ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂၂/၂၀၂၄)ကျင်းပပြုလုပ်

ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂၂/၂၀၂၄)ကျင်းပပြုလုပ်

၂၀၂၄ ခုနှစ်၊ ဇွန်လ  (၂၀) ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂၂/၂၀၂၄) ကို ယနေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာ စကားပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် "အစိုးရအနေနဲ့ ဒေသန္တရ အုပ်ချုပ်ရေးယန္တရားကို စနစ်တကျနဲ့ ကောင်းမွန်စွာ ထူထောင်နိုင်ဖို့ ဘက်ပေါင်းစုံကနေ ကြိုးစားလုပ်ဆောင်လျက် ရှိပါကြောင်း။ ပြည်သူ့ရေးရာ စီမံအုပ်ချုပ် မှုလုပ်ငန်းစဉ်တွေဟာ များပြားရှုပ်ထွေးလှပြီး အင်မတန်လည်း အကဲဆတ်လှပါကြောင်း။ တစ်ခါတလေ မှာ ချမှတ်ထားတဲ့ မူဝါဒများနဲ့အညီ မလွဲမသွေ အကောင်အထည်ဖော်ဖို့ တင်းတင်းကြပ်ကြပ် လုပ်ဆောင်ကြရမှာဖြစ်သလို ရံဖန်ရံခါမှာ ပြည်သူတွေရဲ့ လိုလားချက်တွေအပေါ်မှာ လိမ္မာပါးနပ်စွာ ဖြေရှင်းဖြည့်ဆည်းပေးကြရတာ ဖြစ်ပါကြောင်း။ ခရိုင်တာဝန်ရှိသူ၊ မြို့နယ်တာဝန်ရှိသူတွေဟာ အုပ်ချုပ်ရေးမှူးကောင်းတွေ၊ စီမံခန့်ခွဲမှုစနစ်ကျသူတွေ ဖြစ်စေဖို့ ကျွန်တော်တို့အနေနဲ့ သင်တန်းတွေကို စီမံပေးတဲ့အခါမှာလည်း မြေပြင်ရဲ့ ပကတိ လက်ရှိအခြေအနေကို သိရှိနားလည်အောင် ဆောင်ရွက်ပြီးစီမံသင့်ကြောင်း။  အုပ်ချုပ်ရေးအဆင့်ဆင့် အပြန်အလှန် ဆက်ဆံ ပြောဆိုမှတွေဟာ  စည်းရုံးရေးကို အားဖြစ်စေသလို၊ ယုံကြည်မှုအတွက်လည်း အစပျိုးမှုဖြစ်ပါကြောင်း။ ဒါကြောင့် တာဝန်ရှိသူ အဆင့်ဆင့် ကြားမှာ အပြန်အလှန် ဆက်သွယ်ပြောဆိုမှုတွေ အားကောင်းစေဖို့ ဂရုတစိုက် ဆောင်ရွက်ပေးကြဖို့ လိုအပ်ကြောင်း။ အခွန်ကောက်ခံမှုဆိုင်ရာလုပ်ငန်းတွေမှာ မူဝါဒတွေနဲ့ အညီ လုပ်ဆောင်ခြင်းမရှိပဲ၊ ဖောက်ဖျက်ကျူးလွန်နေတဲ့ကိစ္စတွေကိုလည်း စနစ်တကျစီမံဆောင်ရွက်ရမည် ဖြစ်ပါကြောင်း ပြောကြားရင်း" နိဂုံးချုပ်ခဲ့ပါသည်။

ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှုဗဟိုကော်မတီအဖွဲ့ဝင်များမှ (၂၁/၂၀၂၄) တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးသို့  ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လည်(၁၂:၃၀)နာရီအချိန်တွင်အောင်မြင်စွာရပ်နားခဲ့ပါသည်။