မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) ၏ တော်လှန်ရေးတွင် ပါဝင်လာမှုအား ဂုဏ်ပြုကြိုဆိုကြောင်း ထုတ်ပြန်ကြေညာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားညီညွတ်ရေးအစိုးရ

www.nugmyanmar.org

“မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) ၏ တော်လှန်ရေးတွင် ပါဝင်လာမှုအား ဂုဏ်ပြုကြိုဆိုကြောင်း ထုတ်ပြန်ကြေညာချက်”

၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ ၁၆ရက်

အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်မှုကို ကာကွယ်ရန်၊ တိုင်းရင်းသားလူမျိုးများ လိုလားတောင့်တသည့် အမျိုးသားတန်းတူရေး နှင့် ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်အတွက် စစ်ကောင်စီအား ဆန့်ကျင်တိုက်ပွဲဝင်နေသော တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ၊ နွေဦးတော်လှန်ရေး အင်အားစုများနှင့် ပူပေါင်းလက်တွဲပြီး အာဏာသိမ်းစစ်တပ်အား တိုက်ခိုက်သွားမည်ဖြစ်ကြောင်း နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) က ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်ကိုတွေ့ရသည်။

ထိုသို့ ထုတ်ပြန်ခဲ့ခြင်းအပေါ်  အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဝမ်းမြောက် ဝမ်းသာစွာ ဂုဏ်ပြု ကြိုဆိုပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့အား မွန်တော်လှန်ရေးသမိုင်းတွင် မော်ကွန်းသစ် ရေးထိုးလိုက်သည့် နေ့တနေ့အဖြစ် လေးစားစွာ မှတ်တမ်းတင်အပ်ပါသည်။ 

စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ လုံးဝ ကင်းစင် ပပျောက်ပြီး  အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက်  မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အပါအဝင် တော်လှန်ရေး အင်အားစုအားလုံးနှင့် အခိုင်အမာ လက်တွဲပူးပေါင်း တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် လေးနက်စွာ ကတိပြုပါသည်။ 

တော်လှန်ရေးတွင် ပါဝင်ခြင်းမရှိသေးသော တိုင်းရင်းသားတော်လှန်ရေး အင်အားစုများအနေဖြင့်လည်း ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့် တို့အတွက် လက်ရှိအခွင့်အလမ်းကို အမိအရဆုပ်ကိုင်ပြီး ပြည်သူ့နွေဦးတော်လှန်ရေးတွင် ပူးပေါင်းပါဝင်ကြရန် တိုက်တွန်း ဖိတ်ခေါ်လိုက်ပါသည်။ 

အမျိုးသားညီညွတ်ရေးအစိုးရ