အမျိုးသားညီညွတ်ရေးအစိုးရ၊ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေး ကျင်းပပြုလုပ်

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ EOCC အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအစည်းအဝေးသို့ လူသားချင်းစာနာကူညီရေးနှင့် ဘေးအန္တရာယ်တုံ့ပြန်ရေး ကော်မရှင်၊ အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေး၊ EOCC ညှိနှိုင်းရေးမှူး၊ ပြည်ထောင်စု ဒုတိယဝန်ကြီး၊ ဒေါက်တာငိုင်းတမ်မောင်းနှင့် အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီမှ လုပ်ငန်းအဖွဲ့များဖြစ်သည့် စာရင်းဇယားများ ကောက်ယူရေးအဖွဲ့၊ လုံခြုံရေး၊ ကာကွယ်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးအဖွဲ့၊ ဆက်သွယ်ရေးနှင့် ပြည်သူ့ဆက်ဆံရေးအဖွဲ့၊ လူသားချင်းစာနာကူညီရေးနှင့် အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့၊ စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာရေးအဖွဲ့၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအဖွဲ့နှင့် အစောပိုင်းကာလ ပြန်လည်ထူထောင်ရေးအဖွဲ့များမှ တာဝန်ရှိသူအသီးသီးက တော်လှန်စစ်အတွင်း ကဏ္ဍအလိုက်လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ရှေ့လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ 

အရေးပေါ် အခြေအနေစီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ EOCC အစည်းအဝေးတွင် လုပ်ငန်းအဖွဲ့ တစ်ခုချင်းစီအလိုက် အစည်းအဝေး ခေါ်ယူကျင်းပပြီး ရေးဆွဲထားသည့် လုပ်ငန်းလမ်းညွှန်များ ပြန်လည်သုံးသပ်ရန်နှင့် လိုအပ်သည့်လုပ်ငန်းစီမံချက်များ ရေးဆွဲဆောင်ရွက်ကြရန်၊ မြို့နယ်အဆင့် အရေးပေါ်အခြေအနေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း အဖွဲ့ဝင်များဖွဲ့စည်းကာ လေကြောင်းရန် စောင့်ကြည့်သတိပေးနိုင်ရေး ကြိုတင်ပြင်ဆင်ရန်၊ ဌာနအသီးသီးက ထုတ်ပြန်ထားသည့် လေကြောင်းအန္တရာယ်ဆိုင်ရာ အသိပညာပေး ညွှန်ကြားချက်များကို ပြည်သူလူထုထံသို့  နားလည်လွယ်မည့် လမ်းညွှန်ချက်အဖြစ် ပြင်ဆင်ပြုစုရန်၊ EOCC အစည်းအဝေးနှင့် လုပ်ငန်းအဖွဲ့ အစည်းအဝေးများကို ပုံမှန် ကျင်းပပြုလုပ်သွားရန်နှင့် လုပ်ငန်းစီမံချက်များ ပြုစုပြီး အစည်းအဝေးတွင် ပြန်လည် တင်ပြအတည်ပြု ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်ပြီး အရေးပေါ် အခြေအနေ စီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၊ ဆက်သွယ်ရေးနှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးကို (၁၇.၁.၂၀၂၄) ရက်နေ့တွင် ဆက်လက်ကျင်းပခဲ့ကြပြီး အဆိုပါအစည်းဝေးတွင် ဗဟို EOCC ကဲ့သို့ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့များကို မြေပြင်တွင်လဲ ဖွဲ့စည်းနိုင်ရေး တိုက်တွန်းပူးပေါင်းဆောင်ရွက်သွားရန်၊ လက်တွေ့ ပါဝင်ဆောင်ရွက်စေရေး ကြီးကြပ်ကွပ်ကဲကြရန်၊ လေကြောင်းရန်များကို စောင့်ကြည့်ရေးနှင့် ကြိုတင်သတိပေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြပါသည်။

ထို့အပြင် စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာရေးအဖွဲ့ အစည်းအဝေးကို (၁၈.၁.၂၀၂၄) ရက်နေ့တွင် ဆက်လက် ကျင်းပခဲ့ကြပြီး အရေးပေါ်ရန်ပုံငွေမှ ထုတ်ယူသုံးစွဲမှုအတွက် ဘဏ္ဍာရေး စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်ရန်၊  အရေးပေါ်ရန်ပုံငွေမှ သုံးစွဲနိုင်မည့် ကိစ္စရပ်များကို သက်ဆိုင်ရာကော်မတီသို့ တင်ပြသွားရန်၊ EOCC သို့တင်ပြလာသော ဝန်ကြီးဌာန အလိုက် စီမံချက်များကို စီမံ/ဘဏ္ဍာလုပ်ငန်းအဖွဲ့က စိစစ်ခြင်းနှင့် အစီရင်ခံစာများပေးပို့နိုင်ရေးကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရန် ဆွေးနွေးအတည်ပြုခဲ့ကြကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။