အပတ်စဉ်သတင်းထုတ်ပြန်ချက် (၁၀/၂၀၂၁)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားညီညွတ်ရေးအစိုးရ

www.nugmyanmar.org

အပတ်စဉ်သတင်းထုတ်ပြန်ချက် (၁၀/၂၀၂၁)

၃၀ ဇူလိုင် ၂၀၂၁ခုနှစ်

၁ ။ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ကြေညာချက်အမှတ် (၂/၂၀၂၁) ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ကြေညာချက်တွင် အကျဉ်းထောင်များတွင် အကျဉ်းသားများ၏ အသက်ရှင်သန်ခွင့်အတွက် လူ့အခွင့်အရေးနှင့်အညီ ဆေးကုသခွင့်ရရှိရေး၊ အကြမ်းဖက် ဖိနှိပ်မှုများ ချက်ချင်းရပ်တန့်ရေး နှင့် ဖိနှိပ်မှုများအပေါ် သက်ဆိုင်သူများ တာဝန်ယူရမည်ဖြစ်ကြောင်း၊ အကျဉ်းထောင်များအတွင်း ကိုဗစ် ၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုများ မြင့်တက်လျက်ရှိပြီး အခြေအနေ ဆိုးရွားနေသည့်အပေါ် အကြမ်းဖက်စစ်ကောင်စီအနေဖြင့် ထိရောက်သည့် ကာကွယ်ထိန်းချုပ်မှုနှင့် ကုသမှုများ ဆောင်ရွက်ပေးနိုင်မှု မရှိသည့်အပြင် အကျဉ်းထောင်တွင်း အမျိုးမျိုး သော ဖိနှိပ်ချုပ်ချယ်မှုများကိုသာ ဆောင်ရွက်လျက်ရှိနေသောကြောင့် ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့ မနက်တွင် အင်းစိန် အကျဉ်းထောင်အတွင်း ဖမ်းဆီးထိန်း သိမ်းခံထားရသည့် အကျဉ်းသား/သူများ၊ အချုပ်သား/သူများက ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် ခဲ့ကြကြောင်း၊ အကျဉ်းသား/သူများ၊ အချုပ်သား/သူများကို လုံလောက်သည့် ကျန်းမာရေး စောင့်ရှောက်မှု စီမံ ဆောင်ရွက်ပေးမှု မရှိခြင်း၊ မိသားစုဝင်များနှင့် အဆက်အသွယ်ဖြတ်တောက်ထားခြင်း၊ အင်အားသုံး နှိမ်နင်းခြင်း၊ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းဖြစ်စဉ်အပေါ် သတင်းမီဒီယာ များနှင့် နိုင်ငံတကာ အဖွဲ့အစည်း များကို လေ့လာခွင့်မပြုဘဲ သတင်းထိမ်ချန် ကွယ်ဝှက်ထားခြင်း များသည် အလွန်ဆိုးဝါးသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်သည့်အပြင် ရာဇဝတ်မှုမြောက် သည့် လုပ်ရပ်များဖြစ်သဖြင့် အဆိုပါလုပ်ရပ်များနှင့် နောက်ဆက်တွဲဆိုးကျိုးများအတွက် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီနှင့် အကျဉ်းထောင်တာဝန် ရှိသူများတွင် အပြည့်အဝ တာဝန်ရှိပြီး၊ အပြည့်အဝ တာဝန်ယူရမည်ဖြစ်ကြောင်း၊ အကျဉ်းထောင်တာဝန်ရှိ သူများအနေဖြင့် အကျဉ်းသား/သူများ၊ အချုပ်သား/သူများ၏ အခြေခံလူ့အခွင့်အရေးများဖြစ်သော လုံလောက်သည့်ဆေးကုသခွင့် လူ့ဂုဏ်သိက္ခာနှင့်အညီ နေထိုင် နိုင်ခွင့်နှင့် လွတ်လပ်စွာ အသက်ရှင်သန်ခွင့်များကို အမြန်ဆုံးထိရောက်စွာ ကာကွယ်ပေးရန် လိုအပ်ကြောင်း၊ ယခုဖြစ်ရပ်များနှင့် ပတ်သက်၍ သတင်းအချက်အလက်များ၊ သက်သေအထောက်အထား များ ရရှိပါက အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝန်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၏ https://mohai.nugmyanmar.org (ဆက်သွယ်ရန် ကဏ္ဍ) သို့ ဆက်သွယ်ပေးပို့ကြပါရန်နှင့် ယခု ကဲ့သို့ အကျဉ်းသား/သူများ၊ အချုပ်သား/သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ရာဇဝတ်မှု ကျူးလွန်ခြင်း ဖြစ်စဉ်များ နှင့်စပ်လျဉ်း၍ ကျူးလွန်ခံရသူများ၏ ထိခိုက်နစ်နာမှုများကို ပြန်လည် ကုစားပေး နိုင်ရေးနှင့် ကျူးလွန်သူ များကို တရားဥပဒေနှင့်အညီ ထိရောက်စွာ အပြစ်ပေးအရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းတို့ပါဝင်သည်။ 

၂။ ပြည်ထောင်စုသမ္မမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဦးမော်ထွန်းအောင်အား ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက အတည်ပြု ခန့်အပ်တာဝန်ပေးအပ်ခဲ့သည်။ 

၃။ အမျိုးသားညီညွတ်ရေးအစိုးရတွင် တာဝန်ထမ်းဆောင်မည့် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတိုးအောင် နှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်တို့သည် ယနေ့ နံနက် (၁၀) နာရီအချိန်တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီရှေ့မှောက်တွင် ကျမ်းသစ္စာကျိန်ဆို ခဲ့ကြပါသည်။

၄။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကျန်းမာရေးဝန်ကြီးဌာနနှင့် တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများ ပူးပေါင်း၍ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော COVID-19 ကူးစက်ကပ်ရောဂါအား ကာကွယ်၊ ထိန်းချုပ်၊ ကုသပေးနိုင်ရန် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့ (COVID-19 Task Force – CTF) ကို (၁၇-၇-၂၀၂၁) ရက်နေ့တွင် ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၏ သတင်းစာရှင်းလင်းပွဲ အမှတ် (၃/၂၀၂၁) ကို (၂၅-၇-၂၀၂၁) ရက်နေ့တွင် ကျင်းပခဲ့ပြီး COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို ပြည်ထောင်စုဝန်ကြီးများနှင့် CTF တို့မှ တာဝန်ရှိသူများက ရှင်းလင်းဖြေကြားခဲ့ပါသည်။ ကျန်းမာရေးဝန်ကြီးဌာနသည် တိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်း (EHO) အားလုံး၏ ကိုယ်စားလှယ်များနှင့် (၁) ပတ်လျှင် (၃) ကြိမ် ပုံမှန်ဆွေးနွေးညှိနှိုင်း၍လည်းကောင်း General Strike Committee နှင့် တစ်ပတ် (၁) ကြိမ် တွေ့ဆုံ၍လည်းကောင်း လက်တွဲဆောင်ရွက်နေပါသည်။ ပြည်နယ်တိုင်းကိုယ်စားလှယ်များနှင့် ပုံမှန်တွေ့ဆုံ၍ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။ ကျန်းမာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် EHO အဖွဲ့များသည် ကမ္ဘာ့ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် တွေ့ဆုံ၍ COVID-19 ရောဂါ ကာကွယ်ဆေးရရှိရေးကိစ္စများ အတွက် ညှိနှိုင်းဆွေးနွေးလျက်ရှိပါသည်။ ကာကွယ်ဆေးထိုးနှံပေးမည့် ကျန်းမာရေး ဝန်ထမ်းများစာရင်းနှင့် အထိုးနှံခံမည့် ပြည်သူများစာရင်းကိုလည်း ကောက်ယူလျက်ရှိပါသည်။ ကျန်းမာရေးဝန်ကြီး ဌာနသည် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနနှင့် ပူးပေါင်း၍ COVID-19 ရောဂါဖြင့် သေဆုံးသူများစာရင်း ကောက်ယူရေး ဆောင်ရွက်လျက်ရှိပါသည်။ ကျန်းမာရေးဝန်ကြီးဌာနသည် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လအတွင်း ပြည်သူများ၏ စုပေါင်းအလှူငွေကျပ် (၂၃၆၂.၂) သိန်း လက်ခံရရှိခဲ့ပြီး Oxygen concentrator များ၊ PPE, Mask အပါအဝင် ရောဂါကာကွယ်ရေးပစ္စည်းများ၊ ဆေးနှင့်ဆေးပစ္စည်းများ၊ COVID-19 Test Kit များ၊ COVID-19 သံသယဖြင့် သေဆုံးသူများကို ထုပ်ပိုးနိုင်သည့် Body Bag များ အစရှိသည်တို့ကို တိုင်းရင်းသား ဒေသများနှင့် လိုအပ်သည့် မြို့ရွာများသို့ ပေးပို့လှူဒါန်းလျက်ရှိပါသည်။ နိုင်ငံရေးအကျဉ်းသားများအတွက် လိုအပ်သည့် ဆေးဝါးများကိုလည်း ထောက်ပံ့ပေးလျက်ရှိပါသည်။ COVID-19 ရောဂါနှင့် မိခင်နို့ချိုတိုက်ကျွေး ခြင်းအကြောင်း သိကောင်း စရာများ၊ COVID-19 ကို ကြံ့ကြံ့ခံဖို့ အာဟာရပြည့်အောင် စားကြစို့ အပါအဝင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းလမ်းညွှန်များကို ထုတ်ပြန်ခဲ့ပါသည်။ (၁၆-၇-၂၀၂၁) ရက်နေ့မှ (၂၈-၇-၂၀၂၁) ရက်နေ့အထိ NUG ကျန်းမာရေး ဝန်ကြီးဌာန (MOH) ၏ တယ်လီကျန်းမာ (https://facebook.com/telehealthmm) အခမဲ့ COVID-19 Telegram Channel  ဆေးခန်းများတွင် ကုသမှု ခံယူသူ COVID-19 သံသယလူနာ (၃၀,၀၀၀) ကျော်ရှိ ခဲ့ပါသည်။ CDM ဝန်ထမ်းများနှင့် တော်လှန်ရေး အင်အားစုများအတွက် သီးသန့်  COVID-19 Telegram Channel ကိုလည်း (၂၄-၇-၂၀၂၁) ရက်နေ့က စတင် ဖွင့်လှစ်ခဲ့ပြီး နေ့စဉ် နံနက် (၈) နာရီကနေ ညနေ (၄) နာရီအထိ ဆွေးနွေးကုသမှုများ ပြုလုပ်ပေးနေပြီ ဖြစ်ပါသည်။ NUG MOH အခမဲ့ တယ်လီကျန်းမာဆေးခန်းများအပြင် CDM ကျန်းမာရေးဝန်ထမ်းများ လုပ်ဆောင် နေသည့် အခမဲ့ တယ်လီကျန်းမာအစီအစဉ်နှင့် ဝန်ဆောင်မှုပေါင်း (၄၆) ခုကျော်လည်း ရှိပါသည်။ ကျန်းမာရေး ဝန်ကြီးဌာနသည် တိုင်းပြည်နယ်အသီးသီးရှိ ပရဟိတအသင်းများ၊ မြေပြင်ကျန်းမာရေးစောင့်ရှောက်မှုပေးသည့် အဖွဲ့များနှင့်လည်း ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါသည်။ NUG ကျန်းမာရေးဝန်ကြီးဌာန၏ Facebook Page (https://facebook.com/MoHNUGMyanmar) မှ COVID-19 ကျန်းမာရေးပညာပေးအချက်အလက်များသည် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လအတွင်း ပြည်သူလူထု (၅) သန်းကျော်သို့ ပျံ့နှံ့ရောက်ရှိခဲ့ပါသည်။ ၂၀၂၁ ခုနှစ်၊ ဇူလိုင် (၄) ရက်နေ့ မှ (၂၈) ရက်နေ့ထိ NUG MOH ၏ COVID-19 Knowledge Centre (ကိုဗစ်-၁၉ ဗဟုသုတစင်တာ) Facebook Page (https://facebook.com/ckcmohnugmm) မှ COVID-19 ဗဟုသုတဆိုင်ရာ အကြောင်းအရာ များ ပြည်သူလူထု (၂) သန်းကျော်ထံ ပျံ့နှံ့ရောက်ရှိခဲ့ပါသည်။ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပညာပေးအစီအစဉ် များကို ကျန်းမာရေးဝန်ကြီးဌာန၏ Website (https://moh.nugmyanmar.org) နှင့် လူမှုကွန်ရက်များမှတစ်ဆင့် နေ့စဉ်ဖြန့်ဝေ ပေးလျက်ရှိပါသည်။ အထူးသဖြင့် “ပြည်သူမှ ပြည်သူသို့” အစီအစဉ်ဖြင့် အင်တာဗျူးအစီအစဉ်များ ထုတ်လွှင့်ခြင်း၊ “COVID-19 ဆိုင်ရာ လွဲမှားသော အယူအဆများ” အင်တာဗျူး အစီအစဉ်များ ထုတ်လွှင့်ခြင်း၊ “COVID-19 အကြောင်း သိကောင်းစရာ များ” အစီအစဉ်များ ထုတ်လွှင့်ခြင်း၊ COVID-19  Webinar Series များကို အပတ်စဉ် ဆောင်ရွက်လျက်ရှိရာ Webinar အကြိမ်ရေ (၁၀) ကြိမ်အထိ ရှိခဲ့ပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ “လွတ်လပ်စွာ အသက်ရှုခွင့် - Right to Breathe" Campaign နှင့် "ပြည်သူ့အသက်ကယ် ကျန်းမာရေးဝန်ထမ်းများကို ဖမ်းဆီးနှိပ်စက်ခြင်း ရပ်တန့်ရေး" Campaign ကိုလည်း အရှိန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။ ယခု COVID-19 တတိယလှိုင်းတွင် COVID-19 ရောဂါ ကူးစက်ဖြစ်ပွားသေဆုံးမှု အရေအတွက်သည် အကြမ်းဖက်စစ်ကောင်စီက ထုတ်ပြန်ထားသည့် အရေ အတွက်ထက် (၃) ဆ သို့မဟုတ် (၄) ဆ ခန့် ပိုမိုများပြားနိုင်ကြောင်း လေ့လာစိစစ် တွေ့ရှိရပါသည်။