အပတ်စဉ်သတင်းထုတ်ပြန်ချက် (၉/၂၀၂၁)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

      အမျိုးသားညီညွတ်ရေးအစိုးရ

        www.nugmyanmar.org

အပတ်စဉ်သတင်းထုတ်ပြန်ချက် (၉/၂၀၂၁)

၂၃ ဇူလိုင် ၂၀၂၁ခုနှစ်

၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ထုတ်ပြန် ကြေညာချက်အမှတ် (၁၀/၂၀၂၁) ဖြင့် ဝန်ထမ်း (၂၁) ဦး၊ ကြေညာချက်အမှတ် (၁၁/၂၀၂၁) ဖြင့်ဝန်ထမ်း(၈) ဦး၊ (၁၂/၂၀၂၁) နှင့် ဝန်ထမ်း (၂၅) ဦးတိုကို ဆက်လက်၍ အမည်ပျက်စာရင်းကြေညာခဲ့သည်။ 

၂။ အမျိုးသားညီညွတ်ရေးအစိုးရ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ် (၇/၂၀၂၁) ဖြင့် ဌာနခွဲအသီးသီးရှိ CDM ဝန်ထမ်းများကို ဖိနှိပ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ရာထူးမှထုတ်ပယ်ခြင်း၊ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း၊ ဝန်ထမ်းအိမ်ရာများ ပြန်သိမ်းခြင်း/ နှင်ထုတ်ခြင်း၊ ပြည်သူ့အစိုးရက ပြန်ဆပ်ရန်မလိုဟု ထုတ်ပြန်ထားသည့် ၂လစာချေးငွေများ ပြန်လည် တောင်းခံခြင်း တို့ကိုကျူးလွန်နေသည့် တရားမဝင်အာဏာ သိမ်းစစ်ကောင်စီ လက်အောက်ခံ အောက်ပါ ဝန်ထမ်းအကြီးအကဲ(၁၅) ဦးကို အမည်ပျက်စာရင်းဝင်သူများအဖြစ် သတ်မှတ် ကြေညာလိုက်ပြီး အလုပ်မှ ထုတ်ပစ်လိုက်သည်။ 

၃။ ပုဂ္ဂလိကဆေးရုံများ၊ ပရဟိတဆေးရုံ၊ ဆေးခန်းများနှင့် သက်ဆိုင်သော Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်ပတ်သက်သော အမိန့်ကြော်ငြာစာ တစ်ရပ်ကို အမျိုးသားအဆင့် COVID-19 ကာကွယ်၊ထိန်းချုပ်၊ ကုသရေးကော်မရှင်က ၂၀၂၁ ဇူလိုင်လ ၁၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး အဆိုပါ ကြော်ငြာစာတွင် မြန်မာနိုင်ငံတွင် Covid-19 တတိယလှိုင်း ကူးစက်ပြန့်ပွားမှုသည် ကြောက်ခမန်းလိလိ ပျံ့နှံ့လျှက်ရှိကြောင်း၊ လက်ရှိ ပြည်သူ့ဆေးရုံများသည် ဆေးရုံတွင် ကုသမှု ခံယူရန်လိုအပ်သော လူနာများအားလုံးကို ကုသပေး ရန် အတွက် လုံလောက်သော အရင်းအမြစ် အင်အားမရှိကြောင်း၊ သို့ဖြစ်ပါ၍ အများပြည်သူများ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုကို အတတ်နိုင်ဆုံးရရှိစေရန်အတွက် ပုဂ္ဂလိက ဆေးရုံများ၊ ပရဟိတ ဆေးရုံ များတွင် ဆေးရုံတက်ရောက် ကုသမှုခံယူရန် လိုအပ်သော ပြည်သူလူထုအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ထုတ်ပြန်ထားသော စံချိန်စံညွှန်းများနှင့်အညီ ကုသပြုစု စောင့်ရှောက်မှုပေးရန် တိုက်တွန်းကြောင်းတို့ပါဝင်သည်။ 

၄။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ဆောင်မှုများအား ပြည်သူသို့ အစီရင်ခံတင်ပြစာ ၁ကို ၂၀၂၁ ဇူလိုင်လ ၁၇ ရက်နေ့တွင်ထုတ်ပြန်ခဲ့ပြီး အဆိုပါ ထုတ်ပြန်ချက်တွင် ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားဒေသအဖွဲ့အစည်းတို့ ပူးပေါင်းဆောင်ရွက်နေမှုများအကြောင်း၊ ပြည်သူလူထုအားကာကွယ်ဆေးထိုး နှံနိုင်ရေး နိုင်ငံတကာအဖွဲ့အစည်းများသို့ အကြံပြုထားသော နည်းလမ်း(၃) သွယ်အကြောင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနက လုပ်ကိုင်ဆောင်ရွက်နေသော ပညာပေးအစီအစဉ်များအကြောင်းတို့ပါဝင်ပါသည်။ 

၅။ အမျိုးသားညီညွတ်ရေးအစိုးရ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနများ၏ တရားဝင် အင်တာနက် စာမျက်နှာများကို ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့တွင်  ထုတ်လွှင့်ခဲ့သည်။ 

ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန

https://mocit.nugmyanmar.org/

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊

https://moee.nugmyanmar.org/

၆။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ  အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချူပ်ရုံး ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့စွဲဖြင့် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချူပ်နှင့် နိုင်ငံတကာအသိုင်းအဝိုင်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊  အမျိုးသားအစိုးရများ၊ စေတနာ သဒ္ဓါတရားထက်သန်သော လူပုဂ္ဂိုလ်များထံသို့ အိတ်ဖွင့်ပေးစာတစ်စောင်၂ ပေးပို့ခဲ့သည်။ အဆိုပါ အိတ်ဖွင့်ပေးစာတွင် လက်ရှိမြန်မာနိုင်ငံတွင် လူပေါင်း ၉၄၅၀၀၀ ကျော်မှာ အကူအညီလိုအပ်နေပြီး၊ ၃၃၆၀၀၀ ကျော်မှာ စစ်ဘေးဒဏ်ကို ပြေးရှောင် နေရသလို၊ အနည်းဆုံး လူပေါင်း ၆.၂ သန်းမှာ အစားအစာပြတ်လပ်မှုကြုံနေရပါသည်။ တရားမဝင် စစ်ကောင်စီ၏ ညံ့ဖျင်းလှသော စီမံခန့်ခွဲမှုကြောင့် ကိုဗစ် ၁၉ တတိယလှိုင်း၏ ပြင်းထန်သော ရိုက်ခတ်မှုသည် မထိန်းသိမ်းနိုင်တော့သည့် အခြေအနေသို့ရောက်ရှိနေပြီး သေဆုံးမှုများမှာ တိုးပွားလျက် ရှိကြောင်း၊ ဆေးရုံများတွင် လူနာများအတွက် အိပ်ယာများမလုံလောက်ခြင်းနှင့် ကိုဗစ်ရောဂါ ကူးစက်သူများကို ကုသရန် ငြင်းဆန်မှုများဖြစ်ပေါ်လျက်ရှိပါသည်။ အောက်စီဂျင်ပြတ်လပ်မှုမှာ တစ်ဖြည်း ဖြည်း ပိုမိုဆိုးရွားလာပြီး စစ်ကောင်စီမှ အောက်ဆီဂျင်ထုတ်လုပ်မှုများနှင့် အောက်ဆီဂျင် ထုတ်လုပ်သည့် စက်ပစ္စည်းများကို လူမဆန်စွာ ပိတ်ပင်တားဆီးပြီး သိမ်းပိုက်ထားကြေင်း၊ စစ်ကောင်စီသည် ကျန်းမာရေးစနစ်နှင့် ကျန်းမာရေးလုပ်သားများအပေါ် ပစ်မှတ်ထား နှိမ်နှင်းနေပြီး ကိုဗစ် ၁၉ ကပ်ရောဂါအား စစ်လက်နက်တစ်ခုအဖြစ် ရည်ရွယ်ချက်ရှိရှိ အသုံးချနေကြောင်း တစ်ဖြည်းဖြည်း ပေါ်လွင်လာနေပါသည်။ ယခုအခါ မြန်မာပြည်တွင် ကျန်းမာရေး ဝန်ဆောင်စောင့်ရှောက်နေသည့် ကျန်းမာရေးဝန်ထမ်းများကို ပစ်မှတ်ထားတိုက်ခိုက်မှု ၂၅၀ ကျော်ရှိပြီဖြစ်ပြီး တိုက်ခိုက်ခံရမှုအများဆုံး တိုင်းပြည်ဖြစ်သလို၊ ကျန်းမာရေးဆိုင်ရာ ပညာရှင်များအတွက် အန္တရယ်အရှိဆုံး တိုင်းပြည်တစ်ခုဖြစ်လာနေကြောင်း၊ နိုင်ငံတကာမှ ချက်ခြင်းကူညီဆောင်ရွက်ခြင်းမရှိလျှင် မြန်မာနိုင်ငံသည် မျိုးကွဲရောဂါသစ် အပါအဝင် ကိုဗစ် ၁၉ ပြန့်ပွားစေသည့် အဓိက နိုင်ငံတစ်ခုဖြစ်လာနိုင်ပါသည်။ မြန်မာ့ပြဿနာသည် ဒေသတွင်းနှင့် တစ်ကမ္ဘာလုံး၏ ကျန်းမာရေးဆိုင်ရာကပ်ရောဂါကို ပြန်လည်ဖြစ်ပွားလာစေမည့် နိုင်ငံငယ်တစ်ခုအဖြစ် ရှိနေသည့်အတွက် နိုင်ငံ တစ်နိုင်ငံ၏ ပြည်တွင်းအရေးတစ်ခုတည်း မဟုတ်တော့ပါဟု ပြောလိုပါသည်။ ထို့ကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းမှ ကောင်းမွန်စနစ်ကျသော ဝင်ရောက်စွက်ဖက်မှုကို အမြန်ဆုံးဆောင်ရွက်ပေးပါရန် တောင်းဆိုကြောင်းတို့ပါဝင်သည်။ 

၇။ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် (၇၄) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားများသို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က သဝဏ်လွှာတစ်စောင်ပေးပို့ခဲ့သည်။ အဆိုပါ သဝဏ်လွှာတွင် အာဇာနည် ခေါင်းဆောင်ကြီး များသည် တောင်တန်း နှင့် မြေပြန့်မကွဲခြားဘဲ တန်းတူညီမျှရှိမှု၊ လွတ်လပ်မှု၊ တရားမျှတမှုစသည့် ဖက်ဒရယ်ဒီမိုကရေစီစံနှုန်းများဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံတော်သစ်တစ်ရပ် ကြိုးပမ်းထူထောင်နေစဉ် လမ်းခုလတ်၌ ကျဆုံးခဲ့ကြရ ကြောင်း၊ နိုင်ငံတော်လုပ်ကြံမှုကြီး ကြောင့် လွတ်လပ်စမြန်မာနိုင်ငံ၏ ကံကြမ္မာမှာ တဆစ်ချိုးပြောင်းလဲသွားခဲ့ရသလို အကြမ်းဖက်လုပ်ကြံမှုကို ဦးဆောင်ခဲ့သော ဂဠုန်ဦးစောမှာလည်း ကြိုးစင်ထက်တွင် ဘဝဆုံးခဲ့ရပြီး လူသိများသော နိုင်ငံရေးသမား တစ်ဦးအဖြစ်မှ ပြည်သူလူထုတစ်ရပ်လုံး ရွံရှာစက်ဆုပ်သည့် လူယုတ်မာတစ်ဦးအဖြစ် သမိုင်းတွင် မှတ်တမ်းဝင် ကျန်ရစ်ခဲ့ကြောင်း၊ ယနေ့ နွေဦးတော်လှန်ရေးတွင် ရှေးကအာဇာနည်ကြီးများ၏စိတ်ဓာတ်အတိုင်း အများအတွက် အသက်စွန့်ခဲ့ကြတဲ့ သူရဲကောင်းတွေပေါ်ပေါက်လာခဲ့ရပြန်သည့်အပြင် ကိုဗစ်ကပ်ရောဂါ ကာကွယ်စောင့်ရှောက်ရေးအတွက် အသက်စွန့်ကြိုးပမ်းခဲ့ကြတဲ့ သူရဲကောင်းတွေ ကိုလည်း မြင်တွေ့နေရလျက် ရှိကြောင်း၊ ဤကဲ့သို့ အများအကျိုးအတွက် စွန့်လွှတ် အနစ်နာခဲ့ပြီး ဆောင်ရွက်တတ်သော အာဇာနည်စိတ်ဓါတ်သည် မိမိတို့ ဦးတည်ချီတက်နေတဲ့ စစ်အာဏာရှင်စနစ်ပျက်သုဉ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး အတွက် အင်အားများပင် ဖြစ်ကြောင်း၊ ယနေ့ ၇၄ နှစ်မြောက် အာဇာနည်နေ့တွင် အာဇာနည် အမျိုးသား ခေါင်းဆောင်ကြီးများနှင့် တကွ ခေတ်အဆက်ဆက် မတရားမှုကို ဆန့်ကျင်တော်လှန်ခဲ့ကြသော၊ အများအကျိုးအတွက် စွန့်လွတ် အနစ်အနာခံခဲ့ကြသော အာဇာနည်တိုင်းရင်းသားပြည်သူလူထုအပေါင်းတို့ကို အမျိုးသားညီညွတ်ရေး အစိုးရကိုယ်စား အလေးပြုဦးညွတ်လိုက်ကြောင်းတို့ပါဝင်သည်။ 

၈။ အမျိုးသားညီညွတ်ရေးအစိုးရ “အမျိုးသားအဆင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မရှင်မှ ပြည်သူသို့ ပန်ကြားလွှာ” ၃ တစ်စောင်ကို ၂၀၂၁ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး အဆိုပါ ပန်ကြားလွှာတွင် အကြမ်းဖက်စစ်ကောင်စီ အာဏာမသိမ်းခင်က ပြည်သူနှင့် ပြည်သူအစိုးရ တသားတည်း ရောဂါန္တရကပ်ဖြစ်သည့် COVID-19 ပထမလှိုင်းနှင့် ဒုတိယလှိုင်း ကို ညီညီညွတ်ညွတ် ဝိုင်းဝန်း၍ တွန်းလှန် တိုက်ဖျက်ခဲ့ကြသည်။ ကမ္ဘာ့အဆင့်အတန်းမှီ၊ အဆင့်မြင့်နိုင်ငံ များတွင်တောင် ကောင်းမွန်စွာ ကုသ၊ ကာကွယ်၊ ထိန်းချုပ်မှု မပေးနိုင်ခဲ့သည့်အချိန်တွင် ပြည်သူ့အစိုးရ၏ စနစ်တကျ စီမံခန့်ခွဲမှုကြောင့် မြန်မာပြည်သူပြည်သားအားလုံး စနစ်တကျ တည်ငြိမ်အေးချမ်းစွာဖြင့် ဖြေရှင်းကျော်လွှားနိုင်ခဲ့ကြောင်း၊ မတရားအာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ၏ ပြည်သူအပေါ်တွင် စာနာထောက်ထား မှုကင်းမဲ့စွာ စေတနာလုံးဝမရှိဘဲ မိမိတို့အာဏာတည်မြဲရေးတစ်ခုကိုသာ ရှေးရှု၍ လုပ်ဆောင်နေပြီး COVID-19 တတိယလှိုင်းကို စနစ်တကျ စီမံခန့်ခွဲ ထိန်းချုပ်နိုင်ခြင်းမရှိကြောင်း၊ အကြမ်းဖက် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲ CDM ဆက်လက် လုပ်ဆောင်လျက်ရှိသော ပြည်သူများကို တတ်အားသရွေ့ ပံ့ပိုးကူညီနေသည့် ကျန်းမာရေးဝန်ထမ်းများ၊ အရပ်ဖက် ပြည်သူ့အဖွဲ့အစည်းအများ၊ ပရဟိတအသင်းအဖွဲ့များ၊ ပုဂ္ဂလိကဆေးရုံများကို အမျိုးမျိုးသော ဖိနှိပ်ချုပ်ချယ်မှုများပြုလုပ်၍ အများ ပြည်သူ လိုအပ်သော ရောဂါ၊ ကာကွယ်၊ ထိန်းချုပ် ကုသမှုများ မပေးနိုင်ရန် နည်းမျိုးစုံဖြင့် နှောင့်ယှက် ဖျက်ဆီးလျှက်ရှိကြောင်းနှင့် ပြည်သူသို့ အကြံပြုချက်များပါဝင်သည်။ 

၉။ အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသားအဆင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မရှင်က COVID-19 တတိယလှိုင်းတွင် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနေကြသော ပြည်သူ့ကျန်းမာရေး သူရဲကောင်းများအား အကြမ်းဖက်စစ်ကောင်စီမှ မတရား ဖိနှိပ်၊ ဖမ်းဆီး၊ ချုပ်နှောင်ခြင်း၊ ပြည်သူများ လိုအပ်နေသည့် ဆေးဝါးများကို ဖျက်ဆီးသိမ်းယူခြင်းများကို ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချသော ကြေညာချက်တစ်စောင်၄ကို ထုတ်ပြန်ခဲ့သည်။ 

အသေးစိတ်သိရှိလိုပါက လေ့လာရန်လင့်ခ်များ

၁။ https://www.facebook.com/NUGmyanmar/posts/150790923808214

၂။ https://www.facebook.com/NUGmyanmar/posts/151229683764338

၃။ https://www.facebook.com/NUGmyanmar/posts/152013200352653

၄။ https://www.facebook.com/NUGmyanmar/posts/152531923634114