ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၆/၂၀၂၄)ကျင်းပပြုလုပ်

ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၆/၂၀၂၄)ကျင်းပပြုလုပ်

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟို ကော်မတီ အစည်းအဝေး အမှတ်စဉ် (၆/၂၀၂၄) ကို ယနေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာ စကားပြောကြားခဲ့သည်။ပြည်ထောင်စုဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် "အခုဆိုရင် တိုင်းအလိုက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) တွေနဲ့ ကြားကာလ‌ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီတို့ ပုံမှန်တွေ့ဆုံတဲ့ အစည်းအဝေးတွေမှာလည်း အကြမ်းဖက်စစ်အုပ်စုက ထုတ်ပြန်ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး မေးမြန်းလာကြတာ တွေရှိ တယ်လို့ သိရပါကြောင်း။ ဒါကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ ဒီကိစ္စကို ကိုင်တွယ်စီမံနိုင်ဖို့ စီမံချက် တခု ရေးဆွဲပြင်ဆင်နေတာ ရှိပါကြောင်း" ဟုပြောကြားခဲ့ပါသည်။ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှုဗဟိုကော်မတီအဖွဲ့ဝင်များမှ (၅/၂၀၂၄) တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါသည်။အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လည်(၁၂:၀၀)နာရီအချိန်တွင်အောင်မြင်စွာရပ်နားခဲ့ပါသည်။

(၇၇) ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား၌ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်း

(၇၇) ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား၌ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်း

"အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ တို့ ပူးပေါင်းစီစဉ်ကျင်းပသော (၇၇) ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား၌ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်း"၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့ ယနေ့ ကျရောက်တဲ့ (၇၇) ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားမှာ ကျွန်တော်တို့ အားလုံး “ညီညွတ်သော ပေါင်းစည်းခြင်းနဲ့ ကျစ်လစ်သော စုဝေးခြင်း” ကို ပြည်ထောင်စုနေ့ အမှတ်သင်္ကေတ အနေနဲ့ တွေ့ရ၊ မြင်ရလို့ ကျွန်တော့်အနေနဲ့ အထူး ဝမ်းသာ ဂုဏ်ယူကြောင်း ပြောချင်ပါတယ်။ ယနေ့ ပြည်ထောင်စုနေ့အခမ်းအနားကို တက်ရောက်လာကြတဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့မှ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်တကွ၊ အစိုးရအဖွဲ့ဝင်များ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့များမှ ခေါင်းဆောင်ကြီးများ၊ ပြည်ထောင်စုလွတ်တော်ကိုယ်စားပြုကော်မတီမှ လွတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသားညီညွတ်ရေးအတိုင်ခံကောင်စီ (NUCC) မှ အဖွဲ့ဝင်များနှင့် ယနေ့ အခမ်းအနားကို တက်ရောက်လာကြတဲ့ ကိုယ်စားလှယ်များအားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သ အပ်ပါတယ်။ ဒီနေ့ အခမ်းအနားဟာ ကျွန်တော်တို့အားလုံးရဲ့ အညီအညွတ် စုဝေးခြင်းနဲ့ တစ်စုတစ်စည်းတည်းဖြစ်မှု၊ တစ်သားတည်းဖြစ်မှုကို အထင်အရှားပြသတဲ့ အခမ်းအနားတစ်ခုလည်းဖြစ်ပါတယ်။ ဒါ့အပြင် အတိတ်က ကျွန်တော်တို့ရဲ့ ဘိုးဘေးတွေ ညီညွတ်ခဲ့ကြသလို၊ ယခု လက်ရှိမှာလည်း ကျွန်တော်တို့ဟာ ညီညွတ်ခြင်းနဲ့ စုဝေးရောက်ရှိနေကြတယ်ဆိုတာကို လက်တွေ့ ပြသခြင်းလည်းဖြစ်ပါတယ်။ ပြည်ထောင်စုနေ့ ပေါ်ပေါက်လာခြင်းရဲ့ အနှစ်သာရကို ကြည့်ရင်၊ ကျွန်တော်တို့ဟာ အတူတကွ စုပေါင်းနေထိုင်ခြင်းရဲ့ ကောင်းကျိုးကို လေးနက်စွာ သိမြင်ခဲ့ကြတယ်လို့ ပြောချင်ပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းရဲ့ အကျိုးကျေးဇူးကို ကောင်းစွာ သိမြင်ခဲ့ကြတယ်လို့ ယူဆပါတယ်။ ဒါ့ကြောင့်လည်း တစ်ပေါင်းတစ်စည်းတည်း လွတ်လပ်ရေးရယူဖို့ ပင်လုံစာချုပ်ရယ်လို့ ဖြစ်ပေါ်လာတာကို တွေ့ရပါတယ်။ ခေါင်းဆောင်များနဲ့ ကိုယ်စားလှယ်ကြီးများ ခင်ဗျား ပင်လုံစာချုပ်ဟာ ကျွန်တော်တို့ ပြည်ထောင်စုနိုင်ငံတော်ရဲ့ အနှစ်သာရကို ဖော်ဆောင်တဲ့ ကောင်းချီးတစ်ခုဖြစ်တယ်လို့ ယုံကြည်ပါတယ်။ ပင်လုံစာချုပ်ကို အကြောင်းပြုပြီး ထင်ရှားလာတဲ့ ပြည်ထောင်စုဖွဲ့တည်မှုဟာ ကျွန်တော်တို့ နိုင်ငံရဲ့ လေးနက်သော အတိတ်သမိုင်းနောက်ခံအဖြစ် ရှိနေပါတယ်။ ကျွန်တော်တို့ဟာ ဒီလိုလေးနက်တဲ့ အတိတ်သမိုင်းနောက်ခံကို အစဉ်အမြဲ အောက်မေ့ သတိရခြင်းနဲ့ ညီညွတ်သော တော်လှန်ရေးခရီးကို ရှေ့ဆက်ကြရမယ်လို့ ပြောချင်ပါတယ်။ ကြီးမြတ်သော ကောင်းချီးတွေတိုင်းကို ဖျက်လိုဖျက်ဆီး လုပ်တဲ့ အကြောင်းတရားတွေဟာ အမြဲတမ်း လိုလို ရှိနေတတ်ကြပါတယ်။ ပင်လုံအနှစ်သာရကို ဖော်ဆောင်နိုင်တဲ့ ပြည်ထောင်စုစိတ်ဓာတ်ဟာ မဟာလူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စရိုက်ရဲ့ ဖျက်ဆီးမှုကို ခံခဲ့ရပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ နိုင်ငံဟာ ကိုလိုနီလက်အောက်က လွတ်လပ်ရေး ရခဲ့ပေမယ့် စစ်အာဏာရှင်စနစ်ရဲ့ ယန္တရားအောက်ကို ထပ်မံ ကျရောက်ခဲ့ရပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသားပြည်သူလူထုတွေထဲမှာလည်း ပြည်ထောင်စုစိတ်ဓာတ်ကို ပျက်စီးအောင် နှောက်ယှက်ခံခဲ့ရပါတယ်။ တန်းတူညီမှုနဲ့ အတူတကွ ငြိမ်းချမ်းစွာ ပေါင်းစည်းနေထိုင်ခြင်းဆိုတဲ့ အနှစ်သာရဟာ စစ်အာဏာရှင်အစိုးရ လက်အောက်မှာ ပျက်သုဉ်းခဲ့ကြရပါတယ်။ ဒါ့အပြင် လူမျိုးရေး ခွဲခြားမှုနဲ့ လူမျိုးရေး ဖိနှိပ်ခံရမှုတွေကို နှစ်ပေါင်းများစွာ ခံစားလာခဲ့ကြရပါတယ်။ ကျွန်တော်တို့ နိုင်ငံထဲမှာ လူမျိုးရေးခွဲခြားမှုဟာ ကြီးမားသထက် ကြီးမားလာခဲ့တာတွေ့ရပါတယ်။ အခု နွေဦးတော်လှန်ရေးအတွင်းမှာ ကျွန်တော်တို့ဟာ လူမျိုးရေးခွဲခြားမှုနဲ့ လူမျိုးရေး ဖိနှိပ်မှုကို ထောက်ပံ့ပေးတဲ့ အတွေးအခေါ်၊ အယူအဆတွေကို ပြန်လည် သုတ်သင် ရှင်းလင်းပစ်ဖို့ လိုပါတယ်။ ဒါမှသာလျှင် စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်ရေးက ခိုင်ခိုင်မာမာ ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ တော်လှန်ရေးအတွက်လည်း အားထုတ်ကြရမှာ ဖြစ်သလို၊ တည်ဆောက်ရေးအတွက်လည်း မြော်မြင် တွေးခေါ်ထားရမှာဖြစ်ပါတယ်။ ဒါ့အပြင် အနာဂတ် ပြည်ထောင်စုသစ်အတွက် ကြိုတင် လုပ်ဆောင်ထားရမယ့် အရေးအရာတွေ အများကြီး ရှိနေတာကို မမေ့သင့်ဘူးလို့ ထင်ပါတယ်။ ခေါင်းဆောင်များနဲ့ ကိုယ်စားလှယ်ကြီးများ ခင်ဗျား ယနေ့ ပြည်ထောင်စုနေ့ အခမ်းအနားမှာ ကျွန်တော်တို့အတွက် ထပ်မံ အလေးအနက်ထားရမယ့်ကိစ္စ တစ်ခုကို ပြောချင်ပါတယ်။ အဲဒါကတော့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၃၁) ရက်နေ့က ထုတ်ပြန်ကြေညာလိုက်တဲ့ [K3C] လို့ခေါ်တဲ့ ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း စတဲ့ တော်လှန်ရေးအင်အားစုကြီးတွေနဲ့ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရက အညီအညွတ် သဘောထားရပ်တည်ချက်တစ်ခုကို ရယူနိုင်ခဲ့ပါတယ်။ နွေဦးတော်လှန်ရေးရဲ့ ဘုံသဘောထား ရပ်တည်ချက်အဖြစ် ကျွန်တော်တို့ ပြည်သူလူထုကို ထုတ်ပြန်ကြေညာနိုင်ခဲ့ပါတယ်။ ဒါဟာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အင်အားစုများနဲ့ ကျွန်တော်တို့အစိုးရအကြား ခိုင်မာ အားကောင်းတဲ့ နိုင်ငံရေးယုံကြည်မှုကို တည်ဆောက်နိုင်ခြင်း လက္ခဏာတစ်ရပ်လည်းဖြစ်ပါတယ်။ ဒီဘုံသဘောထားရပ်တည်ချက်ဟာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီက အတည်ပြု ပြဋ္ဌာန်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အပိုင်း (၁) နဲ့ အပိုင်း (၂) တွေကို အခြေခံမူထားပြီး တော်လှန်ရေးအလွန်ကာလမှာ ဆက်လက်လုပ်ဆောင်ရမယ့် နိုင်ငံရေးလမ်းပြမြေပုံကို ဖော်ဆောင် ထားခြင်းလည်းဖြစ်ပါတယ်။ ဒီလိုမျိုး တိုင်းရင်းသားမဟာမိတ် အဖွဲ့အစည်းကြီးတွေနဲ့ ဘုံသဘောထား ရပ်တည်ချက် ရရှိနိုင်အောင် ကြိုးစားလာခဲ့တာ အခု (၃) နှစ် ရှိခဲ့ပြီ ဖြစ်ပါတယ်။ ဒါကို တိုင်းရင်းသား ပြည်သူလူထုအပေါင်းကလည်း ဝိုင်းဝန်း ခွန်အားပြုကြဖို့ တိုက်တွန်းချင်ပါတယ်။ အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ပန်းတိုင်ကို မသွေဖီတဲ့ လုပ်ဆောင်ချက်တွေ သဘောတူညီချက်တွေကို ညီညီညွတ်ညွတ် ထောက်ခံအားပေးရမှာ ဖြစ်ပါတယ်။ လူထုကို ရှေ့ဆောင်နေတဲ့ လူပုဂ္ဂိုလ်တွေ/ အဖွဲ့အစည်းတွေအနေနဲ့ “ငါ ပါမှ ဖြစ်မယ်၊ ငါ လုပ်မှ ဖြစ်မယ်” ဆိုတဲ့ အရာတွေကို အထူး ရှောင်ကြဉ်ဖို့ လိုတယ်လို့ ပြောချင်ပါတယ်။ တော်လှန်ရေးကာလဟာ အရေးပေါ်ကာလလည်းဖြစ်တယ်။ပြည်သူလူထုရဲ့ အသက်နဲ့ အိုးအိမ်ကို ရင်းနှီးမြှုပ်နှံပြီး ရှေ့ဆက် လျှောက်လှမ်းနေခြင်းဖြစ်ပါတယ်။ ပိုပြီး တိတိကျကျ ပြောရရင် လက်ရှိ မြှုပ်နှံပေးဆပ်မှုတွေဟာ အရင်းအနှီး သိပ်ကြီးပါတယ်။ ဒါ့ကြောင့် မိမိတို့အတ္တကို ဇက်ပိုး မသပ်နိုင်ဘဲနဲ့ တော်လှန်ရေးကို နှောင့်နှေးစေမည့်လုပ်ရပ်တွေကို ကျွန်တော်တို့အနေနဲ့ နိုင်ငံရေးသတိ အမြဲ ရှိနေဖို့ လိုပါတယ်။ အခုအချိန်မှာ တော်လှန်ရေး ရှေ့ခရီး ခပ်မြန်မြန် / ခပ်သွက်သွက် လျှောက်နိုင်ဖို့ဟာ အရေးတကြီး လိုအပ်နေချိန်လည်း ဖြစ်ပါတယ်။ နှောင့်နှေးကြန့်ကြာအောင် လုပ်နေတဲ့ လုပ်ရပ်မျိုး တွေကို ပြည်သူလူထုက လုံးဝ လိုလားမှာ မဟုတ်ပါဘူး။ ဒါကို ကျွန်တော်တို့ ကောင်းစွာ သဘောပေါက် နားလည်ရမယ်လို့ ယုံကြည်ပါတယ်။ ဒါ့အပြင် တော်လှန်ရေးကာလနဲ့ အသွင်ကူးပြောင်း ရေးကာလအတွင်းမှာ မြန်မြန်ဆန်ဆန်လုပ်ဆောင်ရမယ့် ကိစ္စရပ်တွေကို လျင်လျင်မြန်မြန် လုပ်ဆောင် နိုင်အောင် ဘုံသဘောတူညီချက်အနေနဲ့ ထုတ်ပြန်ထားတဲ့ လုပ်ငန်းလမ်းညွှန်တစ်ခုအဖြစ် ပေါ်ပေါက် လာမှုကို ကျွန်တော်တို့အနေနဲ့ ကြိုဆိုလက်ကမ်းရမှာ ဖြစ်ပါတယ်။ ဒီဘုံသဘောထားရပ်တည်ချက်ကနေ ဆက်လက် တိုးချဲ့ စုရုံးသွားရမယ့်ကိစ္စတွေလည်း ရှိနေတယ်လို့ ပြောချင်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ဟာ မြောက်ပိုင်း မဟာမိတ် (၃) ဖွဲ့ရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို အလေးအနက်ထားပြီး အတူတကွ ပေါင်းစည်း ဖြစ်တည်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ တစ်တပ်တစ်အား ပါဝင်အားဖြည့်မှုကို ကျွန်တော်တို့ အလေးအနက်ထား ကြိုးစားဖို့ လိုပါတယ်။ ဒါ့အပြင် မွန်ပြည်နယ်အတွင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အားဖြည့်မှုကိုလည်း အထူး လိုလားစွာ ကြိုဆိုကြောင်း တင်ပြချင်ပါတယ်။ ခေါင်းဆောင်များနဲ့ ကိုယ်စားလှယ်ကြီးများ ခင်ဗျား ကျွန်တော်တို့ဟာ ယခုအချိန်မှာ အတိတ်က ကြုံဆုံခဲ့တဲ့ သင်ခန်းစာဟောင်းတွေကို ပြန်လည် ဆင်ခြင်ကြဖို့ တာဝန်ရှိပါတယ်။ ဒါ့အပြင် ဆယ်စုနှစ်ချီပြီး ကြည့်မြင်နားလည်နိုင်တဲ့ မိမိတို့ရဲ့ နိုင်ငံရေး အမြော်အမြင်ကိုလည်း ဆန့်ထုတ်ဖို့ လိုအပ်ပါတယ်။ လူမျိုးပေါင်းစုံ စုစည်းနေထိုင်တဲ့ နိုင်ငံတစ်ခုမှာ ကျွန်တော်တို့ ရင်တွင်းက သဘောထားကြီးမှုကို မဖော်ထုတ်နိုင်ရင် ကျွန်တော်တို့ဟာ ငြိမ်းချမ်းသော / စည်းလုံးသော လူ့ဘောင်အဖွဲ့အစည်းကို တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ရင်တွင်းမှာ လွတ်လပ်ခြင်းနဲ့ တရားမျှတခြင်းကို ကိန်းအောင်း ဖြစ်တည်စေဖို့ အထူးလိုအပ်ပါတယ်။ ဒါ့အပြင် တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေကို အလေးအနက်ထားကြဖို့ အထူးအရေးကြီးပါတယ်။ ကျွန်တော်တို့ရဲ့ နှလုံးအိမ်ထဲမှာ ဗိုလ်ကျစိုးမိုးချင်တဲ့စိတ်၊ နိုင့်ထက်စီးနင်း လုပ်ချင်တဲ့စိတ်၊ ခွဲခြားဆက်ဆံချင်တဲ့စိတ်တွေ ရှိခဲ့ရင်လည်း ဒါတွေကို စစ်အာဏာရှင်စရိုက် ချုပ်ငြိမ်းရေးနဲ့အတူ တစ်ပါတည်း ချုပ်ငြိမ်းစေဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပြည်ထောင်စုသစ် တည်ဆောက်ရေးမှာ ပဋိပက္ခအသစ်တွေကို ထပ်မံ မကြုံတွေ့စေချင်ပါဘူး။ ကျွန်တော်တို့ရဲ့ ပြည်သူလူထုဟာ စစ်ဘေး ဒုက္ခတွေကို အလူးအလဲ ခံနေကြရပါတယ်။ ဒါတွေကို အမြန်ဆုံး ပပျောက်စေဖို့နဲ့ စစ်အာဏာရှင်စနစ် အမြန်ဆုံး ချုပ်ငြိမ်းစေဖို့ အထူးလိုအပ်ပါတယ်။ နေ့စဉ်နဲ့အမျှ တွေ့မြင်နေရတဲ့ ပြည်သူလူထုရဲ့ မျက်ရည်ကို ဆင်ခြေတွေနဲ့ နှစ်သိမ့်ပေးတာမျိုး လုံးဝ လုပ်လို့ မရဘူးလို့ ယူဆပါတယ်။ ကျွန်တော်တို့ဟာ ပြည်သူလူထုကို အလုပ်အကျွေးပြုဖို့နဲ့ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိသူတွေ ဖြစ်တယ်ဆိုတာ မမေ့စေချင်ပါဘူး။ ဒီတာဝန်ကို ကျေပွန်ကြောင်း ကျွန်တော်တို့ဟာ အလုပ်နဲ့ သက်သေပြကြရမှာ ဖြစ်ပါတယ်။ လက်တွေ့ အားဖြင့် အကောင်အထည်ဖော်ပြီး ပြသနိုင်ရမှာ ဖြစ်ပါတယ်။ ခေါင်းဆောင်များနဲ့ ကိုယ်စားလှယ်ကြီးများ ခင်ဗျား ကျွန်တော့်အနေနဲ့ နိဂုံးချုပ်အားဖြင့်‌ပြောကြားချင်တဲ့ အချက်ကတော့ ကျွန်တော်တို့ဟာ နေ့စဉ်နဲ့အမျှ ကြုံတွေ့နေရတဲ့ ပြည်သူတွေရဲ့ အထွေထွေသော ဘေးဒုက္ခတွေကို ရင်နှင့်အမျှ ကိုယ်ချင်းစာနာစိတ် အပြည့် ရှိထားဖို့ ဖြစ်ပါတယ်။ မိမိတို့ရဲ့ သဘောထား သေးသိမ်မှုကြောင့် ပြည်သူလူထု ခံစားရမယ့် အေးငြိမ်းချမ်းသာခြင်းကို ထိပါးစေလို့ မရပါဘူး။ ဒါ့အပြင် မိမိတို့ရဲ့ နိုင်ငံရေးအမြော်အမြင်ဟာ တိုင်းပြည်ရဲ့ ဆယ်စုနှစ်သော အနာဂတ်တွေအထိ စဉ်းစားရမှာဖြစ်သလို ရာစုနှစ်အတိုင်းအတာအထိ ကျော်လွန် စဉ်းစားနိုင်ဖို့လည်း လိုအပ်ပါတယ်။ တိုင်းရေးပြည်ရေးကို စဉ်းစားလုပ်ဆောင်ကြတဲ့နေရာမှာ ရေတိုကိုပဲ ကြည့်လို့ မရပါဘူး / ရေရှည်ကိုလည်း မျှော်ကြည့်ဖို့ လိုပါတယ်။ ကျွန်တော်တို့ဟာ တိုင်းပြည်နဲ့ လူထုရဲ့ အနာဂတ်ရေးကို စဉ်းစားလုပ်ဆောင်တဲ့နေရာမှာ လတ်တလော ဖြစ်ပျက်နေတဲ့ အသေးအမွှား ပြဿနာတွေ / အခက်အခဲတွေကို ကျော်လွန်နိုင်ဖို့ အထူးအရေးကြီး ပါတယ်။ တိုင်းပြည်ဟာ “ဦးနင်း ပဲ့ထောင် / ပဲ့နင်း ဦးထောင်” မဖြစ်ဖို့ အထူးလိုအပ်ကြောင်း သတိပြု စေချင်ပါတယ်။ကျွန်တော်တို့ဟာ ပြည်ထောင်စုသစ်ကို တည်ဆောက်တဲ့နေရာမှာ အာမခံချက်ရှိသော တန်းတူညီမျှမှုနဲ့ အာမခံချက်ရှိသော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေကို အလေးအနက်ထား တည်ဆောက်မှသာ အောင်မြင်နိုင်ကြောင်း သတိပြုစေချင်ပါတယ်။ ဒါ့အပြင် ဒီမိုကရေစီအခွင့်အရေးတွေနဲ့ အာမခံချက် ရှိသော နိုင်ငံသားလွတ်လပ်ခွင့်တွေကိုလည်း အလေးအနက်ထားပြီး တည်ဆောက်မှသာ စစ်မှန်တဲ့ ပြည်ထောင်စုသစ် တည်ဆောက်ရေးကို အကောင်အထည်ဖော်နိုင်မှာ ဖြစ်ကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ် ခင်ဗျား….အရေးတော်ပုံမုချအောင်ရမည်... ဒူဝါလရှီးလနိုင်ငံတော် ယာယီသမ္မတအမျိုးသားညီညွတ်ရေးအစိုးရ

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ထုတ်ပြန်ကြေညာချက်

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ထုတ်ပြန်ကြေညာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရhttps://nugmyanmar.org“ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ထုတ်ပြန်ကြေညာချက်” ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့အကြမ်းဖက်စစ်အုပ်စုသည် နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့်ရယူရန်ကြိုးပမ်းနေသည့် တရားမဝင် အကြမ်းဖက် အဖွဲ့အစည်းဖြစ်၍ ဥပဒေပြဋ္ဌာန်းခြင်း၊ အာဏာတည်ခြင်းဆောင်ရွက်ရန် အခွင့်အာဏာလုံး၀ မရှိပါ။ အကြမ်းဖက်စစ်အုပ်စုက ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ (၁၀) ရက်နေ့မှစ၍ အာဏာတည်စေရမည်ဟု ထုတ်ပြန်လာခြင်းသည် တရားဝင်မှု အလျဉ်းမရှိသည့် လုပ်ရပ်သာဖြစ်ပြီး ပြည်သူလူထုများအနေဖြင့် လုံးဝ လိုက်နာရန်မလိုပါ။ နိုင်ငံတဝန်း စစ်ရေးရှုံးနိမ့်မှုများကြုံတွေ့နေရသည့် အကြမ်းဖက်စစ်အုပ်စုသည် စစ်ပွဲအတွင်း ပြည်သူလူထုကို လူသားဒိုင်းအဖြစ် ရည်ရွယ်ချက်ရှိရှိ အဓမ္မစေခိုင်းနိုင်ရန်နှင့် ပြည်သူ့အသက် အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်၍ ၎င်းတို့စစ်အုပ်စု၏ အကျိုးစီးပွားအာဏာကို အကာအကွယ်ရယူရန် ယခုကဲ့သို့လုပ်ဆောင်ခြင်းဖြစ်ကြောင်း ထင်ရှားသည်။ အကြမ်းဖက်စစ်အုပ်စုက ပြည်သူ့စစ်မှုထမ်းဥပဒေ (စစ်မှုမထမ်းမနေရဥပဒေ)ကို အတင်းအကြပ် အသက်သွင်းပြီး အကောင်အထည်ဖော်ရာတွင် အထောက်အကူပြုသည့် လူပုဂ္ဂိုလ် မှန်သမျှနှင့် သက်ဆိုင်ရာ အဖွဲ့အစည်း အဆင့်ဆင့်ကို စစ်ရာဇဝတ်မှုကျူးလွန်သည့် ပြည်သူ့ရန်သူများအဖြစ် သတ်မှတ်၍ ပြင်းပြင်းထန်ထန် ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်သည်။ ယင်းဥပဒေကို တရားမဝင်အသက်သွင်းခြင်းကြောင့် ပြည်သူလူထုကြုံတွေ့လာသည့် ဘေးဒုက္ခများ လျော့နည်းစေရန် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မဟာမိတ်အဖွဲ့အစည်းများ နှင့် ပူးပေါင်း၍ လိုအပ်သည့် ကာကွယ်မှုများ၊ ကူညီပံ့ပိုးမှုများကို လုပ်ဆောင်သွားမည်ဖြစ်ပြီး နောက်ဆက်တွဲ ကြေညာချက်များကိုလည်း လိုအပ်ချက်နှင့်အညီ ထုတ်ပြန်သွားမည် ဖြစ်သည်။စစ်အာဏာရှင်စနစ်နှင့် အကြမ်းဖက်စစ်အုပ်စုကို အမြစ်ဖြတ်ချေမှုန်းနိုင်မှသာ ပြည်သူ့အသက် အိုးအိမ်စည်းစိမ် လုံခြုံမှုနှင့် လွတ်လပ်မှုအပေါ် အဓမ္မခြိမ်းခြောက်ခံရမှုများမှ လွတ်မြောက်နိုင်မည်ဖြစ်၍ ပြည်သူလူထုတရပ်လုံးက တော်လှန်ရေးတွင် အရှိန်မြှင့်ပါဝင်ပေးကြပါရန်နှင့် တော်လှန်ရေး အင်အားစုအားလုံးအနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်သွားကြပါစို့ဟု တိုက်တွန်းအပ်ပါသည်။အမျိုးသားညီညွတ်ရေးအစိုးရ

ဒီမောဆိုမြို့ရှိ  စာသင်ကျောင်းဆောင်များအား အကြမ်းဖက်စစ်တပ်က ပစ်ခတ်တိုက်ခိုက်သဖြင့် ကလေးသူငယ်များ သေဆုံးဒဏ်ရာရရှိခဲ့သည့် ကိစ္စနှင့်ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်

ဒီမောဆိုမြို့ရှိ စာသင်ကျောင်းဆောင်များအား အကြမ်းဖက်စစ်တပ်က ပစ်ခတ်တိုက်ခိုက်သဖြင့် ကလေးသူငယ်များ သေဆုံးဒဏ်ရာရရှိခဲ့သည့် ကိစ္စနှင့်ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရhttps://nugmyanmar.org“ဒီမောဆိုမြို့ရှိ  စာသင်ကျောင်းဆောင်များအား အကြမ်းဖက်စစ်တပ်က ပစ်ခတ်တိုက်ခိုက်သဖြင့် ကလေးသူငယ်များ သေဆုံးဒဏ်ရာရရှိခဲ့သည့် ကိစ္စနှင့်ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်”၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (၆)ရက် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၅) ရက်နေ့ နံနက် ၁၀ နာရီ ၁၅မိနစ် အချိန်ခန့်တွင် ကရင်နီပြည်(ကယားပြည်နယ်) ဒီမောဆိုမြို့ အနောက်ဘက်ခြမ်း ‌ဒေါဆီအီရွာရှိ အ.လ.က စာသင်ကျောင်းဆောင် (၂) ဆောင်အား ကလေးငယ်များစာသင်ကြားနေချိန်တွင် အကြမ်းဖက်စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲခဲ့သောကြောင့် ကလေးငယ် (၄) ဦးနှင့် အရပ်သား (၁) ဦး သေဆုံးခဲ့ပြီး ကလေးငယ် (၁၀) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် အကြမ်းဖက်စစ်အုပ်စုက ဒေါဆီအီရွာနှင့် (၁) မိုင်ခွဲခန့်ဝေးသည့် လွိုင်နန်းဖရွာသို့  ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်ခဲ့သဖြင့် ရွာရှိ (အ.ထ.က) ကျောင်းအနီးတဝိုက်သို့ ကျရောက်ပေါက်ကွဲခဲ့သောကြောင့် (အ.ထ.က) ကျောင်းအဆောက်အဦ (၆) လုံး၊ ခရစ်ယာန်ဘုရား ကျောင်း (၁) ကျောင်း၊ နေအိမ် (၅) လုံး၊ ကား(၁) စီးနှင့်ဆိုင်ကယ်များပျက်စီးခဲ့ကာ ဆန်စက်ပိုင်ရှင် ဒေသခံ (၁) ဦးသေဆုံးခဲ့ပြီး ကျောင်းဆရာ၊ ဆရာမ (၂) ဦးနှင့် ‌ဒေသခံ (၅) ဦးထိခိုက်ဒဏ်ရာရခဲ့သည်ဟုလည်း သိရှိရသည်။ ဒရုန်းများဖြင့် ကင်းထောက်ပြီး ကလေးငယ်များ ရှိနေသည့် စာသင်ကျောင်းမှန်း သိလျက် ဗုံးကျဲခဲ့ခြင်းဖြစ်သောကြောင့် အဆိုပါလုပ်ရပ်သည် ကလေး၊ သူငယ်များကို ပစ်မှတ်ထား၍ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သတ်ဖြတ်သည့် လုပ်ရပ်ဖြစ်သည်မှာ လွန်စွာထင်ရှားပါသည်။ အကြမ်းဖက်စစ်တပ်သည် ကလေးသူငယ်များ ပညာသင်ကြားနေသည့် စာသင်ကျောင်းများကို ပစ်မှတ်ထား၍ ဗုံးကျဲခြင်း၊ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခြင်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းတို့ကို ပြည်သူ့နွေဦးတော်လှန်ရေး (၃) နှစ်တာကာလအတွင်း ကြိမ်ဖန်များစွာပြုလုပ်ခဲ့ကာ လေကြောင်း တိုက်ခိုက်မှုကြောင့် စာသင်ကျောင်း (၅၂) ကျောင်း ပျက်စီးခဲ့ရပြီး အခြားသော အကြောင်းများကြောင့် ပျက်စီးခဲ့ရသည့် ကျောင်းပေါင်း (၁၉၉) ကျောင်းရှိခဲ့ပြီဖြစ်သည်။ အဆိုပါ ဖြစ်ရပ်များအနက် ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာ ပစ်ခတ်မှုနှင့်  ဝန်းသိုမြို့နယ် ဂျိုးတောင်ရွာမရွာ ပစ်ခတ်မှု တို့တွင် ကလေးငယ်များစွာ ထိခိုက်ကျဆုံး၊ ဒဏ်ရာရရှိခဲ့ကြသည်ကိုတွေ့ရှိရသည်။ (၃) နှစ်တာကာလအတွင်း အကြမ်းဖက်စစ်တပ်၏ နည်းလမ်းမျိုးစုံဖြင့် သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသော အသက်(၁၈) နှစ်အောက်ကလေးငယ် (၆၃၀) ကျော် ရှိခဲ့ပြီဖြစ်သည်။ စာသင်ကျောင်းများ ၊ ဘာသာရေးအဆောက်အဦများ နှင့် ကလေးငယ်များကို ပစ်မှတ်ထား တိုက်ခိုက် သတ်ဖြတ်ခြင်းသည် လူမဆန်သည့် ၊ ကြမ်းကြုတ်သည့် စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ရာရောက်သော လုပ်ရပ်ဖြစ်သည်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့်လည်း ကလေးသူငယ်များ၏ ပညာရေးအခွင့်အရေး (Right to Education) ကို ဆိုးရွားစွာ ချိုးဖောက်ခံရမှု၊ စာသင်ကျောင်းများကို ရက်စက်ကြမ်းကြုတ်စွာ ပစ်မှတ်ထား တိုက်ခိုက်သည့် စစ်ရာဇဝတ်များအတွက် တရားမျှတမှု ဖော်ဆောင်ရေးတွင် အားဖြည့်ပံ့ပိုးရန် တာဝန်ရှိသည်။အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အကြမ်းဖက်စစ်တပ်၏ ကလေးသူငယ်များနှင့် စာသင်ကျောင်းများ ၊ ဘာသာရေးအဆောက်အဦးများ ကို ပစ်မှတ်ထားတိုက်ခိုက်နေပြီး ကလေးသူငယ်များအား တရားမဲ့စွာသတ်ဖြတ်နေခြင်းကို ပြင်းထန်စွာရှုတ်ချပြီး အဆိုပါ လုပ်ရပ်များအတွက် အဓိက တာဝန်အရှိဆုံးဖြစ်သော အကြမ်းဖက်စစ်ခေါင်းဆောင်များအပါအဝင် ကျူးလွန်ရာတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပတ်သက်ခဲ့သူများ၊ အားပေးအားမြှောက်ပြုသူများအားလုံးကို  ပြည်တွင်း တရားရုံးများတွင်သာမက နိုင်ငံတကာ တရားရုံးများတွင်ပါ တရားစွဲဆိုပြီး ထိခိုက်နစ်နာခဲ့ကြရသူများအားလုံးအတွက် တရားမျှတမှု ပြန်လည်ရယူနိုင်ရေး တော်လှန်ရေးအင်အားစုများ အားလုံးနှင့်ပူးပေါင်းကာ ဆထက်ထမ်းပိုး ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။အမျိုးသားညီညွတ်ရေးအစိုးရ

ဖက်ဒရယ်​ပြည်ထောင်စုရေးရာ ဝန်ကြီးဌာနနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်‌တော်တို့ တွေ့ဆုံဆွေးနွေး

ဖက်ဒရယ်​ပြည်ထောင်စုရေးရာ ဝန်ကြီးဌာနနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်‌တော်တို့ တွေ့ဆုံဆွေးနွေး

ဖက်ဒရယ်​ပြည်ထောင်စုရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ​ဒေါက်တာလျန်မှုန်းဆာ​ခေါင်းနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်‌တော်တို့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၁ရက်နေ့၊ ၁၄း၀၀နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။တွေ့ဆုံဆွေးနွေးပွဲတွင် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်‌တော် ဥက္ကဌ၊ ဒုဥက္ကဌ ၊လွှတ်တော်ရေးရာကော်မတီများမှ တာဝန်ရှိ​သောလွှတ်​တော်ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပြီး၊ ဝန်ကြီးဌာနမှလည်း အမြဲတမ်းအတွင်းဝန်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ပြည်ထောင်စုဝန်ကြီးနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဌတို့မှ နှုတ်ခွန်းဆက်စကား‌များ‌ပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးမှ ဝန်ကြီးဌာန၏ ဆက်လက်ဆောင်ရွက်မည့် ဖက်ဒရယ်​ရေးရာကိစ္စရပ်များနှင့် ရှေ့လုပ်ငန်းစဥ်များ ကိုရှင်းလင်းပြောကြားခဲ့ပါသည်။၄င်း​နောက် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်​တော်ဘက်မှလည်းဖက်ဒရယ်ယူနစ်ဆိုင်ရာကိစ္စရပ်များအ​​ပေါ် ​ဆောင်ရွက်ပြီးစီးမှုအ​ခြေအ​နေများနှင့် ရှေ့လုပ်ငန်းစဥ်များကို ​ဆွေး​နွေး​ပြောကြားခဲ့ပြီး​နောက်တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ်များနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများမှ အပြန်အလှန်ဆွေးနွေး ညှိနှိုင်းခဲ့ကြကာ နေ့လည် ၁၆:၀၀နာရီတွင်အစည်းအဝေးအား ​အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတော်လှန် တိုက်ပွဲဝင်နေကြသော အဖွဲ့များ၏ ဘုံသဘောထားရပ်တည်ချက်အား ထုတ်ပြန်ကြေညာခြင်း

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတော်လှန် တိုက်ပွဲဝင်နေကြသော အဖွဲ့များ၏ ဘုံသဘောထားရပ်တည်ချက်အား ထုတ်ပြန်ကြေညာခြင်း

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတော်လှန် တိုက်ပွဲဝင်နေကြသော အဖွဲ့များ၏ ဘုံသဘောထားရပ်တည်ချက်အား ထုတ်ပြန်ကြေညာခြင်း၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၃၁) ရက်မျှော်မှန်းချက် (Vision)ပြည်ထောင်စုအတွင်းနေထိုင်ကြသည့် စုံလင်ကွဲပြားသော လူမျိုးများ၏ သရုပ်လက္ခဏာ (Identity) များကို ကာကွယ်မြှင့်တင်ပေးသည့် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အပြည့်အဝရှိသော ပြည်နယ်များဖြင့် စုဖွဲ့ထားသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန်။ဦးတည်ချက် (Objectives)(က) စစ်အာဏာသိမ်းထားမှုကို ဖယ်ရှားပြီး မြန်မာစစ်တပ်၏ နိုင်ငံရေး၌ ပါဝင်နေခြင်းအား အဆုံးသတ်ရန်။(ခ) လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝထားရှိရန်။(ဂ) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှ တိုက်ဖျက်ရန်။(ဃ) သက်ဆိုင်သူများအားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းရန်။ (င) ထွက်ပေါ်လာသော ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအသစ်အား တည်ဆောက်ရန်။(စ) ပဋိပက္ခအတွင်း မတရား ကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရရှိရေး လုပ်ငန်းစဉ်ဖော်ဆောင်ရန်။ရပ်တည်ချက် (Position) (က) မြန်မာစစ်တပ်၏ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၁) ရက်နေ့ အာဏာသိမ်းမှုသည် တရားမ၀င်ကြောင်း ကြေညာပြီး အာဏာသိမ်းမှုကို အကြွင်းမဲ့ ဆန့်ကျင်ရှုတ်ချသည်။ (ခ) အာဏာသိမ်းမှုသည် မြန်မာစစ်တပ်ကိုယ်တိုင် တဖက်သတ် ရေးဆွဲပြဋ္ဌာန်းခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ချိုးဖောက်ခဲ့သည်။ ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် တရားမဝင်တော့ပါ။(ဂ) ၂၀၂၀ ရွေးကောက်ပွဲရလဒ်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ရှိ နိုင်ငံရေးစနစ်ကို အကောင်အထည်ဖော်ရန်မဟုတ်ဘဲ တော်လှန်ရေးအောင်မြင်ရေးနှင့် စနစ်ပြောင်းနိုင်ငံရေး တည်ဆောက်မှု အတွက် အသုံးချရန် ဖြစ်သည်။ထိုသို့အသုံးချခြင်းသည် စစ်အာဏာသိမ်းယူမှုကို ဖယ်ရှားရေး နှင့် စနစ်ပြောင်းနိုင်ငံရေး တည်ဆောက်မှုအတွက် ပြည်သူ့တော်လှန်ရေးတွင် ပါဝင်နေကြသော ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့အား ပြည်သူလူထု၏ မဲပေးရွေးချယ်မှု အခန်းကဏ္ဍကို အသိအမှတ်ပြုခြင်းဖြစ်သည်။ တော်လှန်ရေးအလွန်ကာလ နိုင်ငံရေးဦးဆောင်မှုသည် အာဏာရှင်စနစ်တော်လှန်ရေးတွင် ပါဝင်ခဲ့သော သက်ဆိုင်သည့် နိုင်ငံရေးအစုအဖွဲ့များ၏ စုပေါင်းပါဝင်ဦးဆောင်မှုဖြင့် နိုင်ငံသစ် တည်ဆောက်သွားရန် ဖြစ်သည်။(ဃ) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲကျင်းပရန် ကြိုးပမ်းခြင်းသည် ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်နိုင်မည်မဟုတ်သည့်အပြင် အာဏာသိမ်းမှု တရားဝင်ဖြစ်စေပြီး မြန်မာစစ်တပ်ကို ကာလ အကန့်အသတ်မရှိ အုပ်ချုပ်ခွင့် ပေးခြင်းသာ ဖြစ်မည်။(င) စစ်တပ်သည် အနာဂတ် နိုင်ငံရေးလုပ်ငန်းစဉ်တွင် ပါဝင်ခွင့် မရှိစေရ။(စ) ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ အမျိုးသားတန်းတူရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ပြန်လည်ဖော်ဆောင်ရန် သက်ဆိုင်သူများအားလုံး လက်ခံနိုင်သည့် ဖက်ဒရယ်နှင့်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် တစ်ရပ် လိုအပ်သည်။ (ဆ) နိုင်ငံရေးအခွင့်ထူးခံများအချင်းချင်းအကြား ပြုလုပ်သည့် အာဏာခွဲဝေမှုကို လက်ခံမည် မဟုတ်ပါ။(ဇ) အရှေ့တောင်အာရှနိုင်ငံများအသင်းနှင့် ကမ္ဘာ့ကုလသမဂ္ဂတို့၏ မြန်မာနိုင်ငံဆိုင်ရာ အဖြေရှာမှု လုပ်ငန်းစဉ်များတွင် ညှိနှိုင်း ပူးပေါင်းပါဝင်သွားမည်။(ဈ) ဒေသအတွင်းငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ဦးတည်ပြီး အိမ်နီးချင်းနိုင်ငံများနှင့် ငြိမ်းချမ်းစွာ ယှဉ်တွဲ နေထိုင်သွားမည်။ လုပ်ငန်းစဉ် အဆင့်ဆင့်(က) စစ်ကောင်စီ/မြန်မာစစ်တပ် အား စစ်ရေး၊ နိုင်ငံရေး (ပြည်တွင်း/ပြည်ပ) ဖိအားပေးခြင်း။(ခ) မြန်မာစစ်တပ်တာဝန်ရှိသူများအနေဖြင့် နိုင်ငံရေးဦးတည်ချက် (၆) ရပ်အား လက်ခံလာလျှင်              စစ်အာဏာသိမ်းမှု အဆုံးသတ်ခြင်းနှင့် အေးချမ်းတည်ငြိမ်စွာ အာဏာလွှဲပြောင်းခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် ဆွေးနွေးခြင်း။(ဂ) စစ်အာဏာသိမ်းမှု အဆုံးသတ်၍ စစ်ကောင်စီ (သို့) မြန်မာစစ်တပ်ကျောထောက်နောက်ခံ အုပ်ချုပ်ရေးအဖွဲ့အား အပြီးသတ်ဖယ်ရှားပြီးနောက် ဖက်ဒရယ်အဆင့်အတွက် အသွင်ကူးပြောင်းရေးကာလ အမျိုးသားညီညွတ်ရေးအစိုးရ (T-NUG) နှင့် အသွင်ကူးပြောင်းရေးကာလ ပြည်နယ်/ဖက်ဒရယ်ယူနစ် အစိုးရများဖွဲ့စည်းပြီး နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ပြန်လည်တည်ဆောက်ခြင်း။(ဂ-၁) အာဏာရှင်စနစ်တော်လှန်ရေးတွင် ပါဝင်ခဲ့သော သက်ဆိုင်သည့် နိုင်ငံရေးအစုအဖွဲ့များ ပါဝင်၍ အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းခြင်း။(ဂ-၂) တော်လှန်ရေးအလွန်တွင် တော်လှန်ရေးအင်အားစုများမှ ပါဝင်သင့်သူများပါဝင်၍  စုပေါင်းခေါင်းဆောင်မှုနှင့် အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အသွင်ကူးပြောင်းရေးကာလ အမျိုးသားညီညွတ်ရေးအစိုးရ (T-NUG) ကိုဖွဲ့စည်းခြင်း။(ဂ-၃) ဖက်ဒရယ်ယူနစ်အစိုးရများကို သက်ဆိုင်ရာ ပြည်နယ်/ဖက်ဒရယ်ယူနစ်အလိုက်လွတ်လပ်စွာ  ဖွဲ့စည်းခြင်း။(ဃ) သက်ဆိုင်သူများအားလုံးပါဝင်သော နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲပြုလုပ်၍ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဖေါ်ဆောင်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးချမှတ်ခြင်း။(ဃ-၁)ပြည်နယ်/ဖက်ဒရယ်ယူနစ်များ သတ်မှတ်ဖွဲ့စည်းရေးနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များ၏ နယ်နိမိတ်ပိုင်းခြားသတ်မှတ်ရေးကိစ္စကို အသွင်ကူးပြောင်းရေးကာလ ရောက်ရှိသည့်အခါ အဓိက သက်ဆိုင်သူအားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲများတွင်  ငြိမ်းချမ်းစွာညှိနှိုင်း ဆောင်ရွက်ခြင်း။(င) ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲပြဋ္ဌာန်းခြင်း။(စ) ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်အား တည်ဆောက် အကောင်အထည်ဖေါ်ခြင်း။ကျွန်ုပ်တို့သည် ဤ နိုင်ငံရေးမျှော်မှန်းချက်၊ ဦးတည်ချက်၊ ရပ်တည်ချက်နှင့် လုပ်ငန်းစဉ်များ လက်တွေ့ အကောင်အထည်ဖော်နိုင်ရန်အတွက် မဟာဗျူဟာအရအရေးကြီးသည့် ကဏ္ဍစုံတွင် ပူးပေါင်းညှိနှိုင်းရေး ယန္တရားများ ဖွဲ့စည်းဆောင်ရွက်သွားမည် ဖြစ်သည်။ ထို့အပြင် သက်ဆိုင်သည့် တော်လှန်ရေးမဟာမိတ် အင်အားစုများနှင့်လည်း ဆက်လက်ပူးပေါင်းညှိနှိုင်း၍ အစွမ်းကုန် ဆောင်ရွက်သွားမည် ဖြစ်သည်။ဆက်သွယ်ရန်-၁။ ဆလိုင်းထက်နီ (CNF) (+91 69097 51721)၂။ အောင်ဆန်းမြင့် (KNPP) (+66 307 49087)၃။ ပဒိုစောတာဒိုမူး (KNU) (+66 646459113)၄။ ဦးတင်ထွန်းနိုင် (NUG) (+1 9383007007)

ခုခံတော်လှန်စစ်ရဲ့ အောင်ပွဲရလဒ်တွေကို နိုင်ငံရေးအရ တည်ဆောက်တဲ့အခါ ဖက်ဒရယ် အခြေခံမူတွေနဲ့ ပေါင်းစည်းယှဉ်တွဲမှု လုပ်နိုင်ဖို့ လိုအပ်တယ်လို့ ယာယီသမ္မတ ပြောကြား

ခုခံတော်လှန်စစ်ရဲ့ အောင်ပွဲရလဒ်တွေကို နိုင်ငံရေးအရ တည်ဆောက်တဲ့အခါ ဖက်ဒရယ် အခြေခံမူတွေနဲ့ ပေါင်းစည်းယှဉ်တွဲမှု လုပ်နိုင်ဖို့ လိုအပ်တယ်လို့ ယာယီသမ္မတ ပြောကြား

ဇန်နဝါရီ ၃၀ ၊ ၂၀၂၄အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၄/၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ယာယီသမ္မတ ဒူဝါလရှီးလက  “ယနေ့ ပြုလုပ်ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေးမှာ ကျွန်တော့်အနေနဲ့ အလေးအနက်ထား ပြောကြားချင်တာကတော့ “ပြောင်းလဲ လာတဲ့ ခုခံတော်လှန်စစ်ရေးအောင်ပွဲတွေနဲ့ အတူ လိုက်ပါဆောင်ရွက်ရမယ့် ဖက်ဒရယ်မူဝါဒရေးရာ ကိစ္စရပ်တွေပဲ” ဖြစ်ပါတယ်။ အခုဆိုရင် နွေဦးတော်လှန်ရေးရဲ့ ခုခံတော်လှန်စစ်ရေးရလဒ်တွေဟာ မြို့သိမ်းတိုက်ပွဲတွေအထိ အောင်မြင်လာ တာကို အားလုံးတွေ့မြင်နေရပြီး ဖြစ်ပါတယ်။ ကျွန်တော် တို့အနေနဲ့ ခုခံတော်လှန်စစ်ရဲ့ အောင်ပွဲရလဒ်တွေကို နိုင်ငံရေးအရ တည်ဆောက်တဲ့အခါ ဖက်ဒရယ် အခြေခံမူတွေနဲ့ ပေါင်းစည်းယှဉ်တွဲမှု လုပ်နိုင်ဖို့ လိုအပ်ပါတယ်။ ဒါဟာ နိုင်ငံရေးအရ အရေးကြီး သလို လူမျိုးရေးအရလည်း အရေးကြီးတဲ့ အချက်ဖြစ်တယ်လို့ ယူဆပါတယ်။ ဒါ့အပြင် ကျွန်တော် တို့ အမျိုးသားညီညွတ်ရေးအစိုးရက ရှေ့ရှုတည်ဆောက်နေတဲ့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်အတွက် အရေးပါတဲ့ ကိစ္စရပ်လည်း ဖြစ်ပါတယ်။ ခုခံတော်လှန်စစ် အောင်ပွဲရလဒ်တွေကို ဖက်ဒရယ်အခြေခံမူတွေနဲ့ ပေါင်းစပ်တည်ဆောက်နိုင်ရေးဟာ နိုင်ငံရေးအမြော်အမြင်ရှိရှိနဲ့ လုပ်ဆောင်ရမယ့်ကိစ္စဖြစ်သလို မဟာဗျူဟာကျကျ တွေးခေါ် ချဉ်းကပ်နိုင်ဖို့လည်း လိုအပ် ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ သမိုင်းဇာတ်ကြောင်းကို ကြည့်ရင် အကဲဆတ်တဲ့ အတွေးအခေါ်တွေ ဖိနှိပ်မှုနှင့် ခွဲခြားဆက်ဆံခံရမှုများအပေါ်မှီတည်ပြီး လက်နက်ကိုင် ပဋိပက္ခက ယှဉ်တွဲလာတယ် ဆိုတာကိုလည်း တွေ့ခဲ့ရပါတယ်။ ဒီသမိုင်းသင်ခန်းစာကို သတိချပ်ပြီး ကျွန်တော်တို့အနေနဲ့ လက်ရှိ ပစ္စုပ္ပန်ကာလမှာ ပို၍ ငြိမ်းချမ်းသော လူ့ဘောင် အဖွဲ့အစည်းကို တည်ထောင်ကြဖို့ ဖြစ်ပါတယ်။” လို့ ပြောကြားပါတယ်။ဆက်လက်ပြီးတော့လည်း “အခု နွေဦးတော်လှန်ရေးမှာ ပေါ်လာတဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေဟာ ယခင့်ယခင်ကနဲ့ မတူတဲ့ အသစ်သော လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်ဖို့ ဦးတည်လျှောက်လှမ်း နေတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ နိုင်ငံသစ်၊ လူ့အဖွဲ့အစည်းသစ်နဲ့ အတွေးအခေါ်သစ်ကို တက်လှမ်းနေကြတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဖက်ဒရယ်ရေးနဲ့ပတ်သက်ပြီး ပိုမိုကျယ်ပြန့်စွာ လက်တွေ့ကျသော/ ညီညွတ်သော / ခေတ်မီသော ဖက်ဒရယ်မိုဒယ် [Federal model] တွေကို စဉ်းစား လုပ်ဆောင်ကြဖို့ ဖြစ်ပါတယ်။ ဖက်ဒရယ်နဲ့ပတ်သက်လာရင် အကဲဆတ်တဲ့ လူမျိုးရေး အမြင်တွေကိုလည်း နိုင်ငံရေးခန္တီတရား အပြည့်အဝနဲ့ သဘောထားကြီးကြီး ရှုမြင်ကြဖို့ လိုအပ်ပါတယ်။ လူမျိုးပေါင်းစုံ၊ အမှတ်သရုပ်ပေါင်းစုံ ရှိတဲ့ ကျွန်တော်တို့ တိုင်းပြည်အတွင်းမှာ ငြိမ်းချမ်းစွာ အတူပေါင်းစည်းနေထိုင်ရေးမူဟာ ဖက်ဒရယ်ဒီမိုကရေစီမူတွေပဲလို့ ကျွန်တော် ယုံကြည်ထားပါတယ်။ ဒါ့ကြောင့် လက်တွေ့ အခင်းအကျင်း နဲ့ ကိုက်ညီတဲ့ ဖက်ဒရယ်ရေးရာ စဉ်းစားချက်တွေကို သက်ဆိုင်ရာ နိုင်ငံရေးအစုအဖွဲ့တွေကြားမှာ ညီညီညွတ်ညွတ် တိုင်ပင် ဆွေးနွေးကြဖို့ လိုအပ်တယ်လို့ ယူဆပါတယ်။ အခုဆိုရင် နွေဦးတော်လှန်ရေးအတွင်းမှာ တစ်နိုင်ငံလုံးကို လွှမ်းခြုံနိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အပိုင်း (၁) နဲ့ (၂) ကိုလည်း စုပေါင်းသဘောတူညီချက်နဲ့ အတည်ပြုထားပြီး ဖြစ်ပါတယ်။ ဒါဟာ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ ပြဋ္ဌာန်းချက်တွေဟာ ကျွန်တော်တို့ တိုင်းရင်းသားပြည်သူလူထု အားလုံးရဲ့ တူညီသော ဘုံအတွေးအခေါ် / အယူအဆဖြစ်သလို အနာဂတ် လူ့အဖွဲ့အစည်းအတွက် အုတ်မြစ်တည်မယ့် အခြေခံမူတွေလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေကို ကြိုးစားလုပ်ဆောင်တဲ့အခါ လူ့အဖွဲ့အစည်းကို ပိုမိုအက်ကွဲလာမယ့် သဘောထားတွေကို အထူးအလေးထား ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။ နိုင်ငံရေးအရ ပိုမိုပေါင်းစည်းနိုင်သော လူမျိုးရေးအရ ပိုမို စေးကပ်မှုရှိသော နိုင်ငံရေး လှုပ်ရှားမှုတွေ ဖြစ်ဖို့ ကျွန်တော့်အနေနဲ့ အထူးလိုလားပါတယ်။ လူမျိုးရေး အက်ကြောင်းတွေကို နက်ရှိုင်းစေမယ့် လူမျိုးရေးမိုင်းဗုံးတွေကို အထူးရှောင်ကြဉ်နိုင်ဖို့ အလေးအနက်ထား ဂရုစိုက်ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အမှားဟောင်းကိုလည်း ရှောင်ရှားနိုင်ဖို့ လိုသလို အမှားသစ်တွေကို မဖန်တီးဖြစ်ဖို့ နိုင်ငံရေးသတိ အမြဲရှိနေရမှာ ဖြစ်ပါတယ်။ ” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ဒါအပြင် တိုင်းပြည်ရဲ့ ပြည်သူလူထုဟာ စစ်ဒဏ်ကြောင့် မောပန်းမှုဒဏ်ကို ခါးစည်း မခံရစေဖို့ အမြဲသတိပြုရမှာ ဖြစ်ကြောင်း၊ ပဋိပက္ခသံသရာ စက်ဝန်းကို လက်တွေ့ကျကျ ဖောက်ထွက်ဖို့ အားလုံး ကြိုးစားတည်ဆောက်ကြရမှာ ဖြစ်ကြောင်း၊ စစ်မှန်သော အမျိုးသားညီညွတ်ရေးအတွက် အားလုံး ဝိုင်းဝန်းတည်ဆောက်နိုင်မယ်လို့ ယုံကြည်ကြောင်း၊ တည်ဆဲအခင်းအကျင်းမှာ ခေါင်းဆောင် တစ်ဦးချင်းစီရဲ့ လေးနက်တဲ့ အတွေးအခေါ်တွေကို ပြည်သူလူထုက ပိုမိုလို အပ်နေ သလို နိုင်ငံသစ်တည်ဆောက်ရေးအတွက်လည်း လိုအပ်နေတဲ့ အချိန်ဖြစ်ကြောင်း ကျွန်တော်တို့ဟာ တော်လှန်ရေး ကြိုးပမ်းချက်တွေနဲ့ မိမိတို့ရဲ့ နိုင်ငံရေးလုပ်ဆောင်မှုတွေကို မပေါ့မလျော့သော စိတ်အစဉ်နဲ့  ခွန်ပြည့်အားပြည့် လုပ်ဆောင်နိုင်စေကြောင်း တိုက်တွန်းပြောကြားခဲ့ပါတယ်။ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “လာမယ့် ၁ ရက်နေ့ဆိုရင် အကြမ်းဖက်စစ်ကောင်စီ အနေနဲ့ ပြည်သူ့ထံမှ အာဏာကိုလုယူဖို့ ကြိုးပမ်းအားထုတ်ခဲ့တာ ၃ နှစ် ပြည့်မြောက်ပြီ ဖြစ်ပါတယ်။ တော်လှန်ရေး ၃ နှစ် တာ ကာလကို ပြန်ကြည့်မယ်ဆိုရင် ပြည်သူတွေရဲ့ ခိုင်မာတဲ့ ဇွဲသတ္တိနဲ့ ငါတို့နိုင်မှာလို့ ခိုင်မာတဲ့ ယုံကြည်မှုဟာ တော်လှန်ရေးကို အောင်အောင်မြင်မြင်နဲ့ ဒီကနေ့ ဒီအချိန်ထိ တက်လှမ်း လာနိုင်တဲ့ အဓိက အကြောင်းရင်းတခု အဖြစ် တွေ့ရပါတယ်။ ကျနော်တို့ တော်လှန်ရေး ဦးဆောင်အစိုးရအဖွဲ့အနေနဲ့လည်း ၂၀၂၁ ဧပြီမှာ စတင်ဖွဲ့စည်းပြီးကတည်းက စစ်ကောင်စီ ကို အပြီးတိုင်ဖြိုချနိုင်ရေးနဲ့ ခိုင်မာတဲ့ ဖယ်ဒရယ်ဒီမိုက‌ရေစီ နိုင်ငံတော်ကြီး တည်ထောင်နိုင် ရေးအတွက် အစုအဖွဲ့အသီးသီးနဲ့ ပူးပေါင်းပြီး ကဏ္ဍပေါင်းစုံ နည်းနာပေါင်းစုံနဲ့ လစ်ဟာမှု မရှိရ‌အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြတာ ၂ နှစ်ကျော် ကာလထဲရောက်လာပြီပဲ ဖြစ်ပါတယ်။ ၂၀၂၃ မှာ One year plan ကို ချမှတ်ပြီး တွန်းတွန်းတိုက်တိုက်နဲ့ စီမံဆောင်ရွက်ခဲ့မှုတွေရဲ့ ရလဒ်တွေကို ၂၀၂၃ နှစ်ကုန်ပိုင်းမှာ မြင်တွေ့ခဲ့ကြရတာမို့ ဒီအရှိန်အဟုန်နဲ့ ရှေ့ဆက်ပြီး ၂၀၂၄ ဟာ စစ်ကောင်စီကို အပြီးတိုင်ချေမှုန်းရမယ့် နှစ်တနှစ်အဖြစ် ကျနော်တို့တွေ အားလုံး စဥ်းစား ထားကြရမှာ ဖြစ်ပါတယ်။ အပြီးသတ်ချေမှုန်းပြီး  ပွဲသိမ်းတိုက်ပွဲကို ကောင်းစွာ ဖော်ဆောင်နိုင်ဖို့ရန် ကျနော်တို့ တော်လှန်ရေးအင်အားစုတွေ အားလုံးမှာ အင်အားတွေ၊ စုစည်းမှု တွေလည်း အခိုင်အမာရှိနေ ပြီလို့ ယုံကြည်ပါတယ်။ ကျနော်တို့ ဖြတ်သန်းလာတဲ့ တော်လှန်ရေး အသီးသီးကို ပြန်လေ့လာ ကြည့်ရင် ယခု နွေဦးတော်လှန်ရေးလောက် စုစည်းမှုအားနဲ့ ဇွဲသတ္တိတွေ ကောင်းတာတခါမှ မကြုံဘူးခဲ့သလို စစ်ကောင်စီဘက်ကလည်း ဒီလောက် ဘက်ပေါင်းစုံက အင်အားချိနဲ့နေတဲ့ အနေအထားမျိုး မကြုံခဲ့ဖူးပါဘူး။ ဒါကြောင့် ဒီအခြေအနေ အခွင့်အလမ်း တွေကို ထိထိမိမိ ဆက်လက် အသုံးချနိုင်ဖို့တော့ အင်မတန် အရေးကြီးကြောင်း ပြောလိုပါတယ်။ ” လို့ ပြောကြားပါတယ်။ဆက်လက်ပြီးတော့လည်း “ တော်လှန်ရေးရဲ့ အရှိန်ဟာ မြန်ဆန်လွန်းတာဖြစ်တဲ့အတွက် နိုင်ငံရေး အရ ညှိနှိုင်းဆွေးနွေးကြရမယ့် ကဏ္ဍတွေအတွက်လည်း သွက်သွက်လက်လက် လုပ်ဆောင် စေချင်ပါတယ်။ စစ်ရေးအရှိန်အဟုန်နဲ့အတူ နောက်ကလိုက်ပြီး စနစ်တကျ စီမံထိန်းချုပ်နိုင်မယ့် အုပ်ချုပ်‌ရေး အစီအစဥ်တွေ၊ နိုင်ငံရေးအရ လိုအပ်တဲ့ ဆွေးနွေးမှုတွေ အားလုံးမှာ အချိန်ကိုက် လှုပ်ရှားမှုတွေရှိဖို့ အင်မတန် အရေးကြီးပါတယ်။ စစ်‌ရေးဖော်ဆောင်မှုလုပ်ငန်းစဥ်တွေမှာ Chain of command အင်မတန် အရေးကြီး သလို အုပ်ချုပ်‌ရေးဖော်ဆောင်နေတဲ့ မြို့နယ်တွေမှာ တရား ဥပဒေစိုးမိုးရေး ကိစ္စကလည်း အင်မတန် အရေးကြီးပါတယ်။ တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဥ် လို့ပြောရင် တရားရေးဝန်ကြီးဌာနတခုထဲနဲ့ သက်ဆိုင်နေတာတော့ မဟုတ်ပါဘူး။ တရားစွဲ အဖွဲ့အစည်းတွေ အားလုံးနဲ့ သက်ဆိုင်နေတာဖြစ်တဲ့အတွက် တရားစွဲအဖွဲ့အစည်းထဲပါဝင်နေတဲ့ ပြည်သူ့ရဲတပ်ဖွဲ့တွေ၊ ပလဖ၊ ပကဖ၊ ပအဖ အပါအဝင် သစ်တောဌာန၊ သတ္တုဌာန၊ မြေစာရင်းဌာန စသဖြင့် အဖွဲ့အစုံ မှာ တာဝန်ရှိနေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် မြေပြင်မှာ ဖြစ်ပေါ်နေတဲ့ တရားဥပဒေစိုးမိုး ရေးဆိုင်ရာ လျော့ရဲနေတဲ့ ပြဿနာတွေအတွက် သက်ဆိုင်ရာဝန်ကြီးဌာနတွေ သေသေချာချာ ပူးပေါင်းလုပ်ဆောင်ကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ” လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါ တယ်။ဒါ့အပြင် နိုင်ငံတကာက တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေကို စောင့်ကြည့်နေပါကြောင်း၊ တရားဥပဒေစိုးမိုးမှုအားကောင်းလာတဲ့အခါ အစိုးရအပေါ် ပြည်သူတွေက ယုံကြည်ကိုးစားမှုတွေ တိုးတက်လာမှာဖြစ်ကြောင်း ၊ ပုံမှန်ကာလမှာတောင် တရားဥပဒေစိုးမိုးရေးကဏ္ဍက ကိုင်တွယ်ရတာ မလွယ်ကူတာမို့ အခုတော်လှန်ရေးကာလမှာ ပိုမိုခက်ခဲမှာဖြစ်ကြောင်းနဲ့ လုပ်ဆောင် ရနိုင်သမျှနည်းလမ်းတွေရှာပြီး ဖိဖိစီးစီး စီမံဆောင်ရွက်ရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။အစည်းအဝေးမှာ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ လျန်မှုန်းဆာခေါင်းက ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနရဲ့ လုပ်ငန်းဆောင်ရွက်တွေကို တင်ပြမှတ်တမ်းတင်တာ ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက COC အတည်ပြုခြင်းနဲ့ ထုတ်ပြန်နိုင်ရေး တင်ပြတာတွေကို ပြုလုပ်ခဲ့ကြပါတယ်။အဲဒီနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန် လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ ၃ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင်  ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၏ ၃ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

၂၀၂၄ ခုနှစ် ဇန်နဝါရီ (၂၃) ရက် • ခုခံတော်လှန်စစ် အရှိန်အဟုန် မြင့်လာတာနဲ့အမျှ ကျွန်တော်တို့ အနေနဲ့ ပိုပြီး အရေးကြီးလာတဲ့ ကိစ္စကတော့ စစ်ရေးဆိုင်ရာကျင့်ဝတ် စည်းကမ်း ကျေပွန်စေရေးကိစ္စပဲ ဖြစ်ပါတယ်။ ခုခံတော်လှန်စစ်ရဲ့ စစ်ရေးအောင်ပွဲတွေဟာ နယ်မြေဒေသအသီးသီးမှာ၊ မတူသော အသွင်သဏ္ဍာန်တွေနဲ့ အောင်ပွဲရရှိနေတာကို အထင်အရှားတွေ့နေရပါတယ်။ ဒီလို ခုခံတော်လှန်စစ် အောင်ပွဲတွေ၊ တော်လှန်ရေး ဂုဏ်သိက္ခာ မြင့်မြင့်မားမားနဲ့ ပြည်သူ့ထံကို အပ်နှံတဲ့ တော်လှန်ရေးအောင်ပွဲတွေ ဖြစ်ဖို့ လိုပါတယ်။ • အဲဒါဟာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လက်အောက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ PDF တွေနဲ့ပဲ သက်ဆိုင်တာ မဟုတ်ပါဘူး။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှာ တိုက်ရိုက် မရှိတဲ့ LDF / LPDF စတဲ့ ဒေသအခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းတွေနဲ့လည်း သက်ဆိုင်နေပါတယ်။ • နွေဦးတော်လှန်ရေးအတွင်းမှာ အသစ်ပေါ်ထွန်းလာတဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေ ရှိပါတယ်။ ဒီလို အသစ်ပေါ်ထွန်းလာခဲ့တဲ့ ဒေသအခြေပြု လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေဟာ ရှေ့က စီနီယာ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်မှုနဲ့ လမ်းညွှန် ပြသမှုကို ခံယူနိုင်တဲ့ အဖွဲ့အစည်းတွေ ရှိထားသလို၊ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လှုပ်ရှားဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေလည်း ရှိပါတယ်။• တချို့သော အဖွဲ့အစည်းတွေဟာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ယှဉ်တွဲ ထိန်းကျောင်းမှုကို ခံယူပေမယ့် တချို့သော အဖွဲ့အစည်းတွေကတော့ နယ်မြေအားဖြင့် တစ်ဆက်တစ်စပ်တည်း မရှိဘဲ သီးခြားကင်းလွတ်နေတဲ့ ဒေသတွေမှာ လှုပ်ရှားနေတာမျိုးလည်း ရှိနေပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်၊ အဆက်အသွယ်အားဖြင့် နီးကပ်ကြတယ်ဆိုပေမယ့် စစ်ရေးဆိုင်ရာ ကျင့်ဝတ်စည်းကမ်းလိုက်နာမှုမှာ အချိန်ကာလ တိုတောင်းလို့ ရင့်ကျက်မှုအားဖြင့် အချိန်ယူနေရသေးတာလည်း တွေ့ရပါတယ်။ • ကျွန်တော်တို့ဟာ တော်လှန်ရေးအောင်ပွဲ၊ စစ်ရေးအောင်ပွဲနဲ့ နိုင်ငံရေးဂုဏ်သိက္ခာကို ပူးတွဲ ရရှိအောင် ကြိုးစားနေရတဲ့ အခြေအနေမှာ ရှိလို့ ဖြစ်ပါတယ်။ စစ်ရေးအရ အောင်နိုင်ပေမယ့်၊ နိုင်ငံရေးအရ ရှုံးတဲ့ ဖြစ်စဉ်သာဓကတွေဟာ အတိတ်က နိုင်ငံတကာနိုင်ငံတွေရဲ့ တော်လှန်ရေးသာဓကတွေမှာ တွေ့မြင်ခဲ့ရတာ ရှိပါတယ်။ • ကျွန်တော်တို့ဟာ ခုခံတော်လှန်စစ်ကို မလွှဲသာ မရှောင်သာ ဆင်နွှဲနေရသည့်တိုင်အောင်၊ နိုင်ငံရေးရဲ့ အခန်းကဏ္ဍကို ပစ်ပယ်လို့ မရပါဘူး။ ဒါ့အပြင် နိုင်ငံရေးရဲ့ အခန်းကဏ္ဍနဲ့ တော်လှန်ရေးလှုပ်ရှားမှုဟာ ဟန်ချက်ညီညီ အပြန်အလှန် ကျေးဇူးပြုရမှာ ဖြစ်တယ်ဆိုတာ သတိချပ်ရမှာ ဖြစ်ပါတယ်။ • အကြမ်းဖက် စစ်ကောင်စီကို အနိုင်ရချင်ဇောနဲ့ မိမိတို့ရဲ့ ခုခံတော်လှန်စစ်ရေးကျင့်ဝတ်တွေကို လျစ်လျူရှုတာမျိုးဟာ ဆင်ခြင်တုံတရားမဲ့တဲ့ လုပ်ရပ်ဖြစ်တယ်ဆိုတာ သတိချပ်စေချင်ပါတယ်။ တော်လှန်ရေးခရီးတာရှည်လျားလာလေလေ၊ ကျွန်တော်တို့ရဲ့ တော်လှန်ရေးသတိနဲ့ နိုင်ငံရေး ရင့်ကျက်မှုတွေဟာ ပိုပြီး လိုအပ်လာလေလေဖြစ်ပါတယ်။ ဒါကို ဦးဆောင်သူတွေပဲ သိနားလည်ထားလို့ မရပါဘူး။ အောက်ခြေက ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းတွေအထိ ပျံ့နှံ့ဖို့ လိုအပ်ပါတယ်။ •စစ်မှာ စစ်ရေးပီပီပြင်ပြင်နဲ့ ပြုမူ တုန့်ပြန်ရတာတွေ ရှိနေတာကို လက်ခံနိုင်ပေမယ့် စစ်ရေးကျင့်ဝတ်နဲ့ မလျော်ညီတာတွေကို ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ခွင့်ပြုလို့ မရဘူးဆိုတာ အလေးအနက်ထား ပြောချင်ပါတယ်။ ဒါ့အပြင် စစ်ရေးစည်းကမ်းတွေနဲ့အညီ လိုက်နာ လုပ်ဆောင်ကြဖို့ အထူး အလေးအနက်ထား တိုက်တွန်းချင်ပါတယ်။ • စစ်ရေးစည်းကမ်း ချိုးဖောက်လုပ်ဆောင်မှုတွေ ရှိရင်လည်း၊ ဥပဒေနဲ့အညီ ထိုက်တန်တဲ့ ပြစ်မှု ပြစ်ဒဏ်တွေကို ပေးဖို့ လိုတယ်။ လူကို ခင်လို့ မူကို ပြင်တာမျိုး မဖြစ်စေရပါဘူး။ ဒါ့ကြောင့် တော်လှန်ရေးအတွင်းမှာထားတဲ့ မူအတိုင်း၊ စည်းမျဉ်းအတိုင်း လိုက်နာနိုင်အောင် အထူး ကြပ်မတ်ဆောင်ရွက်ဖို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ် ခင်ဗျား….