အမျိုးသားညီညွတ်ရေးအစိုးရ ၁၉ /၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးပြုလုပ်◾️ စစ်အာဏာရှင်ရဲ့ စစ်ရေးယန္တရားတွေကို အမြစ်ကနေတူးဖြိုပစ်ဖို့အတွက်ဆိုရင် တော်လှန်ရေး အင်အားစုအားလုံးရဲ့ စုပေါင်းလက်တွဲ ဆောင်ရွက်မှုဟာ အင်မတန် အရေးကြီးတယ်လို့ ယာယီသမ္မတပြောကြား ဇွန် ၁၈ ၊ ၂၀၂၄အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၁၉/၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ယာယီသမ္မတ ဒူဝါလရှီးလက “ ဒီနေ့ ပြုလုပ်ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေးမှာ၊ ကျွန်တော့်အနေနဲ့ အဓိက ပြောကြားချင်တဲ့အကြောင်း အချက် (၂) ခု ရှိပါတယ်။ အဲသည့်အထဲက ပထမအချက်အနေနဲ့ လက်ရှိ နွေဦးတော်လှန်ရေးအတွင်းမှာ ဖြတ်သန်းနေတဲ့ စစ်ရေးမြေပုံ အရွေ့ တချို့နဲ့ပတ်သက်ပြီး ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်အားလုံးကို သတိချပ်စေချင် ပါတယ်။ လောလောဆယ်အားဖြင့် ရက္ခိုင်ဒေသ၊ ကချင်ဒေသ အပါအဝင် ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ ရှမ်းတောင်၊ ကရင်နီဒေသနှင့် တနင်္သာရီဒေသတွေဟာ ခုခံတော်လှန်စစ်အရ စစ်ရေး အဟုန်မြင့်မားလာတာကို တွေ့ရပါတယ်။ ဒါပေမယ့် တခြားသော ခုခံတော်လှန်စစ်ဒေသတွေ မှာတော့ သက်ဆိုင်ရာ တော်လှန်ရေးအစုအဖွဲ့တွေရဲ့ ဦးစားပေး လျာထားချက်တွေအရ အနည်းငယ် ငြိမ်သက်နေတာမျိုးလည်း တွေ့မြင်ရပါတယ်။ စစ်ရေးအမြင်အရ ဘယ်လိုအရာကိုမှ တရားသေ လှေနံဓားထစ် ပုံသေပြောလို့ မရပေမယ့်၊ စစ်အာဏာရှင်ရဲ့ စစ်ရေးယန္တရားတွေကို အမြစ်ကနေ တူးဖြိုပစ်ဖို့အတွက်ဆိုရင် ကျွန်တော်တို့ တော်လှန်ရေးအင်အားစုအားလုံးရဲ့ စုပေါင်းလက်တွဲ ဆောင်ရွက်မှု (coordinated action) ဟာ အင်မတန် အရေးကြီးတယ်လို့ ပြောချင်ပါတယ်။ ယေဘုယျအားဖြင့် စစ်ရေးအရ ပုံဖော်တည်ဆောက်ထားတဲ့ coordinated action ဆိုတာဟာ “ခိုင်မာပြီး စုဖွဲ့မှု အားကောင်းတဲ့ မဟာဗျူဟာမြောက် စစ်ရေးတပ်ပေါင်းစု” ကို ဆိုလိုတာ ဖြစ်ပါတယ်။ အဲသည့်အထဲမှာ တစ်ညီတစ်ညွတ်တည်းသော အမိန့်ပေးကွပ်ကဲမှု စနစ် ပါဝင်သလို၊ မဟာဗျူဟာမြောက် စုဖွဲ့ထားတဲ့ စစ်ရေးမစ်ရှင်တွေလည်း ပါဝင်ပါတယ်။ ဒါ့အပြင် လက်နက် ခဲယမ်းမီးကျောက်စတဲ့ စစ်ရေးရင်းမြစ်တွေကို ခွဲဝေ နေရာချထားနိုင်မှုနဲ့ ဆက်သွယ်ရေး၊ ချိတ်ဆက်ဆောင်ရွက်ရေးနဲ့ ချိန်သားကိုက် လှုပ်ရှားနိုင်တဲ့ timing ဆိုတာတွေက အင်မတန် အရေးကြီးတယ်လို့ ယူဆပါတယ်။ ” လို့ ပြောကြားပါတယ်။ဆက်လက်ပြီးတော့လည်း “ကျွန်တော်တို့နဲ့ ချိတ်ဆက်လုပ်ဆောင်နေတဲ့ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေ အကြားမှာ စနစ်တကျ လေ့ကျင့်တည်ဆောက်ထားတဲ့ တပ်ရင်း၊ တပ်မတွေ အမြောက်အမြား ပေါ်ထွက်လာဖို့ လိုအပ်တယ်လို့ ယူဆပါတယ်။ အဲသည့်လို ပေါ်ထွက်လာ နိုင်ဖို့ အတွက် ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း မဟာမိတ်စုဖွဲ့မှု ခိုင်မာအား ကောင်းရေးကို နိုင်ငံရေး နည်းအရ ကြိုးစားတည်ဆောက်နေသလို၊ စစ်ရေးနည်းအရလည်း ချိတ်ဆက် ဆောင်ရွက်နေပါတယ်။ ဒီနေ့ ပြုလုပ်ကျင်းပတဲ့ အစိုးရအဖွဲ့ အစည်းအဝေးမှာ ဒုတိယ အချက်အနေနဲ့ ပြောကြားချင်တာကတော့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ အလုံးအရင်းနဲ့ ထပ်မံရရှိအောင် ကြိုးစားဖို့နဲ့ ထိရောက်တဲ့ ပေးဝေမှုတွေ ဖြစ်စေဖို့ကိစ္စ ဖြစ်ပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့လည်း လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို ထိထိရောက်ရောက် စီမံနိုင်ဖို့အတွက် International Aid Coordination Commission ဆိုတာကို ဖွဲ့စည်းထားတာ ရှိပါတယ်။ ဒီကော်မရှင်ကနေတစ်ဆင့် ထိရောက်တဲ့ နိုင်ငံတကာ အထောက်အပံ့တွေကို လုံလုံလောက်လောက်ရရှိဖို့ ထပ်မံ ကြိုးစားစေချင်ပါတယ် ” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ဒါအပြင် ပြည်သူ့ခုခံတော်လှန်စစ်ကို ဆင်နွှဲနေတာ ဖြစ်တာကြောင့်၊ လူထုထောက်ခံမှု ကျဆင်း မသွားရေးကို အထူးဂရုစိုက်ဖို့ အလေးအနက်ထား တိုက်တွန်းချင်ကြောင်း ၊ တခါတရံ စစ်ရေးအရ အောင်နိုင်ဒေသတွေ ရှိပေမယ့် လူထုကို ဆုံးရှုံးရတာမျိုး ဖြစ်တတ်ကြောင်း ၊ ဘယ်သို့သော အခြေ အနေကို ရောက်သည် ဖြစ်စေ၊ လူထုကို ဆုံးရှုံးလို့ မရဘူးဆိုတာ သတိချပ်စေချင်ကြောင်း နဲ့ ခုခံတော်လှန်စစ်ဒေသတွေ အောင်နိုင်ဖို့ တစ်ခုတည်းကို အာရုံစိုက်ရမှာ မဟုတ်ဘဲ၊ လူထုရဲ့ နှလုံးသားကို သိမ်းကြုံးနိုင်စေဖို့လည်း အထူး ဂရုစိုက်ရမှာဖြစ်ကြောင်း ယာယီသမ္မတက ပြောကြား ခဲ့ပါတယ်။ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “ဒီကနေ့ ကျွန်တော်တို့ တော်လှန်ရေးအခြေအနေဟာ တစ်ဘက်က ကောင်းမွန်တဲ့ အခြေအနေတွေ၊ တိုးတက်မှုတွေ ရှိနေသလို တစ်ဘက်မှာလည်း ရင်ဆိုင်ကြုံတွေ့ကြရမယ့်၊ ဖြတ်သန်းကြရမယ့် စိန်ခေါ်မှုတွေ ပိုများလာတဲ့ အနေအထားကို တွေ့ကြရမှာ ဖြစ်ပါတယ်။ တော်လှန်ရေးက အချိန်ကြာမြင့်လာလေလေ၊ စစ်ရေးအရ အခြေအနေတွေ၊ နိုင်ငံရေးအရ ညှိနှိုင်းပြောဆိုရတဲ့ အခြေအနေတွေမှာ စိန်ခေါ်ချက်တွေက ပိုများလာမယ်ဆိုတာကတော့ ကျွန်တော်တို့ မျှော်လင့်ထားပြီးသား ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အခက်အခဲတွေ၊ အကန့်အ သတ်တွေကြားထဲကနေ တော်လှန်ရေးကို တတ်အားသရွေ့ အရွေ့ကြီးကြီးမားမားရှိအောင် ကြိုးစားဆောင်ရွက်ပေးနေကြတဲ့ အစိုးရအဖွဲ့ဝင်တွေ အပါအဝင် အဆင့်ဆင့် တာဝန်ရှိသူတွေ၊ အင်အားအပြည့်နဲ့ ပူးပေါင်းပါဝင်နေကြတဲ့ ပြည်သူများအားလုံးကို လေးစားကြောင်း ဦးစွာ ပြောကြားလိုပါတယ်။ ” လို့ ပြောကြားပါတယ်။ဆက်လက်ပြီးတော့လည်း “အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ခေတ်အဆက်ဆက်ပြည်သူတွေအပေါ် လက်နက် အားကိုးအနိုင်ကျင့်ခဲ့တဲ့ အချိန်တိုင်း ငြိမ်းချမ်းစွာ ဆန္ဒပြပြီး ဆန့်ကျင်တုန့်ပြန်ခဲ့ကြတဲ့ ပြည်သူတွေကို အချိန်တိုတို အတွင်းမှာပဲ အနိုင်ယူကာ ခေါင်းစဥ်မျိုးစုံပြောင်းလဲပြီး တိုင်းပြည်ကို အုပ်ချုပ်ခဲ့သလိုမျိုး ဒီတော်လှန်ရေးကိုလည်း ဒီလိုဖြစ်မယ်လို့ မျှော်လင့်ခဲ့ ပုံပေါ်ပါတယ်။ ဒါပေမယ့် ဒီနွေဦး တော်လှန်ရေးမှာ သူတို့မျှော်လင့်သလိုမဖြစ်လာခဲ့ပဲ အာဏာ လုယူပြီး (၅)မြောက်နေ့မှာပင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီကို ဖွဲ့စည်းနိုင်သလို ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကိုလည်း (၂)လအတွင်း ထုတ်ပြန်ကြေညာ ကာ တော်လှန်ရေး အင်အားစုတွေစုစည်းပြီး အစိုးရကို လည်း ဖွဲ့နိုင်ခဲ့တာမို့ သူတို့ရဲ့ ပြည်သူ့ အာဏာလုယူမှုဟာ ယနေ့အချိန်ထိ အထမမြောက်နိုင်ပဲ မကြုံဖူးတဲ့ တန်ပြန်တိုက်ခိုက်မှုတွေ၊ ပြည်သူတွေရဲ့ ဇွဲသတ္တိတွေ၊ ရဲရင့်မှုတွေကို နေ့စဥ် ရင်ဆိုင်နေရတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒါ့ကြောင့် သမိုင်းမှာ မကြုံစဖူး ခိုင်မာပါတယ်ဆိုတဲ့ စစ်တပ် Institution ကြီးဟာ နေ့စဥ်နဲ့အမျှ အင်အားချိနဲ့နေတာကို မြင်တွေ့ကြရမှာ ဖြစ်ပါ တယ်။ ” လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါ တယ်။ဒါအပြင် အကြမ်းဖက်စစ်တပ် အင်အားချိနဲ့နေတဲ့ ဒီအခြေအနေမှာပဲ ရပ်တန့်နေရာမှာမဟုတ်ပဲ ချောက်ကမ်းပါးစွန်းရောက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို အပြီးတိုင်အမြစ်ဖြတ် တွန်းချနိုင်ဖို့ ကြိုးစားရမှာ ဖြစ်ကြောင်း ၊ အချိန်ကို ထိထိရောက်ရောက် အသုံးမချနိုင်ရင် အကြမ်းဖက် စစ်အုပ်စုကို ပြင်ဆင်ချိန်ပေးမိသလို ဖြစ်နိုင်ကြောင်း၊ တော်လှန်ရေးရဲ့ အချိန် အကန့်အသတ်ဟာ ပိုအရေးကြီးကြောင်း နဲ့ ပိုမိုအရေးကြီးလာတာနဲ့အမျှ အချိန်စီမံခန့်ခွဲမှု၊ လူ့စွမ်းအားအရင်း အမြစ်စီမံခန့်ခွဲမှု၊ ဘဏ္ဍာငွေစီမံခန့်ခွဲမှုတွေမှာ ပိုမိုဂရုတစိုက်စီမံဖို့ လိုအပ်ကြောင်း ပြည်ထောင်စု ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။အစည်းအဝေးမှာ International Aid Coordination Commission (IACC) အတွင်းရေးမှူးဖြစ်သူ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီးက ဆွေးနွေးတင်ပြမှုတွေ ပြုလုပ်ခဲ့ပါတယ်။အဲဒီနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန် လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။