နှစ်သစ်ကူးပူးတွဲထုတ်ပြန်ကြေညာချက် ( ၁ / ၂၀၂၄ )

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ

နှစ်သစ်ကူးပူးတွဲထုတ်ပြန်ကြေညာချက် ( ၁ /  ၂၀၂၄ )

၁၃၈၅ ခုနှစ်၊ နတ်တော်လဆုတ် ၅  ရက်နေ့
(၂၀၂၄ ခုနှစ် ၊ ဇန်နဝါရီလ ၁ ရက်)

စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်ဟူသမျှချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် လက်တွဲတိုက်ပွဲဝင်နေကြသော တော်လှန်ရေး အင်အားစု အသီးသီးကို ဂုဏ်ပြုသောအားဖြင့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က ဤ ၂၀၂၄ ခုနှစ်၊ နှစ်သစ်ကူးပူးတွဲထုတ်ပြန်ကြေညာချက် ကို ထုတ်ပြန်အပ်ပါသည်။

၁။ အကြမ်းဖက် စစ်အာဏာသိမ်းရန် ကြိုးပမ်းချိန်မှစ၍ ယနေ့ထိတိုင် သုံးနှစ်နီးပါးကြာ နည်းလမ်း ပေါင်းစုံဖြင့် ပြည်သူလူထုတရပ်လုံး ကြိုးပမ်းတော်လှန်ခဲ့ကြသော တော်လှန်ရေးကြီးသည် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် တော်လှန်ရေးအင်အားစုအားလုံး၏ စုစည်းညီညွတ်မှုဖြင့် ၁၀၂၇ စစ်ဆင်ရေး၊ ၁၁၁၁ စစ်ဆင်ရေးတို့နှင့်အတူ နိုင်ငံတဝန်း အချိန်ကိုက်ထိုးစစ်များဖြင့် သိသာထင်ရှား၍ လက်တွေ့ကျသည့် အောင်မြင်မှုများ ရရှိနေပြီ ဖြစ်ပါသည်။ ၎င်းအောင်မြင်မှုများသည် ပြည်သူလူထု၏ မဆုတ်မနစ်သော ထောက်ခံအားပေးမှု၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ သမိုင်းတွင်သော ပူးပေါင်းစွမ်းဆောင်မှုနှင့် ပြည်တွင်း၊ ပြည်ပမှ နိုင်ငံသားများ၏ ကူညီပံ့ပိုးမှုတို့ကြောင့်ဖြစ်ကြောင်း ကျွန်ုပ်တို့က လေးစားစွာ မှတ်တမ်းတင်အပ်ပါ သည်။ 

၂။ ပြည်သူ့ခုခံတွန်းလှန်စစ်၏ ထင်ရှားသောအောင်မြင်မှုမှာ အကြမ်းဖက်စစ်အုပ်စု၏ ထိန်းချုပ် နယ်မြေများ တစတစ လျော့နည်းလာပြီး၊ နိုင်ငံတဝန်း ဒေသအသီးသီး၌ တော်လှန်ရေး အင်အားစု များ၏ စိုးမိုးနယ်မြေများ နေ့စဉ်နှင့်အမျှ ကျယ်ပြန့်လာသည့်အပြင် အကြမ်းဖက်စစ်အုပ်စု၏ အရေးပါ သည့် စစ်စခန်းအများအပြားကိုလည်း သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ 

၃။ တချိန်တည်းမှာပင် အမျိုးသမီး၊ ကလေးသူငယ်၊ မသန်စွမ်းနှင့် သက်ကြီးရွယ်အိုများအပါအဝင် ပြည်သူသန်းနှင့်ချီ၍ အကြမ်းဖက်စစ်အုပ်စု၏ ပစ်မှတ်ထားတိုက်ခိုက်ခြင်းကို ခံခဲ့ကြရသည်ဖြစ်ရာ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ အများအပြား လိုအပ်နေပါသည်။ ဒေသတွင်းနိုင်ငံ များအပါအဝင် နိုင်ငံတကာအစိုးရများက ကျွန်ုပ်တို့နှင့် တိုက်ရိုက်ချိတ်ဆက် ကူညီပေးကြရန် လိုအပ် ပါသည်။ 

၄။ အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုများကို နေ့စဉ်နှင့်အမျှ ရက်စက်စွာ ကျူးလွန် နေသည့်ကြားမှ ပြည်သူလူထုတရပ်လုံးက “လူထုတိုက်ပွဲ” မျက်နှာစာတွင် ယင်းတို့အား အကြမ်း မဖက် ငြိမ်းချမ်းစွာ ဆန္ဒပြမှုများ၊ ဘူးသပိတ်များ၊ ပူးပေါင်းဆောင်ရွက်မှု လုံးဝ မပြုရေးမူစသည့် နည်းမျိုးစုံဖြင့် ဆန့်ကျင်တော်လှန်လျက်ရှိသည့် နှလုံးရည်တိုက်ပွဲကို ကျွန်ုပ်တို့က လေးစားစွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။ ထို့အပြင် “စီးပွားရေး/ဘဏ္ဍာရေး” မျက်နှာစာတွင်လည်း နိုင်ငံ တကာအစိုးရများ၏ ပိတ်ဆို့အရေးယူခြင်းတို့အပါအဝင် တော်လှန်ရေးအင်အားစုများက အကြမ်းဖက် စစ်အုပ်စု၏ အဓိက စီးပွားရေးထောက်တိုင်များအား ထိရောက်စွာ ဖြိုဖျက်တိုက်ခိုက်လျက် ရှိကြောင်း ပြည်သူလူထုအား အသိပေးတင်ပြအပ်ပါသည်။

၅။ စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးနှင့် ဒေသတခု လုံးတည်ငြိမ် အေးချမ်း ဖွံ့ဖြိုးရေးအတွက် ကျွန်ုပ်တို့နှင့်အတူ မြန်မာပြည်သူတရပ်လုံးတွင် ခိုင်မာသော စိတ်ဓာတ်နှင့် တိကျသောပန်းတိုင် ရှိပြီးဖြစ်ပါသည်။ ယင်းတို့ကို ဖော်ဆောင်ရာတွင် အကြမ်းဖက် စစ်အုပ်စုသည် အဓိကအဟန့်အတားဖြစ်သည်။ စစ်အာဏာရှင် ခေတ်အဆက်ဆက် ဆယ်စုနှစ်ပေါင်း များစွာ ငြိမ်းချမ်းရေးကို လုံးဝမတည်ဆောက်နိုင်ခဲ့ပါ။ ထို့အပြင် စစ်အာဏာရှင်၏ လက်ဝေခံများဖြစ် သော နယ်ခြားစောင့်တပ်များ၊ ပြည်သူ့စစ်များနှင့် အခြားအင်အားစုများသည် တရားမဝင် လုပ်ငန်းများ ဖြင့် ဒေသတွင်း တည်ငြိမ်မှုနှင့် စီးပွားရေး ဖွံ့ဖြိုးမှုကို ကြီးမားစွာ အနှောက်အယှက် ဖြစ်စေပါသည်။ NUCC၊ NUG နှင့် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများအပါအဝင် ဒေသအသီးသီးမှ တော်လှန် ရေးအင်အားစုအားလုံးသည် အကြမ်းဖက်စစ်အုပ်စု၏ ဒေသတွင်း ခြိမ်းခြောက်မှု ဖြစ်စေသော အခြေအနေများကို ကောင်းစွာသတိပြုမိပြီး၊ နိုင်ငံတွင်းနှင့် ဒေသတွင်း တည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုး တိုးတက်မှုတို့ကို အစဉ်အမြဲ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ရာ နိုင်ငံတကာနှင့် ဒေသတွင်း နိုင်ငံ များ၏ အားပေးထောက်ခံမှုရရန် လိုအပ်ကြောင်း အသိပေးအပ်ပါသည်။  

၆။ ယခုအခါ ကျွန်ုပ်တို့တော်လှန်ရေး အင်အားစုများအကြား ဘုံနိုင်ငံရေးသဘောတူညီချက်တရပ် အမြန်ဆုံးရရှိရန် အရှိန်အဟုန်မြှင့်ပြီး ကြိုးပမ်းဆောင်ရွက်နေပါသည်။ တော်လှန်ရေးအင်အားစု အသီး သီး၏ ထိန်းချုပ်ဒေသများတွင် ဒေသန္တရအုပ်ချုပ်ရေး၊ လူသားမျိုးနွယ် လုံခြုံရေးနှင့် အရပ်သားပြည်သူ ကာကွယ်စောင့်ရှောက်ရေးအစီအမံများအတွက် ချိတ်ဆက်ညှိနှိုင်း ဆောင်ရွက်မှုများလည်း စဉ်ဆက် မပြတ်ရှိနေပါသည်။ ၎င်းအပြင် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေတရပ် ပေါ်ပေါက် ရေးအတွက်လည်း လိုအပ်သောပြင်ဆင်မှုများကို ဆောင်ရွက်နေပါသည်။ အကြမ်းဖက်စစ်အုပ်စုပြိုကျ ပြီးသည့် တော်လှန်ရေးအလွန်ကာလအတွက် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု အပါအဝင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပြန်လည်ထူထောင်ရေး အစီအမံများကိုလည်း တော်လှန်ရေးအင်အားစု များအကြားညှိနှိုင်းဆွေးနွေးလျက်ရှိပါသည်။ ဤသည်တို့မှာ တော်လှန်ရေးအလွန်ကာလတွင် တန်းတူ ညီမျှမှု၊ တရားမျှတမှု၊ ကိုယ်ပိုင်ပြဌာန်းမှုတို့ကို အာမခံသည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ယုံကြည်မှု တည်ဆောက်ရေးနှင့် ညီညွတ်ရေးတို့ ပိုမိုအားကောင်းလာစေ ရန်အတွက်လည်း ကျွန်ုပ်တို့၏ အထူးသတိထား ဆောင်ရွက်ချက် ဖြစ်ကြောင်း နိုင်ငံတကာ အစိုးရများ နှင့်တကွ တိုင်းရင်းသားပြည်သူတရပ်လုံးအား အသိပေးအပ်ပါသည်။ 

၇။ နွေဦးတော်လှန်ရေးသည် အမျိုးသမီးများအပါအဝင် တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဒေသပေါင်းစုံ၊ လူထုလူတန်းစား အလွှာပေါင်းစုံမှ ပြည်သူများ ပါဝင်သည့် တော်လှန်ရေး အင်အားစုများအကြား ပူးပေါင်းဆောင်ရွက်မှု၊ စုပေါင်းခေါင်းဆောင်မှု (coordinated and collective leadership) တို့ဖြင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေး သန္နိဌာန်ဖြင့် မဆုတ်မနစ် ဆင်နွှဲနေသည့် တန်ဖိုးကြီးမားသော တော်လှန်ရေးကြီးဖြစ်ကြောင်း အထင်အရှား တွေ့မြင်နိုင်ပါသည်။

၈။ အကြမ်းဖက်စစ်အုပ်စု၏ လက်အောက်တွင် ဆက်လက်အမိန့်နာခံနေကြသော စစ်ဗိုလ်ချုပ်ကြီး များနှင့် အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားများအား ဤနှစ်သစ်ကူးကြေညာချက်ဖြင့် အသိပေးလို သည်မှာ နိုင်ငံကိုသာမက စစ်တပ်ကိုပါ အလုံးစုံပျက်သုဉ်းအောင် ပြုလုပ်နေသော စစ်အာဏာရှင် မင်းအောင်လှိုင်နှင့် အပေါင်းအပါတို့၏ အကြမ်းဖက်လူသတ်ဝါဒ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန် သော ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှုတို့ကို ဆက်လက်ကျူးလွန်ရန် အမိန့်ပေးစေခိုင်းမှုတို့ကို ကျောခိုင်း ၍ အချိန်မနှောင်းမီ ပြည်သူ့ဘက်က အမြန်ဆုံး ရပ်တည်ကာ နည်းမျိုးစုံဖြင့် ပြန်လည် ဆန့်ကျင် တော်လှန်ကြရန် တိုက်တွန်းလိုက်ပါသည်။ 

၉။ ၂၀၂၄ ခုနှစ်သည် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအားလုံးအတွက် အပြီးသတ်အောင်ပွဲခံမည့်နှစ်ဖြစ် စေရန် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလေးအနက် ကတိပြုအပ်ပါသည်။ ပြည်သူလူထုတရပ်လုံး ဤနှစ်သစ်တွင် ဘေးကင်းကျန်းမာလုံခြုံစွာဖြင့် နွေဦးတော်လှန်ရေး အောင်ပွဲ ကို အတူပါဝင်ဆင်နွှဲနိုင် ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။ 

အရေးတော်ပုံ မုချ အောင်ရမည်။

တော်လှန်ရေးသစ္စာဖြင့်
အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ နှင့် အမျိုးသားညီညွတ်ရေးအစိုးရ

ဆက်သွယ်ရန် (Signal)
(၁) ဦးတိုးကျော်လှိုင် 
+1 260-240-6792

(၂) ဇက်နန်ရော် 
+1 540-214-4843

(၃) ဦးကျော်ဇော် 
+1‪6475353518 ‬

(၄) ဦးနေဘုန်းလတ် 
+66654867824