ကြားကာလပြည်သူ့တရားစီရင်ရေးဖော်ဆောင်မှုကော်မတီအစည်းအဝေး (၁/၂၀၂၄) ကျင်းပပြုလုပ်

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလပြည်သူ့တရားစီရင်ရေးဖော်ဆောင်မှု ကော်မတီ အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၄) ကို ယနေ့ မွန်းလွဲ(၀၃:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ကြားကာလပြည်သူ့တရားစီရင်ရေးဖော်ဆောင်မှုကော်မတီ အစည်းအဝေးတွင် ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာ စကားပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် "စစ်ရေးအရှိန်မြင့်ဖိအားပေးလာနိုင်သည်နှင့် ကျွန်တော်တို့အစိုးရအနေနဲ့ နယ်မြေများ တိုက်ခိုက် စိုးမိုး သိမ်းပိုက်လာနိုင်ပြီး ၎င်းနယ်မြေများရှိ ပြည်သူများရဲ့လုံခြုံရေးကဏ္ဍ၊ ပြည်သူ့အုပ်ချုပ်ရေးကဏ္ဍ၊ ပြည်သူများ ရဲ့နေ့စဉ်လူမှုဘ၀ကို အကာအကွယ်ပေးနိုင်ရေးကဏ္ဍများနဲ့အတူ တရားဥပဒေစိုးမိုးမှုနှင့် တရားစီရင်ရေးစနစ်ကို ပြည်သူများ လက်လှမ်းမှီလာနိုင်ရေးဟာ အင်မတန်မှအရေးကြီးလာပြီဖြစ်ပါကြောင်း။ ဒါကြောင့် ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ထိန်းချုပ်စိုးမိုးနယ်မြေများတွင် လွတ်လပ်၍ မျှတသော တရား စီရင်ရေးတစ်ရပ် လွှမ်းခြုံ၀န်ဆောင်မှု ပြုနိုင်စေရန်အတွက် ကြားကာလပြည်သူ့ တရားစီရင်ရေး ဖော်ဆောင်မှု ကော်မတီဖွဲ့စည်းပြီး focal ဖြစ်တဲ့ တရားရေးဝန်ကြီးဌာက ဦးဆောင်ပြီး ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ကျန်၀န်ကြီးဌာနများ ပေါင်းစပ်ကာ ကြိုးစား ဖော်ဆောင်လျက်ရှိသည်မှာလည်း အားလုံးအသိပဲ ဖြစ်ပါကြောင်း။ ကြားကာလမှာ ဖော်ဆောင်ရသည်ဖြစ်၍ အခက်အခဲများရှိသည့်အလျှောက် ပြည်သူများအနေနဲ့လဲ နားလည်ခွင့်လွှတ်သလို ယုံကြည်ပူးပေါင်းပေးကြစေလိုပါကြောင်း။ တရားစီရင်ရေး၊ တရားဥပဒေစိုးမိုးရေး ကဏ္ဍဟာ တကယ်တမ်း မြန်မာပြည်မှာ ပြိုလဲပျက်စည်းခဲ့သည်မှာ ကြာပြီဖြစ်သည့်အလျှောက် တရားရေးအသိပညာပြန့်ပွါးရေး ပြည်သူများပူးပေါင်းပါဝင်အောင် အစကနေ မူသစ် စိတ်သစ်ဖြင့် ပြန်လည်တည်ဆောက်ကြရမှာဖြစ်ကြောင်း။ ကျွန်တော်တို့ စိုးမိုးထိန်းချုပ်ဒေသများမှာ တရားဥပဒေစိုးမိုးရေးနဲ့ လွတ်လပ်ပြီး မျှတတဲ့ တရား စီရင်မှု လုပ်ငန်းများဖြစ်ထွန်းအောင်မြင်စေဖို့ရန်ကတော့ အစိုးရဌာနတိုင်ရာတာဝန်ရှိသူများအားလုံး တတ်စွမ်းသလောက် ဝိုင်းဝန်း ဝါယမစိုက်ထုတ် အကောင်အထည်ဖော်ကြရမှာပဲ ဖြစ်ပါကြောင်း" အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလပြည်သူ့တရားစီရင်ရေးဖော်ဆောင်မှုကော်မတီအဖွဲ့ဝင်များမှ (၁၁/၂၀၂၃) တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို ညနေ(၄:၃၀)နာရီအချိန်တွင်အောင်မြင်စွာရပ်နားခဲ့ပါသည်။