ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၁ /၂၀၂၄) အစည်းအဝေးကျင်းပခြင်း

ပြည်ထောင်စုဝန်ကြီးချုပ်မှ ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၁ /၂၀၂၄) အစည်းအဝေးအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ  (၁၆) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ အဖွဲ့ဝင်များဖြစ်ကြသည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့မှ ဝန်ကြီးများ၊ ဒုဝန်ကြီးများ၊ အတွင်းဝန်များ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးမှ အတွင်းဝန်နှင့် ရုံးအဖွဲ့များ၊ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ အတွင်းရေးမှူးရုံးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အဖွင့်အမှာစကားပြောကြားရာတွင် "ယနေ့အစည်းအဝေးကို တက်ရောက်လာကြတဲ့ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အတွင်းဝန်များနှင့် ရုံးအဖွဲ့သားများအပါအဝင် တက်ရောက်လာသူများအားလုံး ဘေးကင်းလုံခြုံကျန်းမာကြပါစေလို့ နှစ်သစ်ဆုမွန်ကောင်း တောင်းရင်း မင်္ဂလာပါလို့ ဦးစွာနှုတ်ခွန်းဆက်သပါကြောင်း၊ ဒီနေ့ကျင်းပတဲ့အစည်းအဝေးဟာ ၂၀၂၄ ခုနှစ်မှာ ပထမဆုံးအကြိမ် ကျင်းပတဲ့ အစည်းအဝေးဖြစ်သလို အရေးကြီးတဲ့အစည်းအဝေးလည်းဖြစ်ပါ ကြောင်း၊ တော်လှန်ရေးသုံးနှစ်တာကာလအတွင်း မိမိတို့ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို အောင်မြင်မှုတွေအဖြစ် ပြောင်းလဲနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါကြောင်း၊ သယံဇာတလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနနှစ်ခုဖြစ်တဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊  လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတွေရဲ့ ကဏ္ဍအသီးသီးမှာ ယခင်ကချမှတ်အကောင်အထည်ဖော်ခဲ့တဲ့ အမိန့်/ညွှန်ကြားချက်တွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ မူဝါဒတွေရဲ့ အားသာချက်၊ အားနည်းချက်တွေကို ပြန်လည်လေ့လာသုံးသပ်ပြီး ပြင်ဆင်သင့်တာတွေ ပြင်ဆင်ဖို့နဲ့ လက်ရှိသွားမယ့် အုပ်ချုပ်ရေးယန္တရားနဲ့ လိုက်လျောညီထွေဖြစ်စေမယ့် အသစ်ပြဌာန်း သင့်တာတွေကို ပြဌာန်းကြဖို့ အထူးအလေးထား တိုက်တွန်းလိုပါကြောင်း၊ လက်ရှိမှာ မြိုသိမ်းတိုက်ပွဲတွေ ဆင်နွှဲနေပြီး သိမ်းပြီးဖြစ်တဲ့ မြို့တွေမှာ အုပ်ချုပ်ရေးယန္တရား စနစ်တကျ စတင်လည်ပတ်နိုင်အောင် စီမံချမှတ်နေချိန် အရေးကြီးကဏ္ဍတွေဖြစ်တဲ့ NAB-NR အဖွဲ့ဝင်ဝန်ကြီးဌာနတွေ အနေနဲ့လည်း ပူးတွဲလိုက်ပါဆောင်ရွက်ကြဖို့ လိုအပ်လာတဲ့အတွက်ကြောင့် ယခုလို တိုက်တွန်းရခြင်း ဖြစ်ပါကြောင်း၊ ဒါမှသာ သိမ်းပိုက်ပြီးမြို့ တွေရဲ့ လူမှု၊ စီးပွား၊ ပတ်ဝန်းကျင်ရေးရာတွေ သမမျှတပြီး စီမံခန့်ခွဲရေးလုပ်ငန်းတွေ စနစ်တကျ လည်ပတ်နိုင်စေမှာ ဖြစ်ပါကြောင်း၊ အထူးပြောကြားလိုတာကတော့ တော်လှန်ရေးကာလအတွင်း ရင်ဆိုင်ကြုံတွေ့ရတဲ့ အခက်အခဲ အကျပ်အတည်းများကြောင့် ပြည်သူများအနေဖြင့် သယံဇာတအပေါ် ပိုမိုအမှီပြုလာကြသည်ကို အားလုံးသိပြီးဖြစ်တဲ့အားလျော်စွာ သယံဇာတကဏ္ဍတွေဖြစ်တဲ့ သစ်တော/ ပတ်ဝန်းကျင်ကဏ္ဍ၊ ရေနံ/သဘာဝဓာတ်ငွေ့ကဏ္ဍနဲ့ သတ္တု/ ကျောက်မျက်ကဏ္ဍတွေမှာ မူဝါဒနဲ့ မြေပြင်အခြေအနေ ကိုက်ညီဖို့ လိုအပ်ပါကြောင်း၊ လက်ရှိကာလ အုပ်ချုပ်ရေးယန္တရားနဲ့ လိုက်လျောညီထွေဖြစ်စေဖို့ စီမံခန့်ခွဲရေးနည်းလမ်းအသစ်တွေ တီထွင်ကြံဆပြီး ချမှတ်အကောင် အထည်ဖော်ရတော့မှာဖြစ်ပါကြောင်း၊ ပြည်ထောင်စုအဆင့်က စီမံခန့်ခွဲရမယ့် သယံဇာတကိစ္စရပ်တွေနဲ့ တိုင်းအဆင့်က စီမံခန့်ခွဲရမယ့် သယံဇာတကိစ္စရပ်တွေကို သေချာစိစစ်ခွဲခြားသတ်မှတ်ကြပြီး သယံဇာတများ လေလွင့်ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင်၊ ပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားကြရမှာ ဖြစ်သလို ပြည်သူတွေကို တာဝန်ယူမှု /တာဝန်ခံမှုရှိသူများ ဖြစ်စေဖို့  သယံဇာတမူဝါဒတွေကို စဉ်းစားချမှတ်ကြဖို့ လိုအပ်လာပြီဖြစ်ပါကြောင်း၊ ယနေ့တင်ပြ ဆွေးနွေးကြမယ့် အစီအစဉ်တွေသည် အရေးကြီးတာကြောင့် စုပေါင်းခေါင်းဆောင်မှုဖြင့် ဝိုင်းဝန်းဆွေးနွေးအဖြေရှာကြရမှာ ဖြစ်ပါကြောင်း၊ နိဂုံးချုပ်အနေနဲ့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်တရပ် ပေါ်ထွန်းလာရေး အာဏာရှင်စနစ်အမြစ်ပြတ်ဖို့၊ မိမိတို့တိုင်းပြည်မှာ နောက်ထပ်အာဏာရှင် အသစ်မပေါ်ပေါက်ဖို့၊ တော်လှန်ရေးအောင်မြင်စေဖို့အတွက် တော်လှန်ရေး အစိုးရတရပ်ပီပီ မိမိတို့ လုပ်သင့်လုပ်ထိုက်တာတွေကို ရဲရဲဝံ့ဝံ့တာဝန်ခံ လုပ်ဆောင်ကြဖို့  သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများကို ခွန်အားပေး တိုက်တွန်းပြောကြားခဲ့ပါသည်။"

ဆက်လက်၍ (၆/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်ဆောင်ရွက်ပြီးစီးမှုများနှင့် ရှေ့လုပ်ငန်းစဉ်ဆောင်ရွက်ပြီးစီးမှုများကို ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ တွဲဖက်အတွင်းရေးမှူးက တင်ပြခဲ့ပါသည်။ သယံဇာတစီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက တင်ပြခဲ့ကြပြီး တက်ရောက်လာကြသည့် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြပါသည်။ ဆက်လက်၍ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၁/၂၀၂၄) အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြပြီးနောက် မှတ်တမ်းဓာတ်ပုံရယူကာ အစည်းအဝေးကို ရပ်နားခဲ့ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ