ရှမ်းပြည်မြောက်ပိုင်း စစ်ဘေးရှောင် ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဆက်လက် ထောက်ပံ့ပေးလျက်ရှိ

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၇

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အောက်တိုဘာ ၂၇ ရက်မှစတင်ပြီး ညီနောင်မဟာမိတ် (၃)ကစတင်သည့် “၁၀၂၇ စစ်ဆင်ရေး” နှင့်အတူ PDF ပူးပေါင်းတပ်များကပါ စစ်ဆင်ရေးတွင် နေရာအနှံ့က ပါဝင်တိုက်ပွဲဝင်လျက်ရှိရာ မြန်မာနိုင်ငံတဝှမ်းတွင် အချိန်ကိုက်ပူးပေါင်း စစ်ဆင်ရေးများမှသည် အောင်မြင်မှုများဆက်လက် ရရှိလျက်ရှိပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနအနေနဲ့ အရပ်သားပြည်သူများ ထိခိုက်ခံစားရမှုအနည်းဆုံး ဖြစ်စေရန်အတွက် လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများအတွင်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများနှင့် ကျဆုံး/ ထိခိုက်ဒဏ်ရာရသူများကို လူသားချင်းစာနာမှု အကူအညီများကို ပံ့ပိုးပေးလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့အထိ လူသားစာနာအကူအညီထောက်ပံ့မှုအဖြစ် စုစုပေါင်းငွေကျပ် (၃၀,၉၅၀,၀၀ဝိ/-) ကိုလူသားစာနာဝန်ကြီးဌာနက ထောက်ပံ့ပေးခဲ့ပြီး ဆက်လက်၍လည်း ထောက်ပံ့မှုများကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။ 

ထို့အပြင် လတ်တလော စစ်ရှိန်မြင့်နေသည့် မြန်မာနိုင်ငံအဝှမ်း နေရာအနှံ့အပြားရှိ ဒေသများဖြစ်သော ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင်လည်း အရေးပေါ်လူသားချင်းစာနာမှု အကူအညီများထောက်ပံ့ပေးလျက်ရှိပြီး တော်လှန်ရေးကာလအတွင်း ပြည်သူများလုံခြုံစွာ နေထိုင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရမည့် “နွေဦးတော်လှန်ရေး ပြည်သူ့လက်စွဲ" ပါအချက်အလက်များကို တိုက်တွန်းမှုများ ဆောင်ရွက်လျက်ရှိပါတယ်။ အဆိုပါနေရပ်စွန့်ခွာပြည်သူများအတွက် စားနပ်ရိက္ခာ၊ အမိုးအကာနှင့် လူသုံးကုန်ပစ္စည်းများ၊ ကျန်းမာရေး ဆိုင်ရာစောင့်ရှောက်မှု လိုအပ်ချက်များကိုလည်း ပူးပေါင်းပါဝင်ပံ့ပိုးကြဖို့ အလေးအနက်ထား တိုက်တွန်းအပ်ပါတယ်။