ကရင့်အမျိုးသားအာဇာနည်နေ့သို့ ပေးပို့သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ သဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားညီညွတ်ရေးအစိုးရ

၂၀၂၁ ခုနှစ် ဩဂုတ်လ (၁၂) ရက်နေ့တွင်ကျရောက်သည့် (၇၁ )နှစ်မြောက်

“ကရင့်အမျိုးသားအာဇာနည်နေ့သို့ ပေးပို့သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ သဝဏ်လွှာ”

၂၀၂၁ ခုနှစ် ဩဂုတ်လ (၁၂)ရက်

၁။ မြန်မာနိုင်ငံရှိ လူမျိုးအသီးသီးတွင် မိမိလူမျိုးများအတွက် ငြိမ်းချမ်း‌ရေး၊ တရားမျှတမှုနှင့် တန်းတူအခွင့်အရေး ရရှိရေးတို့သာမက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်ရေးတို့အတွက် ကိုယ်ကျိုးစွန့်အနစ်နာခံကာ သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် အာဇာနည်သူရဲကောင်းများ အများအပြားရှိကြပါသည်။

၂။ ကရင်အမျိုးသားများ အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေးအတွက် အသက်ပေးလှူခဲ့ကြသော ဥက္ကဋ္ဌကြီး                စောဘဦးကြီးနှင့်တကွ ကရင့်အမျိုးသားခေါင်း‌ဆောင်များ၊ စစ်သည်တော်များနှင့် ကရင်ပြည်သူလူထုတရပ်လုံးကို အောက်မေ့ဂုဏ်ပြုရန် ဩဂုတ်လ (၁၂)နေ့ကို ကရင့်အမျိုးသားအာဇာနည်နေ့အဖြစ် ကျင်းပခဲ့ကြသည်မှာ (၇၁) နှစ် မြောက်ရှိခဲ့ပြီ ဖြစ်ပါသည်။ ကရင့်အမျိုးသားအာဇာနည်နေ့သည် ကရင်အမျိုးသားများအတွက် ဝမ်းနည်းကြေကွဲဖွယ်ရာ နေ့တစ်နေ့ဖြစ်သကဲ့သို့ မိမိတို့ယုံကြည်ချက်နှင့် ရည်မှန်းချက်ပန်းတိုင်ရောက်ရှိရေးအတွက် အသက်ခန္ဓာများကို ပေးဆပ်ခဲ့ကြသော မျိုးချစ် ခေါင်းဆောင်များ၊ စစ်သည်တော်များနှင့် ကရင်ပြည်သူလူထုများရှိနေခြင်းကြောင့် ဂုဏ်ယူဝမ်းမြောက်ရသည့် နေ့တစ်နေ့ဖြစ်မည်ဟုယုံကြည်ပါသည်။ 

၃။ (၁၂-၈-၂၀၂၁) ရက်နေ့တွင်ကျရောက်သည့် (၇၁) နှစ်မြောက် ကရင့်အမျိုးသားအာဇာနည်နေ့တွင် အမျိုးသား ညီညွတ် ရေးအစိုးရအနေဖြင့်ကျဆုံးလေပြီးသော ကရင်အမျိုးသားခေါင်းဆောင်ကြီးများကို သတိရအောက်မေ့ ကြောင်းနှင့် ကိုယ်ပိုင်သမိုင်း၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများရှိနေသော ကရင်လူမျိုးများ၏ ရည်မှန်းချက်ပန်းတိုင် ဖြစ်သော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး၊ မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းလာရေး ရည်မှန်းချက်များ အောင်မြင်ပါစေကြောင်း လေးနက်စွာဆန္ဒပြုလျက် သဝဏ်လွှာပေးပို့အပ်ပါသည်။