အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အပြည်ပြည်ဆိုင်ရာ မိုင်းအသိပညာမြှင့်တင်ရေးနေ့အခမ်းအနား သို့ပေးပို့သည့် သဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားညီညွတ်ရေးအစိုးရ

https://nugmyanmar.org

၂၀၂၄ ခုနှစ်၊ ဧပြီလ (၄) ရက်

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အပြည်ပြည်ဆိုင်ရာ မိုင်းအသိပညာမြှင့်တင်ရေးနေ့အခမ်းအနား သို့ပေးပို့သည့် သဝဏ်လွှာ

၁။ ယနေ့ကျရောက်သည့်  အပြည်ပြည်ဆိုင်ရာ မိုင်းအသိပညာမြှင့်တင်ရေးနေ့တွင် ကမ္ဘာတဝှမ်းရှိ နိုင်ငံအသီးသီး၌ မြေမြှုပ်မိုင်းများ၊ ပေါက်ကွဲစေတတ်သော စစ်ကျန်လက်နက်ပစ္စည်းများ၊ ဗုံးများနှင့် စပ်လျဥ်းသည့် အန္တရာယ်နှင့် သက်ရောက်မှုများအကြောင်းကို ပြောဆိုဆွေးနွေး အသိပညာပေး မြှင့်တင်ခြင်းလုပ်ငန်းများကို အထူး အလေးအနက်ထား ဆောင်ရွက်လျက်ရှိပြီး အမျိုးသားညီညွတ် ရေးအစိုးရအနေဖြင့် ယနေ့အခမ်းအနားကို “လူ့အသက်များကို ကာကွယ်၊ ငြိမ်းချမ်းရေးကို တည်ဆောက်” ဟူသော ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

၂။ ဆောင်ပုဒ်၏အနှစ်သာရမှာ ပေါက်ကွဲစေတတ်သော ပစ္စည်းများ၏ အန္တရာယ်နှင့် သက်ရောက် မှုများမှ လူအများကို အကာအကွယ်ပေးရန်၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများကို လက်လှမ်းမီ ရရှိနိုင်စေရန်၊ မိုင်းလက်ကျန်များရှိနေသည့် နေရာဒေသများတွင် ဆောလျင်စွာ မိုင်းရှင်း လင်းပြီး မြေယာများကို အကျိုးရှိရှိ ပြန်လည်အသုံးပြုနိုင်ရန်၊ မိုင်းအန္တရာယ် ရှင်းလင်းရေးလုပ်ငန်း များနှင့် ပြည်လည်ထူထောင်ရေး၊ ပြန်လည်တည်ဆောက်‌ရေးကဏ္ဍများ အပါအဝင်  ငြိမ်းချမ်း‌ရေး တည်ဆောက်မှု လုပ်ငန်းစဉ်များတွင် ပေါက်ကွဲစေတတ်သော ပစ္စည်းများကြောင့် ထိခိုက်ဒဏ်ရာရရှိ ခဲ့သူများနှင့် မသန်စွမ်းသူများ ပါဝင်ဆောင်ရွက်နိုင်ခွင့်ရရှိရေး ရည်ရွယ်ပါသည်။

၃။ ကမ္ဘာပေါ်ရှိ လက်နက်ကိုင် ပဋိပက္ခများ၏ ရှုပ်ထွေးမှုများကြားတွင် ရှင်သန်နေထိုင်နေကြရ သည့် သန်းပေါင်းများစွာသော ပြည်သူလူထုသည် မြေမြှုပ်မိုင်းအန္တရာယ်ကို နေ့စဥ်နှင့်အမျှ ကြုံကြိုက် ခံစားနေရပါသည်။ တိုက်ပွဲများ ရပ်တန့်သွားပြီးနောက်တွင် မပေါက်ကွဲသေးသော မြေမြှုပ်မိုင်းများနှင့် စစ်လက်နက်ပစ္စည်း အကြွင်းအကျန်များက ဒေသခံပြည်သူတို့၏ အသက်အန္တရာယ်ကို  ခြိမ်းခြောက် လျက် ရှိပါသည်။ ထိုမျှသာမက နောက်ဆက်တွဲဆိုးကျိုးများအဖြစ် မိုင်းဒဏ်ခံစားရသည့် ဒေသများရှိ ပြည်သူလူထု၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုကို သိသိသာသာ အဟန့်အတားဖြစ်စေနိုင်ပါသည်။

၄။ ကျွန်ုပ်တို့၏ မြန်မာနိုင်ငံတွင် ပြည်တွင်းစစ် ကြာရှည်နေသည့်အတွက် နေရာဒေသ  အသီးသီးရှိ ပြည်သူလူထုမှာ ယနေ့ထက်တိုင် မိုင်းအန္တရာယ်ကို ရင်ဆိုင်ကြုံတွေ့နေရပါသည်။ မြန်မာနိုင်ငံရှိ မြို့နယ်အရေအတွက် ထက်ဝက်ကျော်တွင် မြေမြှုပ်မိုင်းများ ရှိနေပြီး လက်နက်ကိုင် တိုက်ပွဲများ တိုးပွားလာသည်နှင့်အမျှ မြေမြှုပ်မိုင်းများကြောင့် ထိခိုက်သေဆုံးရသော အပြစ်မဲ့ပြည်သူ အရေအတွက်မှာလည်း နေ့စဥ်တိုးပွားလျက် ရှိပါသည်။ ၂၀၂၁ ခုနှစ် အကြမ်းဖက်စစ်အုပ်စု၏ ဥပဒေမဲ့ အာဏာသိမ်းမှု အကျိုးဆက်ကြောင့် ပြည်သူလူထု ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိရာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှုများမှာလည်း အကြောင်းအရင်းတစ်ချက်အနေဖြင့် ပါဝင်လျက် ရှိပါသည်။ 

၅။ ထို့ကြောင့် ကျွန်ုပ်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပဋိပက္ခကာလအတွင်း အရပ် သား ပြည်သူလူထုထိခိုက်မှု လျှော့ချရေးနှင့် ရပ်ရွာလူထု ဘေးဒဏ် ကြံ့ကြံ့ခံနိုင်ရည် မြှင့်တင်ရေး တို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများမှ လေကြောင်းရန်နှင့် လက်နက်ကြီးအန္တရာယ် ကြိုတင် ကာကွယ်ရေးနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်း၊ မြေမြှုပ်မိုင်းအပါအဝင် စစ်လက်နက်ပစ္စည်းနှင့်          ဓာတု လက်နက်ပစ္စည်းအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များ၊ မိုင်းအန္တရာယ် ကင်းရှင်းရေး အသိပညာပေးစာစောင် ဖြန့်ဝေရေးလုပ်ငန်းများနှင့် လက်နက်ကိုင် ပဋိပက္ခ အခြေအနေတွင် ရှေးဦးသူနာပြုစုခြင်းနည်းများ၊ စိတ်/လူမှုခွန်အားပေးအစီအစဉ်နှင့် Safety for Humanitarians စသည့် သင်တန်းများဖွင့်လှစ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။

၆။ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ဆိုး သက်ဆိုးရှည်နေသမျှ ကာလပတ်လုံး အပြစ်မဲ့ ပြည်သူလူထုအနေဖြင့် မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဆုံးရှုံးနစ်နာနေမှုများကို မလွှဲဧကန် ဆက်လက် ကြုံတွေ့နေရမည်ဖြစ်ပါသည်။ စစ်အာဏာရှင်စနစ်ဆိုး ချုပ်ငြိမ်းပြီး ပြည်သူများ လိုလားတောင့်တ သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ထောင်နိုင်မှသာလျှင် ငြိမ်းချမ်းသာယာ၍ ဘေးကင်းသော လူမှုဘဝများကို ခံစားရရှိနိုင်မည် ဖြစ်ပါသဖြင့် စစ်အာဏာရှင်စနစ်ဆိုးကို အမြန်ဆုံး 

တွန်းလှန်နိုင်ပြီး မြန်မာပြည် အေးချမ်းသာယာရှိပါစေကြောင်း ဆုတောင်းမေတ္တာပို့သလျက် ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။