ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ ကျဆုံးခြင်း (၃၆)နှစ်ပြည့်၊ နှစ်ပတ်လည်နေ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ ပေးပို့သည့်သဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားညီညွတ်ရေးအစိုးရ

https://nugmyanmar.org

"ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားများဖြစ်ကြသည့် ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ ကျဆုံးခြင်း (၃၆)နှစ်ပြည့်၊ နှစ်ပတ်လည်နေ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ ပေးပို့သည့်သဝဏ်လွှာ "

၂၀၂၄ ခုနှစ်၊ မတ်လ ၁၃ ရက်

၁။ ယနေ့သည် ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေး ကြိုးပမ်းမှုတွင် ပါဝင်လှုပ်ရှားရင်း အကြမ်းဖက် စစ်ရာဇဝတ်ကောင်များ၏ ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုကြောင့် မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့ကြသည့် ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားများဖြစ်ကြသော ကိုဖုန်း မော်နှင့် ကိုစိုးနိုင်တို့ ကျဆုံးခြင်း (၃၆) နှစ်ပြည့်မြောက်သည့်နေ့ ဖြစ်ပါသည်။

၂။ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားများဖြစ်ကြသည့် ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ ကျ ဆုံးခြင်း (၃၆) နှစ်ပြည့်၊ နှစ်ပတ်လည်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စား ကျွန်ုပ် အနေဖြင့် နှမြောတသအောက်မေ့ သတိတရရှိနေပါကြောင်းနှင့် အထိမ်းအမှတ်သဝဏ်လွှာ ပေးပို့ ခွင့်ရသည့်အတွက် ကျေးဇူးတင်ပါကြောင်း ဦးစွာဖော်ပြအပ်ပါသည်။

၃။ တိုင်းပြည်၏ အချုပ်အခြာအာဏာကို လက်နက်မိုး၍ အနိုင်ကျင့်ဗိုလ်ကျ လုယူတတ်သည့် အကြမ်းဖက်စစ်အာဏာရှင်တို့သည် လွန်ခဲ့သော ၃၆ နှစ်တာ ကာလမှစ၍ ယနေ့အချိန်ထိ တိုင်းရင်းသားလူမျိုးအားလုံးနှင့်တကွ ရဟန်းရှင်လူ ကျောင်းသားပြည်သူပေါင်း များစွာကို ရက်ရက်စက်စက် ဖိနှိပ်ညှင်းပန်း သတ်ဖြတ်ပြီး တိုင်းပြည်ကို ဒုက္ခနွံထဲ ဆွဲသွင်းနေဆဲဖြစ်သည်ကို ဝမ်းနည်းစွာ တွေ့မြင်နေရပါသည်။ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးကလည်း ယင်းအခြေအနေ ဆိုးများမှ အမြန်ဆုံး လွတ်မြောက်ရန်အတွက် ခေတ်အဆက်ဆက် အားမလျှော့စတမ်း ကြိုးပမ်းခဲ့ ကြပါသည်။ 

၄။  ယခု ပြည်သူ့နွေဦးတော်လှန်ရေးတွင် စစ်အာဏာရှင် အပြီးတိုင် ကျဆုံးစေရေး၊ မြန်မာ နိုင်ငံတွင် မည်သည့် အာဏာရှင်မျိုးမှ ပြန်လည်ခေါင်းမထောင်နိုင်စေရေး၊ တိုင်းရင်းသားပြည်သူ တရပ်လုံး လိုလားတောင့်တလျက် ရှိကြသည့် တန်းတူညီရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့် အဝရှိသည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် ထူထောင်နိုင်ရေးအတွက် အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် ပြည်သူ့ဆန္ဒကို ရှေးရှုပြီး တိုင်းရင်းသားမဟာမိတ် တော်လှန်ရေးအင်အားစု များနှင့် ယုံကြည်မှု တည်ဆောက်ကာ လက်တွဲညီညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ် ကြောင်းကို အခိုင်အမာ ကတိပြုအပ်ပါသည်။

၅။  ခေတ်အဆက်ဆက် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနှင့် တန်းတူညီမျှရေးတို့အတွက် အသက်သွေးချွေးများ စတေးပေးဆပ်သွားခဲ့ကြသည့် ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့အပါအဝင် ဒီမိုကရေစီသူရဲကောင်းအ‌ပေါင်းနှင့် ယနေ့ ပြည်သူ့နွေဦးတော်လှန်ရေးခရီးကြမ်းတွင်လည်း စစ်အာဏာရှင်စနစ်လက်အောက်က အမြန်ဆုံး လွတ်မြောက်စေရေး အသက်စွန့်ပါဝင် ဆောင်ရွက် ခဲ့ကြသည့်  အာဇာနည်သူရဲကောင်းအပေါင်းတို့၏ ပေးဆပ်မှုများကို အစဉ်အမြဲ အောက်မေ့သတိရ လေးစားဂုဏ်ယူလျက် ရှိပါကြောင်းနှင့် ဘုံရည်မှန်းချက်ပန်းတိုင်သို့ အလျင်အမြန် ရောက်ရှိစေ ရေးအတွက်လည်း ပိုမိုကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အလေးအနက်ဖော်ပြရင်း ဤသဝဏ်လွှာအား ပေးပို့အပ်ပါသည်။   

အရေးတော်ပုံ အောင်နေပြီ……။

မန်းဝင်းခိုင်သန်း

ပြည်ထောင်စုဝန်ကြီးချုပ်

အမျိုးသားညီညွတ်ရေးအစိုးရ