အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်၊ (၁၉/၂၀၂၄) တွင် ပြောကြားသည့် ပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်း ကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်၊ (၁၉/၂၀၂၄) တွင် ပြောကြားသည့် ပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်း ကောက်နုတ်ချက်

ရက်စွဲ ။ ၂၀၂၄ ခုနှစ်၊  ဇွန်လ (၁၈) ရက်

ဒီကနေ့ ကျွန်တော်တို့ တော်လှန်ရေးအခြေအနေဟာ တစ်ဘက်က ကောင်းမွန်တဲ့ အခြေအနေတွေ၊ တိုးတက်မှုတွေ ရှိနေသလို တစ်ဘက်မှာလည်း ရင်ဆိုင်ကြုံတွေ့ကြရမယ့်၊ ဖြတ်သန်းကြရမယ့် စိန်ခေါ်မှုတွေ ပိုများလာတဲ့ အနေအထားကို တွေ့ကြရမှာ ဖြစ်ပါတယ်။ ‌တော်လှန်ရေးက အချိန်ကြာမြင့်လာလေလေ‌၊ စစ်ရေးအရ အခြေအနေတွေ၊ နိုင်ငံရေးအရ ညှိနှိုင်းပြောဆိုရတဲ့ အခြေအနေတွေမှာ စိန်ခေါ်ချက်တွေက ပိုများလာမယ်ဆိုတာကတော့ ကျွန်တော်တို့ မျှော်လင့်ထားပြီးသား ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အခက်အခဲတွေ၊ အကန့်အ သတ်တွေကြားထဲကနေ တော်လှန်ရေးကို တတ်အားသရွေ့ အရွေ့ကြီးကြီးမားမားရှိအောင် ကြိုးစားဆောင်ရွက်ပေးနေကြတဲ့ အစိုးရအဖွဲ့ဝင်တွေ အပါအဝင် အဆင့်ဆင့် တာဝန်ရှိသူတွေ၊  အင်အားအပြည့်နဲ့ ပူးပေါင်းပါဝင်နေကြတဲ့ ပြည်သူများအားလုံးကို လေးစားကြောင်း ဦးစွာ ပြောကြားလိုပါတယ်။ 

အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ခေတ်အဆက်ဆက်ပြည်သူတွေအပေါ် လက်နက် အားကိုးအနိုင်ကျင့်ခဲ့တဲ့ အချိန်တိုင်း ငြိမ်းချမ်းစွာ ဆန္ဒပြပြီး ဆန့်ကျင်တုန့်ပြန်ခဲ့ကြတဲ့ ပြည်သူတွေကို အချိန်တိုတို အတွင်းမှာပဲ အနိုင်ယူကာ ခေါင်းစဥ်မျိုးစုံပြောင်းလဲပြီး တိုင်းပြည်ကို အုပ်ချုပ်ခဲ့သလိုမျိုး ဒီတော်လှန်ရေးကိုလည်း ဒီလိုဖြစ်မယ်လို့ မျှော်လင့်ခဲ့ ပုံပေါ်ပါတယ်။ ဒါပေမယ့် ဒီနွေဦး တော်လှန်ရေးမှာ သူတို့မျှော်လင့်သလိုမဖြစ်လာခဲ့ပဲ အာဏာ လုယူပြီး (၅)မြောက်နေ့မှာပင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီကို ဖွဲ့စည်းနိုင် သလို ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကိုလည်း (၂)လအတွင်း  ထုတ်ပြန်ကြေညာ ကာ တော်လှန်ရေး အင်အားစုတွေစုစည်းပြီး အစိုးရကို လည်း ဖွဲ့နိုင်ခဲ့တာမို့ သူတို့ရဲ့ ပြည်သူ့ အာဏာလုယူမှုဟာ ယနေ့အချိန်ထိ အထမမြောက်နိုင်ပဲ မကြုံဖူးတဲ့ တန်ပြန်တိုက်ခိုက်မှုတွေ၊ ပြည်သူတွေရဲ့ ဇွဲသတ္တိတွေ၊ ရဲရင့်မှုတွေကို နေ့စဥ် ရင်ဆိုင်နေရတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒါ့ကြောင့် သမိုင်းမှာ မကြုံစဖူး ခိုင်မာပါတယ်ဆိုတဲ့ စစ်တပ် Institution ကြီးဟာ နေ့စဥ်နဲ့အမျှ အင်အားချိနဲ့နေတာကို မြင်တွေ့ကြရမှာ ဖြစ်ပါ တယ်။ 

ဒါပေမယ့် ကျွန်တော်တို့ဟာ ဒီအခြေအနေမှာပဲ ရပ်တန့်နေရာမှာမဟုတ်ပဲ ချောက်ကမ်းပါးစွန်းရောက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို အပြီးတိုင်အမြစ်ဖြတ် တွန်းချနိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အချိန်ကို ထိထိရောက်ရောက် အသုံးမချနိုင်ရင် အကြမ်းဖက်စစ်အုပ်စုကို ပြင်ဆင်ချိန်ပေးမိသလို ဖြစ်နိုင်ပါတယ်။ တော်လှန်ရေးရဲ့ အချိန် အကန့်အသတ်ဟာ ကျွန်တော်တို့အတွက် ပိုအရေးကြီးကြောင်း ထပ်မံပြောကြား လိုပါတယ်။ ပိုမို အရေးကြီးလာတာနှင့်အမျှ အချိန်စီမံခန့်ခွဲမှု၊ လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှု၊ ဘဏ္ဍာ ငွေစီမံခန့်ခွဲမှုတွေမှာ ပိုမိုဂရုတစိုက်စီမံဖို့ လိုအပ်ကြောင်းလည်းပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။