သတင်းထုတ်ပြန်ချက် ၀၆/၂၀၂၃

၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ (၁၀)ရက်

အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင်အစိုးရအဖြစ်အသိအမှတ်ပြုရန်  မြန်မာ့ဒီမိုကရေစီရေး ကနေဒါ လွှတ်တော်မိတ်ဆွေများ အဖွဲ့ (Parliamentary Friends of a Democratic Burma ) က ကနေဒါအစိုးရကို တိုက်တွန်းသည့်ထုတ်ပြန်ချက် နိုဝင်ဘာလ(၉)ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

မြန်မာပြည်သူများ၏ လူ့အခွင့်အရေးနှင့် လူမှုဘ၀ ပိုမိုတိုးတက်ကောင်းမွန်လာစေရေးအတွက် ကနေဒါအစိုးရအနေဖြင့် အဓိကလုပ်ဆောင်ရမည့် အောက်ပါအချက်(၃)ချက်ကို အဆိုပါထုတ်ပြန်ချက်တွင် အကြံပြုတိုက်တွန်းထားပါသည်။

(၁) အမျိုးသားညီညွတ်ရေးအစိုးရနှင့်မဟာမိတ်များ ထိန်းချုပ်ထားသည့် ဒေသများကို တိုက်ရိုက်အကူအညီများပေးအပ်ရန်

(၂) အဆိုပါဒေသများအတွင်း လေကြောင်းရန် အန္တရာယ်သတိပေးချက်စနစ်များ၊အခြေခံအဆောက်အအုံများနှင့်သတင်းအချက်အလက်ရရှိနိုင်ရေးတို့အတွက်အကူအညီများပေးအပ်ရန်

(၃) ကနေဒါအစိုးရအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရကို မြန်မာနိုင်ငံဧ။်တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုပြီး ထိတွေ့ဆက်ဆံမှုများ တိုးမြှင့်လုပ်ဆောင်သွားရန် တို့ဖြစ်ပါသည်။

စစ်ကောင်စီသည် အရပ်သားပစ်မှတ်များကို လေကြောင်းမှ ဆက်လက်တိုက်ခိုက်နေခြင်းကြောင့် မြန်မာပြည်သူများအတွက် လေကြောင်းရန်အန္တရာယ်ကြိုတင်သတိပေးချက်စနစ်များကို အဓိက ဦးစားပေးကူညီပေးသွားရန်လည်း တိုက်တွန်းထားပါသည်။ 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုး၊ သမ္မတအကြံပေးနှင့် သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူ ဦးကျော်ဇော်တို့သည် ကနေဒါ လွှတ်တော်မိတ်ဆွေများ အဖွဲ့ ၏ လွှတ်တော်အမတ်များအပါအဝင် မြန်မာ့အရေးကို တက်ကြွစွာလှုပ်ရှားနေသော ကနေဒါလွှတ်တော်အမတ်များနှင့် အောက်တိုဘာလ (၂၅ )ရက်နေ့က ပါလီမန်အဆောက်အအုံတွင်တွေ့ဆုံခဲ့ပါသည်။ 

အဆိုပါတွေ့ဆုံဆွေးနွေးမှုအပြီး သီတင်းနှစ်ပတ်ကျော်အကြာတွင် ယခုကဲ့သို့ ကနေဒါအစိုးရကို တိုက်တွန်းသည့်ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်ပါသည်။