်ပက လူသားချင်း စာနာမှုရှိတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေကို မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းမှာ ဝိုင်းဝန်းပူးပေါင်းကူညီပေးကြဖို့ ထပ်မံတိုက်တွန်းလိုပါတယ်” ဟု အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့ပြီး ဖိတ်ကြားထားသည့် သက်ဆိုင်ရာ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီမှ တာဝန်ရှိသူများ၊ အမျိုးသား ညီညွတ်ရေးအစိုးရအဖွဲ့ဝင်များ၊ ဖက်ဒရယ်ယူနစ်အသီးသီးနှင့် တိုင်းရင်းသားတော်လှန်ရေး အင်အားစုများမှ ကိုယ်စားလှယ်ကြီးများ၊ အလှူရှင်နိုင်ငံများမှ ကိုယ်စားပြုကြသူများ၊ ပြည်တွင်းပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်လျက်ရှိသည့် တိုင်းများမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် မြေပြင်သပိတ် အင်အားစုများအပါအဝင် လူဦးရေ (၂၀၅) ဦး တက်ရောက်ခဲ့ပြီး၊ ဒုတိယရက်တွင်လည်း (၂၀၂)ဦးတတ်ရောက်ခဲ့ကြပါကြောင်း သတင်းထုတ်ပြန် အပ်ပါသည်။

ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင် The Elders အဖွဲ့ ဥက္ကဋ္ဌ အပါအဝင် တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင် The Elders အဖွဲ့ ဥက္ကဋ္ဌ အပါအဝင် တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေး

၂၂ စက်တင်ဘာ ၂၀၂၃အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး၊ လူအခွင့်အရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးနှင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့သည် ယမန်နေ့ နံနက် နယူးယောက် စံတော်ချိန် (၁၁း၃၀) နာရီအချိန် တွင် The Elders ဥက္ကဋ္ဌ  အိုင်ယာလန်နိုင်ငံ၏ သမ္မတဟောင်းဖြစ်သူ H.E. Ms Mary Robison၊  မွန်ဂိုးလီးယားနိုင်ငံ၏ သမ္မတဟောင်းနှင့် ဝန်ကြီးချုပ်ဟောင်းဖြစ်သူ H.E. Mr Elbegdor Tsakhia၊ ကိုလံဘီယာနိုင်ငံ၏ သမ္မတဟောင်းဖြစ်သူ H.E. Mr Juan Manuel Santos အပါအဝင် The Elders မှ အခြားသော တာဝန်ရှိပုဂ္ဂိုလ်တို့အား  နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးတွင် လက်ခံတွေ့ဆုံခဲ့ပြီး မြန်မာ့အရေးကိစ္စနှင့်ပတ်သက်၍ အမြင်များ ဖလှယ်ကာ ဆွေးနွေးခဲ့ကြပါသည်။

ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၃၈/၂၀၂၃)ကျင်းပပြုလုပ်

ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၃၈/၂၀၂၃)ကျင်းပပြုလုပ်

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ လ ၂၁ ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၃၈/၂၀၂၃) ကို ယနေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ပြည်ထောင်စုဝန်ကြီးချုပ်မှ " အစိုးရမှ တာဝန်ပေးအပ်ထားသော သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ပြည်သူကို အာဏာပြအုပ်ချုပ်သောပုံစံမဖြစ်ပေါ်စေရေး အထူးကြပ်မတ်ထိန်းကျောင်းရမှာဖြစ်ကြောင်း ၊ လက်နက်ကိုင်ပြီး ပြည်သူကို နှစ်ပေါင်းများစွာ အနိုင်ကျင့်လာသော အကြမ်းဖက်ကောင်စီကို တော်လှန်နေကြသည့် မိမိတို့ အင်အားစုများအနေဖြင့် ကိုယ်မကြိုက်သည့်အလုပ်ကို ကိုယ်တိုင်ပြန်မလုပ်မိကြဖို့ အရေးကြီးကြောင်း" လမ်းညွှန်ပြောကြားခဲ့ပါသည်။ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၃၇/၂၀၂၃)တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါသည်။အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှဦးဆောင်ကာပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး နေ့လယ် (၁:၀၀)နာရီအချိန်တွင်အောင်မြင်စွာ ရပ်နားခဲ့ပါသည်။

“မိတ်ဆွေများကို ရန်သူ မလုပ်ရေးမူ”

“မိတ်ဆွေများကို ရန်သူ မလုပ်ရေးမူ”

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် အစည်းအဝေး (၂ / ၂၀၂၃) ၌ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၏ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်း ၂၀၂၃ ခုနှစ် စက်တင်ဘာ (၂၀) ရက် ဒီကနေ့ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင် အစည်းအဝေး (FSCC) ကို တက်ရောက်လာကြတဲ့ ပြည်ထောင်စု ဝန်ကြီးချုပ်နှင့်တကွ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အစိုးရအဖွဲ့ဝင်များနဲ့ FSCC ကော်မရှင်အဖွဲ့ဝင်များ အားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်။ ဒီနေ့ ပြုလုပ်ကျင်းပတဲ့ FSCC ကော်မရှင်အစည်းအဝေးဟာ ဒီနှစ်ထဲမှာ ဒုတိယအကြိမ် ပြုလုပ်ကျင်းပတဲ့ အစည်းအဝေးဖြစ်ပါတယ်။ ဒါ့ကြောင့် ယခင် FSCC ကော်မရှင်အစည်းအဝေး ပထမအကြိမ် ကျင်းပတုန်းက ကျွန်တော် ပြောခဲ့ဖူးတဲ့ အခြေခံမူတွေနဲ့ပတ်သက်ပြီး ထပ်မံ ပြောကြားချင်တာ ရှိပါတယ်။ ဒီနေ့ ကော်မရှင်အစည်းအဝေး agenda က နိုင်ငံရေးအရ သော်လည်းကောင်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးအရသော်လည်းကောင်း အရေးကြီးတဲ့ နိုင်ငံရေးပိုင်းတွေ ပါဝင်နေတယ်လို့ ယူဆပါတယ်။ ကျွန်တော့်အနေနဲ့ ရှင်းရှင်းလင်းလင်း တိတိကျကျ ပြောချင်တဲ့ အချက်တွေ ရှိပါတယ်။ အဲဒါတွေကတော့ FSCC ကော်မရှင်အနေနဲ့ ရှေ့ရှုရမယ့် အခြေခံသဘောထား၊ စစ်ကိုင်းတိုင်းဒေသကြီးမှာရှိတဲ့ အင်အားစုတွေနဲ့ တွေ့ဆုံညှိနှိုင်းရေးကိစ္စအပြင် KNU နဲ့ တွေ့ဆုံရေးကိစ္စတို့မှာ ကျွန်တော်တို့ သတိချပ်ရမယ့် အချက်တချို့ကို ပြောကြားချင်ပါတယ်။ ဒီနေ့ FSCC ကော်မရှင်အနေနဲ့ မိမိတို့ ပြုသမျှ / ပြောသမျှ / လုပ်သမျှ ကိစ္စအားလုံးကို အမျိုးသားစည်းလုံးညီညွတ်ရေးကို အခြေခံမူထားပြီး လုပ်ဆောင်ရလိမ့်မယ်လို့ ကနဦး ပြောကြားလို ပါတယ်။ ကျွန်တော်တို့ဟာ စစ်အာဏာရှင်စနစ်ကို တော်လှန်နေရင်း တစ်ဖက်မှာလည်း တိုင်းပြည် တည်ဆောက်ရေးလို့ ခေါ်တဲ့ Nation Building ကိစ္စကို လုပ်နေကြရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အမျိုးသားစည်းလုံးညီညွတ်ရေးကိစ္စဟာ FSCC ကော်မရှင်ရဲ့ အခြေခံအုတ်မြစ် သဘောထား အဖြစ် ခိုင်ခိုင်မာမာ အုတ်မြစ်တည်ထားဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် နွေဦးတော်လှန်ရေးမှာ တော်လှန်ရေးအင်အားစုအားလုံးရဲ့ အခြေခံ ပဋိညာဉ်မူဘောင်ဖြစ်တဲ့ “ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အပိုင်း (၁) နဲ့ (၂)” အပေါ်မှာ ဆုံချက်ထားပြီး လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုပါတယ်။ ကျွန်တော်တို့ဟာ သက်ဆိုင်ရာ ပြည်နယ်အလိုက် / သက်ဆိုင်ရာ လူမျိုးစုအလိုက် ရည်မှန်းထားတဲ့ အမျိုးသားရေးဦးတည်ချက်တွေနဲ့ ဖီလာဆန့်ကျင်ဘက် ဖြစ်နေတာမျိုးကို အထူးသတိပြု ရှောင်ရှား ကြဖို့ လိုပါတယ်။ ယခု ကျွန်တော်တို့ နွေဦးတော်လှန်ရေးနဲ့ ပူးတွဲတည်ဆောက်နေတဲ့ nation building ကိစ္စကို (တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ လူမျိုးစုလွတ်မြောက်ရေး) စတဲ့ အခြေခံ အချက် (၃) ရပ်နဲ့ အစဉ်တစိုက် ယှဉ်တွဲတည်ဆောက်ကြဖို့ ပြောကြားလိုပါတယ်။ နောက်ထပ် ပြောကြားချင်တဲ့ကိစ္စကတော့ စစ်ကိုင်းတိုင်းက အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံညှိနှိုင်းရေး ကိစ္စ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဧရိယာကို ကြည့်ရင် နယ်မြေအရ အကြီးမားဆုံးနဲ့ အကျယ်ပြန့်ဆုံး ပထဝီအနေအထားကို တွေ့ရပါတယ်။ စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်ခုခံတော်လှန်တဲ့ နေရာမှာလည်း အပြင်းထန်ဆုံးနဲ့ အကျယ်ပြန့်ဆုံးသော ပြည်မဧရိယာကြီးတစ်ခုအဖြစ် ပါဝင် နေတာတွေ့ရပါတယ်။ တော်လှန်ရေးဇွဲနပဲလည်း ပြင်းပြထက်သန်လွန်းတာကို လေးစားဂုဏ်ယူ ဖွယ် တွေ့မြင်နေရပါတယ်။ ဒါ့ကြောင့် စစ်ကိုင်းတိုင်းထဲက အင်အားစုအသီးသီးနဲ့ ကျစ်လစ်သော နိုင်ငံရေးညီညွတ်မှုကို ဖော်ဆောင်နိုင်ရေးဟာ နွေဦးတော်လှန်ရေးရဲ့ အရေးပေါ် လုပ်ငန်းစဉ် တစ်ခုလို့ ယူဆပါတယ်။ စစ်ကိုင်းတိုင်းဧရိယာအတွင်းက အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံညှိနှိုင်းရေးကို အကောင်အထည်ဖော်တဲ့ အခါမှာ အထူး သတိမူသင့်တဲ့ အချက်တချို့ကို ပြောချင်ပါတယ်။ အထူးသဖြင့် “မိတ်ဆွေများကို ရန်သူ မလုပ်ရေးမူ” အပေါ်မှာ အခြေခံသင့်တယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ဟာ တော်လှန်ရေး အင်အားစုအသီးသီးရဲ့ အင်အားတွေကို စုစည်းယူရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မိမိတို့နဲ့ မိတ်ဖက် အစုအဖွဲ့တွေထဲမှာ ရန်သူ အသစ် မမွေးမိဖို့ လိုပါတယ်။ ဒါဟာ အထူး သတိထားရမယ့်ကိစ္စလို့ ယူဆပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ နိုင်ငံရေးသဘောထားကြီးမှုကို ထင်ထင်ရှားရှားပြသရပါလိမ့်မယ်။ ဒါ့အပြင် မိမိတို့ရဲ့ စိတ်ကို ဖွင့်ထားပြီး ဒေသတွင်း အင်အားစု အသီးသီးကို လက်ကမ်းကြိုဆိုဖို့ လိုအပ်ပါတယ်။ လူထုကြားထဲက အင်အားစုတွေနဲ့ ထိတွေ့ဆက်ဆံ တဲ့အခါမှာ မိမိရဲ့ နိုင်ငံရေးအမြော်အမြင်ကြီးမှုနဲ့ မိမိတို့ရဲ့ နိုင်ငံရေးသဘောထားကြီးမှုကို အခြေခံထားပြီး တွေ့ဆုံညှိနှိုင်းကြဖို့ ကျွန်တော့်အနေနဲ့ အထူး တိုက်တွန်းလိုပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ ပထဝီမြေပုံကို ပုံကြမ်းချ လေ့လာကြည့်ရင် နိုင်ငံ့ရဲ့ အရှေ့ဘက်၊ အနောက်ဘက်နဲ့ တောင်ဘက်၊ မြောက်ဘက်တို့မှာ အဓိက လက်နက်ကိုင်အင်အားစုကြီးတွေရဲ့ အခန်းကဏ္ဍကို ထင်ထင်ရှားရှားတွေ့ရပါတယ်။ KNU ဟာ ကျွန်တော်တို့ နိုင်ငံရဲ့ တောင်ပိုင်းဒေသကြီးကို ခြေကုတ်မြဲမြဲ ယူထားနိုင်တဲ့ လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းကြီး တစ်ခုဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးအတွက် အထူးအလေးထားရမယ့် အဖွဲ့အစည်းကြီးတစ်ခု ဖြစ်သလို၊ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ရေးအတွက်လည်း အရေးပါတဲ့ အဖွဲ့အစည်းကြီးတစ်ခုဖြစ်ပါတယ်။ ဒီလို နားလည်သဘောပေါက်ပြီး ကျွန်တော်တို့ဟာ ပိုမိုကျစ်လစ် တဲ့ လူမျိုးပေါင်းစုံအုံကြွမှုကြီးကို ဝိုင်းဝန်းတည့်မတ်ကြဖို့ ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေး အတွင်းမှာ မဟာမိတ်ဆက်ဆံရေး ခိုင်မာကျစ်လစ်ရေးဟာ အထူးအရေးကြီးတဲ့ ကိစ္စအဖြစ် ပါဝင်နေ ပါတယ်။ KNU က တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံတဲ့အခါတိုင်း ကျွန်တော်တို့ဟာ အမြော်အမြင်ကြီးတဲ့ နိုင်ငံတည်ဆောက်ရေးသဘောထားတွေကို အတူတကွ ဆွေးနွေးဖလှယ်ကြဖို့ လိုပါတယ်။ ကျွန်တော်တို့တတွေဟာ အသေးအဖွဲသော ပုဂ္ဂိုလ်နိုင်ငံရေးတွေကို ကျော်ကြည့်ပြီး ကြီးမြတ်တဲ့ တိုင်းပြည်တည်ဆောက်ရေးသဘောတရားတွေကို အပြန်အလှန် ဆွေးနွေးဖလှယ်ကြဖို့ လိုပါတယ်။ ဒီသဘောထားနဲ့ ရှေ့ဆက်တက်လှမ်းကြရင် ကျွန်တော်တို့ဟာ အသေးအဖွဲသော နိုင်ငံရေးပြဿနာတွေကို ကျော်လွှားနိုင်စွမ်း ရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်။ နိဂုံးချုပ်အားဖြင့် ပြောကြားလိုတာကတော့ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ တော်လှန်ရေးတပ်ဦးနေရာကနေ ဦးဆောင် ပဲ့ကိုင်သူတွေ ဖြစ်ပေမယ့် လူထုရဲ့ အခန်းကဏ္ဍကို ဘယ်သောအခါမှ မမေ့ပျောက်ကြဖို့ လိုကြောင်း ပြောချင်ပါတယ်။ ဒါ့အပြင် ပြည်သူလူထုရဲ့ နေ့စဉ်ဘဝကို ကိုယ်ချင်းစာနာစိတ်နဲ့ (လူထုအပေါ် ရေလို ကျင့် / ရန်သူ စစ်ကောင်စီအပေါ်ကို မီးလိုကျင့်) ပြီး တော်လှန်ရေးအောင်ပွဲကို အမြန် ရယူကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ် ခင်ဗျား…..

အရပ်သားထိခိုက်မှု လျှော့ချရေးနှင့် ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာ‌ပေးလုပ်ငန်းများဆောင်ရွက်လျက်ရှိ

အရပ်သားထိခိုက်မှု လျှော့ချရေးနှင့် ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာ‌ပေးလုပ်ငန်းများဆောင်ရွက်လျက်ရှိ

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၅အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနသည် တစ်နှစ်တာစီမံချက် (One Year Plan) အရ အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသည့် အရပ်သားထိခိုက်မှု လျှော့ချရေးလုပ်ငန်းနှင့် ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအစီအမံများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လူသားချင်းစာနာကူညီမှုဆိုင်ရာ လိုအပ်ချက်ဆန်းစစ်ခြင်း သင်တန်းများ၊ အရပ်သားထိခိုက်မှုလျှော့ချရေးနှင့် ဘေးအန္တရာယ်အရေးပေါ် တုံ့ပြန်ရေးသင်တန်း၊ လေကြောင်းရန် ကြိုတင်ကာကွယ်ရေးနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းသင်တန်း၊ စိတ်လူမှုခွန်အားပေးအစီအစဉ်နှင့် Safety for Humanitarians စသည့် သင်တန်းများကို  သက်ဆိုင်ရာပညာရှင်များက ကြားကာလပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်လျက်ရှိသည့် မြို့နယ်အတွင်းရှိ လူသားစာနာတာဝန်ခံများကို နည်းပညာ မျှဝေ ပံ့ပိုးပေးလျက်ရှိပါတယ်။ယခုအခါ ဒေသအသီးသီးမှ လူသားစာနာတာဝန်ခံများက အရပ်သားထိခိုက်မှုလျှော့ချရေးနှင့် ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက်ဒေသခံ ပြည်သူလူထုကို  လေကြောင်းအန္တရာယ်၊ လက်နက်ကြီးအန္တရာယ်နှင့် မြေမြှုပ်မိုင်းအန္တရာယ်များဆိုင်ရာ လူတွေ့ ဆင့်ပွား အသိပညာပေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိပါကြောင်း အစီရင်ခံ တင်ပြအပ်ပါတယ်။

ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၃၇/၂၀၂၃)ကျင်းပပြုလုပ်

ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၃၇/၂၀၂၃)ကျင်းပပြုလုပ်

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ လ ၁၄ ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၃၇/၂၀၂၃) ကို ယနေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ပြည်ထောင်စုဝန်ကြီးချုပ်မှ " တော်လှန်ရေးအင်အားစုများတွင် နည်းပညာတိုးတက်မှုများအား ကောင်းကောင်းအသုံးချနိုင်သည့် အားသာချက်ရှိနေသလို ယခင်တော်လှန်ရေးအဆက်ဆက်၏ လိုအပ်ချက်များအား သင်ခန်းစာ​ယူ ပြင်ဆင်နိုင်ခြင်းသည်လည်း တော်လှန်ရေးအမြန်အောင်မြင်စေမည့် အချက်ဖြစ်ကြောင်း ၊ ယခုကဲ့သို့ အခြေအနေနှင့်အချိန်အခါ အသာစီးရနေသည့်ကာလမျိုးတွင် စည်းစည်းလုံးလုံး စုစုစည်းစည်း ပန်းတိုင်ဆီ အရောက်ချီတက်နိုင်ရန် အရေးကြီးကြောင်း ၊တခုတည်းသော အမိန့်ပေးကွပ်ကဲမှုစနစ်အောက်မှ သွားကြရန်  ယာယီသမ္မတကြီးမှ ပြည်သူ့ခုခံစစ် ၂ နှစ်ပြည့်မိန့်ခွန်းတွင် ပြောကြားသွားကြောင်း  ၊ အင်အားများကို စုစည်းနိုင်လေလေ ထိုးစစ်အရှိန်မြင့်တက်လာလေလေ ဖြစ်တာကြောင့် အချင်းချင်း စုစည်းညီညွတ်ကြဖို့ အထူးအလေးပေးတိုက်တွန်းလိုကြောင်း  " လမ်းညွှန်ပြောကြားခဲ့ပါသည်။ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၃၆/၂၀၂၃)တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါသည်။အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှဦးဆောင်ကာပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး နေ့လယ် (၁:၀၀)နာရီအချိန်တွင်အောင်မြင်စွာ ရပ်နားခဲ့ပါသည်။