အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းမှ “(၃၆) နှစ်မြောက် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံနေ့ အခမ်းအနား” တွင်ပြောကြားသည့် အဖွင့်အမှာစကား

အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းမှ “(၃၆) နှစ်မြောက် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံနေ့ အခမ်းအနား” တွင်ပြောကြားသည့် အဖွင့်အမှာစကား

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းမှ “(၃၆) နှစ်မြောက် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံနေ့ အခမ်းအနား” တွင်ပြောကြားသည့် အဖွင့်အမှာစကား၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့ယနေ့ “(၃၆) နှစ်မြောက် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံနေ့ အခမ်းအနား”သို့ တက်ရောက် လာကြပါသော အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ ဥက္ကဌ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီမှ တာဝန်ရှိသူများ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီး များ၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ မဟာမိတ်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ တော်လှန်ရေးကို အတူတကွ ဦးဆောင်တိုက်ပွဲဝင်နေကြတဲ့ အစုအဖွဲ့အသီးသီးမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာမှ တက်ရောက်လာသူများ၊ ပြည်သူများနဲ့ ၈၈ အရေးတော်ပုံ မျိုးဆက်ခေါင်းဆောင်များ အားလုံးကို နှုတ်ခွန်းဆက်သအပ်ပါတယ်။ အားလုံးသိပြီးဖြစ်တဲ့အတိုင်း ဒီကနေ့ဟာ အာဏာရှင်စနစ်ရဲ့ ဖိနှိပ်မှုတွေကို ပြည်ထောင်စုသား အားလုံး အတူတကွ ဆန့်ကျင်ခဲ့ကြတဲ့ ၁၉၈၈ ခုနှစ် သြဂုတ်လ (၈) ရက်နေ့ကို အစွဲပြုပြီး ကျင်းပတဲ့ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံနေ့ အခမ်းအနားပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အလေးအမြတ်တန်ဖိုးထားသူတိုင်းက နှစ်စဥ် သြဂုတ် လ (၈) ရက်နေ့ကို နေ့ထူးနေ့မြတ်အဖြစ် အလေးထား ကျင်းပကြပါတယ်။ ယနေ့အချိန်အခါမှာဆိုရင်တော့ ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ သရုပ်မှန်ဟာ အခုမှ မဟုတ်ပဲ လွန်ခဲ့တဲ့ ၃၆ နှစ်ကတည်းက ဒီအတိုင်းပဲဆိုတာကို ၁၉၈၈ အရေးတော်ပုံကာလကို မမှီလိုက်တဲ့ ယနေ့ခေတ်မျိုးဆက် တွေအနေနဲ့လည်း မျက်ဝါးထင်ထင် တွေ့မြင်သိရှိကြပြီး နှစ်ပေါင်းများစွာ အမြစ် တွယ်နေတဲ့ ဒီစစ်အာဏာ ရှင်စနစ်ကို ဝိုင်းဝန်းဖြိုချကြဖို့ ကြိုးပမ်းနေတဲ့ အချိန်လည်းဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ယခု နွေဦးတော်လှန်ရေးကတော့ ခေတ်အဆက် ဆက် ဆင်နွှဲခဲ့ကြတဲ့ တော်လှန်ရေးတွေကို အပြီးသတ် ပွဲသိမ်းကြရမယ့် အကောင်းဆုံးအချိန်လည်း ဖြစ်နေပြီဆိုတာကို ဦးစွာပြောကြားလိုပါတယ်။ ယနေ့ အရှိန်ကောင်းကောင်းနဲ့ ဆင်နွှဲနေကြတဲ့ လူထုတော်လှန်ရေးကြီးနဲ့ ရှစ်လေးလုံး အရေး တော်ပုံကြီးဟာ ခေတ်ကာလအခြေအနေနဲ့ တော်လှန်ပုံနည်းလမ်းတွေ မတူညီတာရှိကောင်းရှိနိုင်ပေမယ့် အနှစ်သာရအားဖြင့် အတူတူပဲ ဖြစ်ပါတယ်။ စစ်အာဏာရှင် အမြစ်ပြတ်ရေး၊ ဒီမိုကရေစီထွန်းကားရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးဆိုတဲ့ ရည်မှန်းချက်တွေအတွက် ခေတ်အဆက်ဆက် တိုက်ပွဲ ဝင်လာကြတာ ဖြစ်ပါတယ်။ မဆလ လို့ ခေါ်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဥ် ပါတီအောက်မှာ ၁၉၆၂ ကနေ ၁၉၈၈ ထိနေခဲ့ရတဲ့ ပြည်သူတွေဟာ ရဲစွမ်းသတ္တိအရာမှာ ယနေ့ခေတ် တော်လှန်လူထုနဲ့ ယှဥ်ရင် နည်းနည်းမှမလျော့သော်လည်း ဆင်းရဲမွဲတေမှုဒဏ်၊ နှစ်ပေါင်းများစွာ တံခါးပိတ်ထားတဲ့ ဒဏ်တွေကို ပိုမိုခံစားခဲ့ရတဲ့ မျိုးဆက်ဖြစ်ပါတယ်။ ဒီလို ပိတ်ဆို့မှုတွေကြားကပင် ရဲရဲဝံ့ဝံ့ ဖောက်ထွက်နိုင်ခဲ့ကြတာ ဖြစ်လို့ ဒီလို ၈၈ လူငယ်မျိုးဆက်တွေရဲ့ သတ္တိနဲ့ စွမ်းရည်ကို ခေတ်အဆက်ဆက် တော်လှန်ရေး ဆင်နွှဲခဲ့ကြတဲ့ လူငယ်တွေအနေနဲ့ စံပြုခဲ့ကြရတာပဲ ဖြစ်ပါတယ်။ ယနေ့ခေတ်မှာတော့ ၁၉၈၈ ကတည်းက လက်ဆင့်ကမ်းလာခဲ့တဲ့ တော်လှန်စိတ်ဓါတ်တွေနဲ့ လူထုကြီးဟာ ၂၀၁၂ နောက်ပိုင်းပိုမို ပွင့်လင်းလာတဲ့ နိုင်ငံရေးအသိ၊ စစ်ရေးအသိတွေ မြင့်မားလာပြီး ပြည်ထောင်စုသားများအချင်းချင်းလည်း၊ ခေါင်းဆောင် များကြားသာမက လူထုများအကြားပါ ချိတ်တွဲ ဆောင်ရွက်မှုတွေ ပိုမိုမြင့်မားလာတာကို တွေ့ရပါတယ်။ ဒါကြောင့်လည်း ဒီကနေ့ တော်လှန်ရေးကြီးဟာ နိုင်ငံရေး၊ စစ်ရေးကဏ္ဍများအပြင် မဟာမိတ်စုဖွဲ့မှုပါ ပိုမိုအားကောင်းစွာနဲ့ အကြမ်းဖက်စစ်အုပ်စုကို ယိုင်နဲ့ပြီး အသက်ရှုကြပ်လောက်အောင် ဆောင်ရွက်နေနိုင် ကြတာ ဖြစ်ပါတယ်။ နောက်အရေးကြီးတဲ့ အချက်တစ်ခုကတော့ တော်လှန်ပြည်သူလူထုရဲ့ ပြင်းပြတဲ့ခံယူချက်ပဲ ဖြစ် ပါတယ်။ တကယ်တော့ ၁၉၈၈ ကတည်းက ၂၀၂၁ ခုနှစ်အထိ ပြည်သူ့ခေါင်းဆောင်တွေဟာ စစ်အာဏာ ရှင်တွေကို ပြည်သူနဲ့ ပူးပေါင်းကြဖို့  နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းခဲ့ပြီး အချိန်တွေပေးခဲ့ကြပေမယ့် စစ်အာဏာရှင်တွေရဲ့ စရိုက်က နည်းနည်းမှ မပြောင်းလဲလာခဲ့ပါဘူး။ ဒါ့ကြောင့် ယနေ့ခေတ် တော်လှန် မျိုးဆက်ကြီးတစ်ခုလုံးအနေနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးကိုသာ တစိုက်မတ်မတ် အာရုံစိုက်ပြီး ကြိုးပမ်းအားထုတ်ကြမယ်ဆိုတဲ့ ခေတ်ပြောင်း စနစ်ပြောင်း တော်လှန်‌ရေးအဖြစ် အားသွန်ခွန်စိုက် ဆင်နွှဲ နေကြတာ ဖြစ်ပါတယ်။ ၁၉၈၈ ကနေ အစတည်ခဲ့တဲ့ တော်လှန်‌ရေးစိတ်ဓါတ်၊ ခံယူချက်တွေနဲ့ အနှစ်သာရတွေကို လက်ဆင့်ကမ်းလာတဲ့ ဒီကနေ့ တော်လှန်ရေးကြီးကို ကြည့်လိုက်မယ်ဆိုရင် သမိုင်းတစ်လျှောက် တော်လှန်ရေးအားအကောင်းဆုံးအချိန်ကို ရောက်ရှိနေပြီဖြစ်သလို မဟာမိတ်စုဖွဲ့မှုအပိုင်းမှာလည်း သမိုင်းတစ်လျှောက် စုစည်းညီညွတ်မှုအရှိဆုံးအချိန်ကို ရောက်ရှိနေပြီဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ အတူတကွ အသက်တွေစွန့်ပြီး လက်ချင်းချိတ်ကာ တိုက်ပွဲဝင်ကြတဲ့ မဟာမိတ်စုဖွဲ့မှုမျိုးပဲ ဖြစ်ပါတယ်။ လူထုရဲ့ ထောက်ခံအားပေးမှုနဲ့ နိုင်ငံရေးအသိကလည်း အံ့သြလောက်အောင် မြင့်မားလာတာဖြစ်လို့ ၃ နှစ် ခွဲနီးပါးကြာမြင့်တဲ့အထိ တော်လှန်ရေးအပေါ် ထောက်ခံစိတ် နည်းနည်းကလေးမှ ကျဆင်း မသွားတာကို လည်း တွေ့ရပါတယ်။ အကြမ်းဖက်စစ်အုပ်စုရဲ့ အဆုံးစွန် ရက်ရက်စက်စက် ဖိနှိပ်မှုတွေကို ကြံ့ကြံ့ခိုင်ရင်း စစ်အာဏာရှင်ကို လက်လျော့လိုက်ဖို့ လုံးဝ တွေးထားပုံမရတဲ့ ပြည်သူလူထုကို မြင်တွေ့ရတာ စိတ်အား တက်ရသလို တဖက်ကလည်း ငါတို့တော်လှန်ရေးကို အောင်ပွဲနဲ့အတူ မြန်မြန်အဆုံးသတ်နိုင်ဖို့ အားကုန် ရုန်းကြရမယ်ဆိုတဲ့ သန္နိဋ္ဌာန်လည်း ချမိပါတယ်။ အခုဆိုရင် သမိုင်းတွင်မယ့်အောင်ပွဲကြီးတွေ ဆက်တိုက် ရရှိနေပြီး အကြမ်းဖက်စစ်တပ်ဟာ သူတို့ရဲ့ အနိမ့်ပါးဆုံး အချိန်နဲ့ အင်အားအနည်းဆုံး အခြေအနေကို ရောက်ရှိပြီဆိုတာကိုလည်း အားလုံးသိရှိပြီး ဖြစ်မယ်ထင်ပါတယ်။ ဒါကြောင့် ဒီနေ့လို သမိုင်းဝင်နေ့ထူးနေ့မြတ်ကြီးမှာ ၁၉၈၈ အရေးတော်ပုံကြီး အပါအဝင် တော်လှန်ရေးအဆက်ဆက် ဒီမိုကရေစီ၊ ဖက်ဒရယ်နဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးသွား တဲ့ သူရဲကောင်းရဲဘော်များ အားလုံးကိုလည်း ဒီနေရာကနေ လေးစားဂုဏ်ယူစွာ အလေးပြုအပ်ပါတယ်။ ဒီသူရဲကောင်းတွေ မျှော်လင့်ခဲ့တဲ့ အောင်ပွဲတွေကလည်း တစထက်တစ ပိုမိုနီးကပ်လာပြီဖြစ်တာကြောင့် သူရဲကောင်းတွေအားလုံးလည်း ဒီအခြေအနေအပေါ်မှာ ကျေနပ်လိမ့်မယ် ထင်ပါတယ်။  ကျွန်တော်တို့ အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့လည်း ပြည်သူတစ်ရပ်လုံးနဲ့အတူ မဟာမိတ် အင်အားများအားလုံးနဲ့ လက်တွဲညီညီ ချိတ်ဆက်လျက် ရှစ်လေးလုံး တော်လှန်စိတ်ဓါတ်ကို ယနေ့ခေတ် အင်အားတွေနဲ့ ပေါင်းစပ် ကာ စစ်အာဏာရှင်အမြစ်ပြတ်ဖို့ ဆက်လက်တိုက်ပွဲ ဝင်သွားမယ်လို့ သန္နိဋ္ဌာန်ပြုရင်း နိဂုံးချုပ်အပ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရက (၄၉)နှစ်မြောက် ကချင်အာဇာနည်နေ့သို့ ပေးပို့သည့်သဝဏ်လွှာ

အမျိုးသားညီညွတ်ရေးအစိုးရက (၄၉)နှစ်မြောက် ကချင်အာဇာနည်နေ့သို့ ပေးပို့သည့်သဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရwww.nugmyanmar.orgအမျိုးသားညီညွတ်ရေးအစိုးရက (၄၉)နှစ်မြောက် ကချင်အာဇာနည်နေ့သို့ ပေးပို့သည့်သဝဏ်လွှာ(၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၀  ရက်)ယနေ့ကျရောက်သည့် (၄၉)နှစ်မြောက် ကချင်အာဇာနည်နေ့အခါသမယတွင် ကချင်တိုင်းရင်း သားခေါင်းဆောင်ကြီးများနှင့် ကချင်အမျိုးသားများအားလုံး ကိုယ်၊ စိတ် နှစ်ပါး ဘေးကင်းလုံခြုံမှုရှိကြ ပါစေကြောင်းနှင့် လွတ်လပ်ပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပြည့်ဝသော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ် ထူထောင်နိုင်ရေး ပန်းတိုင်သို့ တိုင်းရင်းသားအားလုံးနှင့် အတူတကွ လျှောက်လှမ်းနိုင်ပါစေကြောင်း ဦးစွာ ဆန္ဒပြုအပ်ပါသည်။အာဏာရှင်စနစ်ဆန့်ကျင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်ရေး တို့အတွက် ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ၊ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့ကို စတင်တည်ထောင်ကာ ဦးဆောင်ခဲ့ကြသည့် ကချင်အမျိုးသားခေါင်းဆောင်များ ဖြစ်ကြသော KIO/ KIA ဥက္ကဋ္ဌ စစ်ဦးစီးချုပ် ဗိုလ်ချုပ်  (GOC – Lahtaw Zau Seng) ၊ ဒုတိယ စစ်ဦးစီးချုပ် (VCS – Lahtaw Zau Tu) နှင့် အထွေထွေအတွင်းရေးမှူး (Salang Kaba Pungshwi Zau Seng) တို့သည် ၁၉၇၅ သြဂုတ်လ အစောပိုင်းရက်များတွင် စနစ်တကျ လုပ်ကြံသတ်ဖြတ်ခံရပြီး ကျဆုံးခဲ့ကြရသည်။ KIO/ KIA ဥက္ကဋ္ဌ စစ်ဦးစီးချုပ် ဗိုလ်ချုပ်  (GOC – Lahtaw Zau Seng)လုပ်ကြံခံရသောနေ့ သြဂုတ်လ(၁၀)ရက်နေ့ကို  ဝမ်းနည်းဖွယ်အထိမ်းအမှတ် ကချင်အာဇာနည်နေ့ အဖြစ် သတ်မှတ်ကာ နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ပါသည်။ဤသို့ဝမ်းနည်းဖွယ်ရာဖြစ်ရပ်ကြီး တွေ့ကြုံခဲ့ရသော်လည်း ကချင်အမျိုးသားများ လက်ဆင့်ကမ်း ကာ သယ်ဆောင်ခဲ့သည့် ကချင်တော်လှန်ရေးသည် ယခု(၄၉)နှစ်တိုင်တိုင်  ကချင်တော်လှန်ရေးတပ်ဦး ဖြစ်သည့် KIO/KIAကို ညီညီညွတ်ညွတ်ဖြင့် စုစည်း၍ ဆက်လက်ချီတက် နိုင်ခဲ့ကြသည်ကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရက ဂုဏ်ယူလေးစားမိပါသည်။၂၀၂၄ ခုနှစ် သြဂုတ်လ (၁၀) ရက်နေ့တွင် ကျရောက် သည့် (၄၉) နှစ်မြောက် ကချင်အာဇာနည်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရသည် ကချင်တိုင်းရင်းသားပြည်သူများနှင့် အတူဝမ်းနည်းကြေကွဲရပြီး ကချင်လူမျိုးများ၏လွတ်လပ်ခွင့်၊တန်းတူညီမျှခွင့်နှင့် ကိုယ်ပြဋ္ဌာန်းခွင့်တို့အတွက် နွေဦးတော်လှန်ရေး အပါအဝင် စစ်အာဏာရှင်တော်လှန်ရေး တိုက်ပွဲများတွင် အသက်သွေးချွေးများစွာ စတေးပေးဆပ် ခဲ့ကြသည့်ကချင်အမျိုးသားခေါင်းဆောင်ကြီးများ၊ကချင်ပြည်သူလူထုအပါအဝင် KIO/KIAရဲဘော်ရဲဘက် များ၏ စွန့်လွတ်အနစ်နာခံမှု၊ သစ္စာစောင့်သိမှုတို့ကို လေးစားဖွယ် အောက်မေ့ သတိတရဖြစ်မိပါသည်။ကချင်ဒေသအပါအဝင် မြန်မာနိုင်ငံတစ်ခုလုံး အကြမ်းဖက်စစ်အုပ်စု၏ လက်အောက်မှ အမြန်ဆုံး လွတ်မြောက်နိုင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစံနှုန်းများနှင့် ပြည့်ဝသည့် နိုင်ငံသစ်တစ်ခုကို အမြန်ဆုံး ထူထောင်နိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မဟာမိတ်ကချင်တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့နှင့် နီးကပ်စွာ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ကတိပြုရင်း ဤအောက်မေ့ဖွယ် သဝဏ်လွှာအား ပေးပို့အပ်ပါသည်။အမျိုးသားညီညွတ်ရေးအစိုးရ

အမျိုးသားညီညွတ်ရေးအစိုးရက (၃၆)နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံနေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

အမျိုးသားညီညွတ်ရေးအစိုးရက (၃၆)နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံနေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရwww.nugmyanmar.orgအမျိုးသားညီညွတ်ရေးအစိုးရက (၃၆)နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံနေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၈  ရက်မြန်မာနိုင်ငံတဝှမ်းလုံးရှိ ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူတို့နှင့် ပြည်ထောင်စုသားများ အားလုံးက ဒီမိုကရေစီရရှိရေးအတွက် ညီညွတ်စွာ ကြွေးကြော်ကြကာ တစ်ပါတီအာဏာရှင်စနစ်ကို  တိုက်ထုတ်တိုက်ပွဲဝင်ခဲ့ကြသည့် မြန်မာ့ဒီမိုကရေစီသမိုင်းဖြစ်စဉ်၏ မီးရှူးတန်ဆောင် ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးသည် ၂၀၂၄ခုနှစ်၊ သြဂုတ်လ ၈ ရက် ယနေ့တွင် (၃၆) နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးအတွင်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအမည်ခံ စစ်အာဏာရှင်က လူထုလိုလားတောင့်တလျက်ရှိသော ဒီမိုကရေစီမျှော်လင့်ချက်ကို လျစ်လျူရှုကာ ယုတ် မာရက်စက်စွာ ပစ်‌ခတ် သတ်ဖြတ် ဖမ်းဆီး ညှင်းပမ်းနှိပ်စက်ခဲ့သောကြောင့် တိုင်းရင်းသား ပြည်သူ လူထုမှာ အသက်၊ သွေး၊ ချွေးပေါင်းများစွာကို စတေး၍ ရဲဝံ့စွာ တိုက်ပွဲဝင်ခဲ့ကြရသည့် လူထုအရေးတော်ပုံကြီးလည်း ဖြစ်ပါသည်။ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးမျိုးစေ့ကို ချမှတ်လုပ်ဆောင်ခဲ့သည့် မော်ကွန်းတင်လောက်သော လူထုအ‌ရေးတော်ပုံကြီး ဖြစ်သည့်အပြင် ပြည်ထောင်စုဖွား တိုင်းရင်းသားများ၏ ညီညွတ်ခြင်း ပြယုဂ်တစ်ခုလည်း ဖြစ်ခဲ့ပါ သည်။မြန်မာပြည်သူလူထုသည် ဒီမိုကရေစီအရေးနှင့် အာဏာရှင်စနစ်ဟူသမျှ ချုပ်ငြိမ်းရေးတို့ အတွက် မဆုတ်မနစ်သော ဇွဲလုံလ၊ ခိုင်ကြည်ပြတ်သားသော သန္နိဋ္ဌာန်တို့နှင့် တွန်းလှန်တိုက်ပွဲ ဝင်လာရာ အာဏာကို အသွင်အမျိုးမျိုးပြောင်းပြီး မတရားသဖြင့် ရယူခဲ့ကြသည့် စစ်အာဏာရှင်စနစ် အဆက်ဆက်အား ၁၉၆၂ ခုနှစ် ဆဲဗင်းဇူလိုင်တိုက်ပွဲမှစတင်ကာ ၁၉၇၄ ခုနှစ် ဦးသန့်အရေးအခင်း၊ ၁၉၇၅ ခုနှစ် အလုပ်သမား နှစ်ပတ်လည်အရေးအခင်း၊ ၁၉၇၆ ခုနှစ် မှိုင်းရာပြည့်တိုက်ပွဲ၊ ၁၉၈၈ ခုနှစ် (၈၈၈၈)အရေးတော်ပုံ၊ ၁၉၉၆ ခုနှစ် ဒီဇင်ဘာ ကျောင်းသားလှုပ်ရှားမှု (လှည်းတန်းအရေးအခင်း)၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး စသည့်တိုက်ပွဲများ ဆင်နွှဲခဲ့ပြီး ယခုလက်ရှိ နွေဦး တော်လှန်ရေးရောက်သည့်တိုင် တိုက်ပွဲဝင်ဆဲဖြစ်သည်။ အထက်ပါ တိုက်ပွဲများအတွင်း အသက်ပေး လှူသွားကြသော ရဟန်း၊ရှင်လူ၊ ကျောင်းသား၊ ပြည်သူ သူရဲကောင်းများ၏ကျေးဇူးကို အမျိုးသား ညီညွတ်ရေးအစိုးရက အစဉ်အမြဲအောက်မေ့လျက် ဂုဏ်ပြုဦးညွှတ်ပါသည်။အာဏာရှင်အဆက်ဆက်သည် လူထုအပေါ်တွင် ဆိုးရွားလွန်းသော ရာဇဝတ်မှုများကို အကြိမ်ကြိမ် ကျူးလွန်ကြသော်လည်း တရားဥပဒေအရ ထိုက်တန်သော အပြစ်ပေးအရေးယူခံရ ခြင်းမှ ကင်းလွတ်ခွင့်ရခဲ့ကြသည်။ ယင်းသို့ ကင်းလွတ်ခွင့်ရခဲ့ခြင်း၏အကျိုးဆက်ကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် မဲဆန္ဒရှင်လူထု၏ ရွေးကောက်တင်မြှောက်မှုကို အသိအမှတ် မပြုဘဲ တိုင်းပြည် အာဏာကို မတရား သိမ်းယူရန် ကြိုးစားခဲ့ခြင်းဖြစ်ပေသည်။  စစ်အာဏာရှင်နှင့် အပေါင်းအပါ တစ်သိုက်သည် ယနေ့ထက်တိုင် မ‌ရေမတွက်နိုင်သော စစ်ရာဇဝတ်မှုများအား အစဉ်တစိုက် ပြုမူ ကျူးလွန်လျက် ရှိသည်ကို မြန်မာပြည်သူများသာမက ကမ္ဘာကပင် သိရှိပြီးဖြစ်သည်။ ထိုစစ်ရာဇဝတ် မှုများကို တရားဥပဒေရှေ့မှောက်တွင် အရေးယူနိုင်ရန် အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် တိုင်းရင်းသား မဟာမိတ်၊ ပြည်သူလူထုနှင့်အတူ ပူးပေါင်းပြီး နိုင်ငံရေး၊ စစ်ရေး၊ ဘဏ္ဍာရေး၊ နိုင်ငံခြားရေး၊ လူထုတိုက်ပွဲများဖြင့် စစ်မျက်နှာဘက်‌ပေါင်းစုံမှ ထိုးစစ်ဆင်၍ တွန်းလှန်တိုက်ပွဲဝင် လျက် ရှိရာ စိုးမိုးထိန်းချုပ်နယ်မြေများ ကျယ်ပြန့်လာပြီး အောင်ပွဲများ ရရှိလာနေပြီလည်းဖြစ်ပါသည်။နွေဦးတော်လှန်ရေးပန်းတိုင်ဖြစ်သော ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေး၊ ဖယ်ဒရယ် ပြည်ထောင်စုသစ်ကြီး တည်ဆောက်ရေးတို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်  ၃၆ နှစ် ကြာလာသည်ထိ ရှင်သန်နေဆဲဖြစ်သည့် ရှစ်လေးလုံးစိတ်ဓာတ်ကို ကိုင်စွဲလျက် တိုင်းရင်းသား ညီနောင်မဟာမိတ်များအပါအဝင် နိုင်ငံတဝှမ်းရှိ ပြည်သူလူထုနှင့် ပူးပေါင်းကာ မဝေးတော့သည့် အောင်ပွဲဆီသို့ ဆက်လက်ချီတက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း လေးနက်စွာ ကတိသစ္စာပြုသည့် သဝဏ်လွှာကို ပေးပို့အပ်ပါသည်။အမျိုးသားညီညွတ်ရေးအစိုးရ

အမျိုးသားညီညွတ်ရေးအစိုးရ ၂၂/၂၀၂၄ အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ ၂၂/၂၀၂၄ အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ ၂၂/၂၀၂၄ အစိုးရအဖွဲ့အစည်းဝေးပြုလုပ်◾️ ၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယပိုင်းဖြစ်တဲ့ တိုက်ပွဲတွေမှာ ဆက်တိုက် အောင်မြင်မှုတွေ ရရှိနေ တာဟာ ကျန်ဒေသအားလုံးမှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေ အတွက်လည်း အင်မတန်စိတ်အား တက်ကြွစရာ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြားဩဂုတ် ၆  ၊ ၂၀၂၄အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၂/၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “ပထမဦးစွာ ဝမ်းမြောက်စွာနဲ့ ဂုဏ်ပြုစကား ပြောကြားလိုတာကတော့ မြန်မာ့အမျိုး သားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ တအောင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ ဦး‌ဆောင်တဲ့ တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့များရဲ့ အောင်မြင်မှုကိုပဲ ဖြစ်ပါတယ်။ ဩဂုတ်လ (၃) ရက်နေ့မှာအာဏာလု စစ်အုပ်စုရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေက အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တာဟာ တိုင်းရင်းသားအားလုံး အတူတကွ လက်တွဲဆင်နွှဲနေတဲ့ ဒီတော်လှန်ရေးအတွက်တော့ ကြီးမား တဲ့ အောင်မြင်မှုတစ်ခုပဲ ဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယပိုင်းဖြစ်တဲ့ တိုက်ပွဲတွေမှာ ဆက်တိုက် အောင်မြင်မှုတွေ ရရှိနေတာဟာ ကျန်ဒေသအားလုံး မှာရှိတဲ့ တော်လှန်ရေး အင်အားစုတွေ အတွက်လည်း အင်မတန်စိတ်အားတက်ကြွစရာ ဖြစ်ပါ တယ်။ တစ်နိုင်ငံလုံး နေရာဒေသအနှံ့ မှာရှိနေတဲ့ တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း နိုင်ငံရေးနဲ့ စစ်ရေးကို ဟန်ချက်ညီညီ ဆက်လက်ကြိုးပမ်းသွားကြမယ်ဆိုရင် ဒီလိုအောင်မြင်မှုတွေ ဆက်လက် ဖော်ဆောင်နိုင်ပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ နေဝင်ချိန်ဟာ အနှေးနဲ့ အမြန် ရောက်ရှိလာတော့ မယ်လို့ အခိုင်အမာ ယုံကြည်ပါတယ်။ ” လို့ ပြောကြားပါတယ်။ဆက်လက်ပြီးတော့လည်း “အကြမ်းဖက်စစ်အုပ်စုရဲ့ နိဂုံးချုပ် မြန်မြန်ရောက်မှသာ ပြည်သူတွေရဲ့ ဘက်ပေါင်းစုံက ခံစားနေကြရတဲ့ ဒုက္ခတွေလည်း သက်သာချုပ်ငြိမ်းနိုင်မှာ ဖြစ်ပါတယ်။ စစ်ဒဏ် နဲ့အတူ ငွေကြေးဖောင်းပွမှုဒဏ်ကို အလူးအလဲခံစားနေကြရတဲ့ ပြည်သူတွေဟာ စိတ်ရောကိုယ်ပါ လုံခြုံမှုမရှိစွာနဲ့ နေထိုင်နေကြရတာ ဖြစ်ပါတယ်။ ငွေကြေးဖောင်းပွမှုရဲ့ နောက်ဆက်တွဲ အနေနဲ့ စက်သုံးဆီရှားပါးမှု ပြဿနာဟာလည်း ပြည်သူတွေရဲ့ စားဝတ်နေရေးအတွက် အတော်လေး ထိခိုက်ရတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ တော်လှန်ရေး အင်အားစုတွေအနေနဲ့ တစ်ဘက်က စစ်ရှိန်မြှင့်နေတဲ့အချိန်မှာ တစ်ဘက်က နိုင်ငံရေးအရ တိုင်ပင်ဆွေးနွေးစရာတွေ၊ စုစည်းဆောင်ရွက်ကြရမယ့်အရာတွေအတွက် စဥ်ဆက်မပြတ် ထိစပ်ဆောင်ရွက်နေမှသာ ဒီခရီးက ပိုပြီး မြန်မြန်ဆန်ဆန်‌ ရောက်မှာ ဖြစ်ပါတယ်။ ” လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါ တယ်။ဒါအပြင် ၃ နှစ်ကျော်ဖြတ်သန်းလာတဲ့ ဒီနွေဦးတော်လှန်ရေးမှာ အဆုံးသတ်ကို မြင်နေရပြီ ဆိုတာနဲ့ နွေဦးတော်လှန်ရေးရဲ့ အောင်ပွဲကို ဟန်ချက်ညီညီ ဘယ်လို ပွဲသိမ်းကြမလဲဆိုတာပဲ ဖြစ်ကြောင်း ၊ ဟန်ချက်ညီဖို့ဆိုတာလည်း တော်လှန်ရေးအင်အားစု တွေအားလုံးနဲ့ စစ်ရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး အားလုံးအဆင်ပြေပြေ ညှိနှိုင်းဆောင်ရွက် နိုင်ဖို့ဖြစ်ကြောင်း နဲ့ ဝန်ကြီးများအားလုံးလည်း ဟန်ချက် ညီညီ ရှေ့ဆက်နိုင်ဖို့ရန်အတွက် ဆက်လက် ကြိုးပမ်းအားထုတ်ပေးကြရမှာဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။ အစည်းအဝေးမှာ အမျိုးသမီး ၊ လူငယ် နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုးက သဘောတူစာချွန်လွှာ (MoU) ရေးထိုးခြင်းကိစ္စ ကို တင်ပြဆွေးနွေးခဲ့ပါတယ်။ အဲဒီနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန် လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂၀ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင်  ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂၀ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂၀ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင်  ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်၂၀၂၄ ခုနှစ် ဇူလိုင် (၁၆) ရက်• တိုင်းရင်းသားတော်လှန်ရေး မဟာမိတ်အဖွဲ့ကြီးတွေရဲ့ လက်တွဲခေါ်ဆောင်မှုနဲ့ လက်နက်ကိုင် တော်လှန်ရေးအတွေ့အကြုံကို ကျွန်တော်တို့ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ကောင်းစွာသင်ယူ လေ့လာနိုင်ခဲ့ကြတယ်ဆိုတာ သိသာထင်ရှားပါတယ်။ အထူးသဖြင့် ၁၀၂၇ စစ်ဆင်ရေး - ဒုတိယလှိုင်းလို့ ပြောနိုင်တဲ့ မန္တလေး - ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ ပါဝင်လှုပ်ရှားမှုဟာ နိုင်ငံရေးအရရော၊ စစ်ရေးအရပါ အောင်အောင်မြင်မြင်ဖြစ်တာကို တွေ့ရပါတယ်။ အဲသည့်အတွက် မြောက်ပိုင်းမဟာမိတ် ညီနောင်အဖွဲ့ကိုလည်း လှိုက်လှဲစွာ ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ • နွေဦးတော်လှန်ရေးအတွင်းက လက်နက်ကိုင်တော်လှန်ရေးဟာ အစကနဦး အချိန်မှာတော့ “မုဆိုး စိုင်သင် - သဘာမျိုး” နဲ့ တဖြည်းဖြည်းချင်း လေ့လာသင်ယူကြရတာကို တွေ့ရပါတယ်။ တစ်ဖက်မှာလည်း တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ လက်ကမ်းကြိုဆိုမှုနဲ့ ရှေ့ဆောင် လမ်းပြသင်ကြားပေးမှုတွေဟာ နွေဦးတော်လှန်ရေးရဲ့ ခုခံတော်လှန်စစ်ရေး အခြေအနေကို အတိုင်းအထက်အလွန် မြှင့်တင်ပေးနိုင်ခဲ့တာကို တွေ့ရပါတယ်။ • ဒါဟာ ကျွန်တော်တို့ ပြည်သူလူထုရဲ့ မျှော်လင့်ခြင်း ရောင်ခြည်ဖြစ်လာတယ်လို့ ပြောနိုင် ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်အားလုံး သတိချပ်ဖို့လိုတဲ့ကိစ္စ တစ်ခုကို ပြောချင်ပါတယ်။ အဲဒါကတော့ စစ်ရေးအရ အောင်မြင်မှုဆိုတာမှာ စခန်းသိမ်းတိုက်ပွဲတွေနဲ့ မြို့သိမ်း တိုက်ပွဲတွေ ဆင်နွှဲနိုင်ရုံနဲ့ ပြီးမြောက်မှုရှိပြီလို့ မပြောနိုင်သေးဘူးဆိုတဲ့ အချက်ဖြစ်ပါတယ်။ “သိမ်းပြီးရင် ထိန်းနိုင်ဖို့ လိုတယ်” ဆိုတာကို မမေ့မလျော့ကြဖို့ ဖြစ်ပါတယ်။ • အထူးသဖြင့် လွတ်မြောက်ဒေသတွေ၊ လွတ်မြောက်ဧရိယာတွေဆိုတာဟာ စစ်ရေးအခြေခံဒေသကို ပီပီပြင်ပြင် ခိုင်ခိုင်မာမာ တည်ဆောက်ပြီးမှ ပေါ်ပေါက်လာတာဖြစ်ပါတယ်။ ဒါ့ကြောင့် စစ်ရေးအရ အမြော်အမြင်ရှိမှုနဲ့ နိုင်ငံရေးအရ ကြိုတင်ပြင်ဆင်မှုတွေဟာ ခုခံတော်လှန်စစ်မှာ အင်မတန် အရေးကြီး တယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ အစိုးရအဖွဲ့ဝင် အားလုံးလည်း လူထုနဲ့ တစ်သားတည်း ရပ်တည်ပြီးတော့ ခုခံတော်လှန်စစ် အခြေခံဒေသတွေ အပြိုင်းအရိုင်း ပေါ်ပေါက်ရေးကို အလေးအနက်ထား ကြိုးစားကြဖို့ တိုက်တွန်းလိုပါတယ်။ • အခု နွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင်စနစ် အမြစ်ဖြတ် ချေမှုန်းရေးနဲ့ တိုင်းရင်းသားလွတ်မြောက်မှု တော်လှန်ရေးကို ပေါင်းစပ်ထားတယ်ဆိုတာ ၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ်အတွင်းမှာ ပိုပြီး သိသာထင်ရှား လာပါတယ်။ ဒါဟာ ပြည်သူလူထုအတွက် အားအတက်ရဆုံးသော လူထုတော်လှန်ရေးကြီးအတွက် အဓိက အသက်ဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။ ကျွန်တော်တို့ဟာ စစ်အာဏာရှင်စနစ် အမြစ်ဖြတ် ချေမှုန်းရေးကို လုပ်ဆောင်ရင်းနဲ့ တိုင်းရင်းသား လွတ်မြောက်ရေးတိုက်ပွဲတွေ အောင်ပွဲခံလာနိုင်တာကို တွေ့ရပါတယ်။ • ဒါ့အပြင် တိုင်းရင်းသားဒေသတွေရဲ့ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုအားလုံးဟာ စစ်အာဏာရှင် စနစ် ပြိုလဲခြင်းရဲ့ သင်္ကေတတစ်ခု ဖြစ်တာတွေ့ရပါတယ်။ ဒါဟာ အပြန်အလှန် သက်ရောက်မှု ရှိနေတာ ဖြစ်တာကြောင့် ကျွန်တော်တို့ဟာ နွေဦးတော်လှန်ရေးနဲ့ တိုင်းရင်းသားလွတ်မြောက်ရေးလှုပ်ရှားမှုတွေကို တိုက်ရိုက်ချက်ကြိုး ဆက်နိုင်ပြီလို့ မှတ်ယူရမှာ ဖြစ်ပါတယ်။ ဒီအခြေအနေကို ဆက်လက်ပြီး ခိုင်မာ ကျယ်ပြန့်အောင် လုပ်နိုင်လေလေ၊ နွေဦးတော်လှန်ရေးရဲ့ ခုခံတော်လှန်စစ်ဟာ အရှိန်မြှင့်နိုင်လေလေ ဆိုတာ ကျွန်တော်တို့ အားလုံး သဘောပေါက်ဖို့ လိုပါတယ်။ • ကျွန်တော်တို့ အနေနဲ့ ခုခံတော်လှန်စစ်အခြေအနေအရပ်ရပ်ကို အစဉ်တစိုက် လေ့လာသုံးသပ်နေဖို့လည်း တိုက်တွန်းချင်ပါတယ်။ အထူးသဖြင့် နွေဦးတော်လှန်ရေးဟာ လူထုတော်လှန်ရေးကို နိုင်ငံရေးအရ၊ စစ်ရေးအရ ပေါင်းစပ်ထားတာဖြစ်သလို၊ လူမှုတော်လှန်ရေးအနေနဲ့လည်း အသွင်ဖော်ဆောင်ထား နိုင်တာကို တွေ့ရပါတယ်။ ဒါ့ကြောင့် နယ်ပယ်တိုင်း ကဏ္ဍတိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်မှုတွေဟာ အင်မတန်များပြား ကျယ်ဝန်းတာကို တွေ့ရပါတယ်။ • ကျွန်တော်တို့အနေနဲ့ ထိထိရောက်ရောက်ဖြစ်မှုနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်မှုကို ပေါင်းစပ်နိုင်အောင်လည်း ကြိုးစားဖို့ လိုပါတယ်။ ဒီနေရာမှာ လူမျိုးရေး အသွင်ဆောင်တဲ့ ပဋိပက္ခ ထောင်ချောက်တွေကိုလည်း ရှောင်ရှားနိုင်ဖို့ သတိရှိရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ မိမိတို့ တိုင်းရင်းသားပြည်သူလူထု အချင်းချင်းအကြား သဟဇာတဖြစ်မှု ကြီးမားလာအောင် လုပ်ရမှာဖြစ်သလို၊ လက်နက်ကိုင် တော်လှန်ရေး အင်အားစုအချင်းချင်း စုစည်းညီညွတ်နိုင်အောင်လည်း အစဉ်တစိုက် ကြိုးစားအားထုတ် နေရမှာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်၊ (၂၀/၂၀၂၄) တွင် ပြောကြားသည့် ပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်းကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်၊ (၂၀/၂၀၂၄) တွင် ပြောကြားသည့် ပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်းကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်၊ (၂၀/၂၀၂၄) တွင် ပြောကြားသည့် ပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်းကောက်နုတ်ချက်ရက်စွဲ ။ ၂၀၂၄ ခုနှစ်၊  ဇူလိုင်လ (၁၆) ရက်ဒီလပိုင်းအတွင်းမှာ နိုင်ငံရေး အခြေအနေ အဖြစ်အပျက်တွေ၊ တော်လှန်ရေးရဲ့ ဦးတည် ရာတွေက သိပ်ကို မြန်မြန်ဆန်ဆန်နဲ့ လှုပ်လှုပ်ခပ်ခပ်ဖြစ်နေတာကို တွေ့ရပါတယ်။ စစ်ကောင်စီအနေနဲ့ နောက်ဆုံးထွက်သက်အတွက် ရုန်းကန်နေတဲ့သူအလား ကယောင် ချောက်ချား ထင်ရာစိုင်းနေတာတွေကိုလည်း နေ့စဥ်နဲ့အမျှ ကြားသိမြင်တွေ့ နေရပါတယ်။ ရွှေဆိုင်ပိုင်ရှင်တွေကအစ ဆန်ကုန်သည်တွေပါမချန် ဘဏ်တွေအထိ စိတ်ကူးပေါက်သလို ဖမ်းဆီးပြီး စီးပွားရေးအခြေအနေတွေ မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နေသလို တစ်ဘက် ကလည်း ပြည်ပရောက်အလုပ်သမားတွေ၊ အလုပ်အကိုင်အေဂျင်စီတွေကို ဘေးကြပ်နံကြပ် ဖြစ်အောင် ဆောင်ရွက်နေတာတွေ၊ CDM ဝန်ထမ်းတွေကို ပြန်မဲဆွယ်နေတာတွေလည်း လုပ်‌ဆောင်နေတာ ရှိပါတယ်။ ခြုံငုံလေ့လာကြည့်လိုက်မယ်ဆိုရင် တိုင်းပြည်ကို အဆုံးထိ သူတို့နဲ့အတူ ဆွဲချသွားဖို့ ကြိုးစားနေတဲ့ပုံပဲ ဖြစ်ပါတယ်။မြန်မာပြည်သူတွေအနေနဲ့လည်း တိုင်းပြည်အာဏာလုယူပြီး ဆိုးသွမ်းရမ်းကားနေတဲ့ စစ်ကောင်စီနဲ့ တွေ့ကြုံနေရတဲ့ အချိန်မှာ ရေကြီးရေလျှံကိစ္စတွေကလည်း ဖြစ်ပေါ်လာတော့ တစ်ပူပေါ် နှစ်ပူဆင့်သလိုပဲ ဒုက္ခရောက်နေကြရတဲ့ အခြေအနေပါ။ ဘာပဲဖြစ်ဖြစ် တစ်ဘက် ကလည်း စစ်ရေးအရှိန်တွေ မြှင့်လာနေတာမို့ ပြည်သူတွေလည်း အောင်ပွဲတွေကို မျှော်မှန်းပြီး စိတ်အားတက်ရတာတွေလည်း ရှိမယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့တော့ လုပ်နိုင်သမျှ အစွမ်းကုန် ပြည်သူကို စောင့်ရှောက်ကူညီပေးကြဖို့လည်း တိုက်တွန်းလိုပါတယ်။ အစိုးရအနေနဲ့တော့ စစ်ရေးအရှိန်မြှင့်မှုတွေရဲ့ နောက်ဆက်တွဲအနေနဲ့ အုပ်ချုပ်ရေး ဆိုင်ရာကိစ္စတွေ အပါအဝင် နိုင်ငံရေးဆိုင်ရာကိစ္စတွေအတွက် ကျယ်ကျယ်ပြန့်ပြန့် စဥ်းစား ထားကြရမယ့် အချိန်လည်း ဖြစ်ပါတယ်။ ကျွန်‌တော်တို့နိုင်ငံရဲ့ ပထဝီအနေအထား၊ ရှည်လျားတဲ့ သမိုင်းကြောင်းတို့ကြောင့် နိုင်ငံရေးကိစ္စတွေ အဖြေရှာကြတယ်ဆိုရာမှာ တော် တော်လေးရှုပ်ထွေးပြီး ခက်ခဲနိုင်ပါတယ်။ အချိန်လည်း ယူရနိုင်ပါတယ်။ ဒါပေမယ့်လည်း ရင်ဆိုင်ကျော်လွှားကြရမယ့် ကိစ္စလည်း ဖြစ်တာကြောင့် အစိုးရအဖွဲ့အတွင်းက အတွေ့အကြုံ များကြတဲ့ ဝန်ကြီး၊ ဒုဝန်ကြီးတွေအနေနဲ့ စုပေါင်းစဥ်းစားအဖြေရှာကြမယ်ဆိုရင် တန်ဖိုးရှိတဲ့ ရလဒ်တွေ ထွက်လာမယ်လို့လည်း ယုံကြည်ပါတယ်။အချိန်က အကန့်အသတ်ဖြစ်  လာတာ ကြောင့် ကျွန်တော်တို့က သွက်သွက်လက်လက် သွားပါမှ အောင်ပွဲကို မြန်မြန်တက် လှမ်းနိုင်မှာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ၂၀/၂၀၂၄ အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ ၂၀/၂၀၂၄ အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ ၂၀/၂၀၂၄ အစိုးရအဖွဲ့အစည်းဝေးပြုလုပ်◾️ တိုင်းရင်းသားဒေသတွေရဲ့ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုအားလုံးဟာ စစ်အာဏာရှင်စနစ် ပြိုလဲခြင်းရဲ့ သင်္ကေတတစ်ခု ဖြစ်တယ်လို့ ယာယီသမ္မတပြောကြားဇူလိုင် ၁၆  ၊ ၂၀၂၄အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၀/၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ယာယီသမ္မတ ဒူဝါလရှီးလက  “တိုင်းရင်းသားတော်လှန်ရေး မဟာမိတ်အဖွဲ့ကြီးတွေရဲ့ လက်တွဲ ခေါ်ဆောင်မှုနဲ့ လက်နက်ကိုင် တော်လှန်ရေးအတွေ့အကြုံကို ကျွန်တော်တို့ရဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေဟာ ကောင်းစွာသင်ယူ လေ့လာနိုင်ခဲ့ကြတယ်ဆိုတာ သိသာထင်ရှားပါတယ်။ အထူး သဖြင့် ၁၀၂၇ စစ်ဆင်ရေး - ဒုတိယလှိုင်းလို့ ပြောနိုင်တဲ့ မန္တလေး - ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တွေရဲ့ ပါဝင်လှုပ်ရှားမှုဟာ နိုင်ငံရေးအရရော၊ စစ်ရေးအရပါ အောင်အောင်မြင်မြင်ဖြစ်တာကို တွေ့ရပါတယ်။ အဲသည့်အတွက် မြောက်ပိုင်းမဟာမိတ် ညီနောင်အဖွဲ့ကိုလည်း လှိုက်လှဲစွာ ကျေးဇူး တင်ကြောင်း ပြောချင်ပါတယ်။ နွေဦးတော်လှန်ရေးအတွင်းက လက်နက်ကိုင်တော်လှန် ရေးဟာ အစကနဦး အချိန်မှာတော့ “မုဆိုး စိုင်သင် - သဘာမျိုး” နဲ့ တဖြည်းဖြည်းချင်း လေ့လာသင်ယူ ကြရတာကို တွေ့ရပါတယ်။ တစ်ဖက်မှာလည်း တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ လက်ကမ်းကြိုဆိုမှုနဲ့ ရှေ့ဆောင် လမ်းပြသင်ကြားပေးမှုတွေဟာ နွေဦးတော်လှန်ရေးရဲ့ ခုခံ တော်လှန်စစ်ရေး အခြေအနေကို အတိုင်းအထက်အလွန် မြှင့်တင်ပေးနိုင်ခဲ့တာကို တွေ့ရပါတယ်။ ဒါဟာ ကျွန်တော်တို့ ပြည်သူလူထုရဲ့ မျှော်လင့်ခြင်း ရောင်ခြည်ဖြစ်လာတယ်လို့ ပြောနိုင်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်အားလုံး သတိချပ်ဖို့လိုတဲ့ကိစ္စ တစ်ခုကို ပြောချင်ပါတယ်။ အဲဒါကတော့ စစ်ရေးအရ အောင်မြင်မှုဆိုတာမှာ စခန်းသိမ်းတိုက်ပွဲတွေနဲ့ မြို့သိမ်း တိုက်ပွဲတွေ ဆင်နွှဲနိုင်ရုံနဲ့ ပြီးမြောက်မှုရှိပြီလို့ မပြောနိုင်သေးဘူးဆိုတဲ့ အချက်ဖြစ်ပါတယ်။ “သိမ်းပြီးရင် ထိန်းနိုင်ဖို့ လိုတယ်” ဆိုတာကို မမေ့မလျော့ကြဖို့ ဖြစ်ပါတယ်။ ” လို့ ပြောကြားပါတယ်။ဆက်လက်ပြီးတော့လည်း “ အထူးသဖြင့် လွတ်မြောက်ဒေသတွေ၊ လွတ်မြောက်ဧရိယာတွေ ဆိုတာဟာ စစ်ရေးအခြေခံဒေသကို ပီပီပြင်ပြင် ခိုင်ခိုင်မာမာ တည်ဆောက်ပြီးမှ ပေါ်ပေါက်လာ တာဖြစ်ပါတယ်။ ဒါ့ကြောင့် စစ်ရေးအရ အမြော်အမြင်ရှိမှုနဲ့ နိုင်ငံရေးအရ ကြိုတင်ပြင်ဆင်မှု တွေဟာ ခုခံတော်လှန်စစ်မှာ အင်မတန် အရေးကြီးတယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ အစိုးရ အဖွဲ့ဝင် အားလုံးလည်း လူထုနဲ့ တစ်သားတည်း ရပ်တည်ပြီးတော့ ခုခံတော်လှန်စစ် အခြေခံ ဒေသတွေ အပြိုင်းအရိုင်း ပေါ်ပေါက်ရေးကို အလေးအနက်ထား ကြိုးစားကြဖို့ တိုက်တွန်းလို ပါတယ်။ အခု နွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင်စနစ် အမြစ်ဖြတ် ချေမှုန်းရေးနဲ့ တိုင်းရင်း သားလွတ်မြောက်မှု တော်လှန်ရေးကို ပေါင်းစပ်ထားတယ်ဆိုတာ ၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ်အတွင်းမှာ ပိုပြီး သိသာထင်ရှားလာပါတယ်။ ဒါဟာ ပြည်သူလူထုအတွက် အားအတက်ရဆုံးသော လူထုတော်လှန်ရေးကြီးအတွက် အဓိက အသက်ဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။ ကျွန်တော်တို့ဟာ စစ်အာဏာရှင်စနစ် အမြစ်ဖြတ် ချေမှုန်းရေးကို လုပ်ဆောင်ရင်းနဲ့ တိုင်းရင်းသား လွတ်မြောက်ရေး တိုက်ပွဲတွေ အောင်ပွဲခံလာနိုင်တာကို တွေ့ရပါတယ်။ ဒါ့အပြင် တိုင်းရင်းသားဒေသတွေရဲ့ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုအားလုံးဟာ စစ်အာဏာရှင်စနစ် ပြိုလဲခြင်းရဲ့ သင်္ကေတ တစ်ခု ဖြစ်တာတွေ့ရပါတယ်။ ဒါဟာ အပြန်အလှန် သက်ရောက်မှု ရှိနေတာ ဖြစ်တာကြောင့် ကျွန်တော်တို့ဟာ နွေဦးတော်လှန်ရေးနဲ့ တိုင်းရင်းသားလွတ်မြောက်ရေးလှုပ်ရှားမှုတွေကို တိုက်ရိုက်ချက်ကြိုး ဆက်နိုင်ပြီလို့ မှတ်ယူရမှာ ဖြစ်ပါတယ်။ ဒီအခြေအနေကို ဆက်လက်ပြီး ခိုင်မာ ကျယ်ပြန့်အောင် လုပ်နိုင်လေလေ၊ နွေဦးတော်လှန်ရေးရဲ့ ခုခံတော်လှန်စစ်ဟာ အရှိန်မြှင့်နိုင် လေလေ ဆိုတာ ကျွန်တော်တို့ အားလုံး သဘောပေါက်ဖို့ လိုပါတယ်။ ကျွန်တော်တို့ အနေနဲ့ ခုခံ တော်လှန်စစ်အခြေအနေအရပ်ရပ်ကို အစဉ်တစိုက် လေ့လာသုံးသပ်နေဖို့လည်း တိုက်တွန်းချင်ပါ တယ်။ အထူးသဖြင့် နွေဦးတော်လှန်ရေးဟာ လူထုတော်လှန်ရေးကို နိုင်ငံရေးအရ၊ စစ်ရေးအရ ပေါင်းစပ်ထားတာဖြစ်သလို၊ လူမှုတော်လှန်ရေးအနေနဲ့လည်း အသွင်ဖော်ဆောင်ထား နိုင်တာကို တွေ့ရပါတယ်။ ဒါ့ကြောင့် နယ်ပယ်တိုင်း ကဏ္ဍတိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်မှုတွေဟာ အင်မတန်များပြား ကျယ်ဝန်းတာကို တွေ့ရပါတယ်။ ” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ဒါအပြင် လူမျိုးရေး အသွင်ဆောင်တဲ့ ပဋိပက္ခ ထောင်ချောက်တွေကိုလည်း ရှောင်ရှားနိုင်ဖို့ သတိရှိရမှာ ဖြစ်ကြောင်း၊ တိုင်းရင်းသားပြည်သူလူထု အချင်းချင်းအကြား သဟဇာတဖြစ်မှု ကြီးမားလာအောင် လုပ်ရမှာဖြစ်ကြောင်းနဲ့ လက်နက်ကိုင် တော်လှန်ရေး အင်အားစုအချင်းချင်း စုစည်းညီညွတ်နိုင်အောင်လည်း အစဉ်တစိုက် ကြိုးစားအားထုတ် နေရမှာ ဖြစ်ကြောင်း ယာယီသမ္မတက တိုက်တွန်းပြောကြားခဲ့ပါတယ်။ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “ဒီလပိုင်းအတွင်းမှာ နိုင်ငံရေး အခြေအနေ အဖြစ်အပျက်တွေ၊ တော်လှန်ရေးရဲ့ ဦးတည်ရာတွေက သိပ်ကို မြန်မြန်ဆန်ဆန်နဲ့ လှုပ်လှုပ် ခပ်ခပ်ဖြစ်နေတာကို တွေ့ရပါတယ်။ စစ်ကောင်စီအနေနဲ့ နောက်ဆုံးထွက်သက်အတွက် ရုန်းကန် နေတဲ့သူအလား ကယောင် ချောက်ချား ထင်ရာစိုင်းနေတာတွေကိုလည်း နေ့စဥ်နဲ့အမျှ ကြား သိမြင် တွေ့ နေရပါတယ်။ ရွှေဆိုင်ပိုင်ရှင်တွေကအစ ဆန်ကုန်သည်တွေပါမချန် ဘဏ်တွေအထိ စိတ်ကူးပေါက်သလို ဖမ်းဆီးပြီး စီးပွားရေးအခြေအနေတွေ မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင် နေသလို တစ်ဘက် ကလည်း ပြည်ပရောက်အလုပ်သမားတွေ၊ အလုပ်အကိုင်အေဂျင်စီတွေကို ဘေးကြပ်နံကြပ် ဖြစ်အောင်ဆောင်ရွက်နေတာတွေ၊ CDM ဝန်ထမ်းတွေကို ပြန်မဲဆွယ်နေ တာတွေလည်း လုပ်‌ဆောင်နေတာ ရှိပါတယ်။ ခြုံငုံလေ့လာကြည့်လိုက်မယ်ဆိုရင် တိုင်းပြည်ကို အဆုံးထိ သူတို့နဲ့အတူ ဆွဲချသွားဖို့ ကြိုးစားနေတဲ့ပုံပဲ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေအနေနဲ့လည်း တိုင်းပြည်အာဏာလုယူပြီး ဆိုးသွမ်းရမ်းကားနေတဲ့ စစ်ကောင်စီနဲ့ တွေ့ကြုံနေရတဲ့ အချိန်မှာ ရေကြီးရေလျှံကိစ္စတွေကလည်း ဖြစ်ပေါ်လာတော့ တစ်ပူပေါ် နှစ်ပူဆင့်သလိုပဲ ဒုက္ခရောက်နေ ကြရတဲ့ အခြေအနေပါ။ ဘာပဲဖြစ်ဖြစ် တစ်ဘက် ကလည်း စစ်ရေးအရှိန်တွေ မြှင့်လာနေတာမို့ ပြည်သူတွေလည်း အောင်ပွဲတွေကို မျှော်မှန်းပြီး စိတ်အားတက်ရတာတွေလည်း ရှိမယ်လို့ ထင်ပါ တယ်။ ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့တော့ လုပ်နိုင်သမျှ အစွမ်းကုန် ပြည်သူကို စောင့်ရှောက် ကူညီပေးကြဖို့လည်း တိုက်တွန်းလိုပါတယ်။” လို့ ပြောကြားပါတယ်။ဆက်လက်ပြီးတော့လည်း “အစိုးရအနေနဲ့တော့ စစ်ရေးအရှိန်မြှင့်မှုတွေရဲ့ နောက်ဆက်တွဲအနေနဲ့ အုပ်ချုပ်ရေး ဆိုင်ရာကိစ္စတွေ အပါအဝင် နိုင်ငံရေးဆိုင်ရာကိစ္စတွေအတွက် ကျယ်ကျယ်ပြန့်ပြန့် စဥ်းစား ထားကြရမယ့် အချိန်လည်း ဖြစ်ပါတယ်။ ကျွန်‌တော်တို့နိုင်ငံရဲ့ ပထဝီအနေအထား၊ ရှည်လျားတဲ့ သမိုင်းကြောင်းတို့ကြောင့် နိုင်ငံရေးကိစ္စတွေ အဖြေရှာကြတယ်ဆိုရာမှာ တော် တော်လေးရှုပ်ထွေးပြီး ခက်ခဲနိုင်ပါတယ်။ အချိန်လည်း ယူရနိုင်ပါတယ်။ ဒါပေမယ့်လည်း ရင်ဆိုင်ကျော်လွှားကြရမယ့် ကိစ္စလည်း ဖြစ်တာကြောင့် အစိုးရအဖွဲ့အတွင်းက အတွေ့အကြုံ များကြတဲ့ ဝန်ကြီး၊ ဒုဝန်ကြီးတွေအနေနဲ့ စုပေါင်းစဥ်းစားအဖြေရှာကြမယ်ဆိုရင် တန်ဖိုးရှိတဲ့ ရလဒ်တွေ ထွက်လာမယ်လို့လည်း ယုံကြည်ပါတယ်။အချိန်က အကန့်အသတ်ဖြစ်  လာတာ ကြောင့် ကျွန်တော်တို့က သွက်သွက်လက်လက် သွားပါမှ အောင်ပွဲကို မြန်မြန်တက် လှမ်းနိုင်မှာ ဖြစ်ပါတယ်။ ” လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါ တယ်။အစည်းအဝေးမှာ ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က လက်ရှိဖြစ်ပေါ် တိုးတက်နေမှု အခြေအနေများကို တင်ပြဆွေးနွေးခဲ့ပါတယ်။ အဲဒီနောက် ပြည်ထောင်စုဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။

ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန - သတင်းထုတ်ပြန်ချက် (၁/၂၀၂၄)

ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန - သတင်းထုတ်ပြန်ချက် (၁/၂၀၂၄)

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနသတင်းထုတ်ပြန်ချက် (၁/၂၀၂၄)၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ( ၁၃  )ရက်၁။ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့ ည(၉း၃၀) နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘို ခရိုင်၊ ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီးကျေးရွာတွင်နေထိုင်သော မောင်မြင့်မြတ်ဦး (အသက် ၁၇ နှစ်) (အဘ- ဦးကျော်မင်းစိုး) သည် စိုင်နိုင်ကြီးကျေးရွာ၊ သင်္ချိုင်းအနီးတွင် လည်ပင်းပြတ်ရှဒါဏ်ရာ၊ ဝဲနဖူး ပြတ်ရှဒါဏ်ရာ၊ ညာဘက်ဂျိုစောင်းပြတ်ရှဒါဏ်ရာ၊ ညာဘက် လက်မောင်းထိုးသွင်းပေါက်ထွက် ဒါဏ်ရာများဖြင့်သေဆုံးနေကြောင်းတွေ့ရှိခဲ့သဖြင့် ဖခင် ဖြစ်သူမှ ဝက်လက်မြို့နယ်၊ ပြည်သူ့ရဲတပ်ဖွဲ့ စခန်းသို့ တရားလိုပြုလုပ်တိုင်တန်းခဲ့ပါသည်။၂။ ထိုသို့တိုင်တန်းချက်အပေါ် ဝက်လက်မြို့နယ်၊ ပြည်သူ့ရဲတပ်ဖွဲ့မှ (ပ)၁၂/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၂ ဖြင့်အမှုဖွင့်လှစ်ဆောင်ရွက်ထားပြီး၊ တရားလိုစစ်ဆေးခြင်း၊ သက်သေများစစ်ဆေးခြင်း၊ အခင်းဖြစ်ရပ်စစ်ဆေးခြင်းများကို ပြည်သူ့ရဲတပ်ဖွဲ့ လုပ်ထုံး လုပ်နည်းများနှင့်အညီ အမှုမှန် ပေါ်ပေါက်ရေးအတွက် ဆောင်ရွက်လျှက်ရှိပါသည်။ ၃။ မိမိတို့ဝန်ကြီးဌာနအနေဖြင့် မောင်မြင့်မြတ်ဦးအသတ်ခံရမှုနှင့်ပတ်သက်၍ တရားခံ အမြန်ဆုံးပေါ်ပေါက်ပြီး၊ ဥပဒေနှင့်အညီ ဖမ်းဆီးအရေးယူနိုင်ရေးအတွက် အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်းနှင့် မိတ်ဖက်အဖွဲ့အစည်းများ၊ ဒေသခံပြည်သူလူထုများ အနေဖြင့်လည်း တရားခံ အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် သတင်းပေးခြင်း အပါအဝင် မိမိတို့ဝန်ကြီးဌာနနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးနိုင်ပါရန် လေးစားစွာ မေတ္တာရပ်ခံပါကြောင်း ထုတ်ပြန်အပ်ပါသည်။ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန