အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတကြီး ဒူဝါလရှီးလ မှ (၇၆) ကြိမ်မြောက် ချင်းအမျိုးသားနေ့သို့ ပေးပို့သည့် သဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားညီညွတ်ရေးအစိုးရ

နိုင်ငံတော်သမ္မတရုံး

[email protected]

"အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတကြီး ဒူဝါလရှီးလ မှ (၇၆) ကြိမ်မြောက် ချင်းအမျိုးသားနေ့သို့ ပေးပို့သည့် သဝဏ်လွှာ"

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်

(၁) ယနေ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် ကျရောက်သည့် (၇၆) ကြိမ်မြောက် ချင်းအမျိုးသားနေ့ကို ဂုဏ်ယူဝမ်းမြောက်စွာ ကျင်းပနေကြသည့် ပြည်တွင်း၊ ပြည်ပမှ ချင်းအမျိုးသားများအားလုံး မင်္ဂလာအပေါင်း ခညောင်းပါစေကြောင်း နှုတ်ခွန်းဆက်သ လိုပါသည်။ 

(၂)  ချင်းအမျိုးသားများသည် နယ်ချဲ့အင်္ဂလိပ်ကို ဆန့်ကျင်တော်လှန်ကာ ကချင်၊ ဗမာ၊ ရှမ်း စသော ခေါင်းဆောင်ကြီးများနှင့်အတူ ပင်လုံစာချုပ်ကို ရေးထိုးပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို ပူးပေါင်း တည်ထောင်ခဲ့ကြသည့် လူမျိုးများဖြစ်ကြသည်။ 

(၃)  ထိုနယ်ချဲ့အင်္ဂလိပ်ကို ဆန့်ကျင်တော်လှန်ခဲ့ကြသည့် နေ့ထူးနေ့မြတ်များနှင့် မြေရှင်ပဒေသရာဇ် ကို ဖျက်သိမ်းကာ ဒီမိုကရေစီစနစ်ကို တည်ထောင်မည်ဟု ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြသည့်နေ့ကို ချင်းအမျိုးသားနေ့အဖြစ် သတ်မှတ်ကြသည်ဖြစ်၍ နယ်ချဲ့ကိုလိုနီဝါဒကို ဆန့်ကျင်ပြီး ဒီမိုကရေစီကို မြတ်နိုးသည့် ချင်းအမျိုးသားများ၏ နေ့ထူးနေ့မြတ်အတွက် များစွာ ဝမ်းမြောက် ဂုဏ်ယူမိပါသည်။

(၄)  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် အကြမ်းဖက် မင်းအောင်လှိုင်က နိုင်ငံတော်အာဏာ ကို မတရားသိမ်းယူလိုက်သည့်အချိန်တွင်လည်း ချင်းအမျိုးသားများအနေဖြင့် တူမီးသေနတ်ကို စွဲကိုင်ကာ စစ်အာဏာရှင်ကို ရှေ့ဆုံးမှ တော်လှန်တိုက်ခိုက်ခဲ့ကြပြီး ယနေ့အထိ စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ခရီးတွင် စွမ်းစွမ်းတမံ အားတက်သရော ပါဝင်နေကြတာ တွေ့မြင်နေရပါသည်။ 

(၅) ထို့ကြောင့် နယ်ချဲ့ ကိုလိုနီစနစ် နှင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကာ ဒီမိုကရေစီစနစ်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့် (ဖက်ဒရယ်) ကို မြတ်နိုးသော ချင်းလူမျိုးများ၏ နိုင်ငံရေးရည်မှန်းချက်များ အောင်မြင်ပါစေကြောင်း နှင့် ကမ္ဘာတည်သရွေ့ ချင်းအမျိုးသားများ အဓွန့်ရှည်ကာ ချင်းအမျိုးသားနေ့ကို ဆင်နွှဲနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ဤသဝဏ်လွှာ ပေးပို့ အပ်ပါသည်။ 

ဒူဝါလရှီးလ

နိုင်ငံတော်ယာယီသမ္မတ

အမျိုးသားညီညွတ်ရေးအစိုးရ