ပြည်ထောင်စုဝန်ကြီးချုပ်နှင့် ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေကြသော တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခြင်း။

ဇန်နဝါရီလ ၁၃ ရက် ၊ ၂၀၂၄ ခုနှစ်  

စနေနေ့။

ပြည်ထောင်စုဝန်ကြီးချုပ်နှင့် ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေကြသောတာဝန်ရှိသူများ၊ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် မြန်မာစံတော်ချိန် (၁၀:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်း၊ ဒုတိယဝန်ကြီး မိုင်းဝင်းထူး၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊  ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊  ရုံးအဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။ 

တွေ့ဆုံဆွေးနွေးပွဲတွင်ပြည်ထောင်စုဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် “မြန်မာနိုင်ငံအနေနဲ့ စစ်အာဏာရှင်အဆက်ဆက်ရဲ့ ဗိုလ်ကျအုပ်ချုပ်မှုကို နှစ်ပေါင်းများစွာ ခံစားခဲ့ရပြီး တိုင်းရင်းသားဒေသ အသီးသီးများလည်း ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာဖို့အတွက် နှစ်ပေါင်းများစွာ တော်လှန်ခဲ့ကြရတာ အားလုံးအသိပဲ ဖြစ်ပါကြောင်း။ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အကြမ်းဖက်စစ်တပ်က အဓမ္မ အာဏာလုယူဖို့  ထပ်မံ ကြိုးစားတဲ့အချိန်မှာတော့ ကျွန်တော်တို့အားလုံးဟာ နောင်အနာဂတ် မြန်မာပြည်မှာ  ဒီလို စစ်အာဏာသိမ်းမှုတွေ ထပ်မံမဖြစ်ပေါ်ဖို့နဲ့ အခြေခံ လူ့အခွင့်အရေးများ အပြည့်အဝရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကို ထူထောင်ခြင်းမှတပါး အခြားမရှိဘူး ဆိုတာကို ကောင်းစွာ သိမြင်လာခဲ့ကြပါကြောင်း။ ဒီလိုသိမြင်လာတဲ့အတွက် အကြမ်းဖက်စစ် တပ်ကို အမြစ်ဖြတ် ချေမှုန်းနိုင်ရေးအတွက် တော်လှန်ရေးအင်အားစုတွေ စုစည်းပြီး တော်လှန်ရေးအစိုးရတစ်ရပ် ပေါ်ထွန်းလာရေး ကြိုးပမ်းကြစဥ် အချိန်ကတည်းက ဖက်ဒရယ်ပြည်ထောင်စုရေးရာလုပ်ငန်းများ ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ကာ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနကို ထည့်သွင်းဖွဲ့စည်းခဲ့တာဘဲ ဖြစ်ပါကြောင်း။

ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကို တည်ထောင်ဖို့အတွက်ဆိုရင် ပြည်သူလူထု အနေနဲ့ ဖက်ဒရယ်ဆိုင်ရာ အသိပညာများ ရှိဖို့လိုအပ်သလို အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးစတဲ့ ကဏ္ဍအသီးသီးကို ဖော်ဆောင်ဖို့ တာဝန်ယူကြရမယ့်သူများဟာလည်း  ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ လုပ်ငန်းစဉ်များကို သဘောပေါက်နားလည်နေဖို့ လိုအပ်တာ ဖြစ်တဲ့အတွက် ဝန်ကြီးဌာနအနေနဲ့ ဖက်ဒရယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို တောက်လျှောက်ကြိုးပမ်းဆောင်ရွက်နေတာတွေကိုလည်း ကြားသိရပါကြောင်း။ ပြည်သူများ သာမက၊ လွှတ်တော်ကိုယ်စားလှယ်များ၊ စီဒီအမ်ဝန်ထမ်းများနဲ့စတဲ့ အလွှာစုံမှ ပုဂ္ဂိုလ်များ ကိုလည်း ဖက်ဒရယ်ဆိုင်ရာအသိပညာမျှဝေမှုများ ဆောင်ရွက်ပေးနိုင်ခဲ့တာတွေ အတွက်လည်း ကျေးဇူးတင်ကြောင်း ပြောကြားလိုပါကြောင်း” ဟုပြောကြားခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်များက ဦးဆောင်ပြီး ဝန်ကြီးဌာနရဲ့ ဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်ပြီး လုပ်ငန်းဆောင်ရွက်နေမှုများ၊ အခက်အခဲနှင့် လိုအပ်ချက်များ၊ စိန်ခေါ်မှုများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီးချုပ်မှ လိုအပ်သည်များ ပြန်လည်ဖြည့်စွက်ညွှန်ကြားပေးခဲ့ပြီး တွေ့ဆုံပွဲကို မွန်းလွဲ(၁၂:၁၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။