အမျိုးသားအဆင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မရှင်မှ ပြည်သူသို့ ပန်ကြားလွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားညီညွတ်ရေးအစိုးရ

www.nugmyanmar.org

“အမျိုးသားအဆင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မရှင်မှ ပြည်သူသို့ ပန်ကြားလွှာ”

၁၉ ဇူလိုင် ၂၀၂၁

ယခုအချိန်တွင် မြန်မာပြည်သူပြည်သားအားလုံး COVID-19 တတိယလှိုင်း၏ ဖိစီးနှိပ်စက်မှုဒဏ်ကို အလူး အလဲ ခံစားနေရသည့်အတွက် ပြည်သူများနှင့်အတူ ပြည်သူအစိုးရသည် ထပ်တူထပ်မျှ စိတ်မကောင်း ကြီးစွာ ခံစားရပါသည်။ မတရား အာဏာသိမ်းထားသော အကြမ်းဖက်စစ်ကောင်စီ အာဏာမသိမ်းခင်က ပြည်သူနှင့် ပြည်သူအစိုးရ တသားတည်း ရောဂါန္တရကပ်ဖြစ်သည့် COVID-19 ပထမလှိုင်းနှင့် ဒုတိယလှိုင်း ကို ညီညီညွတ်ညွတ် ဝိုင်းဝန်း၍ တွန်းလှန် တိုက်ဖျက်ခဲ့ကြသည်။ ကမ္ဘာ့အဆင့်အတန်းမှီ၊ အဆင့်မြင့်နိုင်ငံ များတွင်တောင် ကောင်းမွန်စွာ ကုသ၊ ကာကွယ်၊ ထိန်းချုပ်မှု မပေးနိုင်ခဲ့သည့်အချိန်တွင် ပြည်သူ့အစိုးရ၏ စနစ်တကျ စီမံခန့်ခွဲမှုကြောင့် မြန်မာပြည်သူပြည်သားအားလုံး စနစ်တကျ တည်ငြိမ်အေးချမ်းစွာဖြင့် ဖြေရှင်းကျော်လွှားနိုင်ခဲ့သည်။

ယခုအချိန်တွင် မတရားအာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ၏ ပြည်သူအပေါ်တွင် စာနာထောက်ထား မှုကင်းမဲ့စွာ စေတနာလုံးဝမရှိဘဲ မိမိတို့အာဏာတည်မြဲရေးတစ်ခုကိုသာ ရှေးရှု၍ လုပ်ဆောင်နေပြီး COVID-19 တတိယလှိုင်းကို စနစ်တကျ စီမံခန့်ခွဲ ထိန်းချုပ်နိုင်ခြင်းမရှိပါ။ ထို့အပြင် အကြမ်းဖက် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲ CDM ဆက်လက် လုပ်ဆောင်လျက်ရှိသော ပြည်သူများကို တတ်အားသရွေ့ ပံ့ပိုးကူညီနေသည့်  ကျန်းမာရေးဝန်ထမ်းများ၊ အရပ်ဖက် ပြည်သူ့အဖွဲ့အစည်းအများ၊ ပရဟိတအသင်းအဖွဲ့များ၊ ပုဂ္ဂလိကဆေးရုံများကို အမျိုးမျိုးသော ဖိနှိပ်ချုပ်ချယ်မှုများပြုလုပ်၍ အများ ပြည်သူ လိုအပ်သော ရောဂါ၊ ကာကွယ်၊ ထိန်းချုပ် ကုသမှုများ မပေးနိုင်ရန် နည်းမျိုးစုံဖြင့် နှောင့်ယှက် ဖျက်ဆီးလျှက်ရှိနေပါသည်။ ထိုမတရားမှုလုပ်ရပ်များကြောင့် ပြည်သူလူထုတစ်ရပ်လုံးသည် နေ့စဉ်နှင့် အမျှ စိတ်မချမ်းမြေ့ ဖြစ်နေရပါသည်။

အမျိုးသားညီညွတ်ရေး ပြည်သူ့အစိုးရအနေဖြင့် ပြည်သူများအား အကြံပြုလိုသည်မှာ 

• COVID-19 ပထမလှိုင်းနှင့် ဒုတိယလှိုင်းတွင် ပြည်သူ့အစိုးရ၏ စနစ်တကျ စီမံ၊ ခန့်ခွဲမှုအောက်၌ ကာကွယ်မှု၊ ထိန်းချုပ်မှု၊ ကုသမှုများကို ခံယူခဲ့၍ မည်သို့မည်ပုံ အဆင့်အလိုက် လုပ်ဆောင်ရမည် ကို သိရှိ နားလည်ပြီးသားဖြစ်သည်ဟု မှတ်ယူပါသည်။ 

• ယခုအခါတွင် ပြည်သူလူထုအားလုံး တတ်နိုင်သမျှ မိမိ၏ ပူပန်၊ စိုးရိမ်၊ ကြောင့်ကြမှုများကို တည်ငြိမ်အောင် ထိန်းချုပ်၍ မိမိတို့ ယခင် အောင်အောင်မြင်မြင် ကျော်လွှားခဲ့သော COVID-19 ပထမလှိုင်းနှင့် ဒုတိယလှိုင်းတွင် ဖော်ဆောင်ခဲ့သည့် တစ်ဦးချင်းအလိုက်၊ မိသားစုအလိုက်၊ ရပ်ကွက်အလိုက်၊ မြို့နယ်အလိုက်၊ ဒေသအလိုက် လုပ်ဆောင်ခဲ့ကြသည့် ကာကွယ်မှုများ၊ ပံ့ပိုး ကူညီ လုပ်ဆောင်မှုများ၊ စုပေါင်းညီညွတ်စွာ ဆောင်ရွက်ချက်များ အားလုံးကို ပြန်လည်သုံးသပ် ဆင်ခြင်၍လုပ်ဆောင်စေလိုပါသည်။ 

• ကာကွယ်ရာတွင် အဓိက အရေးအကြီးဆုံးမှာ နှာခေါင်းစည်း၊ ပါးစပ်စည်း ဝတ်ဆင်ခြင်း၊ လက်ကို ဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာအောင် မကြာခဏဆေးခြင်း၊ တစ်ဦးနှင့်တစ်ဦး အနည်းဆုံး ၆ ပေ အကွာ၊ ခပ်ခွာခွာနေခြင်း စသည့် မိမိကိုယ်ကို ကာကွယ်မှုများကို ပြုလုပ်ခြင်း၊ မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိသားစုသော်လည်းကောင်း မလိုအပ်ဘဲ လူစုလူဝေးများ ပြုလုပ်ခြင်း၊ အိမ်အပြင် ထွက်ခြင်းများကို အတတ်နိုင်ဆုံး ရှောင်ကျဉ်ကြစေလိုပါသည်။

• ထိုသို့ “Stay Home” အိမ်အပြင်သို့မထွက်ခြင်း ကို လုပ်ဆောင်ရာတွင် မိမိတို့ စားဝတ်နေရေး အတွက် အဓိကကျသောကိစ္စများ သို့မဟုတ် အရေးပေါ် မဖြစ်မနေလိုအပ်သော ကိစ္စရပ်များ ဆောင်ရွက်ရန်အတွက်သာ အိမ်အပြင်သို့ ထွက်ပါ။ 

• ထိုသို့ ကာကွယ်ထိန်းချုပ်မှုများ ပြုလုပ်နိုင်ပါက ယခုတွေ့ကြုံနေရသည့် စိုးရိမ်ဖွယ် ဖြစ်ပွား သေဆုံးမှု လူနာအရေအတွက်လည်း ကျဆင်းသွားမည် ဖြစ်ပါသည်။ ဤနည်းဖြင့် COVID-19 တတိယလှိုင်းကို ပြည်သူလူထု အနေဖြင့် အောင်မြင်စွာ ထိန်းချုပ်နိုင်မည် ဖြစ်ပါသည်။ 

သို့ဖြစ်ပါ၍ ဤ COVID-19 ရောဂါကပ်ဆိုးကြီးကို အားလုံးအတူတူလက်တွဲ၍ “ပြည်သူမှ ပြည်သူသို့” အချင်းချင်း ကူညီ၊ ရိုင်းပင်း၊ စောင့်ရှောက်ခြင်းဖြင့် COVID-19  ရောဂါကပ်ဆိုး ကြီးကို အောင်မြင်စွာ ကျော်လွှားနိုင်အောင် အတူတကွ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် ပြည်သူထူထုတစ်ရပ်လုံးအား အနူးအညွတ် မေတ္တာရပ်ခံအပ်ပါသည်။