“သတင်းထုတ်ပြန်ချက်”

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော် အခြေစိုက် Stimson Center သုတေသနအဖွဲ့အစည်းက ကမကထပြုစီစဥ်သည့် နိုဝင်ဘာ ၈ ရက်နေ့ ဆွေးနွေးပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော် ပါဝင်ဆွေးနွေးခဲ့ပါသည်။

"Operation 1027: Implications for the Military Junta in Myanmar" ဆိုသည့်ခေါင်းစဥ်ဖြင့် ဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး လက်ရှိတွင် ညီနောင်တိုင်းရင်းသားမဟာမိတ်တပ်ဖွဲ့များဖြစ်သည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့များအပါအဝင် ပူးပေါင်းတပ်ဖွဲ့များ ဆင်နွှဲနေသည့် ၁၀၂၇ စစ်ဆင်ရေး၏ ထူးခြားမှုနှင့် ဖြစ်ပေါ်တိုးတက်မှုများကို ပါဝင်သူများက ဆွေးနွေးခဲ့ကြပါသည်။

ဆွေးနွေးပွဲတွင် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်နှင့်အတူ အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျူ (USIP) ၏ အကြီးတန်းအကြံပေးပုဂ္ဂိုလ် Priscilla Clapp ၊ နိုင်ငံရေးလေ့လာသုံးသပ်သူ ကိုကျော်ဆန်းလှိုင်တို့ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။

သမ္မတရုံးပြောခွင့်ရ၏ ဆွေးနွေးချက်များထဲမှ အဓိကအချက်အချို့ကို အောက်တွင်ကောက်နုတ်ဖော်ပြ လိုက်ပါသည်။

♦ ၁၀၂၇ စစ်ဆင်ရေးသည် သမားရိုးကျ စစ်ဆင်ရေးတခုမဟုတ်ပါ။ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး ဆိုသည့် နိုင်ငံရေးရည်မှန်းချက်ပါရှိကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့၏ ထုတ်ပြန်ချက်တွင် ရှင်းလင်းစွာ ဖော်ပြထားပါသည်။

♦ အဖိနှိပ်ခံတိုင်းရင်းသားများ လွတ်မြောက်ရေးနှင့် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ် ဖယ်ရှားနိုင်ရေး အတွက် ၁၀၂၇ စစ်ဆင်ရေးအပါအဝင် အခြားစစ်ဆင်ရေးကြီးများကို ဖော်ဆောင်နေခြင်း ဖြစ်ပါသည်။

♦ ၁၀၂၇ စစ်ဆင်ရေးသည် လူမျိုးစုများကြား ညီညွတ်ရေးအင်အားကို အထင်အရှား ပြသခြင်းဖြစ်သလို အကြမ်းဖက်စစ်ကောင်စီ၏ အင်အားချိနဲ့မှုကိုလည်း ဖွင့်ချလိုက်ခြင်းဖြစ်သည်။

♦ လူသားစာနာမှုအထောက်အကူရရှိရေး၊ ပူးပေါင်းပါဝင်မှု အားကောင်းသော အင်စတီကျူးရှင်းများ  တည်ထောင်ရေးနှင့် စစ်အာဏာရှင်အလွန် အသွင်ကူးပြောင်းရေးကာလအတွက် မြန်မာနိုင်ငံအနေဖြင့် အကူအညီများ လိုအပ်ပါသည်။

♦ အကြမ်းဖက်စစ်ကောင်စီက အကြမ်းဖက်လုပ်ရပ်များနှင့် တည်ငြိမ်မှု ကင်းမဲ့စေသည့် အခြေအနေများကို ပိုမိုဖန်တီးပြီး ဖမ်းဆီးသတ်ဖြတ်မှုများကို ဆက်တိုက်ကျူးလွန်နေချိန်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ခုခံတွန်းလှန်ရေးတပ်ဖွဲ့များက အဆိုပါ ဆိုးရွားသည့် အခြေအနေများ အဆုံးသတ်သွားစေရန် တိုးမြှင့်လုပ်ဆောင်နေပါသည်။

♦ တရားမျှတမှု၊ တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် တည်ငြိမ်မှုတို့ကို အာမခံသည့် ငြိမ်းချမ်းသော မြန်မာနိုင်ငံတော်သစ် တည်ထောင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် တိုင်းရင်းသားလူမျိုးစုမဟာမိတ်များ၊ မြန်မာ့အိမ်နီးချင်းများနှင့် ပိုမိုတိုးတက်ကောင်းမွန်သော ဆက်ဆံရေးများ တည်ဆောက်သွားရန် အခိုင်အမာ သန္နိဋ္ဌာန်ချထားပါသည်။

နိုင်ငံတော်သမ္မတရုံး

အမျိုးသားညီညွတ်ရေးအစိုးရ