သတင်းထုတ်ပြန်ချက် (၁၁/၂၀၂၁)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားညီညွတ်ရေးအစိုးရ

www.nugmyanmar.org

သတင်းထုတ်ပြန်ချက် (၁၁/၂၀၂၁)

၆ ဩဂုတ် ၂၀၂၁ခုနှစ်

၁။ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့သည် အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းခြင်း ရက် (၁၀၀) နေ့ဖြစ်သောကြောင့် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ကအမျိုးသားညီညွတ်ရေးအစိုးရ၏ ရက်(၁၀၀) အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအကြောင်း ပြည်သူသို အစီရင်ခံတင်ပြခဲ့ပြီး ဝန်ကြီးဌာနအသီးသီးကလည်း ရက်(၁၀၀) ပြည့်အစီရင်ခံစာများ ထုတ်ပြန်ခဲ့ကြသည်။ 

၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် တိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်းများပူးပေါင်းပြီး အမျိုးသားကျန်းမာရေးညီလာခံ (National Health Conference) ကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၂) ရက်နေ့မှ (၅) ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိပြီး ညီလာခံပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များမှာ

(က) အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု အမျိုးသားကျန်းမာရေးမူဝါဒ (မူကြမ်း) တစ်ရပ် ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်ရန်၊

(ခ) တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် နိုင်ငံတကာအလှူရှင်များ၊ ပြည်တွင်း၊ ပြည်ပ ကျန်းမာရေးအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန်၊

(ဂ) လက်ရှိဖြစ်ပွားနေသော COVID-19 ကပ်ရောဂါဆိုးကြီးကို စနစ်တကျ ပူးပေါင်းဆောင်ရွက်ပြီး စီမံချက်ချမှတ် တုံ့ပြန်ဆောင်ရွက်ရန်၊

(ဃ) Universal Health Coverage ကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန် တို့ဖြစ်သည်။

၃။ အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာနက ကြေညာချက်အမှတ် (၃/၂၀၂၁)ကိုထုတ်ပြန်၍ 

စစ်ကောင်စီ၏ အိမ်စောင့်အစိုးရအဖွဲ့အား မတရားအသင်းအဖြစ်ကြေညာလိုက်သည်။

၄။ မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော  ရေကြီးရေလျှံမှုများအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက  မွန်ပြည်နယ်တွင် မြေပြိုခြင်းကြောင့် နေအိမ်ထိခိုက်သွားသော မိသားစု ၉ စုအား တစ်စုလျှင် တစ်သိန်းနှုန်းဖြင့် ငွေကျပ် ကိုးသိန်း (၉၀၀,၀၀၀)ကို လည်းကောင်း၊  မြေပြိုခြင်းကြောင့် လူပိ ထိခိုက်ခဲ့သော မိသားစုအတွက် ငွေကျပ် တစ်သိန်း(၁၀၀,၀၀၀)ကို လည်းကောင်း၊ မွန်ပြည်နယ် ရှိ ရေဘေးသင့်ပြည်သူများအတွက် တစ်အိမ်ထောင်လျှင် ဆန် ၆ ပြည်အိတ် တစ်အိတ်နှုန်း ဖြင့် ဆန်အိတ် ၃၉၀ အိတ်အတွက် ကျသင့်ငွေ ကျပ် နှစ်ဆယ့်ခုနစ်သိန်း (၂,၇၀၀,၀၀၀)ကို လည်းကောင်း၊ ကရင်ပြည်နယ်ရှိ ရေဘေးသင့် ပြည်သူ ၂၈၀၀ အတွက် ဆန်ရိက္ခာဖိုး ငွေကျပ် နှစ်ဆယ့်ငါးသိန်း နှစ်သောင်း (၂,၅၂၀,၀၀၀)ကို လည်းကောင်း ပေးပို့ထောက်ပံ့ခဲ့သည်။ ဤ လူသားချင်းစာနာမှု အကူအညီများအတွက် ပူးပေါင်း ကူညီပေးကြသော ပြည်သူများကို အထူး ကျေးဇူး တင် ဂုဏ်ပြု အပ်ပါသည်။ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီး ဌာနသည် အခက်အခဲများကြားမှ ဘေးဖြစ်ပွားရာ နေရာများသို့ ကူညီထောက်ပံ့မှုများ ဆက်လက် ပြုလုပ် သွားမည်ဖြစ်ပါသည်။

၅။ ကိုဗစ် ကပ်ရောဂါဆိုးကြီးကြောင့်ခံစားနေရသော စိတ်ဖိစီးမှုသောကများ ပြေပျောက်လျော့ပါးစေရန် အတွက် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ပညာရှင်များ ပူးပေါင်း၍ Mind Healers -စိတ်ခွန်အားပေးသူများ စာမျက်နှာ (https://www.facebook.com/MindHealersMM/) က စိတ်လူမှုအထောက်အကူပြု နှစ်သိမ့်ဆွေးနွေးခြင်း ဝန်ဆောင်မှုကို အခမဲ့ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။