ကြားကာလပြည်သူ့တရားစီရင်ရေးဖော်ဆောင်မှုကော်မတီအစည်းအဝေး (၁/၂၀၂၄) ကျင်းပပြုလုပ်

ကြားကာလပြည်သူ့တရားစီရင်ရေးဖော်ဆောင်မှုကော်မတီအစည်းအဝေး (၁/၂၀၂၄) ကျင်းပပြုလုပ်

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလပြည်သူ့တရားစီရင်ရေးဖော်ဆောင်မှု ကော်မတီ အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၄) ကို ယနေ့ မွန်းလွဲ(၀၃:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ကြားကာလပြည်သူ့တရားစီရင်ရေးဖော်ဆောင်မှုကော်မတီ အစည်းအဝေးတွင် ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာ စကားပြောကြားခဲ့သည်။ပြည်ထောင်စုဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် "စစ်ရေးအရှိန်မြင့်ဖိအားပေးလာနိုင်သည်နှင့် ကျွန်တော်တို့အစိုးရအနေနဲ့ နယ်မြေများ တိုက်ခိုက် စိုးမိုး သိမ်းပိုက်လာနိုင်ပြီး ၎င်းနယ်မြေများရှိ ပြည်သူများရဲ့လုံခြုံရေးကဏ္ဍ၊ ပြည်သူ့အုပ်ချုပ်ရေးကဏ္ဍ၊ ပြည်သူများ ရဲ့နေ့စဉ်လူမှုဘ၀ကို အကာအကွယ်ပေးနိုင်ရေးကဏ္ဍများနဲ့အတူ တရားဥပဒေစိုးမိုးမှုနှင့် တရားစီရင်ရေးစနစ်ကို ပြည်သူများ လက်လှမ်းမှီလာနိုင်ရေးဟာ အင်မတန်မှအရေးကြီးလာပြီဖြစ်ပါကြောင်း။ ဒါကြောင့် ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ထိန်းချုပ်စိုးမိုးနယ်မြေများတွင် လွတ်လပ်၍ မျှတသော တရား စီရင်ရေးတစ်ရပ် လွှမ်းခြုံ၀န်ဆောင်မှု ပြုနိုင်စေရန်အတွက် ကြားကာလပြည်သူ့ တရားစီရင်ရေး ဖော်ဆောင်မှု ကော်မတီဖွဲ့စည်းပြီး focal ဖြစ်တဲ့ တရားရေးဝန်ကြီးဌာက ဦးဆောင်ပြီး ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ကျန်၀န်ကြီးဌာနများ ပေါင်းစပ်ကာ ကြိုးစား ဖော်ဆောင်လျက်ရှိသည်မှာလည်း အားလုံးအသိပဲ ဖြစ်ပါကြောင်း။ ကြားကာလမှာ ဖော်ဆောင်ရသည်ဖြစ်၍ အခက်အခဲများရှိသည့်အလျှောက် ပြည်သူများအနေနဲ့လဲ နားလည်ခွင့်လွှတ်သလို ယုံကြည်ပူးပေါင်းပေးကြစေလိုပါကြောင်း။ တရားစီရင်ရေး၊ တရားဥပဒေစိုးမိုးရေး ကဏ္ဍဟာ တကယ်တမ်း မြန်မာပြည်မှာ ပြိုလဲပျက်စည်းခဲ့သည်မှာ ကြာပြီဖြစ်သည့်အလျှောက် တရားရေးအသိပညာပြန့်ပွါးရေး ပြည်သူများပူးပေါင်းပါဝင်အောင် အစကနေ မူသစ် စိတ်သစ်ဖြင့် ပြန်လည်တည်ဆောက်ကြရမှာဖြစ်ကြောင်း။ ကျွန်တော်တို့ စိုးမိုးထိန်းချုပ်ဒေသများမှာ တရားဥပဒေစိုးမိုးရေးနဲ့ လွတ်လပ်ပြီး မျှတတဲ့ တရား စီရင်မှု လုပ်ငန်းများဖြစ်ထွန်းအောင်မြင်စေဖို့ရန်ကတော့ အစိုးရဌာနတိုင်ရာတာဝန်ရှိသူများအားလုံး တတ်စွမ်းသလောက် ဝိုင်းဝန်း ဝါယမစိုက်ထုတ် အကောင်အထည်ဖော်ကြရမှာပဲ ဖြစ်ပါကြောင်း" အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလပြည်သူ့တရားစီရင်ရေးဖော်ဆောင်မှုကော်မတီအဖွဲ့ဝင်များမှ (၁၁/၂၀၂၃) တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါသည်။အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို ညနေ(၄:၃၀)နာရီအချိန်တွင်အောင်မြင်စွာရပ်နားခဲ့ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရက ကရင်နှစ်သစ်ကူးနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

အမျိုးသားညီညွတ်ရေးအစိုးရက ကရင်နှစ်သစ်ကူးနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရhttps://nugmyanmar.org၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်အမျိုးသားညီညွတ်ရေးအစိုးရက ကရင်နှစ်သစ်ကူးနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ၁။  ယနေ့ကျရောက်သည့် ကရင်သက္ကရာဇ် ၂၇၆၃ခုနှစ်၊ ကရင်နှစ်သစ်ကူးနေ့ အခါသမယတွင် ပြည်ထောင်စုဖွား ကရင်တိုင်းရင်းသား လူမျိုးများအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြလျက် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသည့် ကရင်ပြည်ကို အစပြုထူထောင်နိုင်သည့် မင်္ဂလာနှစ်သစ်ဖြစ်ပါကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။၂။ ရိုးသားပွင့်လင်းသည့် ကရင်တိုင်းရင်းသားတို့သည် နှစ်သစ်ကူးအခါသမယတွင် ရိုးရာယဉ် ကျေးမှုများကို ပြန်လည်ဖော်ထုတ်ထိန်းသိမ်းသည့် ပွဲလမ်းသဘင်များကို ပြည်တွင်းနှင့် ကရင်တိုင်း ရင်းသားများ စုပေါင်းရောက်ရှိနေထိုင်ရာ ပြည်ပနိုင်ငံအသီးသီးတွင် နှစ်စဉ် ဂုဏ်ယူစွာ ကျင်းပပြုလုပ်လျက်ရှိပါသည်။၃။ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အကြမ်းဖက်စစ်အုပ်စု၏ မတရား အာဏာသိမ်းယူ ရန် ကြိုးပမ်းမှုနောက်ပိုင်းတွင် ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံး၏ မူလဘူတ အခြေခံအခွင့် အရေးများ ပျက်သုန်းကာ တိုင်းရင်းသားတို့၏ ကိုယ်ပိုင် ဓလေ့ထုံးတမ်းများ၊ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို လက်ဆင့်ကမ်းထိန်းသိမ်းနိုင်သည့် အခွင့်အလမ်းများကိုလည်း အကြမ်းဖက် စစ်အုပ်စုက အကြောင်းအမျိုးမျိုးပြကာ တားဆီးပိတ်ပင်ခဲ့ကြသည်ကို စိတ်မကောင်းဖွယ်ရာ တွေ့ကြုံခံစားခဲ့ကြရပါသည်။၄။ ၂၀၂၃ခုနှစ်နှောင်းပိုင်းတွင် မြန်မာနိုင်ငံနေရာအနှံ့အပြားမှ တိုင်းရင်းသား မဟာမိတ်တော်လှန် ရေးအင်အားစုများက အကြမ်းဖက်စစ်အုပ်စုကို အပြင်းအထန် ဖိနှိပ်တိုက်ခိုက်မှုများကြောင့် အကြမ်း ဖက်စစ်အုပ်စုအတွင်း စိတ်ဓာတ်နှင့် အင်အားယိုစီးမှုများဖြစ်ပေါ်လာပြီး တော်လှန်ရေးအင်အားစု များဘက်မှ အောင်ပွဲအလီလီ ရယူသိမ်းပိုက်နိုင်ခဲ့သည်ကို မျက်ဝါးထင်ထင် တွေ့မြင်လာကြပြီဖြစ်ပါသည်။၅။ ၂၇၆၃ခုနှစ်၊ ကရင်နှစ်သစ်ကူးနေ့ အခါသမယမှစ၍ တစ်နိုင်ငံလုံးမှ တော်လှန်ရေးအင်အားစု များနှင့်အတူ အကြမ်းဖက်စစ်အုပ်စုကို ပြိုလဲသည်အထိ လက်တွဲညီညီ တိုက်ထုတ်ကာ တန်းတူညီမျှမှု နှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသည့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကို ထူထောင်ပြီး ကရင်တိုင်းရင်းသားတို့၏ လူမျိုးဂုဏ်၊ ဇာတိဂုဏ်ကို မြှင့်တင်နိုင်ကြပါစေကြောင်း ဆန္ဒပြုရင်း ဤ ကရင်နှစ်သစ်ကူးနေ့ သဝဏ်လွှာအား ပေးပို့အပ်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ

စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ တမူးမြို့နယ်၊ ကနန်ကျေးရွာရှိ အရပ်သားပြည်သူများအား အကြမ်းဖက်မြန်မာစစ်တပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဥ်နှင့် ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်

စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ တမူးမြို့နယ်၊ ကနန်ကျေးရွာရှိ အရပ်သားပြည်သူများအား အကြမ်းဖက်မြန်မာစစ်တပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဥ်နှင့် ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရ"စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ တမူးမြို့နယ်၊ ကနန်ကျေးရွာရှိ အရပ်သားပြည်သူများအား အကြမ်းဖက်မြန်မာစစ်တပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဥ်နှင့် ပတ်သက်သည့် ထုတ်ပြန်ကြေညာချက် "၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက် နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ တမူးမြို့နယ်၊ ကနန်ကျေးရွာ အား အကြမ်းဖက်စစ်တပ်မှ လေကြောင်းတိုက်ခိုက်မှု ကျူးလွန်ခဲ့ပါသည်။ တနင်္ဂနွေ ဘုရားကျောင်းဝတ်ပြုပွဲ ရှိသည့်အချိန်တွင် အရပ်သားပြည်သူများ စည်ကားနေသည့် ရပ်ရွာအပေါ်သို့ ဖျက်အားပြင်းဗုံးများ ကြဲချတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ အများအပြား ထိခိုက်သေဆုံး ဒဏ်ရာရခဲ့ကြသည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် ယခုကြေညာချက်ထုတ်ပြန်သည့်အချိန်အထိ အတည်ပြုထားနိုင်သည်မှာ အသက် ၅ နှစ်မှ ၁၇ နှစ်ကြား ကလေးသူငယ်သေဆုံးသူဦးရေ (၉) ဦး အပါအဝင် စုစုပေါင်းသေဆုံးသူ (၁၇) ဦးနှင့် ဒဏ်ရာရရှိသူစုစုပေါင်း (၁၉) ဦး ရှိသည်ဟု သိရှိထားရပါသည်။အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ယုံကြည်စိတ်ချရသော သတင်းများအပေါ်အခြေခံ၍ ၃၁ ဒီဇင်ဘာ ၂၀၂၃ အထိ ရရှိထားသော အထောက်အထားများနှင့် စာရင်းများအရ မင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက်စစ်တပ်က မတရားအာဏာသိမ်းယူရန် ကြိုးစားခဲ့သည့်နေ့မှစ၍ ကျူးလွန်လျက်ရှိသော အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အသက် ၁၈ နှစ်အောက်ကလေးသူငယ် (၆၂၇) ဦး၊ အမျိုးသမီး (၁၀၁၇) ဦး သေဆုံးခဲ့ရပြီးဖြစ်သည်။ လေကြောင်းအသုံးပြု၍ အပြစ်မဲ့ပြည်သူများရှိရာ ရပ်ရွာများအား တိုက်ခိုက်မှုပေါင်း (၅၈၃) ကြိမ် ကျူးလွန်ခဲ့ပြီး သေဆုံးသူအရပ်သား (၈၉၇) ဦး၊ ဘာသာရေးအဆောက်အဦးပေါင်း (၇၆) ခုနှင့် စာသင်ကျောင်းပေါင်း (၅၂) ကျောင်း ပျက်စီးဆုံးရှုံးခဲ့ပြီးဖြစ်သည်။ အကြမ်းဖက်စစ်တပ်သည် နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေးမျက်နှာစာအားလုံးတွင် ပိုမိုရှုံးနိမ့်လာသည်နှင့်အမျှ အရပ်သားပြည်သူများအား လေကြောင်းမှ ဖျက်အားပြင်းဗုံးများအသုံးပြုပြီး ပိုမိုတိုးမြှင့် အကြမ်းဖက်သတ်ဖြတ်လာကြောင်း သက်သေအထောက်အထား အများအပြားရရှိလျက်ရှိပါသည်။ အကြမ်းဖက်စစ်တပ်သည် အာဆီယံအဖွဲ့၏ အချက် (၅) ချက်ပါ ဘုံသဘောတူညီချက် (5 Points Consensus)၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာ့အရေးဆုံးဖြတ်ချက် ၂၆၆၉ (UN Security Council Resolution 2669) စသည်တို့ကို လုံးဝ လေးစားလိုက်နာမှု မရှိသည့်အပြင် ကလေးသူငယ်များကို သတ်ဖြတ်ခြင်း၊ ထိခိုက်ဒဏ်ရာ ရစေခြင်းနှင့် ရပ်ရွာ၊ ဘာသာရေးအဆောက်အဦးများ၊ စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းတို့သည် နိုင်ငံတကာ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှု ဥပဒေများ၊ စာချုပ်စာတမ်းများ၊ အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာလူ့အခွင့်အရေး သဘောတူစာချုပ်များ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်၊ ဂျနီဗာသဘောတူစာချုပ်၊ ရောမဥပဒေသတို့ကို ချိုးဖောက်နေခြင်းဖြစ်သည်။ ထိုပြစ်မှုများသည် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ မြောက်နေသည့်အတွက် လုံခြုံရေးကောင်စီအနေဖြင့် နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းပေးရန် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးကိုယ်တိုင် တိုက်တွန်းထားပြီး ဖြစ်သည်။အဆိုပါကျူးလွန်မှုများတွင်ပါဝင်သော အမိန့်ပေးစေခိုင်းသူ၊ လက်ရောက်ကျူးလွန်သူ၊ အားပေးအားမြှောက် ပြုသူနှင့် တာဝန်ရှိသူအဆင့်ဆင့်ကို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပြည်တွင်း တရားစီရင်ရေးစနစ်ဖြင့် ဖမ်းဆီးအရေးယူပြစ်ဒဏ်ချနိုင်ရေး အားထုတ်ဆောင်ရွက်သွားမည် ဖြစ်သည်။ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများအနေဖြင့်လည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာ့အရေးဆုံးဖြတ်ချက် ၂၆၆၉ (UN Security Council Resolution 2669) နောက်ဆက်တွဲအဖြစ် အကြမ်းဖက်စစ်တပ်အပေါ်  ပိုမိုထိရောက်သည့် စီးပွားရေးပိတ်ဆို့မှုများနှင့် လေယာဥ်ဆီ အပါအဝင် လက်နက်ခဲယမ်း တင်ပို့ရောင်းချခြင်းကို ပိတ်ဆို့မှုတို့ ပါဝင်သော ဆုံးဖြတ်ချက်အသစ်နှင့် ထိရောက်သောအရေးယူဆောင်ရွက်မှုများ ထွက်ပေါ်လာအောင် ဝိုင်းဝန်းလုပ်ဆောင်ပေးရန် လိုအပ်သည်။ ကျူးလွန်မှုများအတွက် အကြမ်းဖက်စစ်တပ် တာဝန်ခံမှုရှိစေမည့် နိုင်ငံတကာ၊ ဒေသဆိုင်ရာနှင့် တစ်နိုင်ငံချင်း တရားစွဲဆို အရေးယူနိုင်ရေး ကြိုးပမ်းမှုများတွင်လည်း ပါဝင်အားထုတ်လုပ်ဆောင်ကြရန် တောင်းဆိုလိုက်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ

ကနန်ရွာ အတွင်းရှိ  အရပ်သားပြည်သူများအပေါ်  အကြမ်းဖက်စစ်အုပ်စုကလေကြောင်းဖြင့်တိုက်ခိုက်မှုဖြစ်စဉ်

ကနန်ရွာ အတွင်းရှိ အရပ်သားပြည်သူများအပေါ် အကြမ်းဖက်စစ်အုပ်စုကလေကြောင်းဖြင့်တိုက်ခိုက်မှုဖြစ်စဉ်

"စစ်ကိုင်းတိုင်း ၊ တမူးခရိုင်၊ တမူးမြို့နယ်၊ ခါမ်းပါတ်မြို့နယ်(ခွဲ)၊ ကနန်ရွာ အတွင်းရှိ  အရပ်သားပြည်သူများအပေါ်  အကြမ်းဖက်စစ်အုပ်စုကလေကြောင်းဖြင့်တိုက်ခိုက်မှုဖြစ်စဉ်"====================================၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၇) ရက်နေ့၊ နံနက် (၁၀) နာရီ (၅၀) မိနစ်တွင် တိုက်ပွဲများလုံးဝဖြစ်ပွားထားခြင်း မရှိသည့် စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ တမူးမြို့နယ်၊ ခါမ်းပါတ်မြို့နယ်(ခွဲ)၊ ကနန်ရွာသို့ အကြမ်းဖက်စစ်အုပ်စုက A-5 တိုက်လေယာဉ်ဖြင့် ပေါက်ကွဲအား ပြင်းထန်သော ဗုံးများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပါသည်။အဆိုပါ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အသက် (၅) နှစ်အရွယ် ကလေးငယ် အပါအဝင် ပြည်သူ (၁၇) ဦးသည်   ခြေ၊ လက်ပြတ်တောက်ခြင်း၊ ဦးခေါင်းထိမှန်ခြင်း၊ ဝမ်းဗိုက်များပွင့်ကာ အူများထွက်ကြခြင်း စသည့်ပုံစံများဖြင့် သေဆုံးခဲ့ကြရသည်။ ထို့အပြင် အသက်(၃) နှစ်အရွယ် ကလေးငယ် အပါအဝင် ပြည်သူ စုစုပေါင်း (၁၉) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ နေအိမ် (၁၀) လုံးခန့်ထိမှန်ပျက်စီးခဲ့ကာ စာသင်ကျောင်းနှစ်ထပ်ဆောင်(၂)လုံးနှင့် ခရစ်ယာန်ဘုရားကျောင်း လည်း ထိမှန်ပျက်စီးခဲ့သည်။အသေးစိတ်အချက်အလက်များကို အောက်ပါ Infograph တွင် အသေးစိတ်လေ့လာနိုင်ပါသည်။ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမည်။

ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဝန်ကြီးဌာန၊ ပုံမှန်အစည်းအဝေး (၁/၂၀၁၄) ကျင်းပပြုလုပ်။

ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဝန်ကြီးဌာန၊ ပုံမှန်အစည်းအဝေး (၁/၂၀၁၄) ကျင်းပပြုလုပ်။

ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဝန်ကြီးဌာန၏ ဝန်ကြီးဌာနအတွင်း ပုံမှန်အစည်းအဝေး (၁/၂၀၂၄) ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။ ယင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆလိုင်းလျန်မှုန်းမှ အဖွင့်နှုတ်ဆက်စကားပြောခြင်းဖြင့် အစည်းအဝေးကို စတင်ခဲ့ပါသည်။ ၂၀၂၄ ခုနှစ်အတွက် work plan  ပြုစုရန်၊ FSCC ကော်မရှင်အစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်ရန်၊ ဌာနအလိုက် planning များပြုလုပ်ရန် မှာကြားခဲ့သည်။ ထို့နောက် ဌာနအသီးသီးမှ လုပ်ငန်းဆောင်ရွက်မှုများနှင့် ရှေ့လုပ်ငန်းစဉ်များကို အသီးသီးတင်ပြခဲ့ကြသည်။   

အမျိုးသားညီညွတ်ရေးအစိုးရ၏ တရုတ်နိုင်ငံဆိုင်ရာ သဘောထား

အမျိုးသားညီညွတ်ရေးအစိုးရ၏ တရုတ်နိုင်ငံဆိုင်ရာ သဘောထား

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနသတင်းထုတ်ပြန်ချက် (၁/၂၀၂၄)၁၃၈၅ ခုနှစ်၊ နတ်တော်လဆုတ် ၅ ရက်(၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်)အမျိုးသားညီညွတ်ရေးအစိုးရ၏ တရုတ်နိုင်ငံဆိုင်ရာ သဘောထား1။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရသည် ပြည်သူကို ဗဟိုပြုသည့် စံတန်ဖိုးများကို ဖော်ဆောင်သော ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်ရန် ရည်မှန်းထားသည်နှင့်အညီ လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ချမှတ် လိုက်နာကျင့်သုံးလျက်ရှိသည်။2။ မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့သည် နှစ်နိုင်ငံအကြား သမိုင်းကြောင်း အရ အလွန်ခိုင်မာ၍ နီးကပ်သည့်ဆက်နွှယ်မှု အစဉ်အလာများရှိသည်သာမက တရုတ်နိုင်ငံသည် ကမ္ဘာ့အင်အားကြီးနိုင်ငံ တစ်နိုင်ငံ ဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံအတွက် အထူးအရေးပါသည့်နိုင်ငံဖြစ်သည်ဟု ခံယူသည်။3။ မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့သည် နယ်နိမိတ်အားဖြင့် ကီလိုမီတာ နှစ်ထောင်ကျော် ထိစပ်လျက်ရှိပြီး၊ ကမ္ဘာတည်သရွေ့ အတူယှဉ်တွဲ နေထိုင်သွားရမည့် အိမ်နီးချင်းနိုင်ငံများဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံအနေဖြင့် နှစ်နိုင်ငံကြား စစ်မှန်သည့် “ဆွေမျိုး-ပေါက်ဖော်” ဆက်ဆံရေးတည်ဆောက်သွားမည်။ တရုတ်နိုင်ငံအတွက် အိမ်နီးချင်းကောင်း ဖြစ်ရေး မြန်မာနိုင်ငံက အမြဲ ကြိုးပမ်း၊ ရပ်တည်မည်။4။ တရုတ် တစ်နိုင်ငံတည်း မူဝါဒကို ဆက်လက်ထောက်ခံကျင့်သုံးမည်။ 5။ တရုတ်နှင့်မြန်မာ နှစ်နိုင်ငံကြား ပြည်သူနှင့်ပြည်သူ ဆက်ဆံရေးကို အလေးထားလျက် အပြန်အလှန် ချစ်ကြည်မှု၊ ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အစွမ်းကုန် မြှင့်တင်၊ ဆောင်ရွက်သွားမည်။6။ နှစ်နိုင်ငံကြား လူမှုစီးပွားအရ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများကို အစဉ်သဖြင့် ထိန်းသိမ်း၊ မြှင့်တင်၊ ဆောင်ရွက်သွားမည်။7။ နှစ်နိုင်ငံပြည်သူများ၏အကျိုးစီးပွားဖြစ်ထွန်းရေးကိုမျှော်ရည်လျှက် မြန်မာနိုင်ငံတွင်းရှိ တရုတ်နိုင်ငံ၏ စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှုများနှင့် အခြားလူမှုစီးပွားလုပ်ငန်းများ၏ လုံခြုံရေး ကို ထိန်းသိမ်းကာကွယ်မည်။8။ အိမ်နီးချင်းနိုင်ငံများ၏ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်နေသည့် မည်သည့် အဖွဲ့ အစည်းကိုမျှ မြန်မာ့ပိုင်နက်အတွင်း အခြေချခွင့်မပြု။ 9။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမတိုင်ခင် နှစ်နိုင်ငံ နယ်နိမိတ်သတ်မှတ်မှုစာချုပ်များ အပါအဝင် နှစ်နိုင်ငံကြား သဘောတူချုပ်ဆိုခဲ့သည့် စာချုပ်များအားလုံးကို မြန်မာနိုင်ငံမှ တာဝန်ယူ ဆက်ခံမည်။10။ နှစ်နိုင်ငံ နယ်စပ်တည်ငြိမ်ရေး နှင့် လုံခြုံရေးသာမက ဒေသတွင်း တည်ငြိမ်ရေးနှင့် လုံခြုံရေးကိုပါ  ထိခိုက်စေသည့် ကျားဖြန့် အွန်လိုင်း လိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်း၊ လူကုန်ကူးမှုလုပ်ငန်း၊ မူးယစ်ဆေးဝါးလုပ်ငန်းများအပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ် မှုခင်းများကို တရုတ်နိုင်ငံ အပါအဝင် ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်း၍ တိုက်ဖျက်သွားမည်။နိုင်ငံခြားရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ

နှစ်သစ်ကူးပူးတွဲထုတ်ပြန်ကြေညာချက် ( ၁ / ၂၀၂၄ )

နှစ်သစ်ကူးပူးတွဲထုတ်ပြန်ကြေညာချက် ( ၁ / ၂၀၂၄ )

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီနှင့် အမျိုးသားညီညွတ်ရေးအစိုးရနှစ်သစ်ကူးပူးတွဲထုတ်ပြန်ကြေညာချက် ( ၁ /  ၂၀၂၄ )၁၃၈၅ ခုနှစ်၊ နတ်တော်လဆုတ် ၅  ရက်နေ့(၂၀၂၄ ခုနှစ် ၊ ဇန်နဝါရီလ ၁ ရက်)စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်ဟူသမျှချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် လက်တွဲတိုက်ပွဲဝင်နေကြသော တော်လှန်ရေး အင်အားစု အသီးသီးကို ဂုဏ်ပြုသောအားဖြင့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က ဤ ၂၀၂၄ ခုနှစ်၊ နှစ်သစ်ကူးပူးတွဲထုတ်ပြန်ကြေညာချက် ကို ထုတ်ပြန်အပ်ပါသည်။၁။ အကြမ်းဖက် စစ်အာဏာသိမ်းရန် ကြိုးပမ်းချိန်မှစ၍ ယနေ့ထိတိုင် သုံးနှစ်နီးပါးကြာ နည်းလမ်း ပေါင်းစုံဖြင့် ပြည်သူလူထုတရပ်လုံး ကြိုးပမ်းတော်လှန်ခဲ့ကြသော တော်လှန်ရေးကြီးသည် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် တော်လှန်ရေးအင်အားစုအားလုံး၏ စုစည်းညီညွတ်မှုဖြင့် ၁၀၂၇ စစ်ဆင်ရေး၊ ၁၁၁၁ စစ်ဆင်ရေးတို့နှင့်အတူ နိုင်ငံတဝန်း အချိန်ကိုက်ထိုးစစ်များဖြင့် သိသာထင်ရှား၍ လက်တွေ့ကျသည့် အောင်မြင်မှုများ ရရှိနေပြီ ဖြစ်ပါသည်။ ၎င်းအောင်မြင်မှုများသည် ပြည်သူလူထု၏ မဆုတ်မနစ်သော ထောက်ခံအားပေးမှု၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ သမိုင်းတွင်သော ပူးပေါင်းစွမ်းဆောင်မှုနှင့် ပြည်တွင်း၊ ပြည်ပမှ နိုင်ငံသားများ၏ ကူညီပံ့ပိုးမှုတို့ကြောင့်ဖြစ်ကြောင်း ကျွန်ုပ်တို့က လေးစားစွာ မှတ်တမ်းတင်အပ်ပါ သည်။ ၂။ ပြည်သူ့ခုခံတွန်းလှန်စစ်၏ ထင်ရှားသောအောင်မြင်မှုမှာ အကြမ်းဖက်စစ်အုပ်စု၏ ထိန်းချုပ် နယ်မြေများ တစတစ လျော့နည်းလာပြီး၊ နိုင်ငံတဝန်း ဒေသအသီးသီး၌ တော်လှန်ရေး အင်အားစု များ၏ စိုးမိုးနယ်မြေများ နေ့စဉ်နှင့်အမျှ ကျယ်ပြန့်လာသည့်အပြင် အကြမ်းဖက်စစ်အုပ်စု၏ အရေးပါ သည့် စစ်စခန်းအများအပြားကိုလည်း သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ ၃။ တချိန်တည်းမှာပင် အမျိုးသမီး၊ ကလေးသူငယ်၊ မသန်စွမ်းနှင့် သက်ကြီးရွယ်အိုများအပါအဝင် ပြည်သူသန်းနှင့်ချီ၍ အကြမ်းဖက်စစ်အုပ်စု၏ ပစ်မှတ်ထားတိုက်ခိုက်ခြင်းကို ခံခဲ့ကြရသည်ဖြစ်ရာ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ အများအပြား လိုအပ်နေပါသည်။ ဒေသတွင်းနိုင်ငံ များအပါအဝင် နိုင်ငံတကာအစိုးရများက ကျွန်ုပ်တို့နှင့် တိုက်ရိုက်ချိတ်ဆက် ကူညီပေးကြရန် လိုအပ် ပါသည်။ ၄။ အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုများကို နေ့စဉ်နှင့်အမျှ ရက်စက်စွာ ကျူးလွန် နေသည့်ကြားမှ ပြည်သူလူထုတရပ်လုံးက “လူထုတိုက်ပွဲ” မျက်နှာစာတွင် ယင်းတို့အား အကြမ်း မဖက် ငြိမ်းချမ်းစွာ ဆန္ဒပြမှုများ၊ ဘူးသပိတ်များ၊ ပူးပေါင်းဆောင်ရွက်မှု လုံးဝ မပြုရေးမူစသည့် နည်းမျိုးစုံဖြင့် ဆန့်ကျင်တော်လှန်လျက်ရှိသည့် နှလုံးရည်တိုက်ပွဲကို ကျွန်ုပ်တို့က လေးစားစွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။ ထို့အပြင် “စီးပွားရေး/ဘဏ္ဍာရေး” မျက်နှာစာတွင်လည်း နိုင်ငံ တကာအစိုးရများ၏ ပိတ်ဆို့အရေးယူခြင်းတို့အပါအဝင် တော်လှန်ရေးအင်အားစုများက အကြမ်းဖက် စစ်အုပ်စု၏ အဓိက စီးပွားရေးထောက်တိုင်များအား ထိရောက်စွာ ဖြိုဖျက်တိုက်ခိုက်လျက် ရှိကြောင်း ပြည်သူလူထုအား အသိပေးတင်ပြအပ်ပါသည်။၅။ စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးနှင့် ဒေသတခု လုံးတည်ငြိမ် အေးချမ်း ဖွံ့ဖြိုးရေးအတွက် ကျွန်ုပ်တို့နှင့်အတူ မြန်မာပြည်သူတရပ်လုံးတွင် ခိုင်မာသော စိတ်ဓာတ်နှင့် တိကျသောပန်းတိုင် ရှိပြီးဖြစ်ပါသည်။ ယင်းတို့ကို ဖော်ဆောင်ရာတွင် အကြမ်းဖက် စစ်အုပ်စုသည် အဓိကအဟန့်အတားဖြစ်သည်။ စစ်အာဏာရှင် ခေတ်အဆက်ဆက် ဆယ်စုနှစ်ပေါင်း များစွာ ငြိမ်းချမ်းရေးကို လုံးဝမတည်ဆောက်နိုင်ခဲ့ပါ။ ထို့အပြင် စစ်အာဏာရှင်၏ လက်ဝေခံများဖြစ် သော နယ်ခြားစောင့်တပ်များ၊ ပြည်သူ့စစ်များနှင့် အခြားအင်အားစုများသည် တရားမဝင် လုပ်ငန်းများ ဖြင့် ဒေသတွင်း တည်ငြိမ်မှုနှင့် စီးပွားရေး ဖွံ့ဖြိုးမှုကို ကြီးမားစွာ အနှောက်အယှက် ဖြစ်စေပါသည်။ NUCC၊ NUG နှင့် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများအပါအဝင် ဒေသအသီးသီးမှ တော်လှန် ရေးအင်အားစုအားလုံးသည် အကြမ်းဖက်စစ်အုပ်စု၏ ဒေသတွင်း ခြိမ်းခြောက်မှု ဖြစ်စေသော အခြေအနေများကို ကောင်းစွာသတိပြုမိပြီး၊ နိုင်ငံတွင်းနှင့် ဒေသတွင်း တည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုး တိုးတက်မှုတို့ကို အစဉ်အမြဲ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ရာ နိုင်ငံတကာနှင့် ဒေသတွင်း နိုင်ငံ များ၏ အားပေးထောက်ခံမှုရရန် လိုအပ်ကြောင်း အသိပေးအပ်ပါသည်။  ၆။ ယခုအခါ ကျွန်ုပ်တို့တော်လှန်ရေး အင်အားစုများအကြား ဘုံနိုင်ငံရေးသဘောတူညီချက်တရပ် အမြန်ဆုံးရရှိရန် အရှိန်အဟုန်မြှင့်ပြီး ကြိုးပမ်းဆောင်ရွက်နေပါသည်။ တော်လှန်ရေးအင်အားစု အသီး သီး၏ ထိန်းချုပ်ဒေသများတွင် ဒေသန္တရအုပ်ချုပ်ရေး၊ လူသားမျိုးနွယ် လုံခြုံရေးနှင့် အရပ်သားပြည်သူ ကာကွယ်စောင့်ရှောက်ရေးအစီအမံများအတွက် ချိတ်ဆက်ညှိနှိုင်း ဆောင်ရွက်မှုများလည်း စဉ်ဆက် မပြတ်ရှိနေပါသည်။ ၎င်းအပြင် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေတရပ် ပေါ်ပေါက် ရေးအတွက်လည်း လိုအပ်သောပြင်ဆင်မှုများကို ဆောင်ရွက်နေပါသည်။ အကြမ်းဖက်စစ်အုပ်စုပြိုကျ ပြီးသည့် တော်လှန်ရေးအလွန်ကာလအတွက် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု အပါအဝင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပြန်လည်ထူထောင်ရေး အစီအမံများကိုလည်း တော်လှန်ရေးအင်အားစု များအကြားညှိနှိုင်းဆွေးနွေးလျက်ရှိပါသည်။ ဤသည်တို့မှာ တော်လှန်ရေးအလွန်ကာလတွင် တန်းတူ ညီမျှမှု၊ တရားမျှတမှု၊ ကိုယ်ပိုင်ပြဌာန်းမှုတို့ကို အာမခံသည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ယုံကြည်မှု တည်ဆောက်ရေးနှင့် ညီညွတ်ရေးတို့ ပိုမိုအားကောင်းလာစေ ရန်အတွက်လည်း ကျွန်ုပ်တို့၏ အထူးသတိထား ဆောင်ရွက်ချက် ဖြစ်ကြောင်း နိုင်ငံတကာ အစိုးရများ နှင့်တကွ တိုင်းရင်းသားပြည်သူတရပ်လုံးအား အသိပေးအပ်ပါသည်။ ၇။ နွေဦးတော်လှန်ရေးသည် အမျိုးသမီးများအပါအဝင် တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဒေသပေါင်းစုံ၊ လူထုလူတန်းစား အလွှာပေါင်းစုံမှ ပြည်သူများ ပါဝင်သည့် တော်လှန်ရေး အင်အားစုများအကြား ပူးပေါင်းဆောင်ရွက်မှု၊ စုပေါင်းခေါင်းဆောင်မှု (coordinated and collective leadership) တို့ဖြင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေး သန္နိဌာန်ဖြင့် မဆုတ်မနစ် ဆင်နွှဲနေသည့် တန်ဖိုးကြီးမားသော တော်လှန်ရေးကြီးဖြစ်ကြောင်း အထင်အရှား တွေ့မြင်နိုင်ပါသည်။၈။ အကြမ်းဖက်စစ်အုပ်စု၏ လက်အောက်တွင် ဆက်လက်အမိန့်နာခံနေကြသော စစ်ဗိုလ်ချုပ်ကြီး များနှင့် အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားများအား ဤနှစ်သစ်ကူးကြေညာချက်ဖြင့် အသိပေးလို သည်မှာ နိုင်ငံကိုသာမက စစ်တပ်ကိုပါ အလုံးစုံပျက်သုဉ်းအောင် ပြုလုပ်နေသော စစ်အာဏာရှင် မင်းအောင်လှိုင်နှင့် အပေါင်းအပါတို့၏ အကြမ်းဖက်လူသတ်ဝါဒ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန် သော ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှုတို့ကို ဆက်လက်ကျူးလွန်ရန် အမိန့်ပေးစေခိုင်းမှုတို့ကို ကျောခိုင်း ၍ အချိန်မနှောင်းမီ ပြည်သူ့ဘက်က အမြန်ဆုံး ရပ်တည်ကာ နည်းမျိုးစုံဖြင့် ပြန်လည် ဆန့်ကျင် တော်လှန်ကြရန် တိုက်တွန်းလိုက်ပါသည်။ ၉။ ၂၀၂၄ ခုနှစ်သည် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအားလုံးအတွက် အပြီးသတ်အောင်ပွဲခံမည့်နှစ်ဖြစ် စေရန် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလေးအနက် ကတိပြုအပ်ပါသည်။ ပြည်သူလူထုတရပ်လုံး ဤနှစ်သစ်တွင် ဘေးကင်းကျန်းမာလုံခြုံစွာဖြင့် နွေဦးတော်လှန်ရေး အောင်ပွဲ ကို အတူပါဝင်ဆင်နွှဲနိုင် ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။ အရေးတော်ပုံ မုချ အောင်ရမည်။တော်လှန်ရေးသစ္စာဖြင့်အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ နှင့် အမျိုးသားညီညွတ်ရေးအစိုးရဆက်သွယ်ရန် (Signal)(၁) ဦးတိုးကျော်လှိုင် +1 260-240-6792(၂) ဇက်နန်ရော် +1 540-214-4843(၃) ဦးကျော်ဇော် +1‪6475353518 ‬(၄) ဦးနေဘုန်းလတ် +66654867824

"မတူပီမြို့နယ်၊ ဝေလူးကျေးရွာကို လေကြောင်းမှ ဗုံးကြဲပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ထုတ်ပြန်ကြေညာချက်"

"မတူပီမြို့နယ်၊ ဝေလူးကျေးရွာကို လေကြောင်းမှ ဗုံးကြဲပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ထုတ်ပြန်ကြေညာချက်"

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနအမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပူးတွဲ ထုတ်ပြန်ကြေညာချက်အမှတ် (၁/၂၀၂၃)၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၅ ရက်(၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်) "မတူပီမြို့နယ်၊ ဝေလူးကျေးရွာကို လေကြောင်းမှ ဗုံးကြဲပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ထုတ်ပြန်ကြေညာချက်"၁။ ဝေလူးကျေးရွာသည် မင်းတပ်ခရိုင် ပလက်ဝမြို့နယ်အစပ် မတူပီမြို့နယ်မှ မိုင် (၄၀) ခန့် အကွာတွင် တည်ရှိကာအိမ်ခြေ (၈၀) ခန့်ရှိသော ကျေးရွာဖြစ်ပြီး ရွာအနေအထားမှာ အိမ်များကို နီးနီးကပ်ကပ် ထူထူထပ်ထပ် ဆောက်ထားသည့်ရွာဖြစ်၍ လူဦးရေမှာ အတန်အသင့် အနေများပြီး Dai (ဒိုင်) လူမျိုးအများစုနေထိုင်ကြကာ ဒေသခံကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတစ်ကြိမ်တစ်ခါမျှ ဖြစ်ပွားခဲ့ခြင်းမရှိသော ကျေးရွာတစ်ရွာ ဖြစ်သည်။၂။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့၊ ညနေ (၁၈း၄၀) နာရီ အချိန်ခန့်တွင် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွါးနေခြင်းမရှိဘဲ ချင်းပြည်နယ်တောင်ပိုင်း မတူပီခရိုင်၊ မတူပီမြို့နယ် ဝေလူးကျေးရွာအလယ်သို့ တိုက်လေယာဉ်နှစ်စီးအသုံးပြုကာ တစ်စီးက Cluster Bomb ကဲ့သို့ ဆင့်ပွါးပြန်လည်ပေါက်ကွဲသည့်ဗုံးဖြင့် ဗုံးကြဲချပြီး ကျန်လေယာဉ် (၁) စင်းမှ စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်မှုကြောင့် ကလေးငယ် (၈) ဦး အပါအဝင် ပြည်သူ (၁၁) ဦး သေဆုံးခဲ့ပြီး အသက် (၅) နှစ် အရွယ်ကလေးအပါအဝင် (၄) ဦး အပြင်းအထန်ဒဏ်ရာ ရရှိခဲ့ ပါသည်။ ဝေလူးကျေးရွာဒေသခံများဖြစ်သည့် ဦးဟာလောင်း (၃၄)နှစ် နှင့်သား(၃)ဦးဖြစ်သည့် မောင်ရှမွေလ(၁၂)နှစ်၊ မောင်ကီးနွန်(၉)နှစ်၊ မောင်ညဏ်ဝင်းအောင်(၅)နှစ် တို့သေဆုံးသွား ခဲ့ပြီး  ဦးဟာလောင်း၏ဇနီးတွင်တစ်ကိုယ်လုံးဒဏ်ရာ အပြင်းအထန်ရရှိခဲ့ပါသည်။ ထို့အပြင် ဦးမိခ်ကာ၏ သားသမီးများဖြစ်သော မောင်ထန်ဟုန်း (၁၁) နှစ်၊ မောင်ဘွေကုန်းထန် (၇) နှစ်၊ မဇွန်လီဆန်း (၇) နှစ် တို့လည်း သေဆုံးခဲ့ပြီး အခြားသေဆုံးသူများမှာ ဦးသဲမ်းနိုင် (၃၅) နှစ် ၊ ဦးအွမ်စာ (၆၅) နှစ်၊ မလီလီမိုး (၅) နှစ်နှင့် မခိုင်ဇသင် (၁၁) နှစ်တို့ဖြစ်ပါသည်။၃။ အကြောင်းမဲ့လေကြောင်းမှတဆင့် ဗုံးကြဲခံရမှုကြောင့် ဒေါ်ခေးချိန်း၊ ဒေါ်နှီးချောမ်၊ ဒေါ်ပါမ်ဆောမ်၊ မလီကွီး(၅)နှစ် တို့သည်အပြင်းအထန်ဒဏ်ရာရရှိသောကြောင့် ဆေးကုသမှု ခံယူလျက်ရှိပြီး ဝေလူးကျေးရွာ အတွင်းရှိ BCM.ဘုရားကျောင်း (၁)ဆောင်၊ စာသင်ဆောင် (၂) ဆောင်နှင့်  သွပ်မိုးပျဉ်ထောင်အိမ် (၁၈) လုံးတို့ပျက်စီးခဲ့ပြီး အုတ်ညှပ်အိမ် (၄)လုံး မီးလောင်ကျွမ်း ခဲ့သည်။၄။ အကြမ်းဖက်စစ်ကောင်စီသည် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူများ နေထိုင်သော စစ်ဘေးရှောင်စခန်းအား ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ လုပ်ရပ်သည် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှု များကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လိုက်ခြင်းပင်ဖြစ်သည်။၅။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ အမျိုးသမီး၊ လူငယ်နှင့် ကလေး သူငယ်ရေးရာဝန်ကြီးဌာနနှင့် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန များအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ၏ ယခုကဲ့သို့ လူမဆန်စွာ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှုများကို ပြင်းပြင်းထန်ထန် ရှုတ်ချသည်။ အရပ်သားပြည်သူများ၏ ထိခိုက်ဆုံးရှုံးမှု အပေါ် ထပ်တူနာကျင်ခံစားရကာ ထိခိုက်ဆုံးရှုံးရသူများအတွက် တရားမျှတမှု ပြန်လည်ရယူပေး နိုင်ရေး အတူတကွ အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ကြောင်း ပူးတွဲကြေညာချက်ထုတ်ပြန်သည်။ပညာရေးဝန်ကြီးဌာနအမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ