အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၉ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၉ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

၂၀၂၄ ခုနှစ် ဇွန် (၁၈) ရက်

• ဒီနေ့ ပြုလုပ်ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေးမှာ၊ ကျွန်တော့်အနေနဲ့ အဓိက ပြောကြားချင်တဲ့အကြောင်း အချက် (၂) ခု ရှိပါတယ်။ အဲသည့်အထဲက ပထမအချက်အနေနဲ့ လက်ရှိ နွေဦးတော်လှန်ရေးအတွင်းမှာ ဖြတ်သန်းနေတဲ့ စစ်ရေးမြေပုံ အရွေ့ တချို့နဲ့ပတ်သက်ပြီး ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်အားလုံးကို သတိချပ်စေချင်ပါတယ်။ 

• လောလောဆယ်အားဖြင့် ရက္ခိုင်ဒေသ၊ ကချင်ဒေသ အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရှမ်းတောင်၊ ကရင်နီဒေသနှင့် တနင်္သာရီဒေသတွေဟာ ခုခံတော်လှန်စစ်အရ စစ်ရေးအဟုန် မြင့်မားလာတာကို တွေ့ရပါတယ်။ ဒါပေမယ့် တခြားသော ခုခံတော်လှန်စစ်ဒေသတွေမှာတော့ သက်ဆိုင်ရာ တော်လှန်ရေးအစုအဖွဲ့တွေရဲ့ ဦးစားပေး လျာထားချက်တွေအရ အနည်းငယ် ငြိမ်သက်နေတာမျိုးလည်း တွေ့မြင်ရပါတယ်။  

• စစ်ရေးအမြင်အရ ဘယ်လိုအရာကိုမှ တရားသေ လှေနံဓားထစ် ပုံသေပြောလို့ မရပေမယ့်၊ စစ်အာဏာရှင်ရဲ့ စစ်ရေးယန္တရားတွေကို အမြစ်ကနေ တူးဖြိုပစ်ဖို့အတွက်ဆိုရင် ကျွန်တော်တို့ တော်လှန်ရေးအင်အားစုအားလုံးရဲ့ စုပေါင်းလက်တွဲဆောင်ရွက်မှု (coordinated action) ဟာ အင်မတန် အရေးကြီးတယ်လို့ ပြောချင်ပါတယ်။ ယေဘုယျအားဖြင့် စစ်ရေးအရ ပုံဖော်တည်ဆောက်ထားတဲ့ coordinated action ဆိုတာဟာ “ခိုင်မာပြီး စုဖွဲ့မှု အားကောင်းတဲ့ မဟာဗျူဟာမြောက် စစ်ရေးတပ်ပေါင်းစု” ကို ဆိုလိုတာဖြစ်ပါတယ်။ 

• အဲသည့်အထဲမှာ တစ်ညီတစ်ညွတ်တည်းသော အမိန့်ပေးကွပ်ကဲမှု စနစ်ပါဝင်သလို၊ မဟာဗျူဟာမြောက် စုဖွဲ့ထားတဲ့ စစ်ရေးမစ်ရှင်တွေလည်း ပါဝင်ပါတယ်။ ဒါ့အပြင် လက်နက်ခဲယမ်းမီးကျောက်စတဲ့ စစ်ရေးရင်းမြစ်တွေကို ခွဲဝေ နေရာချထားနိုင်မှုနဲ့ ဆက်သွယ်ရေး၊ ချိတ်ဆက်ဆောင်ရွက်ရေးနဲ့ ချိန်သားကိုက် လှုပ်ရှားနိုင်တဲ့ timing ဆိုတာတွေက အင်မတန် အရေးကြီးတယ်လို့ ယူဆပါတယ်။ 

• ကျွန်တော်တို့နဲ့ ချိတ်ဆက်လုပ်ဆောင်နေတဲ့ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေ အကြားမှာ စနစ်တကျ လေ့ကျင့်တည်ဆောက်ထားတဲ့ တပ်ရင်း၊ တပ်မတွေ အမြောက်အမြား ပေါ်ထွက်လာဖို့ လိုအပ်တယ်လို့ ယူဆပါတယ်။ အဲသည့်လို ပေါ်ထွက်လာနိုင်ဖို့အတွက် ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း မဟာမိတ်စုဖွဲ့မှု ခိုင်မာအားကောင်း ရေးကို နိုင်ငံရေး နည်းအရ ကြိုးစားတည်ဆောက်နေသလို၊ စစ်ရေးနည်းအရလည်း ချိတ်ဆက် ဆောင်ရွက်နေပါတယ်။ 

• ဒီနေ့ ပြုလုပ်ကျင်းပတဲ့ အစိုးရအဖွဲ့ အစည်းအဝေးမှာ ဒုတိယအချက်အနေနဲ့ ပြောကြားချင်တာ ကတော့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ အလုံးအရင်းနဲ့ ထပ်မံရရှိအောင် ကြိုးစားဖို့နဲ့ ထိရောက်တဲ့ ပေးဝေမှုတွေ ဖြစ်စေဖို့ကိစ္စ ဖြစ်ပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့လည်း လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို ထိထိရောက်ရောက် စီမံနိုင်ဖို့အတွက် International Aid Coordination Commission ဆိုတာကို ဖွဲ့စည်းထားတာ ရှိပါတယ်။ ဒီကော်မရှင်ကနေတစ်ဆင့် ထိရောက်တဲ့ နိုင်ငံတကာ အထောက်အပံ့တွေကို လုံလုံလောက်လောက်ရရှိဖို့ ထပ်မံ ကြိုးစားစေချင်ပါတယ်။ 

• ကျွန်တော်တို့ဟာ ပြည်သူ့ခုခံတော်လှန်စစ်ကို ဆင်နွှဲနေတာ ဖြစ်တာကြောင့်၊ လူထုထောက်ခံမှု ကျဆင်းမသွားရေးကို အထူးဂရုစိုက်ဖို့ အလေးအနက်ထား တိုက်တွန်းချင်ပါတယ်။ တခါတရံ စစ်ရေးအရ အောင်နိုင်ဒေသတွေ ရှိပေမယ့် လူထုကို ဆုံးရှုံးရတာမျိုး ဖြစ်တတ်ပါတယ်။ ကျွန်တော်တို့ဟာ ဘယ်သို့သော အခြေအနေကို ရောက်သည် ဖြစ်စေ၊ လူထုကို ဆုံးရှုံးလို့ မရဘူးဆိုတာ သတိချပ်စေချင်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ ခုခံတော်လှန်စစ် ဒေသတွေ အောင်နိုင်ဖို့ တစ်ခုတည်းကို အာရုံစိုက်ရမှာ မဟုတ်ဘဲ၊ လူထုရဲ့ နှလုံးသားကို သိမ်းကြုံးနိုင်စေဖို့လည်း အထူး ဂရုစိုက်ရမှာဖြစ်ကြောင်း ပြောကြားအပ်ပါတယ်။. 

အရေးတော်ပုံမုချအောင်ရမည်...