သတင်းထုတ်ပြန်ချက် (၁၂/၂၀၂၁)

သတင်းထုတ်ပြန်ချက် (၁၂/၂၀၂၁)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရwww.nugmyanmar.orgသတင်းထုတ်ပြန်ချက် (၁၂/၂၀၂၁)၁၃ ဩဂုတ် ၂၀၂၁ခုနှစ်၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြုပ်နှံမှု ဝန်ကြီးဌာနက ၁) ပြည်သူလူထု၏ တခဲနက်ဆန့်ကျင်၊ ညီညွတ်စွာသပိတ်မှောက်ခြင်းကြောင့် အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ “ အောင်ဘာလေထီ “ သည် လုံးဝချုပ်ငြိမ်းသွားချိန်တွင် အမျိုးသားညီညွတ်ရေးအစိုးရ ၏ “အောင်လံလွှင့်ချီ နွေဦးထီ” နှင့် ပြည်သူ့အောင်ပွဲကို ထပ်လောင်းရယူနိုင်ရန်။၂) ပြည်သူလူထု၏ ညီညွတ်မှုကို လက်နက်အားကိုးဖြင့် အနိုင်ကျင့်ချိုးနှိမ်၍ မရရှိနိုင်ဆိုသည့်အချက်ကို စစ်အာဏာရှင်များအား “အောင်လံလွှင့်ချီ နွေဦးထီ” ဖြင့် အကောင်းဆုံးသက်သေပြရန်။၃) မြန်မာ့မြေပေါ်မှ စစ်အာဏာရှင်စနစ် အလုံးစုံပျက်သုဉ်းပျောက်ကွယ်သွားစေရေး၊ ဖက်ဒရယ်ဒီမိုကရေစီ စနစ် ပီပြင်စွာဖြစ်ထွန်းပေါ်ပေါက်လာစေရေးအတွက် မဆုတ်မနစ်၊ အလံမလှဲစတမ်း ကြံ့ကြံ့ခံ တော်လှန် နေသည့် CDM ဝန်ထမ်းများအတွက် ထိရောက်စွာ ကူညီထောက်ပံ့ပေးနိုင်ရန်။၄) အမျိုးသားညီညွတ်ရေးအစိုးရသည် ပြည်သူလူထုက တရားဝင်အာဏာအပ်နှင်းခြင်းခံထားရသော ပြည်သူ့အစိုးရဖြစ်သည့် အားလျော်စွာ “အောင်လံလွှင့်ချီ နွေဦးထီ” ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တည်ဆဲဥပဒေနှင့်အညီ ဖြစ်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် “ လောင်းကစားဥပဒေကို ပထမအကြိမ် ပြင်ဆင်သည့်ဥပဒေ”၁ ကို  ပြည်ထောင်စုလွှတ်တော်သို့တင်သွင်းပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဌာန်းလိုက်သည်။၂။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန က ကြေညာချက် (၇/၂၀၂၁)၂ “CDM ပြုလုပ်လျက်ရှိသည့် ပုဂ္ဂလိကဘဏ်ဝန်ထမ်းများနှင့်အတူ တသားတည်းရပ်တည်လျှက်ရှိကြောင်း နှင့် ဘဏ်လုပ်ငန်းရှင်များအနေဖြင့် အဆိုပါဝန်ထမ်းများအပေါ် မတရားသဖြင့် ဖိနှိပ်ခွဲခြားဆက်ဆံနေမှုများကို အမြန်ဆုံး ရပ်တန့်ရန် အသိပေးတိုက်တွန်းခြင်း” ကို ၂၀၂၁ ခုနှစ် ဩဂုတ်လ ၇ ရက် ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။၃။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးအစိုးရ က “(၃၃) နှစ်မြောက် ၈၈၈၈ အရေးတော်ပုံနှစ်ပတ်လည်အခမ်းအနားများသို့ ပေးပို့သောသဝဏ်လွှာ”၃ တစ်စောင်ထုတ်ပြန်ခဲ့ပြီး သဝဏ်လွှာ တွင်  “၁၉၈၈ ခုနှစ်က မွေးဖွားပေးလိုက်သော ခိုင်မာသည့်စိတ်ဓါတ်များကိုအရင်းတည်၍ ယခု ၂၀၂၁ နွေဦးတော်လှန်ရေးကို နိုင်ကိုနိုင်မှဖြစ်မည်ဟူသော တူညီသည့်သဘောထားများဖြင့် အားကုန်ရုန်းကန်ချီတက် နေသော မြန်မာပြည်သူလူထု တစ်ဦးတစ်ယောက် ချင်းစီအားလည်းကောင်း၊ ပြည်ပနိုင်ငံရောက် ဒီမိုကရေစီကို ချစ်မြတ်နိုးသော မြန်မာပြည်သူများ အားလည်းကောင်း၊ ဒီမိုကရေစီကိုထောက်ခံ အားပေးကြသော နိုင်ငံအသီးသီးမှ မိတ်ဆွေများအားလည်းကောင်း လေးစားဦးညွတ်ဂုဏ်ပြုလျက် အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့်လည်း ဤတော်လှန်ရေးတွင် ပြည်သူများနှင့် အတူ နေ့ညမပြတ်ကြိုးစားအားထုတ်ရင်း စစ်အာဏာရှင်များကို အမြစ်ပြတ်တိုက်ထုတ် သွားမည်ဟု ၈လေးလုံးအရေးတော်ပုံကြီးနှင့် အာဏာရှင် တော်လှန်ရေး အရေးတော်ပုံအဆက်ဆက်တို့တွင် အသက်သွေးချွေး ရင်းနှီးပေးဆပ် ခဲ့ကြသော အာဇာနည်သူရဲကောင်းများအားလုံးကိုတိုင်တည်လျက် ကတိသစ္စာပြု ကြောင်းပါရှိပါသည်။ ၄။ မြန်မာနိုင်ငံအတွင်းကျန်းမာရေးစောင့်ရှောက်မှုစနစ်ကြီး တစ်ခုလုံး နီးပါး ကမောက်ကမ ဖြစ်နေပြီး၊ ပြည်သူပြည်သားများသည် မိမိတို့တတ်အားသမျှအင်အားဖြင့်သာ ကိုယ်ထူကိုယ်ထ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေရပါသည်။ ပြည်သူများကျန်းမာရေးစောင့်ရှောက်ရာတွင် အထောက်အကူပြုစေရန် အမျိုးသားညီညွတ်ရေး အစိုးရ ၊ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် CDM သူနာပြု နှင့် သားဖွားဆရာမများဦးဆောင်၍ ၊ နိုင်ငံတကာ၏အကူအညီအထောက်အပံများဖြင့် စေတနာ့ဝန်ထမ်း ကျန်းမာရေးစောင့်ရှောက်မှုသင်တန်းကို ဖွင့်လှစ်သင်ကြားရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ထိုသင်တန်းတွင် လူတိုင်း သိရှိနားလည်သင့်သော (၁) အရေးပေါ်အခြေအနေတွင် လူနာကိုပြုစုစောင့်ရှောက်မှု(၂) ကိုဗစ်-၁၉ရောဂါဝေဒနာရှင်များကို ပြုစုကိုင်တွယ် စောင့်ရှောက်မှုနှင့် မိမိကိုယ်ကိုနှင့် အခြားသူ များကို ရောဂါမကူးစက်အောင် ကာကွယ်လုပ်ဆောင်မှုများ(၃) ထိခိုက်ဒဏ်ရာရသော လူနာများကို အရေးပေါ်ပြုစုကုသမှုများစသည့် အရေးပေါ်လိုအပ်နေသော ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာဗဟုသုတ နှင့် လက်တွေ့ လုပ်ဆောင်မှုများကို အွန်လိုင်း (online/zoom) မှတဆင့် ဝေမျှသင်ကြားပေးသွားမည်ဖြစ်ပါသည်။ ၅။ ၂၀၂၁ ခုနှစ်၊ ဇွန်လမှစတင်၍ မြန်မာပြည်တွင် COVID-19 တတိယလှိုင်း ဖြစ်ပွားလျက်ရှိရာ ပြည်သူလူထုအတွင်း COVID-19 ဖြစ်ပွားမှု၊ သေဆုံးမှုများကို စနစ်တကျ မှတ်တမ်းတင် ပြုစုထားရန် လိုအပ်ပါသည်။ ထို့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကျန်းမာရေးဝန်ကြီးဌာနက COVID-19 ရောဂါ ဖြစ်ပွားမှုဆိုင်ရာ စစ်တမ်း၅ တစ်ခုကို ကောက်ယူလျက်ရှိပါသည်။ ယခုစစ်တမ်းက ရရှိသော အချက်အလက် များသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၏ ကျန်းမာရေးလုပ်ငန်း စီမံမှုများအတွက် များစွာအထောက်အကူပြုမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် "၂၀၂၁ ခုနှစ်၊ ဇွန်လမှ ယခုအချိန်အတွင်း" မိမိကိုယ်တိုင် (သို့မဟုတ်) မိမိ၏ အတူနေ မိသားစုအတွင်း "ဖြစ်ပွားခဲ့ဖူးခြင်း (သို့မဟုတ်) ကွယ်လွန်ခဲ့ခြင်း" ရှိပါက ပူးပေါင်းပါဝင်ဖြေဆိုပေးကြရန်ဖြစ်ပါသည်။ ၆။ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က (၅၄) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ စပ်လျဉ်းပြီး ဘရူနိုင်းဒုတိယနိုင်ငံခြားရေးဝန်ကြီးထံသို့ သဝဏ်လွှာတစ်စောင်ပေးပို့ခဲ့ပြီး အဆိုပါသဝဏ်လွှာတွင် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် (၅၄) ကြိမ်မြောက်အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး ဆွေးနွေးကြသည့် အကြောင်းအရာများကို အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း၊ အာဆီယံ၏မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ခန့်အပ်ခြင်းကို NUG အနေနှင့် ကြိုဆိုကြောင်း၊ မြန်မာနိုင်ငံတွင် လက်တွေ့ကြုံတွေ့နေရသည့် နိုင်ငံရေး အကြပ်အတည်းကို အားလုံးပါဝင်နိုင်မည့် အသွင်သဏ္ဍာန်နှင့် ဖြေရှင်းရန် အသင့်ရှိပါကြောင်း၊ အာဆီယံနှင့် ဆက်စပ်အစည်းအဝေးများတွင် စစ်ကောင်စီက မြန်မာနိုင်ငံကိုယ်စားပြုတက်ရောက်နေခြင်းကို အထူးစိုးရိမ် မိကြောင်း၊ စစ်ကောင်စီသည် အာဆီယံပဌိဉာဉ် အပိုဒ် (၁) နှင့် အပိုဒ် (၂) ပါ ပြဌာန်းချက်များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး မြန်မာပြည်သူများနှင့် ဒေသတွင်းပြည်သူများကို ခြိမ်းခြောက်လျက် ရှိကြောင်း၊ အာဆီယံအနေနှင့် တွေ့ဆုံဆွေးနွေးအဖြေရှာရေးကြိုးပမ်းနေသော်လည်း ကြိုတင်သတ်မှတ်ချက်များ ထားရှိရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတစ်ဝှမ်း COVID 19 ကပ်ရောဂါ အရှိန်အဟုန်နှင့် ပြန့်နှံ့နေသောကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အကူပေးရေးလုပ်ငန်းစဉ်နှင့် ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် NUG နှင့် ပူပေါင်းဆောင်ရွက်ရန် ထိပ်တန်းဦးစားပေးအဖြစ် တိုက်တွန်းတောင်းဆိုလိုကြောင်း၊ အာဆီယံမိသားစု၏ အစိတ်အပိုင်းတစ်ခုအနေနှင့် အမျိုးသားညီညွတ်ရေးအစိုးရသည် အာဆီယံနှင့် အပြည့်အဝေပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိနေပြီး လူသားချင်းစာနာမှုဆိုင်ရာကိစ္စရပ်များနှင့် COVID 19 ကပ်ရောဂါ တိုက်ဖျက်ရေးကဏ္ဍများတွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းတို့ ပါဝင်သည်။အသေးစိတ်သိရှိလိုပါကလေ့လာရန်လင့်ခ်များ၁။ https://www.facebook.com/NUGmyanmar/posts/164074349146538၂။ https://www.facebook.com/NUGmyanmar/posts/164646419089331၃။ https://www.facebook.com/NUGmyanmar/posts/165113445709295၄။ https://docs.google.com/forms/d/12icJk_HTqlp7icQXW-fadFTl mTVQYLeloelTaHVEH8/viewform?fbclid=IwAR1gWiqyzOIDVu8Dpy0vxBkKzGjFdWeTXo57FQw9KL37v-XOq49derkR2V0&edit_requested=true

ကရင့်အမျိုးသားအာဇာနည်နေ့သို့ ပေးပို့သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ သဝဏ်လွှာ

ကရင့်အမျိုးသားအာဇာနည်နေ့သို့ ပေးပို့သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ သဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရ၂၀၂၁ ခုနှစ် ဩဂုတ်လ (၁၂) ရက်နေ့တွင်ကျရောက်သည့် (၇၁ )နှစ်မြောက်“ကရင့်အမျိုးသားအာဇာနည်နေ့သို့ ပေးပို့သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ သဝဏ်လွှာ”၂၀၂၁ ခုနှစ် ဩဂုတ်လ (၁၂)ရက်၁။ မြန်မာနိုင်ငံရှိ လူမျိုးအသီးသီးတွင် မိမိလူမျိုးများအတွက် ငြိမ်းချမ်း‌ရေး၊ တရားမျှတမှုနှင့် တန်းတူအခွင့်အရေး ရရှိရေးတို့သာမက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်ရေးတို့အတွက် ကိုယ်ကျိုးစွန့်အနစ်နာခံကာ သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် အာဇာနည်သူရဲကောင်းများ အများအပြားရှိကြပါသည်။၂။ ကရင်အမျိုးသားများ အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေးအတွက် အသက်ပေးလှူခဲ့ကြသော ဥက္ကဋ္ဌကြီး                စောဘဦးကြီးနှင့်တကွ ကရင့်အမျိုးသားခေါင်း‌ဆောင်များ၊ စစ်သည်တော်များနှင့် ကရင်ပြည်သူလူထုတရပ်လုံးကို အောက်မေ့ဂုဏ်ပြုရန် ဩဂုတ်လ (၁၂)နေ့ကို ကရင့်အမျိုးသားအာဇာနည်နေ့အဖြစ် ကျင်းပခဲ့ကြသည်မှာ (၇၁) နှစ် မြောက်ရှိခဲ့ပြီ ဖြစ်ပါသည်။ ကရင့်အမျိုးသားအာဇာနည်နေ့သည် ကရင်အမျိုးသားများအတွက် ဝမ်းနည်းကြေကွဲဖွယ်ရာ နေ့တစ်နေ့ဖြစ်သကဲ့သို့ မိမိတို့ယုံကြည်ချက်နှင့် ရည်မှန်းချက်ပန်းတိုင်ရောက်ရှိရေးအတွက် အသက်ခန္ဓာများကို ပေးဆပ်ခဲ့ကြသော မျိုးချစ် ခေါင်းဆောင်များ၊ စစ်သည်တော်များနှင့် ကရင်ပြည်သူလူထုများရှိနေခြင်းကြောင့် ဂုဏ်ယူဝမ်းမြောက်ရသည့် နေ့တစ်နေ့ဖြစ်မည်ဟုယုံကြည်ပါသည်။ ၃။ (၁၂-၈-၂၀၂၁) ရက်နေ့တွင်ကျရောက်သည့် (၇၁) နှစ်မြောက် ကရင့်အမျိုးသားအာဇာနည်နေ့တွင် အမျိုးသား ညီညွတ် ရေးအစိုးရအနေဖြင့်ကျဆုံးလေပြီးသော ကရင်အမျိုးသားခေါင်းဆောင်ကြီးများကို သတိရအောက်မေ့ ကြောင်းနှင့် ကိုယ်ပိုင်သမိုင်း၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများရှိနေသော ကရင်လူမျိုးများ၏ ရည်မှန်းချက်ပန်းတိုင် ဖြစ်သော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး၊ မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းလာရေး ရည်မှန်းချက်များ အောင်မြင်ပါစေကြောင်း လေးနက်စွာဆန္ဒပြုလျက် သဝဏ်လွှာပေးပို့အပ်ပါသည်။

ကချင်အာဇာနည်နေ့သို့ ပေးပို့သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ သဝဏ်လွှာ

ကချင်အာဇာနည်နေ့သို့ ပေးပို့သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ သဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရ၂၀၂၁ ခုနှစ် ဩဂုတ်လ (၁၀) ရက်နေ့တွင် ကျရောက်သည့် (၄၆) နှစ်မြောက် ကချင်အာဇာနည်နေ့သို့ ပေးပို့သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ သဝဏ်လွှာ၂၀၂၁ ခုနှစ် ဩဂုတ်လ (၁၀) ရက်၁။  မြန်မာနိုင်ငံရှိ လူမျိုးအသီးသီးတွင် မိမိလူမျိုးများအတွက် ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် တန်းတူ အခွင့်အရေးရရှိရေးတို့အတွက်သာမက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးတို့အတွက် ကိုယ်ကျိုးစွန့် အနစ်နာခံကာ သက်စွန့်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည့် အာဇာနည်သူရဲကောင်းများ အများအပြား ရှိကြပါသည်။ ၂။ ကချင်အမျိုးသားများ၏ အာဏာရှင်စနစ်ဆန့်ကျင်ရေးနှင့် ဖက်ဒရယ်စနစ်ထူထောင်ရေး ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန်အတွက် ကချင်လွတ်လပ်​းေအဖွဲ့ (KIO)၊ ကချင် လွတ်လပ်​ေရးတပ်မတော် (KIA) ကို စတင်တည်ထောင်ကာ ဦးဆောင်ခဲ့ကြသည့် ကချင် အမျိုးသား ခေါင်းဆောင်များဖြစ်ကြသော KIO/ KIA ဥက္ကဋ္ဌ စစ်ဦးစီးချုပ် ဗိုလ်ချုပ် GOC – Lahtaw Zau Seng ၊ ဒုတိယ စစ်ဦးစီးချုပ် VCS – Lahtaw Zau Tu နှင့် အထွေထွေအတွင်းရေးမှူး Salang Kaba Pungshwi Zau Seng တို့ ကျဆုံးခဲ့ကြသည့်နေ့ကို ဂုဏ်ပြု၍ ကချင်အာဇာနည်နေ့အဖြစ် ကျင်းပခဲ့ကြပါသည်။၃။ (၁၀-၈-၂၀၂၁) ရက်နေ့တွင် ကျရောက်သည့် (၄၆) နှစ် မြောက် ကချင်အာဇာနည်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကျဆုံးလေပြီးသော ကချင်အမျိုးသား ခေါင်းဆောင်ကြီးများကို သတိရ အောက်မေ့ကြောင်းနှင့် ခေါင်းဆောင်ကြီးများနှင့်အတူ မွေးဖွားလာသည့် ကချင်လူမျိုးများ၏ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရရှိရေး၊ မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ထွန်းလာရေး ရည်မှန်းချက်များ အောင်မြင်ပါစေကြောင်း လေးနက်စွာ ဆန္ဒပြုလျက် သဝဏ်လွှာ ပေးပို့အပ်ပါသည်။အမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

(၃၃) နှစ်မြောက် ၈၈၈၈ အရေးတော်ပုံနှစ်ပတ်လည်အခမ်းအနားများသို့ ပေးပို့သောသဝဏ်လွှာ

(၃၃) နှစ်မြောက် ၈၈၈၈ အရေးတော်ပုံနှစ်ပတ်လည်အခမ်းအနားများသို့ ပေးပို့သောသဝဏ်လွှာ

ယနေ့သည်အာဏာရှင်စနစ်ကိုအလိုမရှိသဖြင့် “ဒီမိုကရေစီရရှိရေးဒို့အရေး” ဟူသောကြွေးကြော်သံများဖြင့် ရဟန်း သံဃာများနှင့် ဘာသာရေးခေါင်းဆောင်များ၊ ကျောင်းသားလူငယ်များ၊ တတ်သိပညာရှင်များ၊ အလုပ်သမားများ၊ လယ်သမားများနှင့် နိုင်ငံ အဝန်းမှာရှိသော တိုင်းရင်းသားလူမျိုးစုများအားလုံး ပါဝင်ခဲ့သော ၈ လေးလုံး လူထုအရေးတော်ပုံကြီး၏ (၃၃) နှစ်မြောက်နှစ်ပတ်လည်နေ့ဖြစ်ပါသည်။ ၈ လေးလုံးလူထုအရေးတော်ပုံကြီးသည် အသက်ပေါင်းများစွာ စတေးခဲ့ရပြီး စစ်အာဏာရှင်များ၏ ပစ်ခတ်သတ်ဖြတ်ညှင်းပမ်း နှိပ်စက်ဖမ်းဆီးထောင်ချမှုများကို အံတုကာ ဒီမိုကရေစီရေးအတွက် လူထုတရပ်လုံး ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ခဲ့ကြသည့် မြန်မာ့ဒီမိုကရေစီသမိုင်း ဖြစ်စဉ်၏ ကြီးမြတ်သော သမိုင်းစာမျက်နှာ တစ်ခုလည်းဖြစ်ပေသည်။ ဤအရေးတော်ပုံကြီးသည် လူထုမျှော်မှန်းခဲ့သော အောင်မြင်မှုပန်းတိုင်အထိ ပြီးဆုံးအောင် မရောက်ခဲ့သော် လည်းမြန်မာနိုင်ငံအား ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ခြေကုတ်မြဲစေနိုင်ခဲ့သော အရေးတော်ပုံကြီး လည်းဖြစ်ပါသည်။ မြန်မာပြည်သူလူထုသည် တစ်ပါတီအာဏာရှင်စနစ်၊ စစ်အာဏာရှင်စနစ် စသည့်အာဏာရှင်စနစ်များကို ခေတ် အဆက်ဆက် တစိုက်မတ်မတ် ဆန့်ကျင်လာခဲ့ကြရာ ၁၉၆၂ ဆဲဗင်းဇူလိုင်တိုက်ပွဲ၊ ၁၉၇၄ ဦးသန့်အရေးအခင်း၊ ၁၉၇၅ အလုပ်သမား နှစ်ပတ်လည်အရေးအခင်း၊ ၁၉၇၆ မှိုင်းရာပြည့်  တိုက်ပွဲ၊ ၁၉၈၈ (၈၈၈၈)အရေးတော်ပုံ၊ ၁၉၉၆ ကျောင်းသားလှုပ်ရှားမှု၊၂၀၀၇ရွှေဝါရောင် တော်လှန်ရေးစသဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် တော်လှန်ရေးများ အဆင့်ဆင့်ဆင်နွှဲ၍အာဏာရှင်ကိုမည် သို့မှလက်မခံ နိုင်ကြောင်း ပြသခဲ့ကြပါသည်။ တိုင်းရင်းသားအားလုံးတန်းတူညီမျှမှုရရှိနိုင်ရေးနှင့် ဒီမိုကရေစီအခွင့်အရေးများရရှိနိုင်ရေးအတွက်အာဏာရှင်များကို နည်းလမ်းမျိုးစုံဖြင့်ဆန့်ကျင်တော်လှန် ခဲ့ကြသော မြန်မာပြည်သူလူထုသည် ၈လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး ပြီးနောက်၃၃နှစ်အကြာ ယခုအချိန်တွင်လည်း မြန်မာနိုင်ငံ၌အမြစ်တွယ် နေသော စစ်အာဏာရှင်စနစ်ကိုအမြစ်ဖြတ် ချေမှုန်းမည့်နွေဦးတော်လှန်ရေး ကိုဆင်နွှဲလျက် ရှိပါသည်။ မြန်မာနိုင်ငံတွင်၁၉၅၈မှစတင်ခဲ့သော စစ်အာဏာရှင်၊တစ်ပါတီအာဏာရှင်စသည့် အာဏာရှင်များသည် ခေတ်အဆက်ဆက် မြန်မာပြည်သူလူထုအား ဖိစီးနှိပ်စက်သည့်အပြင် တိုင်းပြည်ကိုလည်း ကမ္ဘာ့အလည်၌ ဆင်းရဲနုံချာ သော တိုင်းပြည်တစ်ခု ဖြစ်စေခဲ့ပါသည်။ ၂၀၁၅မှစတင်၍  အရပ်သားအစိုးရ ၏ ဦးဆောင်မှုဖြင့် တိုင်းပြည်ကိုစစ်မှန်သော ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ရောက်အောင် အားလုံးဝိုင်းဝန်း ကြိုးစားနေစဉ် ၂၀၂၁ ဖေဖေါ်ဝါရီလ ၌ စစ်အာဏာရူး တစ်စု၏အဆင်ခြင်မဲ့ရူးမိုက် အတ္တကြီးစွာ အာဏာသိမ်းမှုကြောင့် လက်ရှိအချိန်တွင် မြန်မာ ပြည်သူပြည်သားများ အားလုံးသည် ကြီးမားသော စိန်ခေါ်မှုများကို ရင်ဆိုင်နေရပါသည်။ ၆ လတာကာလအတွင်း စစ်အာဏာရှင်များ၏ ရက်စက်ကြမ်းကြုတ်မှုများသည်ဖော်ပြ၍ မရနိုင်လောက်အောင်ဆိုးဝါးလွန်းလှသည်ကိုလည်း ကမ္ဘာ့နိုင်ငံအသီးသီး ကပင် သိရှိပြီးဖြစ်ပါသည်။ယခုအချိန်တွင် မြန်မာပြည်သူလူထုသည် (၈)လေးလုံးလူထုအရေးတော်ပုံကြီးက ထုဆစ်ပေးလိုက်သော ဒီမိုကရေစီအပေါ်ယုံကြည်မှုနှင့် အာဏာရှင်စနစ်ကိုအလိုမရှိမှုတို့နှင့်အတူ ဆိုးရွားလွန်း သောရာဇဝတ်မှုများကို ဆယ်စုနှစ်ပေါင်းများစွာ အကြိမ်ကြိမ်ကျူးလွန်ခဲ့စစ်အာဏာရှင်စနစ် ကိုမြန်မာ့မြေပေါ်မှ အမြစ်ဖြတ်ချေမှုန်းမည်ဟူသော စိတ်ပိုင်းဖြတ်မှုဖြင့် သမိုင်းတလျောက် အကြီးကျယ် ဆုံးသော စစ်အာဏာရှင်ဆန့်ကျင်ရေးစစ်ပွဲကို ဆင်နွှဲနေကြသည်။၁၉၈၈ ခုနှစ်က မွေးဖွားပေးလိုက်သော ခိုင်မာသည့် စိတ်ဓါတ်များကိုအရင်းတည်၍ ယခု ၂၀၂၁ နွေဦးတော်လှန် ရေးကို နိုင်ကိုနိုင်မှဖြစ်မည်ဟူသော တူညီသည့်သဘောထားများဖြင့် အားကုန်ရုန်းကန် ချီတက်နေသော မြန်မာပြည်သူလူထု တစ်ဦးတစ်ယောက်ချင်းစီအားလည်းကောင်း၊ ပြည်ပနိုင်ငံရောက် ဒီမိုကရေစီကို ချစ်မြတ်နိုးသော မြန်မာပြည်သူများ အားလည်းကောင်း၊ ဒီမိုကရေစီကိုထောက်ခံ အားပေးကြသော နိုင်ငံအသီးသီးမှမိတ်ဆွေများအားလည်းကောင်း လေးစားဦးညွတ်ဂုဏ်ပြုလျက် အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့်လည်း ဤတော်လှန်ရေးတွင် ပြည်သူများနှင့် အတူ နေ့ညမပြတ်ကြိုးစားအားထုတ်ရင်း စစ်အာဏာရှင်များကို အမြစ်ပြတ်တိုက်ထုတ် သွားမည်ဟု ၈လေးလုံး အရေးတော်ပုံကြီးနှင့် အာဏာရှင်တော်လှန်ရေး အရေးတော်ပုံ အဆက်ဆက်တို့တွင် အသက်သွေးချွေး ရင်းနှီးပေးဆပ်ခဲ့ကြသော အာဇာနည်သူရဲကောင်းများ အားလုံးကိုတိုင်တည်လျက် ကတိသစ္စာပြုပါကြောင်း သဝဏ်လွှာ ပေးပို့အပ်ပါသည်။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအမျိုးသားညီညွတ်ရေးအစိုးရ၈ ဩဂုတ်လ ၂၀၂၁ ခုနှစ်

သတင်းထုတ်ပြန်ချက် (၁၁/၂၀၂၁)

သတင်းထုတ်ပြန်ချက် (၁၁/၂၀၂၁)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရwww.nugmyanmar.orgသတင်းထုတ်ပြန်ချက် (၁၁/၂၀၂၁)၆ ဩဂုတ် ၂၀၂၁ခုနှစ်၁။ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့သည် အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းခြင်း ရက် (၁၀၀) နေ့ဖြစ်သောကြောင့် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ကအမျိုးသားညီညွတ်ရေးအစိုးရ၏ ရက်(၁၀၀) အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအကြောင်း ပြည်သူသို အစီရင်ခံတင်ပြခဲ့ပြီး ဝန်ကြီးဌာနအသီးသီးကလည်း ရက်(၁၀၀) ပြည့်အစီရင်ခံစာများ ထုတ်ပြန်ခဲ့ကြသည်။ ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် တိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်းများပူးပေါင်းပြီး အမျိုးသားကျန်းမာရေးညီလာခံ (National Health Conference) ကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၂) ရက်နေ့မှ (၅) ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိပြီး ညီလာခံပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များမှာ(က) အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု အမျိုးသားကျန်းမာရေးမူဝါဒ (မူကြမ်း) တစ်ရပ် ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်ရန်၊(ခ) တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် နိုင်ငံတကာအလှူရှင်များ၊ ပြည်တွင်း၊ ပြည်ပ ကျန်းမာရေးအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန်၊(ဂ) လက်ရှိဖြစ်ပွားနေသော COVID-19 ကပ်ရောဂါဆိုးကြီးကို စနစ်တကျ ပူးပေါင်းဆောင်ရွက်ပြီး စီမံချက်ချမှတ် တုံ့ပြန်ဆောင်ရွက်ရန်၊(ဃ) Universal Health Coverage ကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန် တို့ဖြစ်သည်။၃။ အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာနက ကြေညာချက်အမှတ် (၃/၂၀၂၁)ကိုထုတ်ပြန်၍ စစ်ကောင်စီ၏ အိမ်စောင့်အစိုးရအဖွဲ့အား မတရားအသင်းအဖြစ်ကြေညာလိုက်သည်။၄။ မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော  ရေကြီးရေလျှံမှုများအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက  မွန်ပြည်နယ်တွင် မြေပြိုခြင်းကြောင့် နေအိမ်ထိခိုက်သွားသော မိသားစု ၉ စုအား တစ်စုလျှင် တစ်သိန်းနှုန်းဖြင့် ငွေကျပ် ကိုးသိန်း (၉၀၀,၀၀၀)ကို လည်းကောင်း၊  မြေပြိုခြင်းကြောင့် လူပိ ထိခိုက်ခဲ့သော မိသားစုအတွက် ငွေကျပ် တစ်သိန်း(၁၀၀,၀၀၀)ကို လည်းကောင်း၊ မွန်ပြည်နယ် ရှိ ရေဘေးသင့်ပြည်သူများအတွက် တစ်အိမ်ထောင်လျှင် ဆန် ၆ ပြည်အိတ် တစ်အိတ်နှုန်း ဖြင့် ဆန်အိတ် ၃၉၀ အိတ်အတွက် ကျသင့်ငွေ ကျပ် နှစ်ဆယ့်ခုနစ်သိန်း (၂,၇၀၀,၀၀၀)ကို လည်းကောင်း၊ ကရင်ပြည်နယ်ရှိ ရေဘေးသင့် ပြည်သူ ၂၈၀၀ အတွက် ဆန်ရိက္ခာဖိုး ငွေကျပ် နှစ်ဆယ့်ငါးသိန်း နှစ်သောင်း (၂,၅၂၀,၀၀၀)ကို လည်းကောင်း ပေးပို့ထောက်ပံ့ခဲ့သည်။ ဤ လူသားချင်းစာနာမှု အကူအညီများအတွက် ပူးပေါင်း ကူညီပေးကြသော ပြည်သူများကို အထူး ကျေးဇူး တင် ဂုဏ်ပြု အပ်ပါသည်။ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီး ဌာနသည် အခက်အခဲများကြားမှ ဘေးဖြစ်ပွားရာ နေရာများသို့ ကူညီထောက်ပံ့မှုများ ဆက်လက် ပြုလုပ် သွားမည်ဖြစ်ပါသည်။၅။ ကိုဗစ် ကပ်ရောဂါဆိုးကြီးကြောင့်ခံစားနေရသော စိတ်ဖိစီးမှုသောကများ ပြေပျောက်လျော့ပါးစေရန် အတွက် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ပညာရှင်များ ပူးပေါင်း၍ Mind Healers -စိတ်ခွန်အားပေးသူများ စာမျက်နှာ (https://www.facebook.com/MindHealersMM/) က စိတ်လူမှုအထောက်အကူပြု နှစ်သိမ့်ဆွေးနွေးခြင်း ဝန်ဆောင်မှုကို အခမဲ့ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

အပတ်စဉ်သတင်းထုတ်ပြန်ချက် (၁၀/၂၀၂၁)

အပတ်စဉ်သတင်းထုတ်ပြန်ချက် (၁၀/၂၀၂၁)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရwww.nugmyanmar.orgအပတ်စဉ်သတင်းထုတ်ပြန်ချက် (၁၀/၂၀၂၁)၃၀ ဇူလိုင် ၂၀၂၁ခုနှစ်၁ ။ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ကြေညာချက်အမှတ် (၂/၂၀၂၁) ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ကြေညာချက်တွင် အကျဉ်းထောင်များတွင် အကျဉ်းသားများ၏ အသက်ရှင်သန်ခွင့်အတွက် လူ့အခွင့်အရေးနှင့်အညီ ဆေးကုသခွင့်ရရှိရေး၊ အကြမ်းဖက် ဖိနှိပ်မှုများ ချက်ချင်းရပ်တန့်ရေး နှင့် ဖိနှိပ်မှုများအပေါ် သက်ဆိုင်သူများ တာဝန်ယူရမည်ဖြစ်ကြောင်း၊ အကျဉ်းထောင်များအတွင်း ကိုဗစ် ၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုများ မြင့်တက်လျက်ရှိပြီး အခြေအနေ ဆိုးရွားနေသည့်အပေါ် အကြမ်းဖက်စစ်ကောင်စီအနေဖြင့် ထိရောက်သည့် ကာကွယ်ထိန်းချုပ်မှုနှင့် ကုသမှုများ ဆောင်ရွက်ပေးနိုင်မှု မရှိသည့်အပြင် အကျဉ်းထောင်တွင်း အမျိုးမျိုး သော ဖိနှိပ်ချုပ်ချယ်မှုများကိုသာ ဆောင်ရွက်လျက်ရှိနေသောကြောင့် ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့ မနက်တွင် အင်းစိန် အကျဉ်းထောင်အတွင်း ဖမ်းဆီးထိန်း သိမ်းခံထားရသည့် အကျဉ်းသား/သူများ၊ အချုပ်သား/သူများက ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် ခဲ့ကြကြောင်း၊ အကျဉ်းသား/သူများ၊ အချုပ်သား/သူများကို လုံလောက်သည့် ကျန်းမာရေး စောင့်ရှောက်မှု စီမံ ဆောင်ရွက်ပေးမှု မရှိခြင်း၊ မိသားစုဝင်များနှင့် အဆက်အသွယ်ဖြတ်တောက်ထားခြင်း၊ အင်အားသုံး နှိမ်နင်းခြင်း၊ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းဖြစ်စဉ်အပေါ် သတင်းမီဒီယာ များနှင့် နိုင်ငံတကာ အဖွဲ့အစည်း များကို လေ့လာခွင့်မပြုဘဲ သတင်းထိမ်ချန် ကွယ်ဝှက်ထားခြင်း များသည် အလွန်ဆိုးဝါးသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်သည့်အပြင် ရာဇဝတ်မှုမြောက် သည့် လုပ်ရပ်များဖြစ်သဖြင့် အဆိုပါလုပ်ရပ်များနှင့် နောက်ဆက်တွဲဆိုးကျိုးများအတွက် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီနှင့် အကျဉ်းထောင်တာဝန် ရှိသူများတွင် အပြည့်အဝ တာဝန်ရှိပြီး၊ အပြည့်အဝ တာဝန်ယူရမည်ဖြစ်ကြောင်း၊ အကျဉ်းထောင်တာဝန်ရှိ သူများအနေဖြင့် အကျဉ်းသား/သူများ၊ အချုပ်သား/သူများ၏ အခြေခံလူ့အခွင့်အရေးများဖြစ်သော လုံလောက်သည့်ဆေးကုသခွင့် လူ့ဂုဏ်သိက္ခာနှင့်အညီ နေထိုင် နိုင်ခွင့်နှင့် လွတ်လပ်စွာ အသက်ရှင်သန်ခွင့်များကို အမြန်ဆုံးထိရောက်စွာ ကာကွယ်ပေးရန် လိုအပ်ကြောင်း၊ ယခုဖြစ်ရပ်များနှင့် ပတ်သက်၍ သတင်းအချက်အလက်များ၊ သက်သေအထောက်အထား များ ရရှိပါက အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝန်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၏ https://mohai.nugmyanmar.org (ဆက်သွယ်ရန် ကဏ္ဍ) သို့ ဆက်သွယ်ပေးပို့ကြပါရန်နှင့် ယခု ကဲ့သို့ အကျဉ်းသား/သူများ၊ အချုပ်သား/သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ရာဇဝတ်မှု ကျူးလွန်ခြင်း ဖြစ်စဉ်များ နှင့်စပ်လျဉ်း၍ ကျူးလွန်ခံရသူများ၏ ထိခိုက်နစ်နာမှုများကို ပြန်လည် ကုစားပေး နိုင်ရေးနှင့် ကျူးလွန်သူ များကို တရားဥပဒေနှင့်အညီ ထိရောက်စွာ အပြစ်ပေးအရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းတို့ပါဝင်သည်။ ၂။ ပြည်ထောင်စုသမ္မမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဦးမော်ထွန်းအောင်အား ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက အတည်ပြု ခန့်အပ်တာဝန်ပေးအပ်ခဲ့သည်။ ၃။ အမျိုးသားညီညွတ်ရေးအစိုးရတွင် တာဝန်ထမ်းဆောင်မည့် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတိုးအောင် နှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်တို့သည် ယနေ့ နံနက် (၁၀) နာရီအချိန်တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီရှေ့မှောက်တွင် ကျမ်းသစ္စာကျိန်ဆို ခဲ့ကြပါသည်။၄။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကျန်းမာရေးဝန်ကြီးဌာနနှင့် တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများ ပူးပေါင်း၍ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော COVID-19 ကူးစက်ကပ်ရောဂါအား ကာကွယ်၊ ထိန်းချုပ်၊ ကုသပေးနိုင်ရန် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့ (COVID-19 Task Force – CTF) ကို (၁၇-၇-၂၀၂၁) ရက်နေ့တွင် ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၏ သတင်းစာရှင်းလင်းပွဲ အမှတ် (၃/၂၀၂၁) ကို (၂၅-၇-၂၀၂၁) ရက်နေ့တွင် ကျင်းပခဲ့ပြီး COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို ပြည်ထောင်စုဝန်ကြီးများနှင့် CTF တို့မှ တာဝန်ရှိသူများက ရှင်းလင်းဖြေကြားခဲ့ပါသည်။ ကျန်းမာရေးဝန်ကြီးဌာနသည် တိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်း (EHO) အားလုံး၏ ကိုယ်စားလှယ်များနှင့် (၁) ပတ်လျှင် (၃) ကြိမ် ပုံမှန်ဆွေးနွေးညှိနှိုင်း၍လည်းကောင်း General Strike Committee နှင့် တစ်ပတ် (၁) ကြိမ် တွေ့ဆုံ၍လည်းကောင်း လက်တွဲဆောင်ရွက်နေပါသည်။ ပြည်နယ်တိုင်းကိုယ်စားလှယ်များနှင့် ပုံမှန်တွေ့ဆုံ၍ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။ ကျန်းမာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် EHO အဖွဲ့များသည် ကမ္ဘာ့ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် တွေ့ဆုံ၍ COVID-19 ရောဂါ ကာကွယ်ဆေးရရှိရေးကိစ္စများ အတွက် ညှိနှိုင်းဆွေးနွေးလျက်ရှိပါသည်။ ကာကွယ်ဆေးထိုးနှံပေးမည့် ကျန်းမာရေး ဝန်ထမ်းများစာရင်းနှင့် အထိုးနှံခံမည့် ပြည်သူများစာရင်းကိုလည်း ကောက်ယူလျက်ရှိပါသည်။ ကျန်းမာရေးဝန်ကြီး ဌာနသည် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနနှင့် ပူးပေါင်း၍ COVID-19 ရောဂါဖြင့် သေဆုံးသူများစာရင်း ကောက်ယူရေး ဆောင်ရွက်လျက်ရှိပါသည်။ ကျန်းမာရေးဝန်ကြီးဌာနသည် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လအတွင်း ပြည်သူများ၏ စုပေါင်းအလှူငွေကျပ် (၂၃၆၂.၂) သိန်း လက်ခံရရှိခဲ့ပြီး Oxygen concentrator များ၊ PPE, Mask အပါအဝင် ရောဂါကာကွယ်ရေးပစ္စည်းများ၊ ဆေးနှင့်ဆေးပစ္စည်းများ၊ COVID-19 Test Kit များ၊ COVID-19 သံသယဖြင့် သေဆုံးသူများကို ထုပ်ပိုးနိုင်သည့် Body Bag များ အစရှိသည်တို့ကို တိုင်းရင်းသား ဒေသများနှင့် လိုအပ်သည့် မြို့ရွာများသို့ ပေးပို့လှူဒါန်းလျက်ရှိပါသည်။ နိုင်ငံရေးအကျဉ်းသားများအတွက် လိုအပ်သည့် ဆေးဝါးများကိုလည်း ထောက်ပံ့ပေးလျက်ရှိပါသည်။ COVID-19 ရောဂါနှင့် မိခင်နို့ချိုတိုက်ကျွေး ခြင်းအကြောင်း သိကောင်း စရာများ၊ COVID-19 ကို ကြံ့ကြံ့ခံဖို့ အာဟာရပြည့်အောင် စားကြစို့ အပါအဝင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းလမ်းညွှန်များကို ထုတ်ပြန်ခဲ့ပါသည်။ (၁၆-၇-၂၀၂၁) ရက်နေ့မှ (၂၈-၇-၂၀၂၁) ရက်နေ့အထိ NUG ကျန်းမာရေး ဝန်ကြီးဌာန (MOH) ၏ တယ်လီကျန်းမာ (https://facebook.com/telehealthmm) အခမဲ့ COVID-19 Telegram Channel  ဆေးခန်းများတွင် ကုသမှု ခံယူသူ COVID-19 သံသယလူနာ (၃၀,၀၀၀) ကျော်ရှိ ခဲ့ပါသည်။ CDM ဝန်ထမ်းများနှင့် တော်လှန်ရေး အင်အားစုများအတွက် သီးသန့်  COVID-19 Telegram Channel ကိုလည်း (၂၄-၇-၂၀၂၁) ရက်နေ့က စတင် ဖွင့်လှစ်ခဲ့ပြီး နေ့စဉ် နံနက် (၈) နာရီကနေ ညနေ (၄) နာရီအထိ ဆွေးနွေးကုသမှုများ ပြုလုပ်ပေးနေပြီ ဖြစ်ပါသည်။ NUG MOH အခမဲ့ တယ်လီကျန်းမာဆေးခန်းများအပြင် CDM ကျန်းမာရေးဝန်ထမ်းများ လုပ်ဆောင် နေသည့် အခမဲ့ တယ်လီကျန်းမာအစီအစဉ်နှင့် ဝန်ဆောင်မှုပေါင်း (၄၆) ခုကျော်လည်း ရှိပါသည်။ ကျန်းမာရေး ဝန်ကြီးဌာနသည် တိုင်းပြည်နယ်အသီးသီးရှိ ပရဟိတအသင်းများ၊ မြေပြင်ကျန်းမာရေးစောင့်ရှောက်မှုပေးသည့် အဖွဲ့များနှင့်လည်း ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါသည်။ NUG ကျန်းမာရေးဝန်ကြီးဌာန၏ Facebook Page (https://facebook.com/MoHNUGMyanmar) မှ COVID-19 ကျန်းမာရေးပညာပေးအချက်အလက်များသည် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လအတွင်း ပြည်သူလူထု (၅) သန်းကျော်သို့ ပျံ့နှံ့ရောက်ရှိခဲ့ပါသည်။ ၂၀၂၁ ခုနှစ်၊ ဇူလိုင် (၄) ရက်နေ့ မှ (၂၈) ရက်နေ့ထိ NUG MOH ၏ COVID-19 Knowledge Centre (ကိုဗစ်-၁၉ ဗဟုသုတစင်တာ) Facebook Page (https://facebook.com/ckcmohnugmm) မှ COVID-19 ဗဟုသုတဆိုင်ရာ အကြောင်းအရာ များ ပြည်သူလူထု (၂) သန်းကျော်ထံ ပျံ့နှံ့ရောက်ရှိခဲ့ပါသည်။ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပညာပေးအစီအစဉ် များကို ကျန်းမာရေးဝန်ကြီးဌာန၏ Website (https://moh.nugmyanmar.org) နှင့် လူမှုကွန်ရက်များမှတစ်ဆင့် နေ့စဉ်ဖြန့်ဝေ ပေးလျက်ရှိပါသည်။ အထူးသဖြင့် “ပြည်သူမှ ပြည်သူသို့” အစီအစဉ်ဖြင့် အင်တာဗျူးအစီအစဉ်များ ထုတ်လွှင့်ခြင်း၊ “COVID-19 ဆိုင်ရာ လွဲမှားသော အယူအဆများ” အင်တာဗျူး အစီအစဉ်များ ထုတ်လွှင့်ခြင်း၊ “COVID-19 အကြောင်း သိကောင်းစရာ များ” အစီအစဉ်များ ထုတ်လွှင့်ခြင်း၊ COVID-19  Webinar Series များကို အပတ်စဉ် ဆောင်ရွက်လျက်ရှိရာ Webinar အကြိမ်ရေ (၁၀) ကြိမ်အထိ ရှိခဲ့ပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ “လွတ်လပ်စွာ အသက်ရှုခွင့် - Right to Breathe" Campaign နှင့် "ပြည်သူ့အသက်ကယ် ကျန်းမာရေးဝန်ထမ်းများကို ဖမ်းဆီးနှိပ်စက်ခြင်း ရပ်တန့်ရေး" Campaign ကိုလည်း အရှိန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။ ယခု COVID-19 တတိယလှိုင်းတွင် COVID-19 ရောဂါ ကူးစက်ဖြစ်ပွားသေဆုံးမှု အရေအတွက်သည် အကြမ်းဖက်စစ်ကောင်စီက ထုတ်ပြန်ထားသည့် အရေ အတွက်ထက် (၃) ဆ သို့မဟုတ် (၄) ဆ ခန့် ပိုမိုများပြားနိုင်ကြောင်း လေ့လာစိစစ် တွေ့ရှိရပါသည်။

အပတ်စဉ်သတင်းထုတ်ပြန်ချက် (၉/၂၀၂၁)

အပတ်စဉ်သတင်းထုတ်ပြန်ချက် (၉/၂၀၂၁)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်      အမျိုးသားညီညွတ်ရေးအစိုးရ        www.nugmyanmar.orgအပတ်စဉ်သတင်းထုတ်ပြန်ချက် (၉/၂၀၂၁)၂၃ ဇူလိုင် ၂၀၂၁ခုနှစ်၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ထုတ်ပြန် ကြေညာချက်အမှတ် (၁၀/၂၀၂၁) ဖြင့် ဝန်ထမ်း (၂၁) ဦး၊ ကြေညာချက်အမှတ် (၁၁/၂၀၂၁) ဖြင့်ဝန်ထမ်း(၈) ဦး၊ (၁၂/၂၀၂၁) နှင့် ဝန်ထမ်း (၂၅) ဦးတိုကို ဆက်လက်၍ အမည်ပျက်စာရင်းကြေညာခဲ့သည်။ ၂။ အမျိုးသားညီညွတ်ရေးအစိုးရ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ် (၇/၂၀၂၁) ဖြင့် ဌာနခွဲအသီးသီးရှိ CDM ဝန်ထမ်းများကို ဖိနှိပ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ရာထူးမှထုတ်ပယ်ခြင်း၊ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း၊ ဝန်ထမ်းအိမ်ရာများ ပြန်သိမ်းခြင်း/ နှင်ထုတ်ခြင်း၊ ပြည်သူ့အစိုးရက ပြန်ဆပ်ရန်မလိုဟု ထုတ်ပြန်ထားသည့် ၂လစာချေးငွေများ ပြန်လည် တောင်းခံခြင်း တို့ကိုကျူးလွန်နေသည့် တရားမဝင်အာဏာ သိမ်းစစ်ကောင်စီ လက်အောက်ခံ အောက်ပါ ဝန်ထမ်းအကြီးအကဲ(၁၅) ဦးကို အမည်ပျက်စာရင်းဝင်သူများအဖြစ် သတ်မှတ် ကြေညာလိုက်ပြီး အလုပ်မှ ထုတ်ပစ်လိုက်သည်။ ၃။ ပုဂ္ဂလိကဆေးရုံများ၊ ပရဟိတဆေးရုံ၊ ဆေးခန်းများနှင့် သက်ဆိုင်သော Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်ပတ်သက်သော အမိန့်ကြော်ငြာစာ တစ်ရပ်ကို အမျိုးသားအဆင့် COVID-19 ကာကွယ်၊ထိန်းချုပ်၊ ကုသရေးကော်မရှင်က ၂၀၂၁ ဇူလိုင်လ ၁၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး အဆိုပါ ကြော်ငြာစာတွင် မြန်မာနိုင်ငံတွင် Covid-19 တတိယလှိုင်း ကူးစက်ပြန့်ပွားမှုသည် ကြောက်ခမန်းလိလိ ပျံ့နှံ့လျှက်ရှိကြောင်း၊ လက်ရှိ ပြည်သူ့ဆေးရုံများသည် ဆေးရုံတွင် ကုသမှု ခံယူရန်လိုအပ်သော လူနာများအားလုံးကို ကုသပေး ရန် အတွက် လုံလောက်သော အရင်းအမြစ် အင်အားမရှိကြောင်း၊ သို့ဖြစ်ပါ၍ အများပြည်သူများ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုကို အတတ်နိုင်ဆုံးရရှိစေရန်အတွက် ပုဂ္ဂလိက ဆေးရုံများ၊ ပရဟိတ ဆေးရုံ များတွင် ဆေးရုံတက်ရောက် ကုသမှုခံယူရန် လိုအပ်သော ပြည်သူလူထုအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ထုတ်ပြန်ထားသော စံချိန်စံညွှန်းများနှင့်အညီ ကုသပြုစု စောင့်ရှောက်မှုပေးရန် တိုက်တွန်းကြောင်းတို့ပါဝင်သည်။ ၄။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ဆောင်မှုများအား ပြည်သူသို့ အစီရင်ခံတင်ပြစာ ၁ကို ၂၀၂၁ ဇူလိုင်လ ၁၇ ရက်နေ့တွင်ထုတ်ပြန်ခဲ့ပြီး အဆိုပါ ထုတ်ပြန်ချက်တွင် ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားဒေသအဖွဲ့အစည်းတို့ ပူးပေါင်းဆောင်ရွက်နေမှုများအကြောင်း၊ ပြည်သူလူထုအားကာကွယ်ဆေးထိုး နှံနိုင်ရေး နိုင်ငံတကာအဖွဲ့အစည်းများသို့ အကြံပြုထားသော နည်းလမ်း(၃) သွယ်အကြောင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနက လုပ်ကိုင်ဆောင်ရွက်နေသော ပညာပေးအစီအစဉ်များအကြောင်းတို့ပါဝင်ပါသည်။ ၅။ အမျိုးသားညီညွတ်ရေးအစိုးရ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနများ၏ တရားဝင် အင်တာနက် စာမျက်နှာများကို ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့တွင်  ထုတ်လွှင့်ခဲ့သည်။ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနhttps://mocit.nugmyanmar.org/လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊https://moee.nugmyanmar.org/၆။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ  အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချူပ်ရုံး ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့စွဲဖြင့် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချူပ်နှင့် နိုင်ငံတကာအသိုင်းအဝိုင်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊  အမျိုးသားအစိုးရများ၊ စေတနာ သဒ္ဓါတရားထက်သန်သော လူပုဂ္ဂိုလ်များထံသို့ အိတ်ဖွင့်ပေးစာတစ်စောင်၂ ပေးပို့ခဲ့သည်။ အဆိုပါ အိတ်ဖွင့်ပေးစာတွင် လက်ရှိမြန်မာနိုင်ငံတွင် လူပေါင်း ၉၄၅၀၀၀ ကျော်မှာ အကူအညီလိုအပ်နေပြီး၊ ၃၃၆၀၀၀ ကျော်မှာ စစ်ဘေးဒဏ်ကို ပြေးရှောင် နေရသလို၊ အနည်းဆုံး လူပေါင်း ၆.၂ သန်းမှာ အစားအစာပြတ်လပ်မှုကြုံနေရပါသည်။ တရားမဝင် စစ်ကောင်စီ၏ ညံ့ဖျင်းလှသော စီမံခန့်ခွဲမှုကြောင့် ကိုဗစ် ၁၉ တတိယလှိုင်း၏ ပြင်းထန်သော ရိုက်ခတ်မှုသည် မထိန်းသိမ်းနိုင်တော့သည့် အခြေအနေသို့ရောက်ရှိနေပြီး သေဆုံးမှုများမှာ တိုးပွားလျက် ရှိကြောင်း၊ ဆေးရုံများတွင် လူနာများအတွက် အိပ်ယာများမလုံလောက်ခြင်းနှင့် ကိုဗစ်ရောဂါ ကူးစက်သူများကို ကုသရန် ငြင်းဆန်မှုများဖြစ်ပေါ်လျက်ရှိပါသည်။ အောက်စီဂျင်ပြတ်လပ်မှုမှာ တစ်ဖြည်း ဖြည်း ပိုမိုဆိုးရွားလာပြီး စစ်ကောင်စီမှ အောက်ဆီဂျင်ထုတ်လုပ်မှုများနှင့် အောက်ဆီဂျင် ထုတ်လုပ်သည့် စက်ပစ္စည်းများကို လူမဆန်စွာ ပိတ်ပင်တားဆီးပြီး သိမ်းပိုက်ထားကြေင်း၊ စစ်ကောင်စီသည် ကျန်းမာရေးစနစ်နှင့် ကျန်းမာရေးလုပ်သားများအပေါ် ပစ်မှတ်ထား နှိမ်နှင်းနေပြီး ကိုဗစ် ၁၉ ကပ်ရောဂါအား စစ်လက်နက်တစ်ခုအဖြစ် ရည်ရွယ်ချက်ရှိရှိ အသုံးချနေကြောင်း တစ်ဖြည်းဖြည်း ပေါ်လွင်လာနေပါသည်။ ယခုအခါ မြန်မာပြည်တွင် ကျန်းမာရေး ဝန်ဆောင်စောင့်ရှောက်နေသည့် ကျန်းမာရေးဝန်ထမ်းများကို ပစ်မှတ်ထားတိုက်ခိုက်မှု ၂၅၀ ကျော်ရှိပြီဖြစ်ပြီး တိုက်ခိုက်ခံရမှုအများဆုံး တိုင်းပြည်ဖြစ်သလို၊ ကျန်းမာရေးဆိုင်ရာ ပညာရှင်များအတွက် အန္တရယ်အရှိဆုံး တိုင်းပြည်တစ်ခုဖြစ်လာနေကြောင်း၊ နိုင်ငံတကာမှ ချက်ခြင်းကူညီဆောင်ရွက်ခြင်းမရှိလျှင် မြန်မာနိုင်ငံသည် မျိုးကွဲရောဂါသစ် အပါအဝင် ကိုဗစ် ၁၉ ပြန့်ပွားစေသည့် အဓိက နိုင်ငံတစ်ခုဖြစ်လာနိုင်ပါသည်။ မြန်မာ့ပြဿနာသည် ဒေသတွင်းနှင့် တစ်ကမ္ဘာလုံး၏ ကျန်းမာရေးဆိုင်ရာကပ်ရောဂါကို ပြန်လည်ဖြစ်ပွားလာစေမည့် နိုင်ငံငယ်တစ်ခုအဖြစ် ရှိနေသည့်အတွက် နိုင်ငံ တစ်နိုင်ငံ၏ ပြည်တွင်းအရေးတစ်ခုတည်း မဟုတ်တော့ပါဟု ပြောလိုပါသည်။ ထို့ကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းမှ ကောင်းမွန်စနစ်ကျသော ဝင်ရောက်စွက်ဖက်မှုကို အမြန်ဆုံးဆောင်ရွက်ပေးပါရန် တောင်းဆိုကြောင်းတို့ပါဝင်သည်။ ၇။ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် (၇၄) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားများသို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က သဝဏ်လွှာတစ်စောင်ပေးပို့ခဲ့သည်။ အဆိုပါ သဝဏ်လွှာတွင် အာဇာနည် ခေါင်းဆောင်ကြီး များသည် တောင်တန်း နှင့် မြေပြန့်မကွဲခြားဘဲ တန်းတူညီမျှရှိမှု၊ လွတ်လပ်မှု၊ တရားမျှတမှုစသည့် ဖက်ဒရယ်ဒီမိုကရေစီစံနှုန်းများဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံတော်သစ်တစ်ရပ် ကြိုးပမ်းထူထောင်နေစဉ် လမ်းခုလတ်၌ ကျဆုံးခဲ့ကြရ ကြောင်း၊ နိုင်ငံတော်လုပ်ကြံမှုကြီး ကြောင့် လွတ်လပ်စမြန်မာနိုင်ငံ၏ ကံကြမ္မာမှာ တဆစ်ချိုးပြောင်းလဲသွားခဲ့ရသလို အကြမ်းဖက်လုပ်ကြံမှုကို ဦးဆောင်ခဲ့သော ဂဠုန်ဦးစောမှာလည်း ကြိုးစင်ထက်တွင် ဘဝဆုံးခဲ့ရပြီး လူသိများသော နိုင်ငံရေးသမား တစ်ဦးအဖြစ်မှ ပြည်သူလူထုတစ်ရပ်လုံး ရွံရှာစက်ဆုပ်သည့် လူယုတ်မာတစ်ဦးအဖြစ် သမိုင်းတွင် မှတ်တမ်းဝင် ကျန်ရစ်ခဲ့ကြောင်း၊ ယနေ့ နွေဦးတော်လှန်ရေးတွင် ရှေးကအာဇာနည်ကြီးများ၏စိတ်ဓာတ်အတိုင်း အများအတွက် အသက်စွန့်ခဲ့ကြတဲ့ သူရဲကောင်းတွေပေါ်ပေါက်လာခဲ့ရပြန်သည့်အပြင် ကိုဗစ်ကပ်ရောဂါ ကာကွယ်စောင့်ရှောက်ရေးအတွက် အသက်စွန့်ကြိုးပမ်းခဲ့ကြတဲ့ သူရဲကောင်းတွေ ကိုလည်း မြင်တွေ့နေရလျက် ရှိကြောင်း၊ ဤကဲ့သို့ အများအကျိုးအတွက် စွန့်လွှတ် အနစ်နာခဲ့ပြီး ဆောင်ရွက်တတ်သော အာဇာနည်စိတ်ဓါတ်သည် မိမိတို့ ဦးတည်ချီတက်နေတဲ့ စစ်အာဏာရှင်စနစ်ပျက်သုဉ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး အတွက် အင်အားများပင် ဖြစ်ကြောင်း၊ ယနေ့ ၇၄ နှစ်မြောက် အာဇာနည်နေ့တွင် အာဇာနည် အမျိုးသား ခေါင်းဆောင်ကြီးများနှင့် တကွ ခေတ်အဆက်ဆက် မတရားမှုကို ဆန့်ကျင်တော်လှန်ခဲ့ကြသော၊ အများအကျိုးအတွက် စွန့်လွတ် အနစ်အနာခံခဲ့ကြသော အာဇာနည်တိုင်းရင်းသားပြည်သူလူထုအပေါင်းတို့ကို အမျိုးသားညီညွတ်ရေး အစိုးရကိုယ်စား အလေးပြုဦးညွတ်လိုက်ကြောင်းတို့ပါဝင်သည်။ ၈။ အမျိုးသားညီညွတ်ရေးအစိုးရ “အမျိုးသားအဆင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မရှင်မှ ပြည်သူသို့ ပန်ကြားလွှာ” ၃ တစ်စောင်ကို ၂၀၂၁ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး အဆိုပါ ပန်ကြားလွှာတွင် အကြမ်းဖက်စစ်ကောင်စီ အာဏာမသိမ်းခင်က ပြည်သူနှင့် ပြည်သူအစိုးရ တသားတည်း ရောဂါန္တရကပ်ဖြစ်သည့် COVID-19 ပထမလှိုင်းနှင့် ဒုတိယလှိုင်း ကို ညီညီညွတ်ညွတ် ဝိုင်းဝန်း၍ တွန်းလှန် တိုက်ဖျက်ခဲ့ကြသည်။ ကမ္ဘာ့အဆင့်အတန်းမှီ၊ အဆင့်မြင့်နိုင်ငံ များတွင်တောင် ကောင်းမွန်စွာ ကုသ၊ ကာကွယ်၊ ထိန်းချုပ်မှု မပေးနိုင်ခဲ့သည့်အချိန်တွင် ပြည်သူ့အစိုးရ၏ စနစ်တကျ စီမံခန့်ခွဲမှုကြောင့် မြန်မာပြည်သူပြည်သားအားလုံး စနစ်တကျ တည်ငြိမ်အေးချမ်းစွာဖြင့် ဖြေရှင်းကျော်လွှားနိုင်ခဲ့ကြောင်း၊ မတရားအာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ၏ ပြည်သူအပေါ်တွင် စာနာထောက်ထား မှုကင်းမဲ့စွာ စေတနာလုံးဝမရှိဘဲ မိမိတို့အာဏာတည်မြဲရေးတစ်ခုကိုသာ ရှေးရှု၍ လုပ်ဆောင်နေပြီး COVID-19 တတိယလှိုင်းကို စနစ်တကျ စီမံခန့်ခွဲ ထိန်းချုပ်နိုင်ခြင်းမရှိကြောင်း၊ အကြမ်းဖက် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲ CDM ဆက်လက် လုပ်ဆောင်လျက်ရှိသော ပြည်သူများကို တတ်အားသရွေ့ ပံ့ပိုးကူညီနေသည့် ကျန်းမာရေးဝန်ထမ်းများ၊ အရပ်ဖက် ပြည်သူ့အဖွဲ့အစည်းအများ၊ ပရဟိတအသင်းအဖွဲ့များ၊ ပုဂ္ဂလိကဆေးရုံများကို အမျိုးမျိုးသော ဖိနှိပ်ချုပ်ချယ်မှုများပြုလုပ်၍ အများ ပြည်သူ လိုအပ်သော ရောဂါ၊ ကာကွယ်၊ ထိန်းချုပ် ကုသမှုများ မပေးနိုင်ရန် နည်းမျိုးစုံဖြင့် နှောင့်ယှက် ဖျက်ဆီးလျှက်ရှိကြောင်းနှင့် ပြည်သူသို့ အကြံပြုချက်များပါဝင်သည်။ ၉။ အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသားအဆင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မရှင်က COVID-19 တတိယလှိုင်းတွင် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနေကြသော ပြည်သူ့ကျန်းမာရေး သူရဲကောင်းများအား အကြမ်းဖက်စစ်ကောင်စီမှ မတရား ဖိနှိပ်၊ ဖမ်းဆီး၊ ချုပ်နှောင်ခြင်း၊ ပြည်သူများ လိုအပ်နေသည့် ဆေးဝါးများကို ဖျက်ဆီးသိမ်းယူခြင်းများကို ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချသော ကြေညာချက်တစ်စောင်၄ကို ထုတ်ပြန်ခဲ့သည်။ အသေးစိတ်သိရှိလိုပါက လေ့လာရန်လင့်ခ်များ၁။ https://www.facebook.com/NUGmyanmar/posts/150790923808214၂။ https://www.facebook.com/NUGmyanmar/posts/151229683764338၃။ https://www.facebook.com/NUGmyanmar/posts/152013200352653၄။ https://www.facebook.com/NUGmyanmar/posts/152531923634114

အမျိုးသားအဆင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မရှင်မှ ပြည်သူသို့ ပန်ကြားလွှာ

အမျိုးသားအဆင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မရှင်မှ ပြည်သူသို့ ပန်ကြားလွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရwww.nugmyanmar.org“အမျိုးသားအဆင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မရှင်မှ ပြည်သူသို့ ပန်ကြားလွှာ”၁၉ ဇူလိုင် ၂၀၂၁ယခုအချိန်တွင် မြန်မာပြည်သူပြည်သားအားလုံး COVID-19 တတိယလှိုင်း၏ ဖိစီးနှိပ်စက်မှုဒဏ်ကို အလူး အလဲ ခံစားနေရသည့်အတွက် ပြည်သူများနှင့်အတူ ပြည်သူအစိုးရသည် ထပ်တူထပ်မျှ စိတ်မကောင်း ကြီးစွာ ခံစားရပါသည်။ မတရား အာဏာသိမ်းထားသော အကြမ်းဖက်စစ်ကောင်စီ အာဏာမသိမ်းခင်က ပြည်သူနှင့် ပြည်သူအစိုးရ တသားတည်း ရောဂါန္တရကပ်ဖြစ်သည့် COVID-19 ပထမလှိုင်းနှင့် ဒုတိယလှိုင်း ကို ညီညီညွတ်ညွတ် ဝိုင်းဝန်း၍ တွန်းလှန် တိုက်ဖျက်ခဲ့ကြသည်။ ကမ္ဘာ့အဆင့်အတန်းမှီ၊ အဆင့်မြင့်နိုင်ငံ များတွင်တောင် ကောင်းမွန်စွာ ကုသ၊ ကာကွယ်၊ ထိန်းချုပ်မှု မပေးနိုင်ခဲ့သည့်အချိန်တွင် ပြည်သူ့အစိုးရ၏ စနစ်တကျ စီမံခန့်ခွဲမှုကြောင့် မြန်မာပြည်သူပြည်သားအားလုံး စနစ်တကျ တည်ငြိမ်အေးချမ်းစွာဖြင့် ဖြေရှင်းကျော်လွှားနိုင်ခဲ့သည်။ယခုအချိန်တွင် မတရားအာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ၏ ပြည်သူအပေါ်တွင် စာနာထောက်ထား မှုကင်းမဲ့စွာ စေတနာလုံးဝမရှိဘဲ မိမိတို့အာဏာတည်မြဲရေးတစ်ခုကိုသာ ရှေးရှု၍ လုပ်ဆောင်နေပြီး COVID-19 တတိယလှိုင်းကို စနစ်တကျ စီမံခန့်ခွဲ ထိန်းချုပ်နိုင်ခြင်းမရှိပါ။ ထို့အပြင် အကြမ်းဖက် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲ CDM ဆက်လက် လုပ်ဆောင်လျက်ရှိသော ပြည်သူများကို တတ်အားသရွေ့ ပံ့ပိုးကူညီနေသည့်  ကျန်းမာရေးဝန်ထမ်းများ၊ အရပ်ဖက် ပြည်သူ့အဖွဲ့အစည်းအများ၊ ပရဟိတအသင်းအဖွဲ့များ၊ ပုဂ္ဂလိကဆေးရုံများကို အမျိုးမျိုးသော ဖိနှိပ်ချုပ်ချယ်မှုများပြုလုပ်၍ အများ ပြည်သူ လိုအပ်သော ရောဂါ၊ ကာကွယ်၊ ထိန်းချုပ် ကုသမှုများ မပေးနိုင်ရန် နည်းမျိုးစုံဖြင့် နှောင့်ယှက် ဖျက်ဆီးလျှက်ရှိနေပါသည်။ ထိုမတရားမှုလုပ်ရပ်များကြောင့် ပြည်သူလူထုတစ်ရပ်လုံးသည် နေ့စဉ်နှင့် အမျှ စိတ်မချမ်းမြေ့ ဖြစ်နေရပါသည်။အမျိုးသားညီညွတ်ရေး ပြည်သူ့အစိုးရအနေဖြင့် ပြည်သူများအား အကြံပြုလိုသည်မှာ • COVID-19 ပထမလှိုင်းနှင့် ဒုတိယလှိုင်းတွင် ပြည်သူ့အစိုးရ၏ စနစ်တကျ စီမံ၊ ခန့်ခွဲမှုအောက်၌ ကာကွယ်မှု၊ ထိန်းချုပ်မှု၊ ကုသမှုများကို ခံယူခဲ့၍ မည်သို့မည်ပုံ အဆင့်အလိုက် လုပ်ဆောင်ရမည် ကို သိရှိ နားလည်ပြီးသားဖြစ်သည်ဟု မှတ်ယူပါသည်။ • ယခုအခါတွင် ပြည်သူလူထုအားလုံး တတ်နိုင်သမျှ မိမိ၏ ပူပန်၊ စိုးရိမ်၊ ကြောင့်ကြမှုများကို တည်ငြိမ်အောင် ထိန်းချုပ်၍ မိမိတို့ ယခင် အောင်အောင်မြင်မြင် ကျော်လွှားခဲ့သော COVID-19 ပထမလှိုင်းနှင့် ဒုတိယလှိုင်းတွင် ဖော်ဆောင်ခဲ့သည့် တစ်ဦးချင်းအလိုက်၊ မိသားစုအလိုက်၊ ရပ်ကွက်အလိုက်၊ မြို့နယ်အလိုက်၊ ဒေသအလိုက် လုပ်ဆောင်ခဲ့ကြသည့် ကာကွယ်မှုများ၊ ပံ့ပိုး ကူညီ လုပ်ဆောင်မှုများ၊ စုပေါင်းညီညွတ်စွာ ဆောင်ရွက်ချက်များ အားလုံးကို ပြန်လည်သုံးသပ် ဆင်ခြင်၍လုပ်ဆောင်စေလိုပါသည်။ • ကာကွယ်ရာတွင် အဓိက အရေးအကြီးဆုံးမှာ နှာခေါင်းစည်း၊ ပါးစပ်စည်း ဝတ်ဆင်ခြင်း၊ လက်ကို ဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာအောင် မကြာခဏဆေးခြင်း၊ တစ်ဦးနှင့်တစ်ဦး အနည်းဆုံး ၆ ပေ အကွာ၊ ခပ်ခွာခွာနေခြင်း စသည့် မိမိကိုယ်ကို ကာကွယ်မှုများကို ပြုလုပ်ခြင်း၊ မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိသားစုသော်လည်းကောင်း မလိုအပ်ဘဲ လူစုလူဝေးများ ပြုလုပ်ခြင်း၊ အိမ်အပြင် ထွက်ခြင်းများကို အတတ်နိုင်ဆုံး ရှောင်ကျဉ်ကြစေလိုပါသည်။• ထိုသို့ “Stay Home” အိမ်အပြင်သို့မထွက်ခြင်း ကို လုပ်ဆောင်ရာတွင် မိမိတို့ စားဝတ်နေရေး အတွက် အဓိကကျသောကိစ္စများ သို့မဟုတ် အရေးပေါ် မဖြစ်မနေလိုအပ်သော ကိစ္စရပ်များ ဆောင်ရွက်ရန်အတွက်သာ အိမ်အပြင်သို့ ထွက်ပါ။ • ထိုသို့ ကာကွယ်ထိန်းချုပ်မှုများ ပြုလုပ်နိုင်ပါက ယခုတွေ့ကြုံနေရသည့် စိုးရိမ်ဖွယ် ဖြစ်ပွား သေဆုံးမှု လူနာအရေအတွက်လည်း ကျဆင်းသွားမည် ဖြစ်ပါသည်။ ဤနည်းဖြင့် COVID-19 တတိယလှိုင်းကို ပြည်သူလူထု အနေဖြင့် အောင်မြင်စွာ ထိန်းချုပ်နိုင်မည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဤ COVID-19 ရောဂါကပ်ဆိုးကြီးကို အားလုံးအတူတူလက်တွဲ၍ “ပြည်သူမှ ပြည်သူသို့” အချင်းချင်း ကူညီ၊ ရိုင်းပင်း၊ စောင့်ရှောက်ခြင်းဖြင့် COVID-19  ရောဂါကပ်ဆိုး ကြီးကို အောင်မြင်စွာ ကျော်လွှားနိုင်အောင် အတူတကွ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် ပြည်သူထူထုတစ်ရပ်လုံးအား အနူးအညွတ် မေတ္တာရပ်ခံအပ်ပါသည်။