သတင်းထုတ်ပြန်ချက် (၁၂/၂၀၂၁)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
www.nugmyanmar.org
သတင်းထုတ်ပြန်ချက် (၁၂/၂၀၂၁)
၁၃ ဩဂုတ် ၂၀၂၁ခုနှစ်
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြုပ်နှံမှု ဝန်ကြီးဌာနက
၁) ပြည်သူလူထု၏ တခဲနက်ဆန့်ကျင်၊ ညီညွတ်စွာသပိတ်မှောက်ခြင်းကြောင့် အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ “ အောင်ဘာလေထီ “ သည် လုံးဝချုပ်ငြိမ်းသွားချိန်တွင် အမျိုးသားညီညွတ်ရေးအစိုးရ ၏ “အောင်လံလွှင့်ချီ နွေဦးထီ” နှင့် ပြည်သူ့အောင်ပွဲကို ထပ်လောင်းရယူနိုင်ရန်။
၂) ပြည်သူလူထု၏ ညီညွတ်မှုကို လက်နက်အားကိုးဖြင့် အနိုင်ကျင့်ချိုးနှိမ်၍ မရရှိနိုင်ဆိုသည့်အချက်ကို စစ်အာဏာရှင်များအား “အောင်လံလွှင့်ချီ နွေဦးထီ” ဖြင့် အကောင်းဆုံးသက်သေပြရန်။
၃) မြန်မာ့မြေပေါ်မှ စစ်အာဏာရှင်စနစ် အလုံးစုံပျက်သုဉ်းပျောက်ကွယ်သွားစေရေး၊ ဖက်ဒရယ်ဒီမိုကရေစီ စနစ် ပီပြင်စွာဖြစ်ထွန်းပေါ်ပေါက်လာစေရေးအတွက် မဆုတ်မနစ်၊ အလံမလှဲစတမ်း ကြံ့ကြံ့ခံ တော်လှန် နေသည့် CDM ဝန်ထမ်းများအတွက် ထိရောက်စွာ ကူညီထောက်ပံ့ပေးနိုင်ရန်။
၄) အမျိုးသားညီညွတ်ရေးအစိုးရသည် ပြည်သူလူထုက တရားဝင်အာဏာအပ်နှင်းခြင်းခံထားရသော ပြည်သူ့အစိုးရဖြစ်သည့် အားလျော်စွာ “အောင်လံလွှင့်ချီ နွေဦးထီ” ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တည်ဆဲဥပဒေနှင့်အညီ ဖြစ်စေရန်
စသည့် ရည်ရွယ်ချက်များဖြင့် “ လောင်းကစားဥပဒေကို ပထမအကြိမ် ပြင်ဆင်သည့်ဥပဒေ”၁ ကို ပြည်ထောင်စုလွှတ်တော်သို့တင်သွင်းပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဌာန်းလိုက်သည်။
၂။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန က ကြေညာချက် (၇/၂၀၂၁)၂ “CDM ပြုလုပ်လျက်ရှိသည့် ပုဂ္ဂလိကဘဏ်ဝန်ထမ်းများနှင့်အတူ တသားတည်းရပ်တည်လျှက်ရှိကြောင်း နှင့် ဘဏ်လုပ်ငန်းရှင်များအနေဖြင့် အဆိုပါဝန်ထမ်းများအပေါ် မတရားသဖြင့် ဖိနှိပ်ခွဲခြားဆက်ဆံနေမှုများကို အမြန်ဆုံး ရပ်တန့်ရန် အသိပေးတိုက်တွန်းခြင်း” ကို ၂၀၂၁ ခုနှစ် ဩဂုတ်လ ၇ ရက် ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။
၃။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးအစိုးရ က “(၃၃) နှစ်မြောက် ၈၈၈၈ အရေးတော်ပုံနှစ်ပတ်လည်အခမ်းအနားများသို့ ပေးပို့သောသဝဏ်လွှာ”၃ တစ်စောင်ထုတ်ပြန်ခဲ့ပြီး သဝဏ်လွှာ တွင် “၁၉၈၈ ခုနှစ်က မွေးဖွားပေးလိုက်သော ခိုင်မာသည့်စိတ်ဓါတ်များကိုအရင်းတည်၍ ယခု ၂၀၂၁ နွေဦးတော်လှန်ရေးကို နိုင်ကိုနိုင်မှဖြစ်မည်ဟူသော တူညီသည့်သဘောထားများဖြင့် အားကုန်ရုန်းကန်ချီတက် နေသော မြန်မာပြည်သူလူထု တစ်ဦးတစ်ယောက် ချင်းစီအားလည်းကောင်း၊ ပြည်ပနိုင်ငံရောက် ဒီမိုကရေစီကို ချစ်မြတ်နိုးသော မြန်မာပြည်သူများ အားလည်းကောင်း၊ ဒီမိုကရေစီကိုထောက်ခံ အားပေးကြသော နိုင်ငံအသီးသီးမှ မိတ်ဆွေများအားလည်းကောင်း လေးစားဦးညွတ်ဂုဏ်ပြုလျက် အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့်လည်း ဤတော်လှန်ရေးတွင် ပြည်သူများနှင့် အတူ နေ့ညမပြတ်ကြိုးစားအားထုတ်ရင်း စစ်အာဏာရှင်များကို အမြစ်ပြတ်တိုက်ထုတ် သွားမည်ဟု ၈လေးလုံးအရေးတော်ပုံကြီးနှင့် အာဏာရှင် တော်လှန်ရေး အရေးတော်ပုံအဆက်ဆက်တို့တွင် အသက်သွေးချွေး ရင်းနှီးပေးဆပ် ခဲ့ကြသော အာဇာနည်သူရဲကောင်းများအားလုံးကိုတိုင်တည်လျက် ကတိသစ္စာပြု ကြောင်းပါရှိပါသည်။
၄။ မြန်မာနိုင်ငံအတွင်းကျန်းမာရေးစောင့်ရှောက်မှုစနစ်ကြီး တစ်ခုလုံး နီးပါး ကမောက်ကမ ဖြစ်နေပြီး၊ ပြည်သူပြည်သားများသည် မိမိတို့တတ်အားသမျှအင်အားဖြင့်သာ ကိုယ်ထူကိုယ်ထ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေရပါသည်။ ပြည်သူများကျန်းမာရေးစောင့်ရှောက်ရာတွင် အထောက်အကူပြုစေရန် အမျိုးသားညီညွတ်ရေး အစိုးရ ၊ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် CDM သူနာပြု နှင့် သားဖွားဆရာမများဦးဆောင်၍ ၊ နိုင်ငံတကာ၏အကူအညီအထောက်အပံများဖြင့် စေတနာ့ဝန်ထမ်း ကျန်းမာရေးစောင့်ရှောက်မှုသင်တန်းကို ဖွင့်လှစ်သင်ကြားရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
ထိုသင်တန်းတွင် လူတိုင်း သိရှိနားလည်သင့်သော
(၁) အရေးပေါ်အခြေအနေတွင် လူနာကိုပြုစုစောင့်ရှောက်မှု
(၂) ကိုဗစ်-၁၉ရောဂါဝေဒနာရှင်များကို ပြုစုကိုင်တွယ် စောင့်ရှောက်မှုနှင့် မိမိကိုယ်ကိုနှင့် အခြားသူ များကို ရောဂါမကူးစက်အောင် ကာကွယ်လုပ်ဆောင်မှုများ
(၃) ထိခိုက်ဒဏ်ရာရသော လူနာများကို အရေးပေါ်ပြုစုကုသမှုများ
စသည့် အရေးပေါ်လိုအပ်နေသော ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာဗဟုသုတ နှင့် လက်တွေ့ လုပ်ဆောင်မှုများကို အွန်လိုင်း (online/zoom) မှတဆင့် ဝေမျှသင်ကြားပေးသွားမည်ဖြစ်ပါသည်။
၅။ ၂၀၂၁ ခုနှစ်၊ ဇွန်လမှစတင်၍ မြန်မာပြည်တွင် COVID-19 တတိယလှိုင်း ဖြစ်ပွားလျက်ရှိရာ ပြည်သူလူထုအတွင်း COVID-19 ဖြစ်ပွားမှု၊ သေဆုံးမှုများကို စနစ်တကျ မှတ်တမ်းတင် ပြုစုထားရန် လိုအပ်ပါသည်။ ထို့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကျန်းမာရေးဝန်ကြီးဌာနက COVID-19 ရောဂါ ဖြစ်ပွားမှုဆိုင်ရာ စစ်တမ်း၅ တစ်ခုကို ကောက်ယူလျက်ရှိပါသည်။ ယခုစစ်တမ်းက ရရှိသော အချက်အလက် များသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၏ ကျန်းမာရေးလုပ်ငန်း စီမံမှုများအတွက် များစွာအထောက်အကူပြုမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် "၂၀၂၁ ခုနှစ်၊ ဇွန်လမှ ယခုအချိန်အတွင်း" မိမိကိုယ်တိုင် (သို့မဟုတ်) မိမိ၏ အတူနေ မိသားစုအတွင်း "ဖြစ်ပွားခဲ့ဖူးခြင်း (သို့မဟုတ်) ကွယ်လွန်ခဲ့ခြင်း" ရှိပါက ပူးပေါင်းပါဝင်ဖြေဆိုပေးကြရန်ဖြစ်ပါသည်။
၆။ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က (၅၄) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ စပ်လျဉ်းပြီး ဘရူနိုင်းဒုတိယနိုင်ငံခြားရေးဝန်ကြီးထံသို့ သဝဏ်လွှာတစ်စောင်ပေးပို့ခဲ့ပြီး အဆိုပါသဝဏ်လွှာတွင် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် (၅၄) ကြိမ်မြောက်အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး ဆွေးနွေးကြသည့် အကြောင်းအရာများကို အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း၊ အာဆီယံ၏မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ခန့်အပ်ခြင်းကို NUG အနေနှင့် ကြိုဆိုကြောင်း၊ မြန်မာနိုင်ငံတွင် လက်တွေ့ကြုံတွေ့နေရသည့် နိုင်ငံရေး အကြပ်အတည်းကို အားလုံးပါဝင်နိုင်မည့် အသွင်သဏ္ဍာန်နှင့် ဖြေရှင်းရန် အသင့်ရှိပါကြောင်း၊ အာဆီယံနှင့် ဆက်စပ်အစည်းအဝေးများတွင် စစ်ကောင်စီက မြန်မာနိုင်ငံကိုယ်စားပြုတက်ရောက်နေခြင်းကို အထူးစိုးရိမ် မိကြောင်း၊ စစ်ကောင်စီသည် အာဆီယံပဌိဉာဉ် အပိုဒ် (၁) နှင့် အပိုဒ် (၂) ပါ ပြဌာန်းချက်များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး မြန်မာပြည်သူများနှင့် ဒေသတွင်းပြည်သူများကို ခြိမ်းခြောက်လျက် ရှိကြောင်း၊ အာဆီယံအနေနှင့် တွေ့ဆုံဆွေးနွေးအဖြေရှာရေးကြိုးပမ်းနေသော်လည်း ကြိုတင်သတ်မှတ်ချက်များ ထားရှိရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတစ်ဝှမ်း COVID 19 ကပ်ရောဂါ အရှိန်အဟုန်နှင့် ပြန့်နှံ့နေသောကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အကူပေးရေးလုပ်ငန်းစဉ်နှင့် ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် NUG နှင့် ပူပေါင်းဆောင်ရွက်ရန် ထိပ်တန်းဦးစားပေးအဖြစ် တိုက်တွန်းတောင်းဆိုလိုကြောင်း၊ အာဆီယံမိသားစု၏ အစိတ်အပိုင်းတစ်ခုအနေနှင့် အမျိုးသားညီညွတ်ရေးအစိုးရသည် အာဆီယံနှင့် အပြည့်အဝေပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိနေပြီး လူသားချင်းစာနာမှုဆိုင်ရာကိစ္စရပ်များနှင့် COVID 19 ကပ်ရောဂါ တိုက်ဖျက်ရေးကဏ္ဍများတွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းတို့ ပါဝင်သည်။
အသေးစိတ်သိရှိလိုပါကလေ့လာရန်လင့်ခ်များ
၁။ https://www.facebook.com/NUGmyanmar/posts/164074349146538
၂။ https://www.facebook.com/NUGmyanmar/posts/164646419089331
၃။ https://www.facebook.com/NUGmyanmar/posts/165113445709295
၄။ https://docs.google.com/forms/d/12icJk_HTqlp7icQXW-fadFTl mTVQYLeloelTaHVEH8/viewform?fbclid=IwAR1gWiqyzOIDVu8Dpy0vxBkKzGjFdWeTXo57FQw9KL37v-XOq49derkR2V0&edit_requested=true